← Chapters

ရှေ့ကို တိုးဝင်သွားခြင်း

Vol. 23 Ch. 344

ရှေ့ကို တိုးဝင်သွားခြင်း

Vol. 23 Ch. 344

ဆူဇီမိုက ဤသို့ သတ်ဖြတ်ရဲမည်ကို အပထား.. တိုက်ခိုက်ရဲလိမ့်မည်ဟုတောင် မည်သူမှ ထင်မှတ်မထားကြပေ။

နောက်ပြီး သူတို့က တစ်ယောက်နှင့်တစ်ယောက် အရမ်းနီးကပ်နေကြပြီး သွမ့်မင်တက ဆူဇီမိုအကြောင်း ဘာမှသိမထားပေ။ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ပင် ဖြစ်သော်လည်း သူက ဆူဇီမို ခုတ်ပိုင်းတာကို ခံလိုက်ရပြီး ပွဲချင်းပီးသေဆုံးသွားရ၏။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

“သတ်စမ်း”

“သူ့ကို သတ်ကြကွာ”

မဟာရှန်မှကျင့်ကြံသူများက ဒေါသူပုန်ထသွားကြပြီး မျက်လုံးများက နီလာကာ ဟိန်းဟောက်လိုက်ကြ၏။

ဆူဇီမို၏ ပြုမူလှုပ်ရှားပုံများကို ကျန်းယုက အရင်က မြင်ဖူးထားလေသည်။ သွမ့်မင်တ သေဆုံးသွားချိန်တွင် သူက ဓါးပျံတစ်လက်ကို ထုတ်စီးပြီး ဆူဇီမိုနှင့် အကွာအဝေးတစ်ခု ခွာထားလိုက်၏။

သို့သော်လည်း ဘာမှမသိသေးသော အခြားကျင့်ကြံသူများကတော့ နေရာမှာပင် ရပ်နေကြပြီး ဓါးပျံများကို ဆင့်ခေါ်ကာ လက်ဟန်ချိတ်စည်းများကို ပုံဖော်လိုက်ကြ၏။ သူတို့က ဆူဇီမိုကို ပြိုင်တူတိုက်ပြီး အသေသတ်ဖို့ ပြင်ဆင်လိုက်ကြလေသည်။

ဘုန်း..

သွမ့်မင်တကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက လုံးဝရပ်တန့်သွားခြင်း မရှိဘဲ.. လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွား၏။ အခုလေးတင် ဓါးပျံတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်သော ရှေ့ဆုံးမှ ကျင့်ကြံသူတစ်ယောက်သည် ဖျတ်ကနဲ အရိပ်တစ်ခုကို မြင်လိုက်ရပြီးနောက် သူက လွင့်စင်ထွက်သွား၏။

လေထဲမှာတင် ထိုလူက သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။

ဟင်း..

ထိုမြင်ကွင်းကိုကြည့်ပြီး ကျင့်ကြံသူအားလုံး ပင့်သက်ကို ရှိုက်လိုက်ရ၏။

ရိုးရိုးလေး ပစ်တိုက်ခြင်းကပင် ကျင့်ကြံသူတစ်ယောက်ကို ပေါက်ကွဲထွက်သွားစေ၏။ ထိုကဲ့သော ကြောက်စရာကောင်းသည့် ကိုယ်ကာယခွန်အားကို ရှေးခေတ်က ကြမ်းကြုတ်ရက်စက်သည့်သားရဲများတွင်သာ တွေ့ရနိုင်လေသည်။

နဂါးဥကို ဝါးမျိုပြီးနောက် ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းတွင် သာလွန်ကျွမ်းကျင်မှုကို ရရှိခဲ့၏။

သူ၏ ထိုးချက်ကန်ချက် တစ်ချက်စီတိုင်းက ကီလိုဂရမ်ငါးထောင်အားကို ပိုင်ဆိုင်လေသည်။ သာမန်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က ထိုအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

ထိုလူကို လွင့်စင်စေပြီးနောက် ဆူဇီမိုက သွေးသောက်သူကို ကန့်လန့်ဖြတ် ခုတ်လှီးလိုက်၏။

ဖောက်..

