ချင်ယွဲ့...ကျောက်ပိုင်လီ....
Vol. 39 Ch. 541
အဖွဲ့နှစ်ဖွဲ့က လီလော့တို့ရှေ့သို့ လျင်မြန်စွာရောက်လာခဲ့ကြသည်။
"ဝိုးးး.အမှတ်အများဆုံးနဲ့ထိပ်ဆုံးကဉီးဆောင်တဲ့အဖွဲ့နဲ့တွေ့ရတာ ဂုဏ်ယူစရာပဲ" ဟု ချောမောသော လူငယ်က ရယ်မောလိုက်သည်။ သူက လှံရှည်တစ်ချောင်းကိုင်ထားပြီး မင်းသမီးနဲ့ ကျန်းချင်းအာတို့ကို အထူးအာရုံစိုက်နေသည်။
လီလော့ သူ့ရင်ဘတ်ပေါ်က ကျောင်းတံဆိပ်ကို စစ်ဆေးကြည့်လိုက်ရာ.....
မြောက်ပိုင်းပင်လယ်ကောလိပ်......
စတင်နှုတ်ဆက်သည့် လူငယ်၏ဘေးတွင်
ဝတ်ကောင်းစားလှ ဝတ်ထားသော တိတ်ဆိတ်နေသော ကျောင်းသားတစ်ယောက်ကို လီလော့သတိပြုမိလိုက်သည်။ ထိုလူငယ်သည် ကြယ်နှစ်ပွင့်ခန်းမ၏ အသန်မာဆုံးဘွဲ့ရထားသည့် အောင်းပိုင်ဖြစ်သည်။
လီလော့၏စိုက်ကြည့်ခြင်းကို ခံစားလိုက်ရသဖြင့် အောင်းပိုင်က သူ့ဘက်သို့ အနည်းငယ်လှည့်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဘယ်သူများလဲလို့...မြောက်ပိုင်းပင်လယ်ကောလိပ်က ချင်ယွဲ့တို့အဖွဲ့ဖြစ်နေတာကိုး..."
မင်းသမီးက ချောမောသော လူငယ်ကို ပြုံးပြလိုက်သည်။
ချင်ယွဲ့သည် မြောက်ပိုင်းပင်လယ်ကောလိပ်၏ ကြယ်လေးပွင့်ခန်းမမှ အကောင်းဆုံးကျောင်းသားဖြစ်သည်။ မင်းသမီးသည် ခန်းမအဆင့်ပြိုင်ပွဲတွင် ချင်ယွဲ့နှင့် တွေ့ဆုံခဲ့ဖူးသည်။ သူသည် အကြမ်းဖျင်းအားဖြင့် ပုလဲငါးသွယ်အဆင့်ဖြစ်သည်။ သူမ ထက် အားနည်းသော်လည်း အလွန်အားကောင်းနေဆဲပင်.....
"ဒါဆို ဒီဘက်က ကောင်းကင်ငရဲကောလိပ်က ကျောက်ပိုင်လီပဲဖြစ်ရမယ်...."
မင်းသမီးသည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ဦးဆောင်သော လုမင်တို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
ကျောက်ပိုင်လီသည် အနည်းငယ်ပို၍ ချစ်စရာကောင်းသော်လည်း သူ့နည်းသူ့ဟန်ဖြင့် ချောမောသည်။ သူ့ခါးတွင် သွယ်လျသောဓားရှည်တစ်ချောင်းရှိပြီး သူ၏ဆံပင်ရှည်များကို နောက်တွင် ဖြန့်ချထားသည်။ သူသည် ကောင်းကင်ငရဲကောလိပ်၏ အသန်မာဆုံး ကြယ်လေးပွင့်ကျောင်းသားဖြစ်ပြီးချင်ယွဲ့နှင့် တန်းတူဖြစ်သည်။
သူသည် မင်းသမီးကို အရိုအသေပေးသည့်အနေဖြင့် လက်သီးဆုပ်လိုက်ပြီး...
"တွေ့ရတာဝမ်းသာပါတယ် မင်းသမီး.... ခန်းမအဆင့်ပြိုင်ပွဲမှာ အဝေးကပဲ
မင်းကိုတွေ့ဖူးတယ်.... အဲဒီတုန်းက မင်းနဲ့မတွေ့ရတာ ကံကောင်းလိုက်တာ၊ မဟုတ်ရင် မြေမှုန့်ထဲမှာ မျက်နှာအပ်နေရလောက်ပြီ ...."
