← Chapters

သိုင်းပညာရှင်များကြားမှ တိုက်ပွဲ

Vol. 36 Ch. 540

သိုင်းပညာရှင်များကြားမှ တိုက်ပွဲ

Vol. 36 Ch. 540

သူတို့ စကားပြောနေချိန်တွင် ဖန့်ဟုန်နှင့် လီချုံးတို့က စင်မြင့်ပေါ် ရောက်နေလေပြီ။

“နည်းပြဖန့်၊ စပါ”

လီချုံးက ဖန့်ဟုန်အား သိုင်းပညာရှင်တစ်ယောက်၏ နှုတ်ဆက်ပုံနှင့် နှုတ်ဆက်သည်။

“ငါက အသက်ကြီးနေပါပြီ၊ မင်း အရင် စပါ”

ဖန့်ဟုန်က ပြုံး၍ ပြန်ပြောလိုက်သည်။

ယင်းက သူ ကြွားဝါခြင်း မဟုတ်သလို အထင်သေးခြင်းလည်း မဟုတ်ပါ။ ဤသည်က သူ့အတွက် အကြီးအကဲ တစ်ယောက်အနေနှင့် အခြေခံ လောကဝတ် ဖြစ်သည်။

“ဒါဆိုရင် ခင်ဗျား သတိထားသင့်ပါတယ်”

လီချုံးသည် ယခုအချိန်က ယဉ်ကျေးနေသင့်သည့် အချိန် မဟုတ်မှန်း သိပါသည်။ သူ့မျက်နှာ အမူအရာက လေးနက်လာပြီး ကိုယ်နေဟန်ထားကို နှိမ့်၍ တိုက်ခိုက်မည့်အသွင် ယူလိုက်သည်။

ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်က သူတို့နှစ်ယောက်ထံတွင်သာ ရှိနေပြီး ထိတ်ထိတ်ကျဲ ပြိုင်ပွဲအား စိတ်အားထက်သန်စွာ စောင့်ကြည့်နေ၏။

“ဟား…”

လီချုံးက ညာသံပေး၍ အရှေ့သို့ အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ပြေးတက်လာသည်။ ဖန့်ဟုန်နှင့် သုံးမီတာ အကွာသို့ ရောက်သောအခါ သူသည် လွှားခနဲ ခုန်ပြီး ကိုယ်ကို ရှေ့သို့ကိုင်း၍ လက်တစ်ဖက်ကို လွှဲကာ ဖန့်ဟုန်၏ လည်ပင်းကို ခုတ်ချလေသည်။

သူ၏ ကိုယ်နေဟန်ထားက တိကျသည်။

သာမန် အခြေအနေများ၌ လေထဲ ရှိနေစဉ် တိုက်ခိုက်ခြင်းက ဆိုးရွားသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။ အကြောင်းမှာ လေထဲတွင် ခန္ဓာကိုယ်ကို ထိန်းညှိရန် ခက်ခဲခြင်းကြောင့် ဟာကွက် ပွင့်သွားနိုင်သောကြောင့်ပင်။

သို့သော် လီချုံးက မတူပေ။ သူ၏ ခန္ဓာကိုယ်က လေထဲ၌ ရှိနေသော်လည်း အရှေ့သို့ အာရုံစူးစိုက်ထားပြီး တိုက်ခိုက်မှု၌ အရာအားလုံး နှစ်မြှုပ်မထားချေ။ အရှေ့သို့ စူးစိုက်လေ့လာနေချိန်တွင် သူ၏ တိုက်ခိုက်မှုက လျော့မသွားပေ။

ထို့အပြင် သုံးမီတာ အကွာအဝေး၌ ပြိုင်ဘက်သည် ရှောင်တိမ်းရန် ခက်ခဲသလို သူ၏ အားနည်းချက်ကို ရှာတွေ့ရန်လည်း ခက်ခဲပေသည်။

“အစ်ကိုချုံးကတော့ အစ်ကိုချုံးပါပဲ”

စင်အောက်၌ သိုင်းပညာရှင်များက သူ့အား အားပေးနေကြသည်။ သူတို့၏ မျက်လုံးများက တောက်ပနေပြီး တိုက်ကွက် အသစ်တစ်ခုကို သင်ယူလိုက်ရလေသည်။

