← Chapters

အပြောင်းအလဲ

Vol. 23 Ch. 339

အပြောင်းအလဲ

Vol. 23 Ch. 339

ဆူဇီမို၏ သတိပေးသံကို ကြားသောအခါ အားလုံးကို နောက်ကျောပေးထားသော ကျန်းယု၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ခေတ္တမျှ ဖျတ်ကနဲ ပေါ်သွား၏။

ဆန်းကြယ်တောင်ထွတ်မှ လူများကလွဲလျှင် အခြားသော ကျင့်ကြံသူများသည် ဆူဇီမို၏ အသံကို မကြားကြသလို ကြားသောသူများကလည်း သူ့စကားကို ယုံကြည်မှုမရှိဘဲ သရော်လိုက်ကြ၏။

ကျိယောင်‌ရွှယ်က လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“ဇီမို ဘာဖြစ်လို့လဲ”

“တစ်ခုခု လွဲနေတယ်”

ဆူဇီမိုက ခေါင်းခါလိုက်၏။

“ဒီအလောင်းတွေက မဲနက်နေတာပဲ.. သူတို့က ထွက်တောင်မပြေးနိုင်လောက်အောင် ဘယ်လိုအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရလဲ မသိဘူး.. သူတို့က အရမ်းကြောက်စရာကောင်းတဲ့ တစ်ခုခုနဲ့ ကြုံခဲ့ရတာ ဖြစ်မယ်”

“ဟီးဟီး”

ရှေ့တက် လှမ်း‌တော့မည့်စစ်ယုထန်က ရယ်မောလိုက်၏။

“ဆူဇီမို.. မင်းတော်တော် သတ္တိကြောင်လှချေလား.. မင်းက ပိုင်ရှင်မရှိတော့တဲ့ ပစ္စည်းကိုတောင် မယူရဲပါ့လား.. ငါစေတနာ အကြံပေးလိုက်မယ်၊ တစ်နေရာရာ သွားပုန်းကြီး ကျင့်ကြံနေလိုက်ပါလားကွာ၊ ပြန်ကိုထွက်မလာပါနဲ့လား”

ဆူဇီမိုက ပကတိသက်ရှိကန်းလန်နှင့် ကတောက်ကဆတ် ဖြစ်ထား၏။

ပကတိသက်ရှိကန်းလန်၏ တပည့်တစ်ယောက်အနေနှင့် စစ်ယုထန်က ဆူဇီမိုအပေါ် အမြင်ကြည်စရာ အကြောင်းမရှိပေ။

ခ‌ဏမျှ ရပ်နားလိုက်ပြီးနောက် စစ်ယုထန်က ကျိယောင်ရွှယ်ဘက်သို့လှည့်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်၏။

“တာအိုရောင်းရင်းယောက်ရွှယ်.. ဘာမှ မပူပါနဲ့.. ကျုပ်တို့ရှေ့မှာ ဘာအန္တရာယ်မှ မရှိဘူးဆိုတာ ကျုပ်အာမခံရဲတယ်”

“ဟိုအလောင်းတွေကို ကြည့်လိုက်.. သူတို့မှာ ဘာအသားမှတောင် မကျန်တော့ဘူး.. သူတို့က သေပြီးတာ အနည်းဆုံး ဆယ်နှစ်လောက်ရှိနေပြီ.. အလောင်းတွေကဖြင့် ခြောက်တောင်ခြောက်ကပ်နေပြီ.. ဘယ်က အန္တရာယ်က လာရှိပါ့မလဲ”

ထိုအကြောင်းကြောင့်ပင် အခြားသော ကျင့်ကြံသူများက ရှေ့သို့ တက်ရဲကြခြင်း ဖြစ်လေသည်။

“သေပြီးတာ အနည်းဆုံး ဆယ်နှစ်လောက်ရှိပြီ ဟုတ်လား”

ဆူဇီမို၏ မျက်လုံးက ဖျတ်ကနဲ ကစားသွားပြီး ခေါင်းခါလိုက်၏။

“အဲ့ဒါ ပြောနေစရာ မလိုပါဘူး”

