← Chapters

ငါ ဖြတ်ရိုက်လိုက်မယ်

Vol. 23 Ch. 341

ငါ ဖြတ်ရိုက်လိုက်မယ်

Vol. 23 Ch. 341

လူတိုင်းကြောက်လန့်တကြား ထွက်ပြေးလိုက်ကြ၏။ ဆူဇီမိုကတော့ နောက်မှာကျန်ခဲ့ပြီး သွေးကင်းခြေများများ၏ တိုက်ခိုက်မှုများကို ကာကွယ်တားဆီးဖို့ လုပ်လိုက်၏။

တစ်ကယ်တော့ သွေးကင်းခြေများဘုရင် ပေါ်လာသည့်အချိန်တွင် ညဝိညာဉ်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာပြီး သူက သွေးကင်းခြေများဘုရင်နှင့် သွားရောက်တိုက်ခိုက်ဖို့ကိုပင် စိတ်အားထက်သန်နေ၏။

သို့သော်လည်း ဆူဇီမိုက ညဝိညာဉ်ကို ထိုအဆိပ်သတ္တဝါများနှင့် ဤနေရာမှာ ကြန့်ကြာမနေစေလိုသောကြောင့် ရှောင်းနင်ကိုသာ ကာကွယ်ပေးဖို့ ညဝိညာဉ်ကို အချက်ပြထား၏။

ဒီထက်ပိုအရေးကြီးသည်မှာ ဆူဇီမိုသည် လူတစ်ယောက်နှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်၏။

ကျန်းယု..

ပုံမှန်အမြင်အရဆိုလျှင် ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခန့်အပ်လိုက်သော ခေါင်းဆောင်တပ်မှူးကို ဆူဇီမိုက သံသယဝင်စရာ အကြောင်းမရှိပေ။

သို့သော်လည်း သူတို့ချင်း ထိတွေ့ဆက်ဆံပြီးနောက် ဒီလူက တစ်နည်းနည်းနှင့် မူမမှန်ကြောင်း ဆူဇီမိုသည် သေချာပြောနိုင်လာ၏။

ဆူဇီမိုက မြေပြင်ပေါ်မှာ ပြေးလွှားနေ၏။ ရှေ့မလှမ်းမကမ်း သဲမြေပြင်အောက်တွင် ကြီးမားသည့် ခပ်လုံးလုံးအိတ်ကြီးက အပေါ်ကို ကြွတက်လာပြီး နောက်ထပ်သွေးကင်းခြေများတစ်အုပ်စုက ပေါ်ထွက်လာတော့မည်ဖြစ်၏။

ညဝိညာဉ်က ပိုမြန်စွာ လှမ်းလိုက်ပြီး အဲ့ဒါကို သူ၏ ခြေထောက်နှင့် ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။ ခြေသည်းငါးခုက တိတ်တဆိတ်ထွက်လာပြီး အားနှင့်ကုတ်ဆွဲလိုက်၏။

ဖောင်း..

ထွက်ပေါ်လာတော့မည့် သွေးကင်းခြေများများ လုံးထွေးရစ်ပတ်နေသည့် အိတ်ကြီးက ညဝိညာဉ်၏ လက်ချက်ဖြင့် ကြေမွပျက်ဆီးသွား၏။

အဆိပ်သွေးများက ညဝိညာဉ်အပေါ်သို့ ပြန့်ကျဲကျသွားသော်လည်း သူက ဂရုမစိုက်ဘဲ ခါချလိုက်ကာ ဆက်သို့ ဆက်လက်ပြေးသွား၏။

ထိုအဆိပ်သွေးများက ညဝိညာဉ်ကိုလည်း ထိခိုက်အောင် လုပ်နိုင်ခြင်း မရှိပေ။

သူတို့အုပ်စု၏ နောက်တွင် နက်နီစပ်ကြား ပင်လယ်ကြီးရှိနေပြီး သွေးကင်းခြေများများက လှိုင်းများကဲ့သို့ တလိပ်လိပ်နှင့် ပြေးလာနေကြ၏။