လီချုံး၏ တိုက်ခိုက်မှုက သိုင်းကွက်သစ်တစ်ခု မဟုတ်ဘဲ သူ၏ အတွေ့အကြုံမှ ရရှိလာခြင်း ဖြစ်သည်။ ယင်းသည် လူအများစု ရရှိနိုင်သော အရာတစ်ခုပင်။ ဤသို့သော တိုက်ခိုက်မှုက အလွန် အလိုက်သင့် ပြောင်းလဲနိုင်၏။ ယင်းသည် သူ၏ မရေတွက်နိုင်သော တိုက်ပွဲများမှ ဖြစ်ပေါ်လာသော တိုက်ခိုက်မှုတစ်ခုပင်တည်း။

ဖန့်ဟုန်၏ မျက်နှာတွင်လည်း အသိအမှတ်ပြုသော အရိပ်အယောင် ပေါ်နေသည်။ သို့သော် သူ၏ တိုက်ပွဲ အတွေ့အကြုံနှင့် သိုင်းပညာ အခြေခံက လီချုံး အမှီလိုက်နိုင်သည့် အရာ မဟုတ်ချေ။ ဖန့်ဟုန်၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီးနောက် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်၍ ထိုက်ချိသိုင်းပညာမှ ရူဖုန့်ရှစ်ပီ သိုင်းကွက်ကို ထုတ်ဖော်ကာ လီချုံး၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်လိုက်သည်။

သို့သော် တိုက်ခိုက်မှု မအောင်မြင်သည့် အခိုက်မှာပင် လီချုံးက အောက်သို့ ပြန်ကျလာသည်။ သူသည် ထပ်မံ၍ ကိုယ်ကိုကိုင်းကာ နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလေသည်။

ထို့နောက် သူသည် ပြီးခဲ့သော တိုက်ခိုက်မှုမှ အရှိန်ကိုဆက်ထိန်း၍ ဒူးခေါင်းနှင့် တံတောင်တို့ဖြင့် အဆက်မပြတ် ထိုးနှက် တိုက်ခိုက်သည်။

ဖန့်ဟုန်က ခံစစ်ဖြင့်သာ ဆက်လက် တိုက်ခိုက်နေ၏။ သူ၏ မျက်လုံးများက အာရုံစူးစိုက်နေပြီး တိုက်ခိုက်မှုတိုင်းကို လက်ဝါးဖြင့် ချေဖျက်နေသည်။

လီချုံး၏ တိုက်ခိုက်မှုက ကြမ်းကြုတ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ သူ့ထံသို့ မိုးကြိုးမုန်တိုင်းသဖွယ် အဆက်မပြတ် ကျဆင်းနေ၏။ တစ်ခုကို ကာလိုက်သည်နှင့် နောက်တစ်ခုက ဆက်လက် လိုက်ပါလာပြီး အဆက်မပြတ် တိုက်ခိုက်ကာ ပြိုင်ဘက်အား အသက်ရှူခွင့်ပင် မပေးချေ။

သို့သော် လီချုံး၏ စိတ်သည် ထိတ်လန့်နေသော အခြေအနေ ဖြစ်နေ၏။

သူကသာ တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း သူ့ခွန်အား၏ ရှစ်ဆယ် ရာခိုင်နှုန်းအထိ တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။ အစက သူသည် အသာစီးရနေသည်ကို ဆက်ထိန်း၍ ပြိုင်ဘက်ကို ဖိနှိပ်ရန် စဉ်းစားထားခဲ့သည်။ သူ၏ ဗျူဟာက များသောအားဖြင့် အောင်မြင်သော်လည်း မမျှော်လင့်ဘဲ ဖန့်ဟုန်က ဟန့်တားထားခဲ့လေသည်။ ဖန့်ဟုန် ခြေလက်များမှ ထွက်ပေါ်လာသော ခွန်အားသ် နောက်ကွယ်၌ အလွန် လေးလံသော အလေးချိန်ကို သယ်ဆောင် ထားသည်ဟု ထင်မှတ်ရပြီး လီချုံး၏ လက်မောင်းများအား ထုံကျင်သလို ခံစားရစေသည်။ ယင်းက သာမန် သိုင်းပညာရှင်ထက် သာလွန်နေသည်။