ထိုအချိန်မှာပင် ရှေ့ဆုံးရှိ ကျင့်ကြံသူတစ်ယောက်က အလောင်းများဘေးသို့ ရောက်ချသွား၏။

ရှေ့ဆုံးရှိ မဟာကျိုးအစောင့်က စိတ်လှုပ်ရှားသွားသော်လည်း သူသည် န‌ည်းနည်းတော့ သတိရှိနေသေးပြီး အရမ်းကာရော မပြုမူရဲဘဲ အစပ်နားရှိ အလောင်းတစ်လောင်းဘေးမှ သိုလှောင်အိတ်တစ်ခုကို ကောက်ယူကြည့်လိုက်၏။

သူသည် ခဏမျှ ရပ်တန့်လိုက်၏။

ဘာအန္တရာယ်မှ ဖြစ်ပေါ်မလာပေ။

သူမျက်လုံးက ၀င်းလက်သွားပြီး ချက်ချင်းပင် ကောက်ယူထားသော သိုလှောင်အိတ်ကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့်ကာ နောက်ထပ် သိုလှောင်အိတ်များ ထပ်ကောက်‌ဖို့အတွက် ရှေ့သို့ ပြေးတက်လိုက်၏။

ထိုသည်ကို အခြားသောကျင့်ကြံသူများ မြင်သောအခါ သူတို့သည် ဆက်လက်တွေဝေနေခြင်း မရှိကြ‌တော့ဘဲ ရှေ့သို့ အလုအယက် ပြေးတက်လိုက်ကြ၏။

ရုတ်တရတ်ဆိုသလို..!

အလောင်းများဘေးရှိ ကျောက်စရစ်ခင်းပြင်က လှုပ်ရှားလာပြီး လက်သီးဆုပ်စာလောက် မြေစာပုံများ တဖြည်းဖြည်း ဖောင်းကြွလာ၏။ မြေအောက်မှ တစ်ခုခုက တိုးထွက်လာတော့မည်ကဲ့သို့ ဖောင်းကြွ‌လာသော‌ မြေစာပုံက ပိုပိုကြီးမားလာ၏။

မျက်တစ်မှိတ်မှာပင် အခြား‌သော မြေစာပုံများက တစ်ခုပြီးတစ်ခု ဖောင်းကြွလာပြီး ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်လိုက်၏။

သတိကပ်သွားကြသောသူများက ဓါးပျံများကို ထုတ်စီးနင်းကာ ကောင်းကင်ထက် ပျံတက်လိုက်ကြ၏။

ဖောက်!

ကြွပ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။

ကြီးမားသည် နက်နီစပ်ကြား အလုံးကြီးတစ်လုံးက မြေပြင်ကနေ ရုန်းကန်ထွက်လာပြီး များစွာသော ကျင့်ကြံသူများ၏ ခြေရင်းသို့ ကျဆင်းလာ၏။

သူတို့အချိန်မီ မတုံ့ပြန်နိုင်ခင်မှာတင် နက်နီစပ်ကြား အလုံးကြီးက ပွင့်ထွက်သွားပြီး အထဲကနေ ဦးခေါင်းနှင့်ခြေများနီပြီး အနက်ရောင်ကိုယ်ရှိသော ကင်းခြေများတွေ သိပ်သည်းများပြားစွာ ထွက်လာကာ ကျင့်ကြံသူများ၏ ခြေထောက်များပေါ်သို့ ပြေးတက်လိုက်ကြမိ၏။

သူတို့တစ်ကောင်ချင်းစီက လက်မောင်းလုံးလောက်ရှိပြီး ခြေတစ်ထောင်ပါရှိ၏။ သူတို့၏ ခြေများနှင့် ရှပ်တိုက်ရွေ့လျားသောအခါ အလွန်တရာ လျှင်မြန်ပြီး ကျင့်ကြံသူများ၏ ခြေသလုံးများပေါ်သို့ ချက်ချင်းရောက်သွားကြ၏။

“အ.. အ.. အားးး!”

