ချင်းနဲ့ ညို ထွက်ပြေးခြင်း(၁)
Vol. 39 Ch. 588
မင်စွန်းတောင်တန်းတွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ကောင်းကင်၌ လျင်မြန်စွာ ထွက်ပြေးနေကြသည်။
သူတို့၏သွေးရောင်ချပ်ဝတ် တစ်ဝက်လောက်သည် ကြေမွနေပြီး သူတို့ခန္ဓာကိုယ်များက ထိတ်လန့်ဖွယ် ဒဏ်ရာများနှင့် လွှမ်းနေသည်။
ဒဏ်ရာအများစုသည် ပုပ်နေပြီး သူတို့အငွေ့အသက်များက အလွန် အားနည်းနေကြသည်။
သူတို့ခန္ဓာကိုယ်ပေါ်တွင် သေစေလောက်သော ဒဏ်ရာများပင် ရှိနေကြသည်။ ရွှီချင်း၏ လက်မောင်းတစ်ဖက်သည် ကျိုးနေပြီး သူ့ဝမ်းဗိုက်တွင်မူ များပြားသော ဓားထိုးရာများ ရှိနေကာ နှလုံးနေရာသည် ဆိုးဆိုးရွားရွား ထိခိုက်ထားသည်။ ၎င်းသည် ပေါက်ကွဲနေပြီး သူက ထိန်းထားရုံမျှသာ ထိန်းထားနိုင်ပုံပေါ်သည်။
ခေါင်းဆောင်သည်လည်း အလားတူ အခြေအနေတွင် ရှိနေသည်။ သူ၏ကျောက်ကပ်နေရာတွင် ပြင်းထန်သော ဒဏ်ရာရှိနေပြီး အပြင်းထန်ဆုံး တစ်ခုကမူ သူ့လည်ပင်းတွင် ဖြစ်သည်။ ၎င်းက ပြတ်တော့မည် ကဲ့သို့ပင်။ သို့သော် ကောင်းကင်နက်မျိုးနွယ်၏ အသက်ရှင်လိုစိတ်က ပြင်းထန်လှသည်ဟုပင် ဆိုနိုင်ပေသည်။
ထိုကဲ့သို့ ဒဏ်ရာများနှင့်ပင် သူတို့သည် လျင်မြန်စွာ ပြေးနေဆဲဖြစ်ပြီး အနက်ရောင်သွေးများက ပြေးလမ်းတစ်လျှောက် ကျဆင်းနေသည်။
သူတို့က သေခြင်းတရားကို ဂရုမစိုက် သကဲ့ပင်။
ရှန်ဟယ်နှင့် တခြားသူများသည် သူတို့ကို ဒေါသတကြီး လိုက်ဖမ်းနေကြသည်။
ခုံရှန်းလုံက အနားတွင် မရှိပေ။ သူသည် အခြားတဖက်တွင် အရှိန်အပြည့်နှင့် လျင်မြန်စွာ လာနေပြီး အချက်ပြမှု ထွက်ပေါ်လာသော နေရာသို့ ဦးတည်နေသည်။
လိုက်ဖမ်းနေစဉ် ရှန်ဟယ်နှင့် တခြားသူများ၏ လူသတ်လိုသော အငွေ့အသက်များက လေထဲတွင် ပြည့်နေသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် သူတို့သည် လက်ဟန်များကို ထုတ်ဖော်၍ စွမ်းအားကြီးသော မှော်စွမ်းရည်များနှင့် တိုက်ခိုက်ကြသည်။
ပေါက်ကွဲသံများက ထိုအခိုက်အတန့်တွင် ဆက်တိုက် ပဲ့တင်သွားသည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း အချဉ် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ခေါင်းဆောင် မျက်လုံးထဲ၌ အေးစက်သော အကြည့်တစ်ချက် လက်လာပြီး များပြားလှသော လှံတံတို့သည် သူ့နောက်ကျောတွင် ချက်ချင်း ပေါ်လာကာ လေခွင်းသံများ ရွှီခနဲ ထွက်ပေါ်လာသည်။