သွေးကင်းခြေများဘုရင်က ဒဏ်ရာအနာတရ ရရှိပြီးနောက် သူ၏ ဦးမှင်များကို အရမ်းကာရော မဝေ့ရမ်းရဲတော့ပေ။ ၎င်းသည် ရှေ့သို့တက်ချင်သည့်အချိန်တိုင်း ဆူဇီမို၏ မြားက ရောက်ရောက်လာသောကြောင့် နောက်ကိုပြန်ပြန်ဆုတ်နေ၏။

အမဲလိုက်ခြင်းနှင့် ပြေးလွှားခြင်းက ဆက်လက်ဖြစ်ပွားနေပြီးနောက်.. သူတို့အုပ်စုသည် ရှေ့တွင် စိမ်းစိုနေသည့် မြက်ခင်းပြင်ကို မြင်လိုက်ကြ၏။

တိတ်ဆိတ်ခြောက်ကပ်နေသော ကန္တာရနယ်မြေမှ စိမ်းစိုနေသော အသက်ဓါတ်အရောင်ကို မြင်လိုက်ရသောအခါ လူတိုင်း အားမာန်တက်သွားကြ၏။

သူတို့ မြက်ခင်းပြင်အထက်သို့ ရောက်သောအခါ နောက်ကနေ လိုက်လာနေသော သွေးကင်းခြေများသည် တဖြည်းဖြည်း ရပ်တန့်သွားကြ၏။

သွေးကင်းခြေများက သဲစပ်ကျောက်စပ်သော နေရာမှာ နေသော သတ္တဝါများ ဖြစ်တာကြောင့် သူတို့က ထိုနေရာကို လွယ်လွယ်နှင့်စွန့်ခွာလိမ့်မည် မဟုတ်ပေ။

ကန္တာရအစပ်မှာနေ၍ သွေးကင်းခြေများဘုရင်က သူ၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးကို မြောက်ကြွလိုက်ပြီး ဆူဇီမိုတို့အုပ်စုဘက်သို့ မာန်ဖီအော်ဟစ်လိုက်၏။ သူ့မျက်လုံးများက နီရဲနေပြီး မကျေမနပ် ဖြစ်နေ၏။

ထိုသည်ကို မြင်သောအခါ လူတိုင်းသည် အရှိန်လျှော့ချ၍ နောက်ဆုံး သူတို့၏ ဓါးပျံများကို ရုတ်သိမ်းပြီး မြေပြင်ပေါ် ဆင်းသက်လိုက်ကြ၏။ ပင့်သက်ကို မောပန်းတကြီး ရှူရှိုက်၍ သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြ၏။

ထွက်ပြေးလာရာ လမ်းတစ်လျှောက်တွင် သူတို့၏ အားအင်များကို အလွန်များပြားစွာ သုံးစွဲခဲ့ရပြီး အားအင်များက ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်၏။

သူတို့သာ ဓါးပျံစီးနင်း၍ ဆက်လက်ပျံသန်းနေရဦးမည်ဆိုလျှင် သူတို့၏ သက်လုံက လုံးလုံးကျ၍ သိပ်ကြာကြာခံတော့မည် မဟုတ်ပေ။

ကျိယောင်ရွှယ်သည် လူများကို ရေတွက်ပြီးနောက် ညင်သာစွာ သက်ပြင်းခါကာ သူမ၏ မျက်လုံးများက အရောင်မှိန်ကျသွား၏။

တစ်ရက်ပင် မကြာသေး.. ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသော လူငါးဆယ်က နှစ်ဆယ်ပင် မကျန်တော့ပေ။

ကျင့်ကြံမှုအဆင့် သိပ်မမြင့်မားသော နတ်ဆေးဆရာနှင့် နတ်ပန်းပဲဆရာ အများစုက ထိုကန္တာရကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။

ကျန်းယုအပါအဝင် မဟာကျိုးအစောင့်ငါးယောက်၊ ဆူဇီမို၊ ဆူရှောင်းနင်နှင့် ဆန်းကြယ်တောင်ထွတ်မှ သုံးယောက်အပြင် အတော်နည်းနည်းသာ ကျန်ရှိတော့ပြီး လူတိုင်းသည် စိတ်အားငယ်ငယ်နှင့် အားမာန်တက်ကြွမှု မရှိကြတော့ပေ။