စူးစူးဝါးဝါး အော်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

အားလုံး၏ ရှေ့မှောက်မှာပင် ထိုကျင့်ကြံသူများ၏ မျက်နှာ‌များပေါ်တွင် အနက်ရောင်မြူလွှာများ ပေါ်လာပြီး သူတို့၏ မျက်လုံးများက သေသွားသော ငါးများကဲ့သို့ ကြောက်လန့်တကြားပုံစံနှင့် ပြူထွက်လာကြ၏။ သူတို့၏ အရေပြားအောက်ရှိ သွေးကြောများက တဖြည်းဖြည်း ဖောင်းကြွလာပြီးနောက် ရုတ်တရတ် ပေါက်ကွဲထွက်သွား၏။

“သွေးကင်းခြေများတွေ!”

ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။

ညဝိညာဉ်၏ ဇာစ်မြစ်ကို သူသိချင်တုန်းက ဆန်းကြယ်တောင်ထွတ်မှ ကျမ်းစာအုပ်များထဲတွင် ရှေး‌ကျသော သက်ရှိများအကြောင်း စူးစမ်းရှာဖွေခဲ့သောကြောင့် ထိုရက်စက်ကြမ်းကြုတ်သည့် သက်ရှိများအကြောင်း သူသိထားလေသည်။

သွေးကင်းများက ရှေးဟောင်းခေတ်ကတည်းက သက်ရှိများဖြစ်ပြီး အုပ်စုဖွဲ့နေထိုင်ကြ၏။ သူတို့က အလွန်အဆိပ်ပြင်းပြီး တစ်ချက်ကိုက်မိရုံနှင့် အသားများကို သွေးရည်များအဖြစ် ပျော်ကျသွားစေနိုင်၏။

အသက်ရှူအချိန် အနည်းငယ်အတွင်း သူတို့သည် လူတစ်ယောက်ကို ဘာအသားမှ မကျန်တော့သည့်အထိ ဝါးမျိုးစားသောက်နိုင်လေသည်။

မြေပြင်ပေါ်ရှိ အလောင်းများ မည်းနက်နေရခြင်းမှာလည်း ထိုသွေးကင်းများ၏ အဆိပ်သဘာ၀ကြောင့် ဖြစ်လေသည်။ ထိုသတ္တဝါများက ထျန်ဟွမ်ပြည်မကြီးတွင် ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဟု ဆိုကြ၏။ အခုတော့ သူတို့ကို ရှေးဟောင်းတိုက်ပွဲမြေမှာ တွေ့ရလိမ့်မယ်လို့ ဘယ်သူက သိခဲ့မှာလဲ

“အဲ့ဒါ ‌ရှေးဟောင်းခတ်က သွေးကင်းခြေများတွေပဲ.. မြန်မြန် ပြန်ဆုတ်ကြဟေ့!”

ကျန်းယုက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူက ကျိယောင်ရွှယ်အနားသို့ ကပျာကယာ ရောက်ချလာ၏။ သူပုံစံက ကြောက်လန့်တကြားနှင့် အနည်းငယ် မောပန်းနေဟန် ပေါက်နေ၏။

“မြန်မြန်လုပ်ကြ.. ထွက်ကြမယ်.. တတိယမင်းသမီး ကျုပ်တို့ ဒီနေရာမှာ ဆက်နေလို့ မရတော့ဘူး!”

“သူတို့ကရော ဘယ်လိုလုပ်မလဲ…”

သူမသည် မဟာကျိုး၏ မင်းသမီးတစ်ပါး ဖြစ်သော်လည်း ရုတ်တရတ် ဖြစ်ပျက်သွားသော အပြောင်းအလဲများကြောင့် သူမ၏ မျက်နှာက ဖြူလျော့နေ၏။ သူမသည် အရှေ့တွင်ရှိသော ဖရိုဖရဲ အုန်းအုန်းကျက်ကျက် ဖြစ်နေသည့် လူအုပ်ကြီးကို အသည်းနာစွာ လက်ညိုးထိုးပြလိုက်၏။

“သူတို့ကို ကျုပ်တို့ မကယ်နိုင်တော့ဘူး.. ဒီမှာ ဆက်နေရင် ကျုပ်တို့ပါ သေရလိမ့်မယ်” ကျန်းယုက အော်ပြောလိုက်၏။