သွေးရောင်က ဖျတ်ကနဲ ပေါ်လာပြီး ဦးခေါင်းတစ်ခေါင်းက လွင့်ပျံထွက်လာ၏။ ပြတ်ထွက်သွားသော လည်ပင်းနေရာမှ သွေးများက ကြောက်စရာကောင်းလောက်အောင် ပြန့်ကျဲထွက်လာ၏။

သွေးသောက်သူက အစကတည်းက သွေးရောင်ဖြစ်၏။ ယခု သွေးနှင့် ထိတွေ့ပြီးနောက် ဓါးသွားပေါ်က အရိပ်က ပိုမိုတောက်ပလာပြီး မျက်စိကျိန်းလောက်အောင် ရဲရဲနီလာ၏။

“အားလုံးပဲ သတိထား.. အဲ့လူက အနီးကပ်တိုက်ခိုက်ရည်မှာ အရမ်းသန်မာတယ်.. မင်းတို့ သူ့ကို အနားအကပ်မခံကြနဲ့”

ဓါးပျံစီးနင်းနေသော ကျန်းယုက လေထဲကနေ အော်ပြောလိုက်၏။

ကျန်ရှိနေသာ မဟာရှန်မှ ကျင့်ကြံသူများသည် ကြောက်လန့်တကြား ဖြစ်သွားကြပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။

အဲ့ဒါက ဘာလို့ အခုမှ ပြောရတာလဲကွ..

သူတို့အဖွဲ့ ခေါင်းဆောင်တပ်မှူးသွမ့်မင်တ၊ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်က သေလေပြီ။ ဆူဇီမိုကတော့ လူအုပ်ကြီးထဲသို့ ကမူးရှူးထိုး ဝင်ချသွားပြီး ကျင့်ကြံသူများ လေထဲသို့ ပျံမတက်နိုင်ခင်မှာပင် သွေးသောက်သူနှင့် လိုက်လံခုတ်ပိုင်းလိုက်၏။

သွေးသောက်သူ မပါလျှင်တောင် ထိုလူများက ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်လျှင် သေရဖို့ များလေသည်။

ယခု ပကတိအဆင့်လက်နက်သွေးသောက်သူက သူ့လက်ထဲ ရောက်လာသောအခါ.. ကျားကိုတောင်ပံတပ်ပေးလိုက်သလိုပင်။

ဆူဇီမိုက သူ့ခွန်အားအကုန် ထုတ်မသုံးလျှင်တောင် သာမန်မရီးဒါန်လေးခု၊ ငါးခု အခြေတည်အဆင့် ကျင့်ကြံသူများက ဆေဘာကြီး၏ ခုတ်ချက်တစ်ချက်ကိုမှ ခံနိုင်ရည်မရှိကြပေ။

“လျှပ်တစ်ပြက် မိုးကြိုး”

ဆူဇီမိုက ရှေ့သို့ လက်ညိုးထိုးပြီး ဟိန်းဟောက်လိုက်၏။

ဒိုင်း..

ကောင်းကင်ထက်မှ ဒိုင်းကနဲ မြည်သံကြီးက ထွက်ပေါ်လာပြီး လက်မောင်းလုံးလောက်ရှိသော မိုးကြိုးလျှပ်စီးကြောင်းကြီးက ချက်ချင်းဆင်းသက်လာ၏။ အဲ့ဒါက လူအုပ်ကြီးထဲ ကျရောက်သွားပြီး တဖျတ်ဖျတ်လက်နေသော လျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွား၏။

