ချန်အားညို ‘ကျွန်တော် မျက်စိကွယ်သွားပြီ’
Vol. 39 Ch. 586
ကျစ်ရွှမ်ကို ကြည့်လျက် ရွှီချင်း ခေတ္တမျှ တွန့်ဆုတ်သွားသည်။ တောင်ကြီးများ၊ ခလုတ်ခသင်းများဟူသော ခေါင်းဆောင်ပြောခဲ့သည့် စကားများက သူ့စိတ်ထဲတွင် ပေါ်လာသည်။
ယခင် ခေါင်းဆောင် ပြောခဲ့သည်က အဓိပ္ပါယ်ရှိသည်ဟု သူ ခံစားခဲ့ရသည်။ ထို့အပြင် ဤအတောအတွင်း သူသည် နားလည်သဘောပေါက်ရန် ဆင်ခြင်မှုနှင့် အလုပ်ရှုပ်နေသောကြောင့် နတ်မိမယ်ကျစ်ရွှမ်ဆီသို့ ကောင်းကင်တာအိုအကြောင်း မေးမြန်းရန်သာ အသံပို့လွှတ်ခဲ့သည်။ သူသည် သူမနှင့် စကားများများမပြောဖြစ်သလို တွေ့လည်း မတွေ့ဖြစ်ခဲ့ပေ။
ကျစ်ရွှမ်ကို ကြည့်လျက် ရွှီချင်းက လက်နှစ်ဖက် ယှက်ကာ ဦးညွတ်လိုက်သည်။
“စီနီယာကို နှုတ်ဆက်ပါတယ်”
ရွှီချင်းစကားအသုံးအနှုန်းကို ကြားပြီးသည့်နောက် နတ်မိမယ်ကျစ်ရွှမ်၏မျက်ခုံးများ မြင့်တက်သွားသည်။ ရွှီချင်းကို အကြိမ်ရေ အနည်းငယ် လွှမ်းခြုံကြည့်လိုက်ပြီးနောက် သူမအတွေးထဲတွင် ခန့်မှန်းချက်များစွာ ပေါ်လာခဲ့သည်။ တစ်ခုခုလွဲချော်နေပြီ ဖြစ်ကြောင်း သူမ ခံစားမိသည်။
လွန်ခဲ့သော နှစ်လအကြာကတည်းက ရွှီချင်း၏စိတ်ခံစားချက်များ ပြောင်းလဲလာပုံရသည်ဟု သူမ ခံစားမိသည်။ ယခုမူ ထိုခံစားချက်က ပို၍ပင် သိသာလာသည်။ အဆုံးတွင်တော့ ယောက်ျားများနှင့်စာလျှင် မိန်းမများသည် အသေးစိတ်မှစ၍ ဂရုစိုက်လွန်းသည်။
“ချန်အားညိုများ ထပ်ပြီး ပြဿနာ ရှာလိုက်တာ ဖြစ်နိုင်လား”
ကျစ်ရွှမ် ချက်ချင်း အဓိကသော့ချက်ကို ခန့်မှန်းမိလိုက်သော်လည်း အမူအရာ ပြောင်းမသွားပေ။ ဓားခန်းဆောင်ဆီသို့ သူမ လှမ်းဝင်ပြီးနောက် ကျောက်စိမ်းကဲ့သို့ သူမလက်ကလေးကို မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် သူမနောက်မှ ဓားခန်းဆောင်၏တံခါးက ဘုန်းခနဲ ပိတ်သွားသည်။
ထို့နောက် ကျစ်ရွှမ်သည် သိမ်မွေ့ညင်သာသော အမူအရာနှင့် ခြေချိတ်ထိုင်လိုက်ပြီး ဆေးပုလင်း တစ်ခု ထုတ်ယူလိုက်သည်။
“ရွှီချင်း မင်း အသံပို့လွှတ်ပြီး ပြောတုန်းက ခရီးတစ်ခု ထွက်တော့မယ်လို့ ပြောခဲ့တယ်။ မင်း ဖုန်းဟိုင်ဒေသငယ်က ထွက်သွားမှာလား”
ရွှီချင်း ခေါင်းညိတ်သည်။
“ဒီကိစ္စမှာ မင်းပေါ်မှာ ရှိတဲ့ အကာအကွယ်က မလုံလောက်ဘူး။ လာ .. ထိုင်လိုက်”
