မမျှော်လင့်သော တွေ့ဆုံမှု
Vol. 39 Ch. 590
ရွှီချင်းသည် ရှေ့မှ လူငယ်လေးကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ပြသည်။
လွန်ခဲ့သောည သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်၏အရိုးခံ တောင်းဆိုမှုအောက်တွင် သူနှင့် ခေါင်းဆောင်သည် အချိန်ကြာမြင့်စွာ ဆွေးနွေးပြီးနောက် တဖက်လူ၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။ သူတို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်ယာဉ်တန်းကို အသုံးပြု၍ ဓားကိုင်များ သူတို့ကို ရှာဖွေနေသော ဤနယ်မြေမှ ထွက်ခွာမည် ဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်တွင်းသို့ ဝင်ပြီးနောက် ထွဋ်ခေါင်နိုင်ငံသို့ သွားရောက်ရန်အတွက်ကိုမူ ရွှီချင်း အဖြေ မပေးသေးချေ။
သူတို့ ပုန်းရန် စီစဉ်ထားသော နေရာသည် ခြေလေးချောင်း သားရဲကြီး၏သားရေပေါ်တွင် ဖြစ်သည်။ ၎င်းနည်းလမ်းက အကြံကောင်းလှပြီး သူတို့၏အငွေ့အသက်ကိုပင် ဖုံးကွယ်ထားနိုင်ခဲ့သည်။ သိသာစွာပင် သန့်စင်ရေလှိုင်းမျိုးနွယ်များသည် ၎င်းပုန်းကွယ်ခြင်း နည်းစနစ်၌ ထူးချွန်ကြသည်။
“ငါက အဆင့်မြင့်မျိုးနွယ်တွေ မဆုံးရှုံးရအောင် ဓားကိုင်တွေကို အောင်အောင်မြင်မြင် လှည့်ဖြားနိုင်ခဲ့တယ်။ ငါတို့ရှေ့ခရီးစဉ်မှာတော့ တခြားမမျှော်လင့်တဲ့ အတားအဆီးတွေ မတွေ့နိုင်လောက်တော့ပါဘူး။ ငါတို့ သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ တစ်လအတွင်း ရောက်ရမယ်”
သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်သည် စကားပြောနေစဉ် သူ့သိုလှောင်အိတ်ထဲမှ ကြာရွက်နှစ်ခုကို ပြန်ယူလိုက်သည်။ ၎င်းကြာရွက်များကို သူ့ခေါင်းပေါ်သို့ ရိုသေလေးစားသော အမူအရာနှင့် တင်လိုက်သည်။
“ငါက အထက်တန်းမျိုးနွယ်ကို ငါ့မြို့မှာ ၂ကြိမ်ပဲ မြင်ဖူးပြီးတော့ နှစ်ကြိမ်စလုံးက အဝေးကနေပဲ။ ငါ့အဖေက ငါ့ကို အထက်တန်းမျိုးနွယ်တွေအကြောင်း အကြိမ်များစွာ ပြောခဲ့ပေမဲ့ ငါက သိပ်ပြီး ဗဟုသုတ မရှိသေးဘူး။ ဒါပေမဲ့ အထက်တန်းမျိုးနွယ်တွေဟာ လနှင်းစက်ကို အရုဏ်မတက်ခင် စားရတာကို နှစ်သက်တယ်လို့ ကြားဖူးတယ်။ ဒါ့ကြောင့် ငါက ဒါကို စုဆောင်းဖို့ အမိန့်ပေးခဲ့တယ်”
ရွှီချင်းသည် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ကောင်းကင်နက်မျိုးနွယ်အကြောင်း အနည်းငယ် နားလည်ထားသော်လည်း ထိုကဲ့သို့သော အသေးစိတ်များနှင့် သူတို့ လနှင်းစက်ကို နှစ်သက်သည့်အကြောင်း မသိပေ။
ထို့အပြင် သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်၏စကားလုံးများသည် မရေမရာဖြစ်နေသည်။ သူသည် ပုံမှန်ပြောနေသည်ဟု ထင်ရသော်လည်း စူးစမ်းလိုသော အရိပ်အယောင်များလည်း ပါနေသည်။
ထို့ကြောင့် သူသည် ကောင်းကင်နက်မျိုးနွယ် လနှင်းစက် သောက်ရသည်ကို အမှန်တကယ် ကြိုက်မကြိုက် သေချာမနေပေ။
သူက တိတ်ဆိတ်နေသည်။
ခေါင်းဆောင်သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့ညာလက်ကို မြှောက်ကာ လေထဲတွင် ဆွဲယူလိုက်သည်။ ချက်ချင်းပင် ကြာပန်းနှစ်ရွက်သည် သူ့ရှေ့သို့ ပျံသန်းလာသည်။ သူသည် အတွင်းရှိ လနှင်းစက်ကို မသောက်ဘဲ သူ့လက်ချောင်းဖြင့် အထဲသို့ ညင်သာစွာ တို့ထိလိုက်သည်။ ထို့နောက် နှင်းစက်ကို သူ့မျက်လုံးပေါ် ခတ်လိုက်သည်။
