အခွင့်အလမ်းလား
Vol. 23 Ch. 338
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”
ဆူဇီမိုသည် တုန်လှုပ်သွား၏။
သူ၏ တတိယမြောက်မရီးဒါန်ကို ဖွင့်လှစ်ခဲ့သည့်မှာ နှစ်ပတ်လောက်သာ ကြာသေးလေသည်။
သူသည် မဟာကျိုးမှာ ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် စတုတ္ထမြောက်စိတ်ဝိညာဉ်မရီးဒါန်ကို ဖွင့်လှစ်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရပေမည်။
အခုတော့ အံ့အားသင့်စရာပင်.. သူသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်ရောက်ချင်းမှာပင် သူ၏ စတုတ္ထမြောက်စိတ်ဝိညာဉ်မရီးဒါန်က နိုးထတော့မည့် အရိပ်အယောင် ပြလာလေပြီ။
သူ၏ ကျင့်ကြံမှုအမြန်နှုန်းအရ.. သူသည် အဲ့ဒါကို အပြီးသတ်ဖွင့်လှစ်နိုင်ဖို့ ဆယ်ရက်တောင်ကြာမည် မထင်ပေ။
ပတ်ဝန်းကျင်ရှိ သိပ်သည်းသောစိတ်ဝိညာဉ်ချီများကို အာရုံခံမိလိုက်ပြီး ကျင့်ကြံသူအချို့သည် ယစ်မူးနေသောပုံစံနှင့် လေများကို အားပါးတရ ရှုသွင်းလိုက်ကြ၏။ သူတို့သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုစိတ်ပေါက်သွားကြ၏။
လူအုပ်ကြီး၏ ရှေ့ဆုံးရှိ ကျန်းယုက မတ်တပ်ရပ်၍ လှည့်ကြည့်လိုက်၏။ သူ့အကြည့်က လင်းယုန်တစ်ကောင်လို လူတိုင်းအပေါ် ဖြတ်သန်းသွား၏။ သူက တည်ငြိမ်သောဟန်ပန်ဖြင့် ကျယ်လောင်စွာ ထုတ်ဖော်ပြောလိုက်၏။
“အားလုံးပဲ နားထောင်ကြပါ”
လူတိုင်း၏ တီးတိုးတီးတိုးစကားသံများက တဖြည်းဖြည်းတိုးတိတ်သွားကြ၏။
“အားလုံးပဲ.. ဒါက ရှေးဟောင်းတိုက်ပွဲမြေပါ.. ခြေလှမ်းတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့နေရာပါ”
သူက ခဏမျှ ရပ်တန့်ပြီးနောက် အမှတ်တမဲ့ပုံစံနှင့် ဆူဇီမိုကို ဖျတ်ကနဲကြည့်ကာ အလေးအနက် ပြောလိုက်၏။
“အရင်တုန်းက မင်းတို့ရဲ့ ဂုဏ်အဆင့်အတန်းက ဘာပဲဖြစ်ခဲ့ခဲ့.. ဒီရှေးဟောင်းတိုက်ပွဲမြေမှာ မသေချင်ဘူးဆိုရင်တော့ အခုကစပြီး ငါ့ပြောစကားကို နားထောင်ကြပါ”
ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ကျန်းယုက ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ပေးလိုက်သော ခေါင်းဆောင်ဖြစ်ပြီး သူ့ကျင့်ကြံမှုအဆင့်က အားလုံးထဲတွင် အမြင့်ဆုံး ဖြစ်လေသည်။ မည်သူမျှ သူ့ကို မေးခွန်းပြန်ထုတ် မနေကြပေ။