ခဏလေးအတွင်းမှာပင် များစွာသော ကျင့်ကြံသူများသည် အသားများ မကျန်ရှိတော့ဘဲ သေဆုံးကုန်ကြ၏။ ကျန်ရှိနေသေးသောအရာမှာ မည်းနက်နေသော ‌အလောင်းများသာဖြစ်ပြီး သူတို့၏ဘေးတွင် သူတို့၏ သိုလှောင်အိတ်များက ကျနေ၏။ အဲ့ဒါက သူတို့အရင်ဆုံး တွေ့ခဲ့ရသော အလောင်းများနှင့် ပုံစံတူပင် ဖြစ်လေသည်။

ရှေ့ဆုံးရှိ မဟာကျိုးအစောင့်လေးယောက်သည်လည်း သေဆုံးသွားကြရ၏။

နောက်ကျကျန်ရစ်ခဲ့သော ကျင့်ကြံသူအချို့ကတော့ ကပ်ဆိုးကို ရှောင်လွှဲနိုင်ခဲ့ပြီး သူတို့သည် ကြောက်လန့်တုန်လှုပ်၍ နေရာမှာတင် ငူငိုင်ရပ်နေမိကြ၏။

ရှေ့မှာရှိသော ကျင့်ကြံသူတစ်‌ယောက်သည် ကြောက်လန့်တကြားမျက်နှာနှင့် လှည့်ကြည့်လိုက်၏။ သူ့မျက်နှာက မည်းနက်လာပြီဖြစ်ပြီး သူသည် လက်တစ်ဖက်ကိုဆန့်ထုတ်၍ သူ့ဘေးနားက နတ်ပန်းပဲဆရာတစ်ယောက်၏ ပုခုံးကို လှမ်းဆွဲလိုက်၏။

“ငါ့ကို ကယ်ပါ…”

ဖောင်း!

စကားပြောလိုက်သော ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ရုတ်တရတ် ပေါက်ကွဲထွက်သွားပြီး သွေးရည်များက သူ့ဘေးနားရှိ နတ်ပန်းပဲဆရာ၏ အပေါ်သို့ ပြန့်ကျဲကျသွား၏။

ငူငိုင်နေသော ထိုနတ်ပန်းပဲဆရာက ပြန်လည်သတိ၀င်လာပြီး စူးစူးဝါးဝါး အော်ဟစ်ကာ ချက်ချင်းလှည့်ပြေးလိုက်၏။

သို့သော်လည်း သူသည် ခြေလှမ်းအနည်းမျှသာ လှမ်းရသေးသည်.. ရပ်တန့်သွားပြီး သူ့မျက်နှာက မည်းနက်လာ၏။ ထို့နောက် သူ့အသားများက သွေးရည်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ့အလောင်းက မြေပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွား၏။ သွေးကင်းခြေများများက ချက်ချင်းရောက်ချလာပြီး ဝိုင်းအုံလိုက်ကြ၏။

ဟင်းးး

အရှင်ရှင်ကျန်ရစ်နေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုကြည့်ပြီး ပင့်သက်ကိုရှိုက်ကာ သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

အဆိပ်က အရမ်းပြင်းလှ၏။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က သွေးကင်းခြေများ မကိုက်ခံရဘဲ အဆိပ်ကူးစက်ခံထားရသော လူတစ်ယောက်၏ သွေးနှင့်ထိတွေ့မိလျှင်တောင် ထိုသူက သေနိုင်လေသည်။

သွေးကင်းခြေများ ကိုက်ခံထားရသော ကျင့်ကြံသူများကို ကယ်တင်ဖို့ မဖြစ်နိုင်တော့ကြောင်း ကျိယောင်ရွှယ် နားလည်သဘောပေါက်သွား၏။

သူတို့ကိုသူတို့ အတင်းဖိအားပေးပြီး ထိုသူတို့ကို ကယ်ဖို့လုပ်လျှင် သူတို့ပါ သေရပေလိမ့်မည်။

စစ်ယုထန်သည် အရမ်းကြောက်လန့်သွားပြီး သူ့မျက်နှာက ဝါဂွမ်းစလို ဖြူလျော့နေ၏။ သူ့ရင်ထဲမှာ အကြောက်က မပြေသေးပေ။ သူသည် ဆူဇီမိုနှင့် ငြင်းခုန်ပြီး နည်းနည်းနှောင့်နှေးသွားလို့သာ တော်သေး၏။

“ဒီလမ်း ဒီလမ်း.. အားလုံးပဲ ဓါးပျံတွေ ထုတ်စီးကြပါ.. သွေးကင်းခြေများတွေက မပျံနိုင်ဘူး!”