လီချုံး၏ စိတ်ထဲ၌ အနည်းငယ် လေးလံလာသည်။

*နည်းပြဖန့်လို့ မပြောရဘူး၊ သူ့တိုက်ကွက်တွေက တကယ်ကို အတွေ့အကြုံ ရှိလွန်းတာပဲ၊ ဒါက တကယ့် သိုင်းပညာရှင် အကျော်အမော်ပဲ*

စင်အောက်မှ လူများသည် တအံ့တဩ ကြည့်နေကြလေသည်။ နည်းပြဖန့်ကို ဖိနှိပ်ရန် လီချုံးက ထိုမျှ ကြမ်းကြုတ်လိမ့်မည်ဟု ထင်မထားမိချေ။

“အစ်ကိုချုံးက တကယ်ကို တစ်ခုခုပဲ၊ သူ့တိုက်ခိုက်မှုတွေက အမြဲ ဖိနှိပ်နိုင်တယ်”

“နည်းပြဖန့်က ဒီလို တိုက်ခိုက်မှုတွေအောက်မှာ ထိန်းထားနိုင်တယ်ဆိုတော့ တကယ် အံ့ဩဖို့ ကောင်းတယ်၊ ငါသာ ဆိုရင် အလျှော့ပေးလိုက်ရတာ ကြာပြီ”

စင်မြင့်ပေါ်မှ အကြီးအကဲများမှာမူ တိုက်ပွဲကို ကြည့်ပြီး ဆက်တိုက် ခေါင်းညိတ်ကာ သူတို့အချင်းချင်း စကားပြော၍ ပြိုင်ပွဲကို အကဲဖြတ်နေပုံ ရသည်။

“အံ့ဩဖို့ ကောင်းလိုက်တာ”

လင်းအောင်သည် စင်အောက်မှ ကြည့်ရင်း နှလုံးခုန်နှုန်း မြန်နေသည်။

“ညီလေးရဲ့၊ မင်း ဘယ်လို သဘောရလဲ၊ ဘယ်သူ နိုင်မယ်လို့ မင်း ထင်လဲ”

“ဒါ အစပဲ ရှိသေးတယ်၊ နည်းပြဖန့်ဟ လီချုံးရဲ့ တိုက်ကွက်ကို စမ်းသပ်ရုံပဲ ရှိသေးတာ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ရှင်းပြသည်။

“ဒါ သူတို့ရဲ့ အားကုန် မဟုတ်သေးဘူး”

တိုက်ပွဲ တစ်ပွဲသည် စူးစိုက်မှုရှိရန် လိုအပ်ပေသည်။ တိုက်ပွဲ အစကတည်းက သူတို့၏ အကောင်းဆုံး တိုက်ကွက် များကို ထုတ်သုံးပါက ကြည့်ရှုသူများ ဘာမှ ကြည့်စရာ မရှိတော့ချေ။ စိတ်ဝင်စားစရာ ကောင်းသော တိုက်ပွဲမှသာလျင် ပရိသတ်များက သူတို့ကို အထင်ကြီးကြပေလိမ့်မည်။

“ဒါ သူတို့ရဲ့ အားကုန် မဟုတ်သေးဘူးလား”

လင်းအောင် အံ့ဩသွားပြီး မယုံကြည်နိုင် ဖြစ်နေလေသည်။

ထိုအခိုက်တွင် ခံစစ်ဘက်၌ တစ်ချိန်လုံး ရှိနေသော ဖန့်ဟုန်က တိုက်စစ်ဘက်သို့ ကူးပြောင်းလာ၏။ သူ၏ တိုက်ခိုက်မှု များက လီချုံးကဲ့သို့ မမြန်ဆန်သော်လည်း တိုက်ခိုက်မှုတိုင်း၌ ပြင်းထန်သော ခွန်အားတို့နှင့် ပြည့်နှက် နေ၏။

သူတို့၏ အနေအထားက ချက်ချင်း ပြောင်းလဲသါားလေသည်။

သို့သော် ဤတစ်ကြိမ်၌ လီချုံးက ကြာကြာ တောင့်မထားနိုင်ချေ။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်နေရပြီး အကွာအဝေးတစ်ခု ထားနေရသည်။

