← Chapters

ရှေးဟောင်းတိုက်ပွဲမြေ

Vol. 23 Ch. 337

ရှေးဟောင်းတိုက်ပွဲမြေ

Vol. 23 Ch. 337

“တစ်ကယ်တော့ ရှေးဟောင်းတိုက်ပွဲမြေမှာ အဲ့ဒီရှေးကျတဲ့ သက်ရှိတွေရဲ့အန္တရာယ်အပြင် တခြားဂိုဏ်းနဲ့ အဖွဲ့အစည်းတွေက ကျင့်ကြံသူတွေရဲ့ အန္တရာယ်ကလဲ ရှိသေးတယ်”

“ထျန်ဟွမ်ပြည်မကြီးမှာ ဂိုဏ်းတွေအများကြီးနဲ့ ပါရမီရှင်တွေ မရေမတွက်နိုင်အောင်ရှိတယ်.. ထျန်ဟွမ်ပြည်မကြီးကို အုပ်စိုးထားတဲ့ အဖွဲ့အစည်းကြီး ကိုးခုရှိတယ်.. ငါတို့မဟာကျိုးအင်ပါယာရဲ့ အင်အားအရ ရှေးဟောင်းတိုက်ပွဲမြေကို လူငါးဆယ်ပို့နိုင်တယ်.. ဒါပေမယ့်လို့ တချို့ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ အင်အားကြီးအင်ပါယာတွေကဆိုရင် အဲ့ထဲကို လူပေါင်းထောင်နဲ့ချီပြီး ပို့ပေးနိုင်တယ်”

သူတို့သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြသော်လည်း ကြားရသောစကားက သူတို့ကို တုန်လှုပ်လန့်ဖျပ်သွားစေ၏။

ရှေးဟောင်းတိုက်ပွဲမြေတွင် အယောက်ငါးဆယ် သူတို့အုပ်စုသည် ထိုသို့အဖွဲ့မျိုးနှင့် အချေအတင် သွားဖြစ်မည်ဆိုလျှင် တစ်ဖက်အဖွဲ့က သူတို့အုပ်စုကို တစ်ယောက်မကျန် အကုန်မျိုးဖြုတ်သွားနိုင်၏။

ရှေးဟောင်းတိုက်ပွဲမြေတွင် ဘာစည်းမျဉ်းစည်းကမ်းမှ မရှိပေ။ ပဋိပက္ခတစ်စုံတစ်ရာ သို့မဟုတ် ရတနာတစ်ခု ပေါ်ထွက်လာခြင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲများကို ဖြစ်သွားစေနိုင်၏။

မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးကိုသာ ရှာတွေ့လျှင် သွေးလွှမ်းတိုက်ပွဲတစ်ခုက သေချာပေါက် ဖြစ်ပေါ်လာပေမည်။

အခြေတည်အဆင့် ကျင့်ကြံသူများအတွက် မရီးဒါန်ဖွင့်ဆေးလုံးက အလွန်တရာ ရှားပါးလှလေသည်။ အဲ့ဒါက ထျန်ဟွမ်ပြည်မကြီးမှာ ပျောက်ကွယ်သွားခဲ့တာ အတော်ကြာခဲ့လေပြီ။

ကျင့်ကြံသူတစ်ယောက်တွင် စိတ်ဝိညာဉ်မရီးဒါန်ပေါင်း ရှစ်ခုစီရှိကြပြီး တစ်ခုထက်တစ်ခု ဖွင့်လှစ်ဖို့က ပိုပိုခက်ခဲလာလေသည်။ နောက်ဆုံး ဆဋ္ဌမမြောက် သို့မဟုတ် အဋ္ဌမမြောက်တွင် သူတို့သည် ပြင်ပအကူအညီ တစ်စုံတစ်ရာ မရရှိပါက ၎င်းတို့က ဖွင့်လှစ်နိုင်ဖို့က မဖြစ်နိုင်လုနီးပါးပင်။

သို့သော် လူတစ်‌ယောက်သည် မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးကိုသာ ရရှိနိုင်မည်ဆိုလျှင် သူ၏ မရီးဒါန်ဖွင့်လှစ်နိုင်ဖို့ အခွင့်က သိသိသာသာ တိုးတက်လာပေလိမ့်မည်။