ရှေးဟောင်းတိုက်ပွဲမြေက ဒီလောက်ထိ ဆိုးရွားရက်စက်လိမ့်မည်ဟု သူတို့ မထင်ခဲ့မိကြပေ။

အစတုန်းကတော့ သူတို့အများစုသည် သစ်လွင်တောက်ပသော မျှော်လင့်ချက်များ အပြည့်နှင့် ဖြစ်ကြ၏။ သူတို့သည် မရီးဒါန်ဆေးလုံးများ၊ မူလစိတ်ဝိညာဉ်လက်နက်များ သို့မဟုတ် ပျောက်ကွယ်သွားသော ဂိုဏ်းအချို့၏ အမွေအနှစ်များကိုပင် ရရှိဖို့ အိပ်မက်မက်နေခဲ့ကြ၏။

သို့သော် ယခုအခါမှာတော့ သူတို့ထဲမှ အချို့သည် ကြုံတွေ့ခဲ့ရမှုများကြောင့် လုံးဝသွေးပျက်နေကြပြီဖြစ်၏။

ကျန်ယုကလွဲလျှင် ကျန်ရှိသော မဟာကျိုးအစောင့်များပင်လျှင် မအီမသာနှင့် သူတို့၏ မျက်လုံးများက စိုးရွံ့ကြောက်လန့်မှုကို ဖော်ပြနေပြီဖြစ်၏။

“ကျမတို့ နေရာတစ်ခုရှာပြီး ဘယ်မှမထွက်ကြတော့ဘဲ တစ်နှစ်ပတ်လုံး ကျင့်ကြံနေကြရင် ကောင်းမလား” အမျိုးသမီးကျင့်ကြံသူတစ်ယောက်က မဝံ့မရဲနှင့် မေးလိုက်၏။

တစ်ရက်တောင် မကြာသေး.. ကျင့်ကြံသူထက်ဝက်ကျော်က အသတ်ခံလိုက်ရ၏။ တစ်နှစ်ပတ်လုံး ဆက်လက်သဝေထိုးကြမည်ဆိုလျှင် သူတို့တောင် အသက်ဆက်ရှင်နိုင်ပါ့မလား။

“အဲ့ဒါ သဘာဝကျတယ်”

စစ်ယုထန်က ချောင်းဟန့်၍ ဝင်ပြောလိုက်၏။

“ဒီရှေးဟောင်းတိုက်ပွဲမြေမှာ စိတ်ဝိညာဉ်ချီက အရမ်းက ကြယ်ဝနေတာဆိုတော့.. ငါတို့ ဒီမှာတစ်နှစ်ပတ်လုံး ကျင့်ကြံနေကြရင်တောင် အဲ့ဒါက အလဟဿခရီးစဉ်တစ်ခု ဖြစ်မှာ မဟုတ်ဘူး”

ထိုသို့ပြောနေရင်း သူသည် တည်ငြိမ်ရင့်ကျက်နေသော ဆူဇီမိုကို လှမ်းကြည့်ကာ ခြောက်ကပ်ကပ် ရယ်လိုက်၏။

“တချို့လူတွေက သေချင်လို့ လျှောက်သွားချင်တယ်ဆိုလဲ သွားပေါ့.. ဒါပေမယ့် မင်းနောက်ကို ဘယ်သူမှတော့လိုက်မှာ မဟုတ်ဘူး”

ကျင့်ကြံရေးလမ်းကြောင်းက အစကတည်းက ကောင်းကင်ဘုံကို ဖီဆန်ရခြင်းဖြစ်၏။ ခြေလှမ်းတိုင်းက ဆူးငြောင့်ခလုတ်များနှင့် ပြည့်နေပြီး သွားရာလမ်းတစ်လျှောက် အန္တရာယ်များနှင့် ကြုံတွေ့ရမည်က ဓမ္မတာသာ ဖြစ်လေသည်။