သူသည် လက်များကို လွှဲယမ်းနေပြီး အမူအရာက အလွန်အမင်း လေးနက်လာ၏။

သူတို့ကြားမှ ခွန်အား ပြိုင်ဆိုင်မှုက သူ့လက်မောင်းများက ထုံကျင်လာစေပြီး တိုက်ခိုက်မှုများ နှေးကွေး သွားရသည်။ ယင်းက ဖန့်ဟုန်အား ပြန်လည် တိုက်ခိုက်ခွင့် ရသွားစေခဲ့သည်။ သို့သော် ယင်းက ခွန်အားချင်း ယှဉ်လိုက်လျင် ဖန့်ဟုန်ထက် သူ နိမ့်ကျနေသည်ဟုလည်း သက်သေပြနေ၏။

“သင်ပြပေးတဲ့အတွက် နည်းပြဖန့်ကို ကျေးဇူးတင်ပါတယ်”

လီချုံးက ဖန့်ဟုန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့ နောက်တိုက်ခိုက်မှုအတွက် နည်းပြဖန့် သတိထားဖို့ ကျွန်တော် သတိပေးချင်ပါတယ်”

ထိုသို့ပြောပြီးနောက် သူသည် လက်နှစ်ဖက်ကို ဓားပုံစံကဲ့သို့ ဆန့်တန်းလိုက်သည်။ လက်ထိပ်များ၌ ပါးလျသော မြူအလွှာတစ်ခု ရွေ့လျားနေသည်။

“ဒါ … အတွင်းအားလား”

လင်းအောင်၏ မျက်လုံးများ ပြူးကျယ်ကာ လေးစားသွားလေသည်။

“ဒါဆို ခုနက သူတို့အတွက် သွေးပူရုံလေးပဲ ရှိသေးတာပေါ့”

စင်အောက်မှ အခြားသော သိုင်းပညာရှင်များသည်လည်း ဆူညံလာပြီး အံ့ဩသော အမူအရာများနှင့် ပြည့်နှက် လာကာ မနာလို ဖြစ်လာကြသည်။

သို့သော် သူတို့ စိတ်မတည်ငြိမ်သေးခင်မှာပင် ဖန့်ဟုန်၏ လက်သီးတွင်လည်း တူညီသော မြူလွှာတစ်ခု ဝေ့ဝဲလာသည်။ ၎င်းက လီချုံးနှင့် ယှဉ်လိုက်လျင် ပို၍ ကျစ်လျစ်ပုံ ပေါ်နေသည်။

“သူတို့ အလေးအနက် ဖြစ်လာပြီ၊ အဆုံးသတ်က နီးလာပြီ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

မကြာခင်မှာပင် အနိုင်ရသူအား ဆုံးဖြတ်နိုင်လေသည်။

ထိုအချိန်မှစ၍ ဖန့်ဟုန်က လီချုံးအား ဖိနှိပ်ထားနိုင်ခဲ့သည်။ လီချုံးက ခံစစ်ကို တောင့်ထားနိုင်ရုံမျှသာ ဖြစ်နေပြီး ဖန့်ဟုန်ကဲ့သို့ ပေါ့ပေါ့ပါးပါး အမူအရာနှင့် မခုခံနိုင်ချေ။ အစ၌ သူသည် ပြန်လည် တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ဖန့်ဟုန်က သူ့အား အခွင့်အရေး မပေးခဲ့ချေ။ မှန်မှန်နှင့် တိကျသော တိုက်ခိုက်မှုများက ရုတ်တရက် ကြမ်းကြုတ်မှု တိုးလာသည်။

အသက် သုံးကြိမ် ရှူစာအတွင်းမှာပင် လက်သီးချက် ၁၁ ချက်၊ ကန်ချက် ၄ ချက်၊ တံတောင်ချက် ၃ ချက်နှင့် ဒူးတိုက်ချက် ၃ ချက် ဖြင့် တိုက်ခိုက်ခဲ့သည်။

သတိလက်လွတ် ဖြစ်သွားသည်နှင့် လီချုံး၏ ခံစစ်က ချက်ချင်း ပြိုပျက်သွားကာ ဖန့်ဟုန်၏ လက်ဝါးချက်က သူ၏ ရင်ဘတ်‌ပေါ် ကျရောက်လာသည်။

“ဘန်း”

လီချုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အနောက်သို့ ဆယ်လှမ်း ဆုတ်သွားပြီး စင်အစွန်းနား ရောက်ခါနီးမှသာ ရပ်တန့်သွားသည်။