ချင်ယွဲ့နှင့်ကျောက်ပိုင်လီတို့ နှစ်ဦးစလုံးသည် သူမ၏ခွန်အားကြောင့်မင်းသမီးအပေါ် အလွန်ယဉ်ကျေးကြသည်။ မင်းမျိုးမင်းနွယ်အဖြစ် သူမ၏အဆင့်အတန်းသည် ရှပြည်ထောင်စု အပြင်ဘက်တွင်များစွာအသုံးမဝင်ပေ။
မင်းသမီးသည် အသန်မာဆုံး ကျောင်းသားဘွဲ့ကို မရရှိခဲ့သလို ကြယ်တာယာခရီးရှည်ကောလိပ်၏ အသန်မာဆုံး ကြယ်လေးပွင့် ကျောင်းသားဟုပင် သတ်မှတ်မခံခဲ့ရပေ။ ဒါတောင်မှ သူမကို အနိုင်ယူနိုင်တဲ့သူ များများစားစား မရှိခဲ့ပေ။
"အစ်ကိုကျောက်က နှိမ့်ချလွန်းနေပါပြီ ..."
မင်းသမီးက ကြင်နာသော အပြုံးဖြင့် ပြောလိုက်သည်။
"ရှင်တို့နှစ်ယောက်စလုံး အရေးပေါ်မစ်ရှင်ကို အကြောင်းကြားထားသလိုပဲ"
ချင်ယွဲ့တို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး....
"ငါတို့မိုးကြိုးတောင်တန်းကို ရည်မှန်းချက်တစ်ခုအတွက်ရောက်လာကြတာ.... ပြီးတော့ ဒီအရေးပေါ်မစ်ရှင် ပေါ်လာတယ်.... ဘာ့ကြောင့် အဖွဲ့တစ်ဖွဲ့ ပျောက်သွားတယ်ဆိုတာ မသေချာဘူး....."
"ဟဲ..ဟဲ... ငါတို့အားလုံး ဒီကို အကြောင်းပြချက်တစ်ခုတည်းကြောင့်ရောက်လာတာဆိုတော့ ငါတို့နဲ့ ပူးပေါင်းမယ်မလား....လူပိုများလေ လုံခြုံမှုပိုရှိလေပဲလေ.. "
မင်းသမီးက ချက်ချင်းပြန်မဖြေဘဲ ကျန်းချင်းအာကိုလှည့်ကြည့်လိုက်သည်။ ကျန်းချင်းအာကလည်း လီလော့ကိုလှည့်ကြည့်နေသဖြင့် လီလော့ ချွေးပျံနေရှာသည်။
ဒါပေမယ့် ငန်းဝတုတ်က သူ့ကို ဒီလို ဂုဏ်ပြုပေးတဲ့အတွက် လီလော့ ရှေ့ထွက်လာပြီး......
"မစ်ရှင်ကို တစ်ယောက်တည်း ပြီးအောင်လုပ်ဖို့ မလိုအပ်ဘူး...လူများတော့ ပိုကောင်းတာပေါ့....."
မင်းသမီးက ချင်ယွဲ့နဲ့ ကျောက်ပိုင်လီဘက်ကို လှည့်လိုက်ပြီ ...
"ဒါဆို လူကြီးမင်းတို့နဲ့ လက်တွဲရတာ ဝမ်းသာပါတယ်..."
ချင်ယွဲ့တို့က ခေါင်းညိတ်ပြီး ပြုံးပြသော်လည်း ယခုတော့ လီလော့ကို ကွဲပြားစွာ ကြည့်နေကြသည် ။ အသန်မာဆုံး ကြယ်တစ်ပွင့်ကျောင်းသား လီလော့အကြောင်းကို ကြားဖူးကြပေမယ့် ဒါက ရောနှောအဆင့်ပြိုင်ပွဲမျှသာဖြစ်သည်။ ကြယ်တစ်ပွင့် ကျောင်းသားတွေက အိမ်ဖြည့်ဖို့အတွက်သာပြိုင်ပွဲတွင်ပါဝင်ခဲ့ကြသော်လည်း လီလော့ကတော့ခြားနားသောအဆင့်တွင်ရှိနေသည်။
မင်းသမီးနှင့် ကျန်းချင်းအာတို့၏ခွန်အားက ပေါ့သေးသေးမဟုတ်သော်လည်း လီလော့ကတော့ အသုံးဝင်မည့်ပုံမပေါ်ပေ။ဒါဆို ဘာကြောင့် မင့်းသမီးတို့ကလီလော့ရဲ့ဆုံးဖြတ်ချက်ကိုတောင်းခံနေကြတာလဲ....