မရီးဒါန်ဖွင့်ဆေးလုံး၏ အဆင့်နှင့် အရည်အသွေးက ပိုကောင်းလေလေ.. မရီးဒါန်များကို ဖွင့်လှစ်နိုင်ဖို့ အခွင့်အရေးက ပိုများလေလေ ဖြစ်၏။

“တစ်ကယ်တော့ တစ်ကယ့်အစစ်အမှန်ရတနာတွေ၊ ဆေးလုံးတွေ၊ လျှို့ဝှက်ပညာရပ်တွေနဲ့ မူလစိတ်ဝိညာဉ်လက်နက်တွေကို ရှေးဟောင်းတိုက်ပွဲမြေရဲ့ နက်ရှိုင်းတဲ့အတွင်းပိုင်းတွေမှာပဲ တွေ့ရတတ်တယ်.. အဲ့မှာ အန္တရာယ်ကလည်း အများဆုံးပဲ.. မင်းအနေနဲ့ အင်အားကြီးဂိုဏ်းတွေက အမွေခံတပည့်တွေကို တွေ့နိုင်ရုံတင်မကဘူး.. မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတွေကိုတောင် တွေ့ရနိုင်တယ်.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ ရှေးအကျဆုံးသက်ရှိတွေကတော့ ကြောက်စရာအကောင်းနဲ့ အသန်မာဆုံးပေါ့.. အဲ့ဒါကြောင့်မို့ ဘယ်လိုအခြေအနေပဲရောက်ရောက် ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ဆုံးအပိုင်းထဲထိရောက်အောင် မစွန့်စားကြပါနဲ့”

လူတိုင်းစိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲသို့ မစွန့်စား မသွားလာသရွေ့ ဘေးကင်းစိတ်ချရသည်ဟု ဆိုလိုသည် မဟုတ်ပါလား။

အဲ့ဒါက ကျိုးကြောင်းညီညွတ်မှုတော့ ရှိလေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှ သက်ရှိများသည် ပုံမှန်အားဖြင့် အိပ်မောကျနေတတ်ကြ၏။

သို့သော်လည်း ရှေးဟောင်းတိုက်ပွဲမြေကို ဖွင့်လှစ်လိုက်သည်နှင့် ထိုရှေးကျသော သက်ရှိများစွာသည် နိုးထလာကြပေလိမ့်မည်။ သူတို့အတွက်တော့ ထျန်ဟွမ်ပြည်မကြီး၏ နယ်ပယ်ဒေသအမျိုးမျိုးမှ ဝင်ရောက်လာသော ကျင့်ကြံသူများသည် ရှားရှားပါးပါး အရသာရှိသော စားစရာများဖြစ်လေသည်။

ကျိယောင်ရွှယ်၏နောက်တွင် မတ်တပ်ရပ်နေကြသော ကျင့်ကြံသူကိုးယောက်ရှိပြီး ဧကရာဇ်က သူတို့ထဲမှတစ်ယောက်ကို ညွှန်ပြလိုက်၏။

“သူကတော့ ကျန်းယုတဲ့ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပေါ့.. မင်းတို့အုပ်စုကို ဦးဆောင်မဲ့ခေါင်းဆောင်ပဲ.. ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက သူက ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်.. အတွေ့အကြုံအရေရော၊ ခွန်အားအရပါ သူက မင်းတို့အားလုံးထက် ပိုသန်မာတယ်.. သူ့ရဲ့ညွှန်ကြားချက်ကို လိုက်နာကြပါ”

“မေးစရာ ရှိကြသေးလား” ဧကရာဇ်က လှည့်ပတ်ကြည့်ရှုပြီး မေးလိုက်၏။

တစ်ယောက်က ထမေးလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေက ဘယ်လိုမျိုး ဖြစ်တည်လာတာလဲခင်ဗျ”