လူတစ်ယောက်က အနှောင့်အယှက်အတားအဆီးများနှင့် ကြုံတွေ့ရသည့်အခါ ကြောက်လန့်တုန်လှုပ်၍ ရှေ့သို့ဆက်မလှမ်းတော့ဘူးဆိုလျှင်.. ထိုလူ၏ အနာဂတ်အောင်မြင်မှု အကန့်အသတ်တစ်ခုမှာ ရှိနေပေလိမ့်မည်။

ဆူဇီမိုက စစ်ယုထန်ကို လျစ်လျူရှု၍ လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် နားလည်သဘောပေါက်သွား၏။

ကျန်ရှိနေသော လူများထဲတွင်.. ဆန်းကြယ်တောင်ထွတ်မှလူများ၊ ရှစ်ကျန့်၊ ကျွင်းဟောက်နှင့် အခြားသူများသည် တုန်လှုပ်သွားကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို မတွေ့ရပေ။ သူတို့၏ အကြည့်က ကြည်လင်ပြတ်သားနေ၏။

ကျန်းယုက လေးနက်စွာ ပြောလိုက်၏။

“ငါတို့မှာ လူသိပ်မကျန်တော့ဘူး.. အဲ့ဒါမို့ ဘယ်သူမှ ကိုယ်သဘောနဲ့ကိုယ် ပြုမူလို့မရဘူး.. ငါတို့ရဲ့ခွန်အားကို မျှဝေကြရမယ်.. ငါတို့ရဲ့ နဂိုအစီအစဉ်အတိုင်းပဲ ဒီညနားနေဖို့ ဟိုလိုဏ်ဂူဆီကို သွားရမယ်”

“ခေါင်းဆောင်ကျန်း.. ကျုပ်တို့ရဲ့ အားအင်နဲ့စိတ်ဝိညာဉ်ကို ပြန်ဖြည့်ဖို့ ခဏလောက် အရင်နားလို့ ရမလား” တစ်ယောက်က အကြံပေးလိုက်၏။

“မရဘူး”

ကျန်းယုက ထိုအဆိုပြုချက်ကို တွေဝေခြင်းမရှိ တန်းငြင်းလိုက်၏။

“အချိန်က အသက်ပဲ.. ညမမှောင်ခင် ငါတို့ အဲ့နေရာကို မြန်မြန်ရောက်ဖို့ လိုတယ်”

သူသည် လက်ဖြင့်ညွှန်ပြ၍ ဦးတည်မည့်ဘက်ကို ဆုံးဖြတ်ရွေးချယ်လိုက်ပြီး အားလုံး၏ ရှေ့ကနေ ဦးဆောင်လျှောက်လှမ်းသွား၏။

ကျိယောင်ရွှယ်က အရှိန်လျှော့ချ၍ ဆူဇီမိုအနား သွားလိုက်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်၏။

“ဇီမို.. နင်အဆင်ပြေရဲ့လား”

မည်သို့ပင်ဆိုစေ.. ဆူဇီမို၏ ကိုယ်ပေါ်သို့ အဆိပ်သွေးများ ဖြာကျသွားတာကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရလေသည်။

သူမသည် စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။

“ငါအဆင်ပြေပါတယ်”

ဆူဇီမိုက ခေါင်းခါပြပြီး တိုးတိုးကပ်ပြောလိုက်၏။

“ကျန်းယုက သိပ်မူမမှန်ဘူး.. နင်သူ့ကို သတိထားဖို့လိုတယ်”

“အမ်”

ကျိယောင်ရွှယ်သည် ခဏမျှ ရပ်တန့်လိုက်၏။ သူမ၏ မျက်ခုံးကိုပင့်လိုက်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

“ငါတို့ ဆိုးဆိုးဝါးဝါး ကပ်ဘေးတစ်ခုနဲ့ ကြုံခဲ့ရတယ်ဆိုပေမယ့်လဲ.. အဲ့ဒါက ငါတို့ မထင်မှတ်ဘဲ ဖြစ်သွားတာလေ.. ကျန်းယုကိုချည်းပဲ အပြစ်နေလို့ မရဘူးမှတ်လား.. နောက်ပြီး သူက ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက ရှေးဟောင်းတိုက်ပွဲမြေကနေ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်.. အဖေကလဲ သူ့ကို ခေါင်းဆောင်ဆိုပြီး ရွေးထည့်ပေးလိုက်တာ.. သူ့မှာ ပြဿနာရှိနေမယ်လို့ ငါတော့ မထင်ဘူး”