ကျန်းယုက ဆက်ပြောလိုက်၏။
“မင်းတို့ထဲမှာ အစွမ်းအစ အတော်လေးရှိတဲ့သူတွေ ပါတာ ငါသိပါတယ်... ဒါပေမယ့်လို့ ငါတစ်ခါထဲ သတိပေးထားလိုက်မယ်.. မင်းတို့သာ ရှေးဟောင်းတိုက်ပွဲမြေမှာ ဘုမသိဘမသိနဲ့ လုပ်ချင်ရာလျှောက်လုပ်မယ်ဆို မင်းတို့ကို စောင့်ကြိုနေမှာက သေခြင်းတရားပဲ.. မင်းတို့ထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့လူတွေကို သတ်နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မှတ်မနေကြနဲ့.. ဒီနေရာကို ရောက်လာကြတဲ့ ထိပ်သီးဂိုဏ်းက ကျင့်ကြံသူတွေအကုန်လုံးက မင်းတို့လုပ်နိုင်သလိုမျိုး အကုန်လုပ်နိုင်ကြပြီးသား.. မင်းတို့ထက် သန်မာတဲ့လူတွေချည်းပဲ”
ကျန်းယုက အသေးစိတ် တိတိပပမပြောကြားသော်လည်း.. သူက ဆူဇီမိုကို အဓိကထား ရည်ညွှန်းပြောဆိုနေကြောင်း လူတိုင်းပြောနိုင်ကြလေသည်။
ဆူဇီမိုက မျက်လွှာချ၍ ဆိတ်ဆိတ်သာနေ၏။
ကျန်းယုက သူ့အပေါ် ရန်လိုစိတ်ရှိနေသည်မှာ သိသာလေသည်။
သို့သော်လည်း ထိုရန်လိုစိတ်က ဘယ်ကလာသလဲ သူ မသိပေ။
အဲ့ဒါက ကျိယောင်ရွှယ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ဒါမှမဟုတ် သူသတ်ခဲ့သော သိုင်ရှုကြောင့်များလား..
ဘာပဲပြောပြော ကျန်းယုနှင့် သိုင်ရှုတို့က နန်းတော်ထဲမှာတုန်းက အရမ်းရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေနို်င၏။
ဒါ့အပြင် သိုင်ရှု၏ အစွမ်းအစအရ.. သူသာ မသေခဲ့ဘူးဆိုလျှင် ဒီတစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရာတွင် ပါလာဖို့များ၏။
ဆူဇီမို တိတ်ဆိတ်နေခြင်းမှာ သူက ကျန်းယုကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ သူက အရေးမလုပ်သောကြောင့် ဖြစ်လေသည်။
သူ့အပေါ် ရန်လိုစိတ် အနည်းငယ်ရှိရုံနှင့် ဆူဇီမိုက ထိုသူကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း မကျေနပ်သည့်ပုံစံပေါက်သွားကြ၏။ သို့သော်လည်း ကျန်းယုက နာမည်တပ်၍ တိတိကျကျ ပြောခြင်းမဟုတ်သောကြောင့် သူတို့ဘာမျှ မပြောနိုင်ကြပေ။
ကျိယောင်ရွှယ်က မျက်မှောင်ကြုတ်ပြီး ညင်သာစွာ မာန်လိုက်၏။
“ခေါင်းဆောင်ကျန်း.”