ကျစ်ရွှမ်က ရွှီချင်းကို ကြည့်လျက် ညင်သာစွာ ပြောသည်။
ထိုအကြည့်က ရွှီချင်းကို သက်ပြင်း ကြိတ်ချမိစေသည်။ သူက တိတ်ဆိတ်စွာ ကပ်သွားပြီး ကျစ်ရွှမ်နှင့် မျက်နှာချင်းဆိုင်တွင် ခြေချိတ်ထိုင်လိုက်သည်။
ထိုကဲ့သို့ အနီးကပ် အနေအထားတွင် ရင်းနှီးနေသော ရနံ့လေးက ရွှီချင်း နှာခေါင်းကို တိုက်ခိုက်လိုက်ပြီး သူ့စိတ်ထဲတွင် အကြာကြီး စွဲသွားသည်။
“မင်းမှာ မင်းဆရာပေးထားတဲ့ အကာအကွယ်ပစ္စည်း ရှိကောင်း ရှိနေနိုင်ပေမဲ့ ဖုန်းဟိုင်ဒေသငယ်က ထွက်သွားရင် မင်းက ရုပ်ဖျက်အတတ် လိုအပ်နေတုန်းပဲ”
ကျစ်ရွှမ်က သူမလက်ထဲမှ ဆေးပုလင်းလေးကို ဘေးချလိုက်သည်။
“ဒီဆေးပုလင်းမှာ ဓားအင်ပါယာရဲ့သွေး ပါတယ်။ ငါက ဒါကို ယင်ဟွမ်ပြည်နယ် ဝိညာဉ်အသံတော်တားမြစ်ဒေသအင်ပါယာက တိုက်ခိုက်ခံရပြီး ယင်ဟွမ်ပြည်နယ်ဂိုဏ်းတွေနဲ့ ဓားကိုင်ရုံးတော်ရဲ့ ဖမ်းဆီးခြင်းကို ခံရတုန်းက တိုက်ပွဲတစ်ပွဲမှာ ရခဲ့တာပဲ”
“ငါက နှစ်ပေါင်းများစွာ ဒီသွေးတွေကို အသုံးပြုခဲ့ပြီး အကျိုးရလဒ်တချို့ ရခဲ့တယ်။ အခု သိပ်အများကြီး မကျန်တော့ဘူး။ ဒီနေ့ ငါက ဓားအင်ပါယာရဲ့သွေးနဲ့ ငါ့ရဲ့တာအိုကို သုံးပြီး မင်းအတွက် ရုပ်ဖျက်အဆောင်တစ်ခု ရေးဆွဲပေးမယ်”
“ဓားအင်ပါယာရဲ့သွေးကို အသုံးပြုပြီး ရေးဆွဲမှာဖြစ်တဲ့အတွက် အဆောင်က အရမ်း အဆင့်မြင့်လိမ့်မယ်။ ဒီအဆောင်က မင်းရဲ့အငွေ့အသက်အားလုံးကို ဖုံးကွယ်ထားပြီး ပြင်ပလူတွေ မင်းရဲ့လူသားပုံစံနှင့် အစစ်အမှန်သွင်ပြင်ကို မမြင်နိုင်အောင် အချိန်တစ်ခု ကာကွယ်ထားပေးလိမ့်မယ်”
ထိုစကား ကြားသောအခါ ရွှီချင်းစိတ်ထဲ တုန်လှုပ်သွားသည်။ သူက နတ်မိမယ်ကျစ်ရွှမ် ဘေးတွင် ချထားသော ဆေးပုလင်းကို ကြည့်လိုက်သည်။ ထိုအရာ၏တန်ဖိုးက အလွန် မြင့်မားမည်ကို သူ ကောင်းကောင်း သဘောပေါက်သည်။
“ဗလာနတ္တိစတုတ္ထအဆင့်ကို ရန်မစမချင်း မင်းက ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီလိုတည်ရှိမှုမျိုးက အဆင့်မြင့်နေရာတွေမှာပဲ နေတာမို့လို့ ဘယ်မှာပဲ ရှိရှိ ကိစ္စ မရှိပါဘူး။ မင်းက သူတို့နဲ့ရင်ဆိုင်ရဖို့ ရာခိုင်နှုန်းသိပ်မများဘူး”
“ဒါပေမဲ့ မင်းမှတ်ထားရမှာက ဒီသွေးအဆောင်က မတည်ငြိမ်တာမို့ သိပ်အကြာကြီး ခံမှာ မဟုတ်ဘူး။ အများဆုံး သုံးလ ကြာရင် ပျောက်ကွယ်သွားလိမ့်မယ်”