စိတ်ဝိညာဉ်တိုက်ကွက်များကို ဖော်ထုတ်လိုက်ကြသော ကျင့်ကြံသူများသည် ချက်ချင်းပင် အဲ့ဒါတွေနှင့် မိုးကြိုးလျှပ်စီးများကို ခုခံဖို့ လုပ်လိုက်ရ၏။

ထိုအခွင့်အရေးကို အမိဖမ်းပြီး ဆူဇီမိုသည် လူအုပ်ကြီးထဲသို့ နောက်တစ်ဖန် ခုန်ဝင်ကာ ဘယ်သို့ညာသို့ တဖျတ်ဖျတ် လှုပ်ရှားလိုက်၏။ ဆေဘာဖြတ်သန်းသွားရာတစ်လျှောက်တွင် ခြေပြတ်လက်ပြတ်များက လွင့်ပျံလာ၏။ မည်သူမှ အဲ့ဒါကို မခုခံနိုင်ကြပေ။

အပြင်ဘက်သို့ ရောက်သွားပြီဖြစ်သော မဟာရှန်မှ ကျင့်ကြံသူများသည် ဓါးပျံနှစ်လက်စီထုတ်ကာ တစ်လက်ကိုစီးနင်း၍ လေထဲသို့ ပျံတက်ပြီး နောက်တစ်လက်နှင့် ဆူဇီမိုကို တိုက်ခိုက်လိုက်ကြ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

ချက်ချင်းပင် လေထဲတွင် စိတ်ဝိညာဉ်အလင်းများက ကခုန်နေပြီး အလင်းတန်းများက လေထုကို ဖြတ်သန်းသွား၏။

ဆူဇီမိုက သူ့ခန္ဓာကိုယ်ကို မြေပေါ်တွင် ဝပ်ချလိုက်ပြီး မြင်ပင်များအကြား မြွေတစ်ကောင်လို လျှောထိုးသွားကာ အလွန်တရာ လျှင်မြန်နေ၏။

မြက်ပင်များက ယိမ်းယိုင်သွားပြီး ဆူဇီမို၏ ပုံရိပ်က နောက်မှ ရိုးတိုးရိပ်တိတ် ကျန်ရစ်ခဲ့၏။ သူသည် ဓါးပျံများ တစ်ဝက်လောက်ကို ရှောင်တိမ်းသွား၏။

ကျန်နေသေးသော ဓါးပျံဆယ်သုံးလေးလက်က သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ရုတ်တရတ် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ ကုန်းထလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ဆူနာမီအသံများက ထွက်ပေါ်လာ၏။

ဖြောက်.. ဖြောက်..

သူ့မျိုးဆက်သွေးက ရုန်းကြွလာနေချိန်တွင် သူ့အရိုးများနှင့် အရွတ်များကလည်း တစ်ပြိုင်တည်း လှုပ်ရှားလာ၏။ ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်က ပွယောင်းလာ၏။

“ကျိုးပြတ်စမ်းကွာ”

သူသည် သွေးသောက်သူကို တင်းတင်းဆုပ်ကိုင်ပြီး ဟိန်းဟောက်လိုက်၏။ သူ့ကြွက်သားများက ပြန့်ကားလာပြီး သူ့အင်္ကျီလက်စများက ချက်ချင်းပင် စုတ်ပြဲကုန်၏။

တုတ်ခိုင်လာသော လက်နှစ်ဖက်မှ ခွန်အားကို ဖျစ်ထုတ်ကာ သွေးသောက်သူကို မပြီး ဝင်ရောက်လာသော ဓါးပျံများကို ဆူဇီမိုက ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

ချွင်.. ချွမ်..