ကျန်းယုက အမိန့်ပေးပြီး သူ့ဓါးပျံပေါ်ခုန်တက်လိုက်ကာ ရှေ့ကနေ ဦးဆောင်ထွက်ခွာလိုက်၏။

ကြောက်စိတ်မွှန်နေကြပြီဖြစ်သော ရှင်သန်ကျန်ရစ်သူများသည် သူတို့၏ ဓါးပျံများကို အူလည်လည်နှင့် ထုတ်လိုက်ကြပြီး လေထဲသို့တက်ကာ ကျန်းယုနောက်သို့ ပြေးလိုက်လိုက်ကြ၏။

နေရာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ‌ပရမ်းပတာ ဖြစ်ကုန်ကြ၏။

လက်ရှိလူများထဲတွင် ဆူဇီမိုသာလျှင် ဣန္ဇြေရနေပြီး မြေပြင်ပေါ်တွင် ညဝိညာဉ်နှင့်အတူပြေးကာ လူများ၏ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။

သူတို့သည် စောစောက အလောင်းများရှိသောနေရာမှ ဝေးကွာလာကြပြီဖြစ်သော်လည်း ဆူဇီမို၏ ရင်ထဲတွင် အန္တရာယ်အငွေ့အသက်က ပျောက်ကွယ်မသွားသေးပေ။

“အားလုံးပဲ သတိထားကြ!”

သူ့စကား မဆုံးသေးခင်မှာပင် ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။

ရှေ့မှာရှိသော ကျောက်စရစ်ခင်းပြင်သည် ရုတ်တရတ် ပြိုကျသွားပြီး ကြီးမားသည့် တွင်းချိုင့်ကြီး ဖြစ်ပေါ်လာ၏။

ထိုတွင်းချိုင့်ကြီးထဲမှ ကြီးမားကြောက်စရာကောင်းသည့် ခေါင်းကြီးက ပြူထွက်လာပြီး တစ်ချိန်တည်းမှာပင် ‌ခြေချောင်းတစ်ထောင်က ရှပ်တိုက်ရွေ့လျားလာ၏။ ရုတ်တရတ် ထိုသတ္တဝါက သူ့ခန္ဓာကိုယ်တစ်၀က်ကို ဖော်ကြွပြီး အလွန်တရာ ကြောက်စရာကောင်းသောအော်ရာနှင့် လူတိုင်းကို မျက်နှာချင်းဆိုင်လိုက်၏။

ထက်ရှသော အစွယ်နှစ်ချောင်းမှ ညှီစို့စို့အနံ့က ထွက်ပေါ်နေ၏။ ခြစ်ခြစ်တောက် ပူနေသော နေများလို ၎င်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် စူးရဲတောက်ပနေ၏။

အဲ့ဒါက မနှိုင်းယှဉ်သာလောက်အောင် ကြီးမားသည့် သွေးကင်းခြေများကြီးဖြစ်ပြီး သူ၏ ခနွာကိုယ်တစ်၀က်ကပင် ပေတစ်ရာလောက် ရှည်လေသည်။

“အား!”

လူတိုင်း၏ အာမေဋိတ်သံ ထွက်လာ၏။

သွေးကင်းခြေများကြီးက မပျံနိုင်သော်လည်း သူ့ခန္ဓာကိုယ်တစ်၀က်ကို ကြွတက်လိုက်သောအခါ အဲ့ဒါက ပေတစ်ရာအမြင့်ထိ ရောက်သွားပြီး လူတိုင်း၏ လမ်းကြောင်းကို ချက်ချင်းပိတ်ဆို့လိုက်၏။

သူတို့၏ရှေ့က လမ်းပိတ်သွားသောကြောင့် နောက်ပြန်လှည့်ပြေးလိုက်ကြ၏။

All Chapters