နတ်မိမယ်ကျစ်ရွှမ်အသံက ညင်သာနေပြီး သတိပေးမှုများနှင့် ပြည့်နေသည်။
ရွှီချင်းက တစ်ခုခုပြောချင်နေပြီး ပါးစပ် ဟလိုက်သည်။ သို့သော် သူ မပြောနိုင်မီ ကျစ်ရွှမ်၏နှုတ်ခမ်းထောင့်များက ကော့တက်သွားကာ ပြုံးလိုက်သည်။
“ဘာမှ ပြောဖို့မလိုဘူး။ မင်းအဝတ်တွေချွတ်လိုက်”
ရွှီချင်း တွန့်သွားသည်။
“ဘာစောင့်နေတာလဲ။ ငါက မင်းကိုယ်ပေါ်မှာ အဆောင် ရေးဆွဲရမယ်”
ကျစ်ရွှမ် မျက်တောင်ခတ်လိုက်ပြီး သူမ၏မျက်လုံးများက ကျီစယ်မှုများနှင့် ပြည့်နေသည်။
တခြားသူတစ်ယောက်ဆိုလျှင် ရွှီချင်း တွန့်ဆုတ်နေမည် မဟုတ်ပေ။ သို့သော် သူက နတ်မိမယ်ကျစ်ရွှမ်နှင့် ရင်ဆိုင်ရတိုင်း စိတ်လှုပ်ရှားနေသည်။ သို့သော် သူက ဤရုပ်ပြောင်းအဆောင်၏အရေးပါမှုကို နားလည်သည်။ ထို့ကြောင့် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏တာအိုဝတ်စုံကို ချွတ်ကာ လေ့ကျင့်ထားသော သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။
ကျစ်ရွှမ်အကြည့်က ရွေ့လျားသွားပြီး သူမ၏ချစ်စဖွယ်မျက်နှာသည် အနည်းငယ် နီရဲသွားသည်။ ထို့နောက် သူမ၏ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းကျောပြင်ကို ထောက်လိုက်သည်။
ချက်ချင်းပင် ရွှီချင်းက သူ၏ကျောပြင်ကို ကျစ်ရွှမ်ဘက်လို့ လှည့်ပေးလိုက်သည်။
“မင်းရဲ့စိတ်ကို ငြိမ်အောင်ထားရမယ်”
ကျစ်ရွှမ်က သစ်ခွပန်းလေးကဲ့သို့ ဝင်သက်ထွက်သက်ကို ရှုထုတ်လိုက်သည်။ သူမ၏အသံလေးက ရွှီချင်းခန္ဓာကိုယ်ပေါ် သက်ဆင်းသွားသော ငှက်မွေးလေးကဲ့သို့ပင် ရွှီချင်း၏စိတ်ကို ပြင်းပြင်းထန်ထန်လှုပ်ရှားကာ လှိုင်းထန်သွားစေသည်။
ရွှီချင်း အလွန် စိတ်လှုပ်ရှားနေသည်။ သူက ထိုကဲ့သို့သော အရာများနှင့် ငယ်စဉ်ကတည်းက အတွေ့အကြုံမရှိခဲ့ဖူးပေ။ သူ၏နှလုံးခုန်သံက အလိုလို မြန်လာသည်။ သူ၏ခန္ဓာကိုယ် တောင့်တင်းလာသောအခါ နောက်တွင်ရှိနေသော နတ်မိမယ်ကျစ်ရွှမ်က ဆေးပုလင်းကို ကောက်ယူလိုက်သည်။ ရွှေရောင်သွေးတစ်စက် လောင်းချပြီးနောက် သူမ အမူအရာက လေးနက်သွားသည်။
“ရွှီချင်း ဒီအဆောင်က ရှုပ်ထွေးတယ်။ ဒါက တစ်ကြိမ်ထဲနဲ့ ပြီးဖို့လိုတယ်။ ရပ်ပစ်လို့ မရဘူး”