သတ္တုချင်း ထိခတ်သံများက ပဲ့တင်ထပ် ထွက်လာ၏။

လူတို်ငး၏ ရှေ့မှောက်မှာတင် ထိုဓါးပျံဆယ့်သုံးလေးလက်က သွေးသောက်သူ၏ ခုတ်ပိုင်းချက်နှင့် ထက်ပိုင်းကျိုးပဲ့ကုန်ပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျကုန်၏။

“အား”

မဟာရှန်နှင့် မဟာရှ နှစ်ဖွဲ့စလုံးမှ ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာ၏။

အဲ့ဒါက အရမ်းကို ပြင်းထန်ရက်စက်လေသည်။

အဲ့ဒါက ခွန်အားအရာမှာ အပြတ်အသတ် ဖိနှိမ်ခြင်းဖြစ်ပြီး တစ်ဖက်က မည်သို့မျှ မခုခံနိုင်တော့ပေ။

ဆူဇီမို၏ လှုပ်ရှားမှုများက အလွန်လျှင်မြန်ပြီး ပြတ်သား၏။

အသက်ဆယ်ရှိုက်စာအတွင်း.. မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အပါအဝင် မဟာရှန်မှ ကျင့်ကြံသူဆယ်ယောက်ကျော်က သေဆုံးသွားလေပြီ။

မဟာရှမှ လူတိုင်းသည် နေရာမှာတင် ငူငူကြီး ရပ်နေမိကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရွံ့ကြောက်လန့်မှု အရိပ်အယောင်များက ပေါ်လာ၏။

ကျိယောင်ရွှယ်နှင့် အခြားသူများကတော့ ချက်ချင်းပင် စိတ်ဓါတ်များ မြင့်တက်လာကြ၏။

ကျိယောင်ရွှယ်က လက်ဝေ့ရမ်းပြပြီး လေးနက်စွာ ပြောလိုက်၏။

“အားလုံးပဲ ဒါက သေရေရှင်ရေး တိုက်ပွဲပဲ.. ငါနဲ့အတူတူ ရန်သူတွေကို သတ်ပြီး သစ္စာဖောက်ကို သုတ်သင်လိုက်ကြရအောင်”

“သတ် သတ် သတ်”

ဆန်းကြယ်တောင်ထွတ်မှလူများ၊ မဟာကျိုးအစောင့်လေးယောက်နှင့် ရှစ်ကျန့်တို့သည် အားမာန်များ တက်ကြွလာပြီး မာန်ဖီဟိန်းဟောက်ကာ ရှေ့သို့ ခုန်ဝင်သွားကြ၏။

ညဝိညာဉ်၏ အကြည့်က အေးစက်နေပြီး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေ၏။ သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးဘဲ ဆူရှောင်းနင်ဘေးမှာသာ တစ်ချိန်လုံး ငြိမ်သက်နေ၏။

“ခုနှစ်စင်ကြယ်လက်ဝါး”

“ခရမ်းရောင်ခုတ်ချက်”

“မီးခိုးနှစ်ထွေစုစည်းဓါး”

မဟာကျိုးနှင့် မဟာရှန်အင်ပါယာတို့က နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီး မရေမတွက်နိုင်သော စိတ်ဝိညာဉ်တိုက်ကွက်များက ရိုက်ခတ်လိုက်ကြ၏။

ဖက်တီးလေးက သူ့ဓါးပျံကို စီးနင်းပြီး ဧရာမပုဆိန်ကြီးကို ကိုင်စွဲကာ တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ရှစ်ကျန့်နှင့် အပေးအယူမျှစွာချိတ်ဆက်ပြီး အတူတွဲတိုက်ခိုက်လိုက်ကြ၏။

မဟာကျိုးအစောင့်လေးယောက်က ကျိယောင်ရွှယ်အနားက မခွာဘဲ သူတို့၏ ဓါးပျံများနှင့် ရန်သူများကို ကိုင်တွယ်နေကြ၏။

“ပေါက်ကွဲစမ်း”