ဧကရာဇ်က ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။

“ပြောကြတာတော့.. ရှေးဟောင်းခေတ်တုန်းက အရမ်းကြီးမားပြင်းထန်တဲ့ တိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်တဲ့.. ရှေးဟောင်းတိုက်ပွဲမြေက အဲ့တုန်းက ပျက်ဆီးသွားခဲ့တဲ့ ကမ္ဘာတစ်ခုပဲ.. အဲ့ထဲမှာ မရေမတွက်နိုင်လောက်တဲ့ ဂိုဏ်းတွေ၊ ပညာရှင်တွေ၊ ကြမ်းကြုတ်သားရဲတွေနဲ့ မိစ္ဆာနတ်ဆိုးတွေက မြှုပ်နှံ့ခံခဲ့ရတယ်.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းတွေမှာဆိုရင် အဲ့ဂိုဏ်းတွေရဲ့ အမွေအနှစ်တွေပညာရပ်တွေနဲ့ ပညာရှင်တွေတောင် ရှိကြသေးတယ်လို့ ပြောကြတယ်”

လူတိုင်းတုန်လှုပ်သွားကြ၏။

တိုက်ပွဲက ပြင်းထန်လွန်းသောကြောင့် ကမ္ဘာတစ်ခုလုံးကိုပင် ပျက်ဆီးကြေမွသွားစေခဲ့၏။

ထိုစစ်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ စဉ်းစားကြည့်နိုင်လေသည်။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဧကရာဇ်က သတိပေးလိုက်၏။

“ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးမှာ အင်ပါယာလေးခုရှိတယ်.. အဲ့ဒါတွေကတော့ မဟာကျိုး၊ မဟာရှား၊ မဟာရှန့်နဲ့ မဟာယိုတို့ပဲ.. သူတို့က မီးနဲ့ရေလိုပဲ ဘယ်တော့မှ မတည့်ကြဘူး.. မင်းတို့ ရှေးဟောင်းတိုက်ပွဲမြေကို ရောက်ရင် အရေးကြီးဆုံးသတိထားရမှာက ကျန်တဲ့အင်ပါယာသုံးခုက လူတွေကိုပဲ”

“လူတိုင်းပဲ အခြေအနေပေါ်မူတည်ပြီး အဆင်ပြေအောင် ကြည့်ကကြပါ.. မင်းတို့ အယောက်ငါးဆယ်လုံး ပြန်လာကြဖို့ ငါမျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်သည် ကျောက်တိုင်ငါးတိုင်၏ ထိပ်ဖျားရှိ ကျင့်ကြံသူငါးယောက်ကို ဦးညွှတ်လိုက်ပြီး လေးနက်သော အသံနေထားနှင့် ပြောလိုက်၏။

“အကြီးအကဲတို့ ကျေးဇူးပြုပြီး ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်ပေးပါ”

ထိုသည်ကို ကြည့်ခြင်းအားဖြင့် ကျောက်တိုင်များ၏ ထိပ်ဖျားရှိ ကျင့်ကြံသူငါးယောက်၏ ကျင့်ကြံမှုအဆင့်သည် ဧကရာဇ်ထက် မြင့်မားကြောင်း လူတို်ငးနားလည်လိုက်ကြ၏။

သူတို့သည် မူလနတ္ထိအဆင့်များ ဖြစ်ကြဖို့ များလေသည်။

မူလနတ္ထိ တာအိုသက်ရှိငါးယောက်..

အဲ့ဒါက မဟာကျိုးအင်ပါယာ၏ အခြေခံအုတ်မြစ်ပင် ဖြစ်လေသည်။

ရွှစ်..

ကျင့်ကြံသူငါးယောက်၏ မျက်ခုံးများအကြားမှ မမြင်ရသော ဝဲဂယက်များက ဖြာထွက်လာ၏။ အဲ့ဒါက အလွန်တရာ ကြောက်စရာကောင်းပြီး မတုပနိုင်သော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလားပင်။

ဆူဇီမို၏ နုလုံးသားထဲတွင် ခံစားချက်တစ်ခုက ဖြစ်ပေါ်လာ၏။ ထိုစွမ်းအင်လှိုင်းဂယက်နှင့်သာ ထိတွေ့မိလျှင် သူ၏ ခန္ဓာကိုယ်က အစိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ထိုအတွေးက ထင်ဟပ်လာသည်နှင့် ဆူဇီမို၏ ညာဘက်လက်သည် ရုတ်တရတ် အပူချိန်မြင့်တက်လာ၏။