ပြောပြီးသည်နှင့် သူမသည် ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများကို ဓားအင်ပါယာ၏သွေးပေါ်သို့ နှစ်လိုက်သည်။ ထို့နောက် သူမသည် ရွှီချင်းကျောပြင်ပေါ်တွင် သင်္ကေတစာလုံးများ စတင်ရေးဆွဲတော့သည်။
သူမ၏လက်ချောင်းများသည် မြန်တစ်ခါ နှေးတစ်လှည့် ရွှီချင်း၏ကျောပြင်တွင် ရွေ့လျားနေသည်။ သူတို့ ဖြတ်သွားရာ နေရာတိုင်းတွင် ရွှေရောင်အမှတ်အသားများ ရေးဆွဲခြင်းအပြင် ရွှီချင်းအရေပြားကိုလည်း အနည်းငယ် တုန်ရီသွားစေသည်။
သူ့တစ်ကိုယ်လုံးက ကြက်သီးမွေးညင်းများ ထလျက် ရှိသည်။
“သူ့ခန္ဓာကိုယ်ကို ရေးဆွဲနေသော လက်ချောင်းများအထိအတွေ့က သူ့ကို ကြက်တောင်မွှေးနှင့် နူးညံ့စွာ ကျီစယ်နေသကဲ့သို့ သူ၏နှလုံးသားထဲ အရေပြားမှတစ်ဆင့် စိမ့်ဝင်ပြီး ပိုမိုလှိုင်းထန်စေသည်။ အထိအတွေ့များ စိပ်လာသည်နှင့်အမျှ ရွှီချင်း ဦးရေပြားက အထိန်းအချုပ်မဲ့စွာ စတင်တုန်ရီလာသည်။
သူ၏နှလုံးခုန်သံက မြန်သထက်မြန်လာပြီး အသက်ရှုသံက ကူကယ်ရာမဲ့စွာ မြန်ဆန်လာသည်။
အဆုံးတွင် ရွှီချင်းသည် အံတင်းတင်းကြိတ်၍ အကြိမ်များစွာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဝါးစာလိပ်ကျမ်းဂန်များ သူ့စိတ်ထဲတွင် ပေါ်လာပြီး စိတ်ထဲမှ တိတ်တဆိတ် ရွတ်လိုက်သည်။
ထိုနည်းလမ်းက လုံးဝ ထိရောက်သည်။ တဖြည်းဖြည်းနှင့် သူ့နှလုံးသားက တည်ငြိမ်လာသည်။
ထိုသို့နှင့် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးလာသည်။
ရွှီချင်း ဝါးစာလိပ်ကျမ်းဂန်ကို သုံးခေါက်မြောက် ရွတ်ဆိုချိန်တွင် ပြင်ပတွင် အရုဏ်တက်ချိန် ရောက်ရှိလာပြီး သူ၏နဖူးတွင်မူ ချွေးပေါက်များ သီးလျက် ရှိသည်။ ထိုအချိန်တွင် ကျစ်ရွမ်၏အဆောင်ရေးဆွဲမှု တစ်ဝက် ကျသွားပြီ ဖြစ်သည်။
“နောက်ထပ်က ခန္ဓာကိုယ် ရှေ့ခြမ်းပဲ”
ကျစ်ရွှမ်အသံသည်လည်း ယခင်နှင့် အနည်းငယ် ခြားနားနေသည်။ ရွှီချင်းက ၎င်းကို သေချာ ခွဲခြမ်းစိတ်ဖြာခြင်း မပြုနိုင်မီ သူ၏ခန္ဓာကိုယ်သည် ကျစ်ရွှမ်၏ ညင်သာသော လှုပ်ရှားမှုအောက်တွင် ချက်ချင်း ၁၈၀ ဒီဂရီ လည်သွားသည်။
လက်ရှိတွင် သူက ကျစ်ရွှမ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