သူ ဖန့်ဟုန်ကို အလန့်တကြား ကြည့်လိုက်မိသည်။

ထိုလက်ဝါးချက်၏ ခွန်အားက ထိန်းချုပ်မရချေ။ ၎င်းသည် အားပြင်းပုံ ပေါ်သော်လည်း လီချုံးအား နည်းနည်းလေးမှ မထိခိုက်စေပါ။ သို့မဟုတ်ပါက လီချုံး အသက်ရှင်လျင်တောင်မှ နံရိုးများ ကြေမွသွား လောက်သည်။

“ကျွန်တော် ရှုံးသွားပါပြီ”

လီချုံးက ဖန့်ဟုန်ကို ဦးညွှတ်လိုက်သည်။ စိတ်ရင်းနှင့် အရှုံးကို ဝန်ခံလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမြင့်တန်းအဆင့် ကြီးကြပ်သူအဆင့်သို့ ရာထူးတိုးခံရသဖြင့် ဖြစ်ပေါ်လာသော သူ၏ အတ္တမာန သည်လည်း ငြိမ်ကျသွားသည်။ ဖန့်ဟုန်သည်လည်း အမြင့်တန်းအဆင့် ကြီးကြပ်သူ ဖြစ်သော်လည်း သူ၏ ခွန်အားက ပို၍ သန်မာလေသည်။

“မင်းရဲ့ ခွန်အားက ကောင်းပါတယ်၊ မင်း ငါ့အသက်အရွယ်ကို ရောက်ရင် ငါ့ကို ကျော်သွားမှာပဲ”

ဖန့်ဟုန်က ပြုံး၍ ပြောလိုက်သည်။

“အမြင့်တန်းအဆင့် ကြီးကြပ်သူအဖြစ် မင်း ရာထူးတိုးတာကို ငါ အသိအမှတ် ပြုတယ်”

ဆုံးဖြတ်ချက် ကျသွားလေပြီ။

ထိုအခိုက်မှာပင် ခန်းမတစ်ခုလုံး၌ ဩဘာပေးသံများ ထွက်ပေါ်လာ၏။

“သောက်ကျိုးနည်းကွာ၊ နည်းပြဖန့်ကလဲ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြီးသွားတာလဲ”

“ငါတို့ရဲ့ သိုင်းပညာရှင်ခရီးလမ်းက အဝေးကြီး လိုသေးတာပဲ၊ ဒါက တကယ့် အကျော်အမော် တစ်ယောက်ရဲ့ အဆင့်ပဲ”

“အစ်ကိုချုံးက တကယ်ကို အံ့ဩဖို့ ကောင်းနေပါပြီ၊ အခုကစပြီး သူက အမြင့်တန်းအဆင့် ကြီးကြပ်သူ ဖြစ်လာ တော့မှာ”

“ငါ့သိုင်းပညာကို ကောင်းကောင်း လေ့ကျင့်မှ ဖြစ်မယ်၊ အတွင်းအားကို ရနိုင်မှာပဲ တကယ် သန်မာတယ်လို့ ပြောလို့ ရမှာ”

…

ထိုပြိုင်ပွဲက အခြားသော သိုင်းပညာရှင်များကိုလည်း အကြီးအကျယ် စိတ်အား ထက်သန်လာစေပြီး သူတို့၏ စိတ်အား ထက်သန်မှုကို လောင်မြိုက်လာစေကာ သိုင်းပညာရှင်တစ်ဦးအဖြစ် သူတို့၏ ဘဝကို ပို၍ တိုးတက် လာစေရန် အကူအညီ ဖြစ်စေခဲ့သည်။

သို့သော် သူတို့ စကားစမြည် ပြောနေစဉ်မှာပင် မျက်လုံးတော်တော်များများက ရဲ့လင်းချန်ဘက်သို့ ကျရောက် လာ၏။ သူတို့က တိတ်တဆိတ် ခေါင်းခါနေကြသည်။

*တကယ်လို့ ဒီကောင်သာ နာမည်ကျသွားရင် သူ စင်ပေါ်မှာ သေချာပေါက် အရှက်ရမှာပဲ*

…

စာစဉ် ၃၆ ပြီးပါပြီ။

All Chapters