ဤသည်က လူသားမျိုးနွယ်၏မှော်စွမ်းရည်မဟုတ်ဘဲ ကောင်းကင်နက်မျိုးနွယ်၏ပုံရိပ်ယောင် မှော်ပညာ ဖြစ်ကာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ရွှီချင်း၏တန်ပြန်တိုက်ခိုက်မှုက ပို၍ပင် ပြင်းထန်သေးသည်။ စူးရှသော အကြည့်တစ်ချက် သူ့မျက်လုံးတွင် လက်သွားပြီး ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်လုံးများတွင် အနက်ရောင် အလင်းတစ်ချက် လက်သွားပြီး သူ့နောက်ဘက်ရှိ နေရာကို ပြောင်းလဲပစ်လိုက်သည်။ အနက်ရောင် အစက်လေးတစ်ခု ကောင်းကင်တွင် ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်၍ လက်ဝါးပုံသဏ္ဍာန် ဖြစ်တည်လာကာ ရှန်ဟယ်နှင့် တခြားသူများကို ဖိချလိုက်သည်။
အတွင်းရှိ အမှောင်ထုသည် နေကို ဝါးမြိုနိုင်မည့်ပုံ ပေါ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မှင်သက်ဖွယ် ကောင်းလောက်အောင် ပေတစ်ထောင်အရွယ်အစား ဖြစ်သွားသည်။
ထိုမြင်ကွင်းသည် ရှန်ဟယ်နှင့် တခြားသူများ၏နှလုံးကို တုန်ခါသွားစေသည်။ သူတို့က အစစ်အမှန် ကောင်းကင်နက်မျိုးနွယ်များနှင့် ရင်ဆိုင်နေရသည်ဟု ထင်လုနီးပါးပင်။
ခေါင်းဆောင်နှလုံးခုန် မြန်သွားသည်။ ၎င်းနည်းစနစ်သည် ကောင်းကင်နက်မျိုးနွယ်၏ အစစ်အမှန် နည်းစနစ် ဖြစ်သည်။
အသံနက်ကြီးများ ကြားတွင် ရှန်ဟယ်နှင့် တခြားသူများသည် ရွေးချယ်စရာမရှိ ရှောင်ရှားလိုက်ရသည်။ သူတို့က အနက်ရောင်အလင်းတန်းကို ခုခံရန် အစွမ်းကုန် ထုတ်သုံးလိုက်ရသော်လည်း ရွှီချင်းတိုက်ခိုက်မှုက မပြီးဆုံးသေးပေ။
သူ ရုတ်တရက် ရပ်လိုက်သည်။ ရှန်ဟယ်အပါအဝင် တခြားသူများနှင့် ရင်ဆိုင်စဉ် ရွှီချင်းက အသက်ရှူ မြန်နေသည်။ သူ့မျက်လုံးထဲရှိ အနက်ရောင်အလင်းက ထပ်မံ တောက်ပလာ၏။
သူက ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ရှန်ဟယ်တို့ သုံးဦးကို အားပြင်းပြင်းနှင့် ဖမ်းဆုပ်လိုက်သည်။
ထိုဖမ်းဆုပ်မှုအောက်တွင် စွမ်းအားကြီးသော ဝိညာဉ်စွမ်းအင်သည် ကောင်းကင်တွင် ပေါက်ကွဲသွားပြီး ယခင်တစ်ခေါက် လက်မည်းကြီးနှင့် မတူသော ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားကြီး ဖြစ်ပေါ်လာစေသည်။
ခဏအတွင်း ရှေ့တွင် ရှိနေသော ရှန်ဟယ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ့မျက်ဝန်းတွင် ရုန်းကန်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း ထိုရုန်းကန်မှုက လျင်မြန်စွာ ပျောက်သွားသည်။ သူသည် ရုတ်တရက် နောက်လှည့်ကာ ဝမ်ချန်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက တောင်းပန်သော အကြည့်များ ထုတ်ဖော်နေသည်။
သူ့တစ်ကိုယ်လုံးမှ သွေးချီသည် တိုက်ရိုက် ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်သည် ထိန်းချုပ်မှု လွတ်သွားပုံပေါ်ပြီး ဝမ်ချန်ကို တိုက်ခိုက်လိုက်သည်။