သင်းပျံ့သော ဝင်သက် ထွက်သက် လေနွေးနွေးက သူ့မျက်နှာပေါ် မလွှဲမရှောင်သာ ကျဆင်းနေသည်။ သူက ကျစ်ရွှမ်၏ တုန်ခါနေသော မျက်တောင်များနှင့် ချက်ချင်း ရဲတက်လာသော သူမမျက်နှာနီဖျော့ဖျော့လေးကိုပင် မြင်နေရသည်။
“သူမလည်းပဲ စိတ်လှုပ်ရှားနေတာလား”
ရွှီချင်း အံ့အားသင့်သွားသည်။
ကျစ်ရွှမ်၏ ထိုကဲ့သို့သော အမူအရာမျိုးကို သူ မမြင်ဖူးပေ။ သူ၏ ထိုအတွေးများက မျက်နှာပေါ်တွင် ပေါ်နေသောကြောင့် ကျစ်ရွှမ် ညင်သာစွာ ချောင်းဟန့်လိုက်သည်။ သူမ၏ချစ်စဖွယ်မျက်နှာလေးက အနည်းငယ် နီရဲနေပြီး မျက်တောင်များက မသိမသာ တုန်ခါနေသည်။ သို့သော် ရွှီချင်း၏ရင်ဘတ်ကို ထောက်နေစဉ် သူမမျက်လုံးများက အလွန်တောက်ပနေသည်။
သူမက အဆောင်ကို စဆွဲသည်။
သူမ၏လက်က သူ့အရေပြားကို ထိတွေ့သည့် အခိုက်အတန့်တွင် ရွှီချင်းနှလုံးသား တုန်ခါသွားသည်။ ထို့နောက် သူက မျက်လုံးများ မှိတ်ကာ အသက်ရှု တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ ထို့နောက် ရွှီချင်းသည် ဝါးစာလိပ်ကျမ်းဂန်ကို ဆက်၍ ရွတ်ဆိုလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
ကျစ်ရွှမ်လက်ချောင်းများကမူ ရေစီးကဲ့သို့ ညင်သာစွာနှင့် သူ့ခန္ဓာကိုယ်ကို ဖိဆွဲနေသည်။ ရွှီချင်းက ကျမ်းစာများပင် မေ့လုလု ဖြစ်သွားသည်။ ရွှေရောင်သင်္ကေတစာလုံးများ ရွှီချင်းခန္ဓာကိုယ်တွင် ပေါ်လာပြီး ၎င်းပြင်းထန်သော ခံစားချက်က ရွှီချင်းစိတ်ထဲ လှိုင်းထ သွားစေသည်။
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန် ကုန်ဆုံးပြီးနောက် ပြင်ပရှိ ကောင်းကင်က လင်းလာပေပြီ။ ကျစ်ရွှမ်လက်ချောင်းများက ရွှီချင်း ရင်ဘတ်ဆီသို့ ပြန်လာပြီး ညင်သာစွာ ရပ်တန့်သွားသည်။
“ရွှီချင်း မင်း နှလုံးခုန်သံက အရမ်းမြန်နေတယ်”
ကျစ်ရွှမ်အသံက အလွန် ညင်သာသော်လည်း တိတ်ဆိတ်နေသော ဓားခန်းဆောင်တွင် ရွှီချင်းနားထဲ ပဲ့တင်သွားသည်။
ရွှီချင်းက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးများ ဖွင့်လိုက်သည်။ သူက နီရဲနေသော မျက်နှာနှင့် ကျစ်ရွှမ်ကို တွေ့လိုက်သည်။
“မလှုပ်နဲ့။ ဒါက နောက်ဆုံး စုတ်ချက်ပဲ”
သူတို့ မျက်လုံးချင်း ဆုံသည်တွင် ကျစ်ရွှမ်အသံက အနည်းငယ် တုန်ခါသွားသည်။
သူမ၏လက်ချောင်းများသည် ရွှီချင်း၏ ရင်ဘတ်မှ လည်ပင်း၊ ထို့နောက် ပါးပြင်နှင့် သူ၏နားရွက်နောက်ဘက် စသည်ဖြင့် ညင်သာစွာ ရွေ့လျားနေသည်။ သူမ၏ခန္ဓာကိုယ်က တဖြည်းဖြည်း နီးကပ်လာသည်။