လမ့်ရိုက ညင်သာစွာ အော်ဟစ်ရင်း သူမ၏ အင်္ကျီလက်စကို လှုပ်ခါလိုက်သောအခါ အဆောင် ဆယ်ခုကျော်က ထွက်ပေါ်လာ၏။ လူအုပ်ကြီးထဲသို့ ပစ်ပေါက်လိုက်သောအခါ အဲ့ဒါတွေက ချက်ချင်းပေါက်ကွဲသွားပြီး ဧရာမ မီးတောက်ပြင်ကျယ်ကြီးကို ဖြစ်ပေါ်လာစေကာ ထိုကျင့်ကြံသူများကို လွှမ်းခြုံသွား၏။

သူမက မရီးဒါန်သုံးခု အခြေတည်အဆင့်သာ ဖြစ်သော်လည်း လမ့်ရိုသည် အဆောင်လက်ဖွဲ့ပညာရပ်တွင် လွန်စွာပါရမီထူးလေသည်။

“အ. အ.. အား..”

မဟာရှန်မှ ကျင့်ကြံသူများသည် နေရာမှာတင် ချက်ချင်းသေမသွားကြပေ။ သို့သော်လည်း သူတို့သည် မီးတောက်များထဲတွင် အပြင်းအထန်ဒဏ်ရာရရှိ၍ သူတို့၏ အရေပြားများက စုတ်ပြဲကာ သွေးများဖြင့် ပေကျံနေပြီး စူးစူးဝါးဝါး အဆက်မပြတ် အော်ဟစ်နေကြ၏။

ဝှီး.. ဝှီး..

ကျိချန်းရှန်က ဆန်းကြယ်တောင်ပံများကို ထုတ်လိုက်၏။ သူ့ဓါးပျံက လေဟာနယ်အဆင့်ကို ရောက်နေလေပြီ။ ကြိုတင်ခန့်မှန်းလို့မရသောပုံစံနှင့် မီးတောက်ပြင်ကျယ်ထဲတွင် မပီမသ ဝဲဂလက်လေးများက ထသွားပြီး မဟာရှန်မှ ကျင့်ကြံသူများသည် စူးစူးဝါးဝါး အော်ဟစ်ကာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြ၏။

မျက်တစ်မှိတ်မှာပင် အခြေအနေက ပြောင်းပြန်လှန်သွား၏။

ယခုအခါ မဟာကျိုးအဖွဲ့က အသာစီးရသွားပြီး ဒေါမာန်ထကြမ်းကြုတ်လာကြ၏။

တစ်ကယ်တော့ တိုက်ပွဲထဲတွင် ဝင်မပါသေးသော နောက်ထပ်တောင့်တင်းသည့် အဖွဲ့တစ်ဖွဲ့က ရှိနေသေး၏။ မဟာရှန်မှ ကျင့်ကြံသူများသည် တိုက်ခိုက်နေသည်များကို ဘေးကနေ အေးစက်စွာ အကဲခတ်ကြည့်နေကြ၏။

ကောယီ၏ အကြည့်က မဟာကျိုးမှ ကျင့်ကြံသူတစ်ယောက်အပေါ်တွင် တစ်ချိန်လုံး ကျရောက်နေ၏။

ရုတ်ရုတ်သဲသဲ တိုက်ပွဲဖြစ်နေသည့်ကြားမှ အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်သည် မဟာရှအဖွဲ့ဘက်သို့ ရုတ်တရတ် လှမ်းကြည့်ပြီး လက်ဟန်အမူအယာ အနည်းငယ် လှုပ်ရှားပြလိုက်၏။

ထိုလက်ဟန်အမူအယာက သိသာလှခြင်းမရှိဘဲ ကောယီတစ်ယောက်သာလျှင် အဲ့ဒါကို သတိပြုမိလေသည်။

ဆိုလိုသည်ကို နားလည်သွားပြီး ကောယီက လက်မြောက်ပြပြီး အော်လိုက်၏။

“လာကြဟေ့ မဟာကျိုးကကောင်တွေကို ငါတို့ဝိုင်းပြီးနှိမ်နင်းလိုက်ကြရအောင်”

All Chapters