၎င်းရုတ်တရက် အပြောင်းအလဲက ဝမ်ချန်၏အမူအရာကို လုံးဝ ပြောင်းသွားစေသည်။ ညဝိညာဉ်သည်လည်း ထိတ်လန့်သွားသည်။
သူတို့နှစ်ဦးစလုံးတွင် ထပ်၍ လိုက်ဖမ်းရန် အချိန်မရှိတော့ဘဲ ရှန်ဟယ်ကို တားဆီးလိုက်ရသည်။ ညဝိညာဉ်သည် သူမ၏ မိစ္ဆာအသွင်ပြောင်းအခြေအနေတွင် တုန့်ဆိုင်းမနေဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး သွေးဓားတစ်စင်း ဖန်တီးကာ ရှန်ဟယ်ရှေ့သို့ ခုတ်ချလိုက်သည်။
ဤသည်က ဝိညာဉ်ထိန်းချုပ်မှုကို အထူးပြုထားသော နည်းစနစ် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ညဝိညာဉ်သည် ခုံရှန်းလုံ သူတို့ကို ပြောပြခဲ့ဖူးသော ကောင်းကင်နက်မျိုးနွယ်၏သန္ဓေစွမ်းရည်အကြောင်း အလိုလို တွေးမိသွားသည်။
ထိုခုတ်ချက်နှင့်အတူ ကျယ်လောင်ပြီး ခြိမ်းခြောက်မှုပြင်းသော တုန်ခါသံကြီး ထွက်ပေါ်လာသည်။
ရှန်ဟယ် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရသွားသောကြောင့် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သို့သော် သူ၏အမူအရာက ခြောက်ခြားနေပြီး သူ့မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ အတိုင်းသား ဖြစ်သည်။
ရွှီချင်းစိတ်က တုန်ခါသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ မောပန်းမှုများက သူ့မျက်နှာတွင် အတိုင်းသာ ပေါ်နေပြီး နောက်လှည့် မကြည့်ဘဲ လျင်မြန်စွာ ထွက်ပြေးသွားသည်။
အောက်တွင် ရှိနေသော သန့်စင်ရေလှိုင်းမျိုးနွယ် ယာဉ်တန်းကို ဖြတ်သွားသောအခါ သူက လုံးလုံး တွန့်ဆုတ်မနေချေ။ သူ့အမူအရာက အေးစက်နေကာ ညာဘက်လက်ကို မြှောက်လိုက်ပြီး မြေပြင်ကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် ခြေလေးချောင်းသားရဲကြီး၏တစ်ကိုယ်လုံးက တုန်ခါသွားပြီး ၎င်းက ဖမ်းဆုပ်ခံလိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်သည် လေထဲတွင် ကွဲကြေသွားတော့မည့်ပုံ ပေါ်နေပြီး သာမာန်မျက်စိနှင့် မြင်နိုင်သော အလျင်တွင် တွန့်လိမ်သွားကာ ဆိုးဆိုးဝါးဝါး အခြေအနေတွင် ရှိနေသည်။ သူ၏အသက်စွမ်းအင်များက ပြင်းပြင်းထန်ထန် ဝါးမြိုခြင်း ခံနေရသည်။
ရွှီချင်း အသက်ရှူသွင်းလိုက်ပြီး ၎င်းအသက်စွမ်းအားကို သူ့ကိုယ်ထဲတွင် ပေါင်းစပ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ မောပန်းမှုများက အနည်းငယ် ပျောက်ကွယ်သွားသည်။ သူက ဆက်လက် လုပ်ဆောင်ချင်နေသည်တွင် ရှန်ဟယ်နှင့် တခြားသူများက သူ့ကို ထပ်၍ လိုက်ဖမ်းသည်။
ရွှီချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရုတ်တရက် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ဒါဇင်ခန့်သော သန့်စင်ရေလှိုင်းမျိုးနွယ်များသည် သားရဲကြီး ခုနစ်ကောင် ရှစ်ကောင်နှင့်အတူ လေထဲသို့ ကြောက်လန့်တကြား မြောက်တက်သွားကြပြီး ရှန်ဟယ်တို့အုပ်စုဆီသို့ ပစ်ချ ခံလိုက်ရသည်။ သူတို့၏မျက်လုံးများက ဘယ်တော့မှ ပြန်မငြိမ်းချမ်းနိုင်သကဲ့သို့ ချက်ချင်း အမုန်းတရားများနှင့် ပြည့်သွားသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ရွှီချင်း အဝေးသို့ လှစ်ခနဲ ပြေးလိုက်သည်။ ခေါင်းဆောင် အနည်းငယ် အံ့အားသင့်သွားသည်။ ရွှီချင်း၏လုပ်ဆောင်ချက်များက သူ့ကို အကြီးအကျယ် အံ့အားသင့်သွားစေပြီး သူ့အစီအစဉ်နှင့် ကိုက်ညီမနေချေ။ သို့သော်လည်း သူက လျင်လျင်မြန်မြန် တုံ့ပြန်လိုက်ပြီး လှိုင်းထနေသော စိတ်ကို ထိန်းချုပ်ကာ ရွှီချင်းနှင့်အတူ အရှိန်တင် ပြေးလိုက်သည်။
သူတို့က လျင်မြန်စွာ ထွက်ခွာသွားကြသည်။
တိုက်ခိုက်ခံလိုက်ရသောကြောာင့် ရှန်ဟယ်နှင့် တခြားသူများ၏ ဒေါသများက လေထုထဲတွင် ပြည့်နေသည်။ တုန်ခါသံများအကြား ပစ်ထုတ်ခံလိုက်ရသော သန့်စင်ရေလှိုင်းမျိုးနွယ်များသည် သူတို့သုံးဦး၏ချေမှုန်းခြင်းကို ခံလိုက်ရပြီး ခဏအတွင်း အပိုင်းပိုင်း ဖြစ်သွားကြသည်။
သို့သော် ထူးဆန်းသည်က မသေမီ သူတို့အကြည့်များက အမုန်းတရားများနှင့် ပြည့်နေသည့်တိုင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင် တစ်ဦးကမျှ အော်ဟစ်ခြင်း မရှိပေ။
မြေပြင်ပေါ်တွင် ရွှီချင်း၏ကနဦး တိုက်ခိုက်မှုနှင့်အတူ သန့်စင်ရေလှိုင်းမျိုးနွယ်ယာဉ်တန်းက ကစဉ့်ကလျား ဖြစ်နှင့်နေပြီး ဖြစ်သည်။ ကျန်ရှိနေသော သန့်စင်ရေလှိုင်းမျိုးနွယ်များသည်လည်း ထိတ်လန့်သွားကြသည်။ အမြုတေကျင့်ကြံသူများပင် စိတ်ရှုပ်ထွေးသွားကြပြီး သူတို့အမူအရာများက လျင်မြင်စွာ ပြောင်းလဲသွားကြသည်။
တစ်ချိန်ထဲတွင်ပင် တိုက်ခိုက်ရေးစွမ်းအား နန်းတော် ၆ခု ရှိသော လူငယ်က ရုတ်တရက် လေပေါ် ခုန်တက်လိုက်သည်။
“ဓားကိုင်ရုံးတော်.. ကျုပ်တို့ဟာ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ထွဋ်ခေါင်နိုင်ငံက ဖြစ်တယ်။ ကျုပ်တို့မှာ သင်တို့ ဖုန်းဟိုင်ဒေသငယ် အမတ်ကြီးယောင်ရဲ့ ထောက်ခံချက် ရှိတယ်”
ပြောပြီးသည်နှင့် လူငယ်က ကျောက်စိမ်းပြား တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်ပြီ ချေမွှလိုက်သည်။ ချက်ခြင်းပင် သင်္ကေတစာလုံးတစ်ခု လေထဲတွင် ထင်ရှားလာသည်။