ရွှီချင်းက လုံးဝ တောင့်တင်းနေပေပြီ။ ဝါးစာလိပ်ကျမ်းဂန်သည်လည်း သူ့စိတ်ကို တည်ငြိမ်အောင် မစွမ်းနိုင်တော့ပေ။ သူ့မျက်လုံးများက ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။
ကျစ်ရွှမ် တဖြည်းဖြည်းကပ်လာသည်ကို မြင်နေရစဉ် ခေါင်းဆောင်၏ စိတ်လှုပ်ရှားနေသော အသံသည် ဓားခန်းဆောင် အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ချင်းလေး အဆင်သင့်ဖြစ်ပြီလား။ ထွက်ခဲ့တော့။ သွားကြမယ်”
“အာ ဘာလို့ ပြင်ပအကာအကွယ်အလွှာက ဒီမှာ ရှိနေတာလဲ”
“ချင်းလေး မင်းဘာလုပ်နေတာလဲ”
ခေါင်းဆောင်အသံ ထွက်ပေါ်လာသည်တွင် ကျစ်ရွှမ်သည် သူမလက်ချောင်းများကို တိတ်တဆိတ် ရုတ်သိမ်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာ မတ်တပ်ရပ်လိုက်သည်။ သူမသည် အများအားဖြင့် ရွှီချင်းကို အစ်မကြီးတစ်ယောက်အနေနှင့် ကျီစားလေ့ရှိသော်လည်း ရွှီချင်းနှင့် ထိုကဲ့သို့သော အတွေ့အကြုံမျိုး ယခင်က မရှိခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူမမျက်နှာသည် နီရဲနေပြီး ရင်ထဲမှ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် သူမ၏အနက်ရောင်ဆံနွယ်များကို စည်းနှောင်နေသည်။ သူမက ချောင်းဟန့်လိုက်ပြီး ရွှီချင်းကို မကြည့်ရဲတော့ဘဲ အလျင်စလို ပြောလိုက်သည်။
“လမ်းမှာ ဂရုစိုက်ပါ”
ပြောပြီးသည်နှင့် ကျစ်ရွှမ် လှည့်ထွက်သွားသည်။ သူမသည် ဓားခန်းဆောင်တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားသောကြောင့် သူမ၏ကျက်သရေရှိသော ကျောပြင် မြင်ကွင်းလေးက ဝေးကွာသွားသည်။ သူမ လက်တစ်ချက်အဝှေ့တွင် တံခါးပွင့်သွားပြီး ပြင်ပတွင် ရှိနေသော ခေါင်းဆောင်သည် အံ့အားသင့်သော အမူအရာနှင့် ရှိနေသည်။
ခဏအကြာတွင် ခေါင်းဆောင်၏အမူအရာသည် အံ့အားသင့်ရာမှ ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများသည် ပြူးကျယ်နေပြီး ကျစ်ရွှမ်ကို ကြောင်စီစီ စိုက်ကြည့်နေသည်။ ထို့နောက် သူက အဝတ်များ ဝတ်နေသော ရွှီချင်းကို ကြည့်လိုက်သည်။
“ငါ မမြင်ဘူး။ ငါ ဘာမှ မမြင်ဘူး”