အခြေနေကို ခြုံငုံသုံးသပ်ရလျှင် မင်းသမီးက ကျန်းချင်းအာကိုအလေးပေးပြီး ကျန်းချင်းအာက လီလော့ကိုအရေးပေးနေသည်။ဒီအတိုင်းဆို ကြားထားရသည့်ကောလဟာလများက အမှန်ဖြစ်နေလောက်သည်။
သို့တိုင် သူတို့သည် ဤရှုပ်ထွေးမှုများကို ပေါ်ပေါ်ထင်ထင် ထုတ်ပြမည်မဟုတ်ပေ။ သူတို့က ရိုးရှင်းစွာ ခေါင်းညိတ်ပြပြီး ရှေ့ဆက်ရမည့်အစီအစဉ်များကိုဆွေးနွေးခဲ့ကြသည်။
အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးနေကြစဉ် လီလော့ကမနီးမဝေးကနေအကဲခတ်နေခဲ့သည်။ ချင်ယွဲ့ က မင်းသမီးအပေါ် အထူးစိတ်ဝင်စားကြောင်းပေါ်ပေါ်ထင်ထင် ထုတ်ပြနေသည်။ဤသည်မှာလည်း အံ့သြစရာမဟုတ်ပေ။ မင်းသမီးလို ဂုဏ်သတင့းကျော်ဇောသည့်အပြင် ကိုယ်ပိုင်အရည်အချင်းရှိသူမျိုးကို ဘယ်သူသဘောမကျဘဲနေမည်နည်း...
အဖွဲ့ခေါင်းဆောင် သုံးဦး ဆွေးနွေးညှိနှိုင်းနေစဉ်တွင် လီလော့က သူ့ကို စိုက်ကြည့်နေသော မိန်းကလေးဆီသို့ လမ်းလျှောက်သွားပြီး....
"ငါတို့ပြန်တွေ့ကြပြန်ပြီ... "
"နင် ကျင်းထန်ရှုကိုအနိုင်ယူနိုင်မယ်လို့ထင်မထားမိခဲ့ဘူး....."
"အဲဒါက မင်းကိုတိုက်ဖို့ စွမ်းအင်အများကြီးသုံးစရာမလိုလို့ပဲ" လီလော့က လေးနက်စွာဖြေသည်။
"ဟမ့်... နင့်ရဲ့အဆိပ်လှည့်ကွက်ကြောင့်မဟုတ်ရင် ငါ့ကိုလွယ်လွယ် အနိုင်ယူနိုင်မှာမဟုတ်ဘူး.... "
လီလော့က တခစ်ခစ်ရယ်ပြီး သူမကို စနောက်တာကို ရပ်လိုက်ပြီး....
"ကောင်းပြီ၊ အင်အားကြီးတဲ့ရန်သူနဲ့တွေ့ရင် ငါတို့ ဘယ်လိုပူးပေါင်းနိုင်မလဲ စဉ်းစားစမ်း...."
သူမက သူ့ကို မျက်လုံးပြူးကြည့်သည်။
"ငါတို့ ကြယ်တစ်ပွင့်ကျောင်းသားတွေက ဒီမှာ အိမ်ဖြည့်ဖို့သက်သက်ရောက်နေကြတာလေ.... ဘယ်လိုလုပ်ပြီး ကြီးကျယ်ခမ်းနားတာတွေလုပ်နိုင်မှာလဲ....."
"အင်း ငါပြောတာအဲ့လိုမဟုတ်ဘူး......."
လုမင်သည် ကျန်းချင်းအာကို ရံဖန်ရံခါ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် သူမ အသံကို လျှော့လိုက်သည်။
"လီလော့...နင်နဲ့စီနီယာကျန်းက စေ့စပ်ထားကြတာလား...."