“သူအရင်က ရှေးဟောင်းတိုက်ပွဲမြေကို ရောက်ဖူးခဲ့တာကိုက ပြဿနာအတိအကျပဲ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“သူ့ရဲ့ အတွေ့အကြုံနဲ့ဆို ဟိုအလောင်းတွေက မူမမှန်တာကို မသိနိုင်စရာ အကြောင်းမရှိဘူး.. ဒါပေမယ့်လို့ သူက အခြားသူတွေ သိုလှောင်အိတ်တွေကောက်နေတာကို ခွင့်ပြုပေးခဲ့တယ်လေ.. နောက်ပြီး...”

သူက ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်၏။

“အဲ့အလောင်းတွေ့ကိုတွေ့တော့ သူက ရှေ့ကို ဆက်တက်မသွားတော့ဘူးလေ”

ကျိယောင်ရွှယ်က လိမ်မာပါးနပ်သောကြောင့် တစ်ခုခုလွဲနေပြီဆိုတာကို ချက်ချင်းနားလည်သဘောပေါက်သွား၏။

ဆူဇီမိုက အသံနှိမ့်ပြီး ပြောလိုက်၏။

“တစ်ကယ်တမ်းပြောရရင်.. ငါတို့အဖွဲ့ အင်အားနည်းသွားဖို့ သူက ငါတို့လူတွေကို တမင်သက်သက်သေအောင် လုပ်ခဲ့တာလို့တောင် ငါသံသယရှိနေတယ်”

“ဒါပေမယ့်လို့ သူက အဲ့လိုလုပ်ပြီး ဘာဖြစ်ချင်နေတာလဲ.. အဲ့ကနေ သူဘာရမှာမို့လို့လဲ” ကျိယောင်ရွှယ်က နားမလည်နိုင်တော့ပေ။

ဆူဇီမိုက ခေါင်းခါလိုက်၏။

“အဲ့ဒါတော့ ငါလဲ မသိဘူး”

“ငါတို့ အခုနေ အတူပူးပေါင်းပြီး သူ့ကိုဖမ်းချုပ်စစ်မေးမယ်ဆိုရင်ရော ဘယ်လိုလဲ”

ကျိယောင်ရွှယ်က ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းခေါင်းခါကာ သူမ၏အကြံကိုသူမ ပယ်ချလိုက်၏။

“မဖြစ်နိုင်ဘူး.. အခုချိန်လူတိုင်းက ပင်ပန်းပြီး ခြေကုန်လက်ပန်းကျနေတာ.. နောက်ပြီး ကျန်းယုရဲ့ ကျင့်ကြံမှုအဆင့်က အကုန်လုံးထက်မြင့်တယ်.. ငါတို့အကုန်ပူးပေါင်းရင်တောင် သူ့ကိုဖမ်းချုပ်နိုင်မှာ မဟုတ်လောက်ဘူး”

ရုတ်တရတ် ကျိယောင်ရွှယ်သည် ကြောက်စရာကောင်းသည့်အချက်တစ်ချက်ကို စဉ်းစားမိသွား၏။

တစ်ကယ်ပဲ ကျန်းယုက မဟုတ်တာ လုပ်နေသည်ဆိုလျှင်တောင် သူက မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ဖြစ်နေသောကြောင့် သူ့ခွန်အားကို မည်သူမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“နင်သဘောတူရင်.. သူ့မျက်ခွက်ကို ငါဖြတ်ရိုက်ပေးမယ်”

ထိုအချိန်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။ သူ့လေသံက သာမန်ကာလျှံကာ.. ထူးမခြားနား ဖြစ်၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သူ့စကားသံသည် မူလက ပူပန်သောကများနေသော ကျိယောင်ရွှယ်၏စိတ်ကို ချက်ချင်းတည်ငြိမ်သွားစေ၏။

All Chapters