နောက်မျက်တစ်မှိတ်မှာပင် အဲ့ဒါက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ညာဘက်လက်ကို ကြည့်လိုက်၏။

သူ့ညာလက်၏ သွေးရိုးထဲတွင် တျဲယွဲ့က တစ်ခုခု ချန်ထားရစ်ခဲ့သည်မှာ သေချာလေသည်။

သို့သော်လည်း ထိုသွေးရိုးက ဘာလဲ၊ ဘာတွေလုပ်နိုင်တာလဲဆိုတာ ဆူဇီမိုသည် သဲလွန်စရှာမရပေ။

နောက်ပြီး သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူက ထိုသွေးရိုး၏ အစစ်အမှန်စွမ်းအားကို ဖော်ထုတ်ဖို့ အဆင့်မမီသေးဟု သူခံစားမိနေ၏။

ရှည်မျောမျော ကျောက်တုံးများပေါ်ရှိ အင်းကွက်များမှ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်များက သိပ်သည်းဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ပိုမိုအားကောင်းသန်မာလာကာ နောက်ဆုံး ပေါက်ကွဲလွင့်ကန်ထွက်သွား၏။

ဝုန်း...

ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။

ကျောက်တုံးအစီအရင်ဝင်္ကပါမှ နတ်ဘုရားအလင်းတန်းများက ထွက်ပေါ်လာပြီး အလင်းအိမ်တစ်ခုကို ဖြစ်ပေါ်စေကာ နန်းတော်ခန်းမတစ်ခုလုံးကို ထိန်ထိန်လင်းသွားစေ၏။

“အားလုံးပဲ.. ဝင်္ကပါထဲကို မြန်မြန်ဝင်ကြပါ”

ကျောက်တိုင်တစ်တိုင်ထိပ်ရှိ ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။

ဆူဇီမိုနှင့် ကျန်သောကျင့်ကြံသူများသည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အလင်းအိမ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်လိုက်ကြ၏။

“ချိုးဖောက်လိုက်စမ်း”

ကျင့်ကြံသူငါးယောက်သည ပြိုင်တူအော်ဟစ်ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ နဖူးများက တဖျတ်ဖျတ်လက်နေ၏။

ကျောက်တုံးဝင်္ကပါမှ ဖြာထွက်နေသော အလင်းရောင်များက ချက်ချင်းပင် သိသိသာသာ လင်းလက်တောက်ပလာပြီး တဖျတ်ဖျတ်တလက်လက်တောက်ပနေသော အလင်းထောက်တိုင်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေကာ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အဲ့ဒါက လေဟာနယ်ကို ထိုးဖောက်သွားသလို.. ပိန်းပိတ်အောင် နက်မှောင်နေသည့် ဥမင်လမ်းကြောင်းတစ်ခုအဖြစ် ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဆန်ဆန် အေးစက်နေ၏။

ထိုဥမင်လမ်းကြောင်းတစ်လျှောက်တွင် မတူကွဲပြားသည့် အေးစက်စက်အော်ရာတစ်မျိုးက စိမ့်ဝင်ပျံ့နှံ့နေ၏။

“အခုကစပြီး တစ်နှစ်အတွင်းမှာ မင်းတို့က ဒီဥမင်လမ်းကြောင်းဆီ ရောက်အောင်ပြန်လာပြီး မဟာကျိုးအင်ပါယာကို ပြန်လာရမယ်”

ထိုသို့ပြောပြီးသည်နှင့် ကျောက်တုံးဝင်္ကပါထဲရှိ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်နေသလို ခံစားလာရ၏။ အဲ့ဒါက အနည်းငယ်နာကျင်ပြီး မမြင်ရသောအားတစ်မျိုးက သူတို့က လက်ရှိနေရာကနေ သယ်ဆောင်သွားနေသလို ခံစားနေရ၏။

ကျောက်တုံးဝင်္ကပါထဲရှိ အလင်းရောင်များက တဖြည်းဖြည်း မှိန်ဖျော့ပျက်ပြယ်သွားသောအခါ ဆူဇီမိုနှင့် အခြားသူများသည်လည်း ပျောက်ကွယ်သွားကြ၏။

. . .

ရှေးဟောင်းတိုက်ပွဲမြေ..