"ဒါဆို နင်လည်း အတင်းအဖျင်းပြောတတ်တဲ့သူတစ်ယောက်ပဲ"
လီလော့က ဒေါသတကြီးပြောလိုက်သည်။ လုမင်ကတော့ အခြားသူများလိုမဟုတ်နိုင်ဟုထင်ထားခဲ့မိသည်။
လုမင်၏မျက်နှာ အနည်းငယ် နီမြန်းသွားသည်။
"ဒီသတင်းကို ဘယ်သူ စိတ်မဝင်စားဘဲနေမှာလဲ....သူက ရှန့်ပိန်းတွေ့ဆုံပွဲမှာ အထူးချွန်ဆုံး မိန်းကလေးဖြစ်ပြီး၊ အမျိုးသမီး ကျောင်းသားတွေအတွက် သူလုပ်ပေးခဲ့တာတွေက ဂုဏ်ယူစရာတွေချည်းပဲ....နင်ကရော ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကံကောင်းသွားတာလဲ....."
"ကံကောင်းတာမဟုတ်ဘူး... ရှောင်လွှဲလို့ မရခဲ့တာ...."
လီလော့ ပခုံးတွန့်လိုက်သည်။
လုမင်က လျှာစောင်းထက်သော လီလော့ကိုကြည့်ပြီးရယ်မောနေ၏။
"နင်တို့ ဘာတွေပြောနေကြတာလဲ"
၎င်းသည် ကောင်းကင်ငရဲကောလိပ်၏အဖွဲ့ခေါင်းဆောင် ကျောက်ပိုင်လီ ဖြစ်သည်။
"ခန်းမအဆင့်ပြိုင်ပွဲအပြီးမှာ ဂျူနီယာလုမင် နည်းနည်းအထိနာသွားတာမို့ ဂျုနီယာလီလော့နဲ့ အလုပ်တွဲလုပ်ဖို့ ငြင်းဆန်ခဲ့တယ်၊ ဒါပေမယ့် မင်းတို့တွေကိုကြည့်ရတာ တကယ်အဆင်ပြေနေကြပုံရတယ်......."
" ကျွန်မအဲ့လောက်သဘောထားမသေးသိမ်ပါဘူး စီနီယာကျောက်...."
လုမင်က တင်းမာစွာပြောသည်။
"အနိုင်နဲ့အရှုံး နှစ်ခုစလုံးက ပြိုင်ပွဲတွေမှာ ပုံမှန်ပါပဲ....."
"အမှန်ပဲ......ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းက လွယ်မှာမဟုတ်ပါဘူး....စိတ်မပူပါနဲ့ ငါမင်းကိုကာကွယ်ပေးမှာပါ....."
ကျောက်ပိုင်လီ သူမကို စိတ်ဝင်စားနေပြီဆိုတာ လီလော့ နားလည်လိုက်သည်။
သို့သော် လုမင်ကတော့ စိတ်ဝင်စားပုံမရပေ။
"ဂျုနီယာလီလော့.... ငါတို့သုံးယောက်က ငါတို့ရဲ့နောက်ထပ်လှုပ်ရှားမှုကို အခုပဲ ဆွေးနွေးပြီးသွားပြီ။ မင်းရဲ့အဖွဲ့ကို မြန်မြန်ပြန်ပြီး ထွက်သွားဖို့ ပြင်ဆင်သင့်တယ်"
လီလော့သညလ ချောမောလွန်းပြီး မည်သည့်မိန်းကလေးမဆို သူ့အပေါ် ကြွေဆင်းသွားနိုင်လောက်သည်။
“ ကျောက်ပိုင်လီမှာ ဦးနှောက်မရှိဘူးဆိုတာ သေချာတယ်...ကျန်းချင်းအာက သူတို့ကို သိမ်းငှက်လို ကြည့်နေတာ မမြင်ဘူးလား.....
ဒါ့အပြင် ငါက တကယ့် လူရှုပ်လူပွေပုံပေါက်နေလို့လား....."
သူသည် လူကြီးလူကောင်းတစ်ယောက်လို လုမင်ကို နှုတ်ဆက်ပြီး သူ့အဖွဲ့သို့ ပြန်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အဖွဲ့သုံးဖွဲ့သည် ၎င်းတို့၏ အခြေခံဆက်သွယ်ရေးများ ပျက်ပြားသွားကာ မိုးခြိမ်းသံများ ပြည့်နှက်နေသည့် တောင်တန်းသို့ ဦးတည်သွားကြသည်။