ကျန်းယုက လှည့်ကြည့်ပြီး မေးလိုက်၏။
“တတိယမင်းသမီးခင်ဗျာ.. ဘာများအမိန့်ပေးစရာ ရှိလို့လဲ မသိဘူး”
တစ်ခုခု လွဲမှားနေသည်ကို ဆူဇီမို ရုတ်တရတ် ခံစားမိလိုက်၏။
သူတို့အုပ်စုတွင် ဧကရာဇ်က ကျန်းယုက ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သော်လည်း ကျိယောင်ရွှယ်၏ အဆင့်အတန်းက သူ့ထက်မြင့်မားလေသည်။
သို့သော်လည်း ကျန်းယုက ကျိယောင်ရွှယ်ကို လေးစားမှုရှိမနေဟု ဆူဇီမိုခံစားမိနေ၏။ သူ့လေသံက အနည်းငယ် ပြီတီတီပုံတောင် ပေါက်နေ၏။
အဲ့ဒါက အလွန်ထူးဆန်းလေသည်။
ကျန်းယုက သူ့အပေါ် ရန်လိုစိတ်ရှိသည်ဆိုသည်မှာ ဖြစ်တန်ကောင်း၏။
သို့သော်လည်း ကျိယောင်ရွှယ်အပေါ် ကျန်းယု၏ စိတ်နေသဘောထားကတော့ အတော်လေးစဉ်းစားသင့်သည့်အရာဖြစ်၏။
ကျိယောင်ရွှယ်က ဘာကိုမျှ သတိထားမိပုံမပေါ်ဘဲ သူမက သတိပေးရုံသာ ပြောလိုက်၏။
“ခေါင်းဆောင်ကျန်း.. ငါတို့ မမှောင်ခင် နားနေစရာ နေရာတစ်ခုကို အရင်ရှာသင့်တယ်မလား”
“ဟုတ်ပါတယ်”
ကျန်းယုက တုံ့ပြန်ဖြေကြားလိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေက ရှေးခေတ်က သက်ရှိများနှင့် ပြည့်နှက်နေ၏။ ညအချိန်ရောက်လျှင် တောကောင်များက လွတ်လပ်စွာ ကျင်လည်သွားလာကြပေမည်။
ညအချိန်မှာ တောကို သားရဲများက အုပ်စိုးလေသည်။
ရှေးဟောင်းတိုက်ပွဲမြေ၌ ညအချိန်များတွင် ရှေးကျသောသက်ရှိများက ဤနေရာကို အုပ်စိုးကြလေသည်။ လူတစ်ယောက်သည် လုံလောက်သည့် သန်မာမှုမရှိဘဲနှင့် အပြင်ဘက်မှာ ကြန့်ကြာနေမိလျှင် သေခြင်းတရားနှင့် ရင်ဆိုင်ရဖို့ သေချာလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင်တော့ ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းနေရာများတွင် စွမ်းအားကြီးသည့် ကျင့်ကြံသူများ စုဝေးနေကြသော ကြီးမားသည့် မြို့ကြီးများရှိလေသည်။
သို့သော်လည်း သူတို့ယခုရောက်နေသောနေရာလို ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်အစပ်တွင်တော့ ထိုကဲ့သို့သော မြို့ကြီးများ ရှိမနေပေ။
ကျန်းယုက သူ့သိုလှောင်အိတ်ထဲကနေ မြေပုံတစ်ခု ထုတ်ယူကာ စစ်ဆေးကြည့်ရှုပြီးနောက် ကျိယောင်ရွှယ်ဘေးတွင် သွားရပ်လိုက်၏။
“တတိယမင်းသမီး.. ကျုပ်တို့ အခု ဒီနေရာကို ရောက်နေကြတာပဲ.. ဒီနေရာနဲ့ အနီးဆုံးမှာ တောင်ခြေမှာလိုဏ်ဂူရှိတဲ့ တောင်တစ်တောင်ရှိတယ်.. ကျုပ်တို့ အဲ့နေရာမှာ ယာယီခေတ္တ အခြေသွားချလို့ရတယ်”
“ကောင်းပြီလေ.. အဲ့ကိုသွားကြတာပေါ့”
ကျိယောင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