အဲ့ဒါက ပျက်ဆီးကျိုးပဲ့သော ကမ္ဘာတစ်ခု ဖြစ်သော်လည်း အတော်လေး ကျယ်ပြန့်ပြီး မဟာကျိုးအင်ပါယာ၏ နယ်နမိတ်ဧရိယာထက်တောင်မှ ပိုပြီးကျယ်လေသည်။ အခွင့်အလမ်းနှင့် အန္တရာယ်များ ပူးတွဲတည်ရှိနေသော နေရာတစ်ခု ဖြစ်လေသည်။

တိတ်ဆိတ်ခြောက်ကပ်နေသော သဲကုန်းမြေတစ်ခုတွင်.. လေထုက ယုံရွဲ့တွန့်ပြဲသွားပြီး ထိုအထဲမှ ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် လိမ့်ဆင်းကျလာ၏။ သူတို့က ဆူဇီမိုတို့အုပ်စုပင် ဖြစ်လေသည်။

သူတို့ထဲမှ အတော်များများသည် ထိုသို့ဟင်းလင်းပြင် ကူးပြောင်းပို့ဆောင်ခြင်းနှင့် အသားမကျကြသေးပေ။

ဖြစ်စဉ်တစ်ခုလုံးက ခဏမျှသာ ကြာခဲ့သော်လည်း အလွန်တရာ နာကျင်ရလေသည်။ သူတို့၏ ခန္ဓာကိုယ်များက ဆုတ်ပြတ်သတ်သွားပြီး သူတို့၏ ဝိညာဉ်များက ဆွဲနုတ်ခံလိုက်ရသည်ဟု ထင်ရ၏။

ကြောင်စီစီနှင့် မူးဝေနေကြပြီး ကျင့်ကြံသူများသည် အပြင်ဘက်သို့ ရောက်ရောက်ချင်း မြေပြင်ပေါ်သို့ ပစ်လဲကျကုန်၏။ သူတို့သည် မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ကြဘဲ သူတို့၏ မျက်နှာက ဆိုးဆိုးရွားရွားပုံစံပေါက်နေကြ၏။

သူတို့ထဲမှ အနည်းငယ်သာလျှင် ဣန္ဒြေရရနေနိုင်ကြလေသည်။

မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ဖြစ်သော ခေါင်းဆောင်ကျန်းယုအပြင်.. ဆူဇီမိုနှင့် ညဝိညာဉ်တို့၏ ကိုယ်ကာက ကြောက်စရာကောင်းလောက်အောင် သန်မာလေသည်။

ကျန်းယုသည် ဘာမျှမပြောသော်လည်း အနည်းငယ် ခေါင်းငဲ့စောင်း၍ ဆူဇီမိုကို လေးလေးနက်နက် ကြည့်လိုက်၏။

“ဘုရားရေ.. ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ စိတ်ဝိညာဉ်ချီလဲကွာ”

“ငါတို့ အခု ရှေးဟောင်းတိုက်ပွဲမြေကို ရောက်လာပြီလား”

“ရှေးဟောင်းတိုက်ပွဲမြေမှာ စိတ်ဝိညာဉ်ချီတွေက အရမ်းကို ပေါများလိုက်တာ.. ငါတို့ဆီမှာနဲ့ ဆီနဲ့ရေပဲ”

များစွာသော ကျင့်ကြံသူများသည် ပတ်ဝန်းကျင်နှင့် အနည်းငယ် နေသားကျလာကြပြီဖြစ်ပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများသည် သူ၏နား၊ မျက်လုံး၊ နှာခေါင်းနှင့် ဒွာရပေါက်များထဲ ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။ အဲ့ဒါက အရမ်းကို သန့်စင်ကြွယ်ဝနေပြီး.. သူ့ဒါန်ထျန်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် စိတ်ဝိညာဉ်ရည်အစက်လေးများအဖြစ် စုဖွဲ့သွား၏။

စိတ်ဝိညာဉ်ရည်က သူ့မရီးဒါန်များထဲတွင် မြစ်တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး.. တဝေါဝေါနှင့် လှည့်ပတ်စီးဆင်းကာ သူ၏ စတုတ္ထမြောက်မရီးဒါန်က မပီမသ ဝိုးတဝါး ပေါ်လာ၏။

All Chapters