ခေါင်းဆောင်သည် ခြေလှမ်း အနည်းငယ် အလျင်စလို ပြန်ဆုတ်သွားပြီး သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် လှိုင်းထန်နေပြီး ဖော်မပြနိုင်သော တစ်စုံတစ်ခုသည် ထိုသူနှစ်ဦးကြား ဖြစ်ပျက်နေသည်ကို သူက မယုံနိုင် ဖြစ်နေသည်။
“ချန်အားညို”
ခေါင်းဆောင် ဆက်မတွေးနိုင်မီ ကျစ်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“တပည့် ရှိပါတယ်”
ခေါင်းဆောင်က မျက်စိ မှိတ်ကာ ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။
“အရင်လက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က လျှို့ဝှက်နယ်မြေ ရှေးဟောင်းမြွေအရိုးစုမှာ လှုပ်ရှားမှတစ်ချို့ တွေ့တယ်လို့ စာပို့လာတယ်”
ခေါင်းဆောင် စိတ်ထဲ လှုပ်ခါသွားသည်။ ထိုစကားလုံးများတွင် စမ်းသပ်သော အရိပ်အယောင်များ ပါနေကြောင်း သူပြောနိုင်သည်။ ထို့ကြောင့် မည်သည့်အမှားလုပ်မိသည်ကို စဉ်းစားလိုက်သည်။ များမကြာမီ အကြောင်းအရင်းကို တွေ့လိုက်ပြီး သူက တဖက်လူ၏အချိန်ကောင်းလေးကို ဖျက်စီးသွားမိကြောင်း တွေးမိသွားသည်။ သူက မြင်သင့်သော မြင်ကွင်းကို မြင်ခဲ့ပေသည်။ ထို့ကြောင့် သူက အလျင်စလို ပြောလိုက်သည်။
“နတ်မိမယ်၊ မနေ့က ကျွန်တော့် ကျင့်ကြံခြင်းမှာ ပြဿနာရှိနေတာ တွေ့လိုက်တယ်။ တချို့သော အကြောင်းရင်းတွေကြောင့် ကျွန်တော့်မျက်လုံးတွေက ကွယ်သွားပါတယ်”
ကျစ်ရွှမ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဆက်သည်။
“ငါ့မှာ လီရှစ်တောက်လို့ခေါ်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်။ ရက်အနည်းငယ်အကြာက ပြည်ထဲရေးရုံးတော်မှာ မက်မွန်သီးစားရင်း သူမကို တိတ်တိတ်လေး လိုက်ချောင်းနေတဲ့သူကို တွေ့ခဲ့တယ်လို့ ငါ့ကိုပြောတယ်။ အဲ့ဒါ နင်မလား”
“သေချာပေါက် ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော် လုံးဝ ချောင်းမကြည့်ပါဘူး။ ပြီးတော့ ကျွန်တော် ပန်းသီးပဲ စားတာပါ”
ခေါင်းဆောင်၏အမူအရာက တည်ငြိမ်နေကာ တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။
“အို့…”
ကျစ်ရွှမ် အများကြီး မပြောပေ။ ရိုးရိုးရှင်းရှင်း စကားအနည်းငယ် ပြောပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားသည်။