ထိုမြေပုံက ရှေးဟောင်းတိုက်ပွဲမြေတို့ ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်လာနို်ငခဲ့သူများ ပုံကြမ်းဆွဲထားသော မြေပုံဖြစ်၏။ အဲ့ဒါက မိတ္တူတစ်စုံသာဖြစ်ပြီး သူတို့တစ်ဖွဲ့လုံးတွင် ထိုတစ်စုံသာ ပါလာသည်။
ကျိယောင်ရွှယ်နှင့် ကျန်းယုက ဆွေးနွေးနေကြစဉ်မှာပင် ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှ လူများဘက်သို့ လှည့်ပြီး တီးတိုးပြောလိုက်၏။
“ကျုပ်အနားမှာပဲ နေကြ.. လူခွဲမသွားကြနဲ့”
“ညဝိညာဉ်”
ဆူဇီမိုက ညဝိညာဉ်၏ ခေါင်းကိုပုတ်ပြီး ရှောင်းနင်ကို မေးငေါ့ပြလိုက်၏။
ညဝိညာဉ်က နားလည်သဘောပေါက်သွားပြီး ရှောင်းနင်၏ ဘေးသို့ အသင့်ကာကွယ်ပေးဖို့ ရောက်သွား၏။
ထိုသို့ အစီအစဉ်ချပြီးမှသာ ဆူဇီမိုသည် ပိုပြီး စိတ်သက်သာရာ ရသွာ၏။
ထိုအချိန်မှာပင် ကျန်းယုက လူတိုင်း၏ ရှေ့သို့ ရောက်လာပြီး အလေးအနက် ပြောလိုက်၏။
“အားလုံးအတွက် ကျုပ်ပုံစံတစ်ခု ချပေးချင်တယ်.. စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာပါတဲ့ ကျင့်ကြံသူဆယ်ယောက်က အပြင်ဘက်ဆုံးကနေ ရံထားပါ.. နတ်ဆေးဆရာနဲ့ အဆောင်လက်ဖွဲ့သခင်တွေကတော့ အတွင်းထဲမှာပဲနေကြ.. တတိယမင်းသမီးကတော့ အလယ်ဆုံးမှာ ရှိရမယ်.. ကျုပ်နဲ့ အခြားမဟာကျိုးအစောင့်ဆယ်ယောက်က ရှေ့ဆုံးကနေ ကင်းထောက်ပေးမယ်”
ထိုသို့ နေရာချမှုတွင် မသင့်လျော်တာ မရှိပေ။ အချို့သော နတ်ဆေးဆရာများနှင့် အဆောင်လက်ဖွဲ့သခင်များကတော့ ပေါ်ပေါ်ထင်ထင်ပင် ကျေးဇူးတင်ကြောင်း ပြသလိုက်ကြ၏။
“ကဲ သွားကြမယ်ဟေ့”
ကျန်းယုက ဦးတည်ဘက်တစ်ခုကို ရွေးချယ်ပြီး လက်ပြလိုက်သောအခါ လူတိုင်း ထိုနေရာသို့ ချီတက်လိုက်ကြ၏။
ပတ်ဝန်းကျင်တစ်ခွင်က ကျတ်တီးမြေ၊ ကျောက်စရစ်ခဲနှင့် ထူးဆန်းသည့် ကျောက်ဆောင်များနှင့် ပြည့်နှက်နေ၏။ သစ်ပင်ဝါးပင် တစ်ပင်တစ်လေတောင် မြင်တွေ့ရခြင်းမရှိဘဲ.. တိတ်ဆိတ်မှုက အနည်းငယ်မွန်းကျပ်ဖွယ်ရာ စိုးမိုးနေ၏။
ကံကောင်းထောက်မစွာနှင့် သူတို့သည် လမ်းတစ်လျှောက် မည်သည့်အန္တရာယ်ကိုမျှ မကြုံတွေ့ခဲ့ရပေ။
နှစ်နာရီလောက် လမ်းလျှောက်ပြီးနောက် ကျန်းယုသည် ရုတ်တရတ် ရပ်တန့်ပြီး အံ့အားသင့်သွားသလို ရေရွတ်လိုက်၏။
များစွာသော ကျင့်ကြံသူများသည် စူးစမ်းလိုစိတ်နှင့် ရှေ့တက်မျှော်ကြည့်လိုက်ကြ၏။
အနီးနားကျောက်စရစ်ခင်းပြင်တွင် နက်မှောင်နေသော အရိုးစုများ ရှိနေပြီး ခြောက်ကပ်ကာ အသားများ လုံးဝမရှိတော့ပေ။
ဖျတ်ကနဲ ကြည့်လိုက်ရုံနှင့် အရိုးစုပေါင်း တစ်ဒါဇင်ကျော်ကို မြင်တွေ့ပြီး သူတို့တစ်ယောက်ချင်းစီ၏ ဘေးတွင် သိုလှောင်အိတ်များကို တွေ့ရလေသည်။
များစွာသောကျင့်ကြံသူများ၏ မျက်လုံးက ဝင်းလက်သွားကြ၏။ ထိုသိုလှောင်အိတ်များက ပိုင်ရှင်များ မရှိတော့သည်မှာ အတော်ကြာလေပြီ။
ဒါက အခွင့်အရေးတစ်ခုပင်..
သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်ရောက်ချင်းမှာပင် ဤကဲ့သို့ အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။
ရှေ့ဆုံးရှိ မဟာကျိုးအစောင့်ရှစ်ယောက်သည် စိတ်အားထက်သန်စွာနှင့် ကျန်းယုကို အလိုလို ကြည့်လိုက်မိကြ၏။
ကျန်းယုက ခေါင်းညိတ်ပြ၍ ထိုသိုလှောင်အိတ်များကို ယူနိုင်ကြောင်း တိတ်တဆိတ် သဘောတူပြလိုက်၏။
အစောင့်ရှစ်ယောက်က ခြေလှမ်းကျဲကြီးများနှင့် ရှေ့တွင်ရှိသော အလောင်းများဆီသို့ ခပ်မြန်မြန် လျှောက်လှမ်းလိုက်ကြ၏။
များစွာသော ကျင့်ကြံသူများသည်လည်း ဆက်လက်မချုပ်တည်းနိုင်တော့ဘဲ.. သိုလှောင်အိတ်များကို ရယူရန် ရှေ့သို့ တက်လှမ်းလိုက်ကြ၏။
“မသွားကြနဲ့”
ထိုအချိန်မှာပင် ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ခပ်အုပ်အုပ် အော်ပြောလိုက်၏။
သူသည် အန္တရယ် အငွေ့အသက်ကို ခံစားနေရ၏။
ထို့အပြင် ညဝိညာဉ်၏ တုံ့ပြန်မှုကလည်း သူ၏ အထင်ကို ပိုသေချာစေနေ၏။
ထိုအချိန်တွင် ညဝိညာဉ်သည် ဆူရှောင်းနင်ရှေ့တွင် ရပ်ကာ အနည်းငယ်ဝပ်၍ အရှေ့သို့ မာန်ဖီနေ၏။
အစတုန်းကတော့ ဆန်းကြယ်တောင်ထွတ်၏ လူများသည် လူအုပ်ကြီးနှင့် ရောပါလိုက်ချင်ကြ၏။ သို့သော်လည်း ဆူဇီမို၏ အသံကို ကြားသောအခါ သူတို့သည် အလိုလိုရပ်တန့်လိုက်ကြ၏။
ဘာမှန်းသူတို့ နားမလည်သော်လည်း သူတို့သည် ဆူဇီမိုကို ယုံကြည်ကြလေသည်။
သို့သော်လည်း ဆန်းကြယ်တောင်ထွတ်မှ လူများကလွဲလျှင် ကျန်သောသူများကတော့ နတ်ဆေးဆရာများနှင့် နတ်ပန်းပဲဆရာများအပါအဝင် အားလုံးရှေ့သို့ ထိုးတက်သွားကြ၏။
နေရာတွင် ရပ်လျက် ကျန်နေခဲ့သူများမှာ ဆန်းကြယ်တောင်ထွတ်မှလူများ၊ ကျိယောင်ရွှယ်၊ အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်နှင့် ကျန်းယုတို့ ဖြစ်ကြလေသည်။
အစတုန်းကတော့ ကျွင်းဟောက်သည်လည်း ရှေ့သို့ သွားချင်မိ၏။ သို့သော်လည်း သူသည် မလှုပ်မယှက် ရပ်နေသော ကျန်းယုကို ဘေးတိုက်တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်က တစ်ချက်လက်သွားပြီးနောက် သူသည် မသွားဖို့ ဆုံးဖြတ်ချက်ချလိုက်၏။