ကျစ်ရွှမ် ထွက်ခွာသွားသည်နှင့် ခေါင်းဆောင် မျက်လုံးများ ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် သူက ဓားခန်းဆောင်ထဲ အလျင်အမြန် ဝင်လာပြီး ရွှီချင်းကို မယုံကြည်နိုင်စွာ ကြည့်သည်။
“ဘာဖြစ်တာလဲ”
ရွှီချင်းက သူ့တာအိုဝတ်စုံကို ဝတ်ဆင်ပြီး ဖြစ်သည်။ သူ၏အမူအရာက တည်ငြိမ်နေပြီး ခေါင်းဆောင်၏စကားများကို အံ့အားသင့်နေသည်။
“ဘာဖြစ်လို့လဲ”
“အာ”
ခေါင်းဆောင် ထိတ်လန့်သွားသည်။ သူက ရွှီချင်းကို အကြိမ်အနည်းငယ် စေ့စေ့စပ်စပ် လွှမ်းခြုံကြည့်လိုက်ပြီး လေသံပျော့လေးနှင့် မေးသည်။
“မင်းနဲ့ နတ်မိမယ်ကျစ်ရွှမ်”
“စီနီယာ အစ်ကိုကြီး ငါတို့ သွားသင့်ပြီ”
ပြောပြီးသည်နှင့် ရွှီချင်းက ဓားခန်းဆောင် အပြင်ဘက် ထွက်လိုက်သည်။
သူ့နောက်တွင် ခေါင်းဆောင်သည် ဝေဝါးသွားသော နတ်မိမယ် နောက်ကျောကို ကြည့်နေသည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်ပြီး မက်မွန်သီးတစ်လုံး ထုတ်ကာ တစ်ကိုက် ကိုက်လိုက်သည်။ သူသည် သဘောတကျ ရယ်မောလိုက်ပြီး ရွှီချင်းနောက်သို့ ပြေးလိုက်သွားသည်။
ဤနေ့တွင် နှင်းမကျသော်လည်း လေက ပြင်းပြင်းထန်ထန် တိုက်နေသည်။ သို့သော် ထိုသည်က ကြည်လင်နေသော ကောင်းကင်ကို သက်ရောက်မှု မရှိပေ။ ထို့အပြင် တိမ်အချို့ ရှိနေသော်လည်း ကောင်းကင်က ပြာနေသည်။
ထို့ကြောင့် နံနက်ခင်း၏ အစောဆုံး နေရောင်သည် အထူး တောက်ပနေပြီး မြေပြင်ပေါ်သို့ အလင်းကျရောက်နေကာ အဝေးတွင် ရပ်နေသော လူနှစ်ဦး၏ပုံရိပ်များကို ရှည်မျောမျော ဖြစ်နေစေသည်။
လေပြည်ညင်းလေးက ဖြတ်တိုက်သွားပြီး အသံတစ်ခု သယ်ဆောင်လာသည်။
“ဂျူနီယာ ညီလေး၊ စီနီယာ အစ်ကိုကြီးကို ပြောပါအုံး။ မင်း ညက လူလားမြောက်ခဲ့တာလား”
“…”
“ဂျူနီယာ ညီလေး ဘာလို့ ဘာမှ ပြန်မပြောတာတုန်း။ ရှက်နေတာလား”
“…”
“အိုက်ယာ.. ထားလိုက်တော့။ ထားလိုက်တော့။ စီနီယာ အစ်ကိုကြီးက မင်းကို ထပ်မကျီစားတော့ဘူး။ ငါ့ရဲ့ချစ်ရတဲ့ ဂျူနီယာ ညီငယ်လေး၊ ငါတို့ ပြန်ရောက်တဲ့ အချိန်ကျရင် မင်းက ငါ့ကို တောက်တောက်နဲ့ မိတ်ဆက်ပေးရမယ်။ ငါလည်းပဲ လူလား မြောက်ချင်ပြီ”
“…”
သူ၏ ကျီစားသော စကားလုံးများသည် ရယ်သံများနှင့် ရောလျက် ပဲ့တင်သွားသည်။ သူတို့နှစ်ဦးသည် ဆက်၍ ဆက်၍ ရွေ့လားသွားသည်နှင့်အမျှ ရယ်သံက တဖြည်းဖြည်း တိုးသွားသည်။