လနှင်းစက်သည် လျင်မြန်စွာ အငွေ့ပျံသွားပြီး အမှေးပါး အလွှာတစ်ခု ခေါင်းဆောင်မျက်လုံးနက်များတွင် ပေါ်လာသည်။ သူ့မျက်နှာက သက်တောင့်သက်သာဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။
“မင်းက စဉ်းစားတတ်တာပဲ။ အခု သွားလို့ရပြီ”
အစမှအဆုံး သန့်စင်ရေလှိုင်းမျိုးနွယ်မှ ထိုလူငယ်သည် ရိုသေကိုင်ရှိုင်းမှုများ မှတစ်ပါး အမူအရာ ပြောင်းလဲခြင်း မရှိပေ။ ထိုစကားကို ကြားသောအခါ သူသည် ရိုသေစွာဖြင့် ကိုးလှမ်းတိုင်အောင် နောက်ပြန်ဆုတ်လိုက်ပြီး ထွက်ခွာရန် ထရပ်လိုက်သည်။ သူသည် လေပေါ်သို့ခုန်တက်လိုက်ပြီး သူ့ပုံရိပ်သည် ကြီးသထက် ကြီးလာသည်။ နောက်ဆုံးတွင် ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားပြီး ခြေလေးချောင်းသားရဲပေါ်တွင် ပေါ်လာသည်။
အချိန်သည် ကုန်ဆုံးသွားပြီး များမကြာမီ လဝက်ခန့် ကုန်ဆုံးသွားသည်။
ဤလဝက်အတောအတွင်း သန့်စင်ရေလှိုင်းမျိုးနွယ်မှ ထိုလူငယ်သည် သူ့အကန့်အသတ်သူ သိပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို များစွာ မနှောင့်ယှက်ခဲ့ပေ။ တစ်ခါတရံမှသာ သူတို့ရှေ့တွင် ပေါ်မလာမီ အဝေးမှ လှမ်းခွင့်တောင်းပြီး သူ ခွင့်ပြုပြီးမှသာ ဝင်လာသည်။
သူ့စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ မပြသခဲ့ပေ။ သူက သူတို့နှစ်ဦးကို အထက်တန်းမျိုးနွယ်များကဲ့သို့ပင် ဆက်ဆံသည်။
သို့သော် တစ်ခါတရံ သူသည် လေးလေးစားစားနှင့် ကောင်းကင်မျိုးနွယ်တို့၏ယဉ်ကျေးမှုနှင့် အကြိုက်များကို ဉာဏ်ကောင်းစွာ မေးမြန်းလေ့ရှိသည်။ အကြိမ်တိုင်း သူ့မျက်နှာတွင် အနှိုင်းမဲ့ကြည်ညိုလေးစားမှုများ ရှိနေသည်။
ရွှီချင်း ထိုအကြောင်းနှင့် ပတ်သက်၍ များစွာမသိသဖြင့် သူက မပြောချေ။ အရာအားလုံးကို ခေါင်းဆောင်က ကိုင်တွယ် ဖြေရှင်းသည်။
သိသာစွာပင် ယခုအကြိမ်တွင် ခေါင်းဆောင်သည် သူ့အိမ်စာကို ကောင်းစွာ ကြေညက်ခဲ့သည်။ သူ၏ကောင်းနက်မျိုးနွယ်အပေါ် သဘောပေါက်မှုသည် အလွန်မြင့်မားပြီး တဖက်လူ၏အမှားများကိုပင် နှစ်ကြိမ်တိုင်တိုင် ထောက်ပြနိုင်ခဲ့သည်။
“ကောင်းကင်နက် နတ်တောင်ကုန်းကို ယဇ်ပူဇော်ဖို့ သုံးတယ်လို့ မင်းကို ဘယ်သူပြောလဲ။ အဲဒီနေရာက လပန်းတွေပွင့်ပြီး တစ်ခါတုန်းက နတ်ဘုရား ဆင်းသက်ခဲ့တဲ့ နေရာပဲ။ လက်ရှိမှာ နတ်ဘုရားနန်းတော် ရှိတယ်”
“ကြေးခွံနက်မြို့က နတ်ဘုရားတောင်ကုန်း အောက်မှာလား။ ဘယ်လို သောက်တလွဲ ဟာမျိုးလဲ။ ဒီမြို့ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျော်က နတ်ဘုရားမျက်နှာပျက်ကြီးက စိုက်ကြည့်ခဲ့ပြီး ပျောက်ကွယ်သွားပြီးပြီ ဖြစ်တယ်။ ပြင်ပကမ္ဘာက လူတွေက ဒီအကြောင်းကို မသိကြဘူး”
သူ၏အမူအရာဖြစ်စေ အသံဖြစ်စေ ခေါင်းဆောင်သည် မည်သည့် ပြစ်ချက်မှ ရှိမနေပေ။ ထိုသည်က ခေါင်းဆောင်သည် ကောင်းကင်နက်မျိုးနွယ်တွင် အမှန်တကယ် နေခဲ့ဖူးသည်ဟု ရွှီချင်းကို ခံစားသွားရစေသည်။
ဤအရာက သန့်စင်ရေလှိုင်းမျိုးနွယ်၏မျက်လုံးထဲမှ အနှိုင်းမဲ့ကြည်ညိုလေးစားမှုများကို ပိုမို ပြင်းထန်လာစေသည်။
သို့သော် ထိုပုဂ္ဂိုဟ်၏စူးစမ်းမှုက လုံးဝ ပျောက်ကွယ်မသွားသေးပေ။ တစ်ကြိမ်တွင် နေရောင်သည် မွန်းတည့်ချိန်၌ အပြင်းထန်ဆုံး အခြေအနေတွင် ရှိနေသည်။ သို့သော် သူက ပေါ်မလာခဲ့ဘဲ နေရောင်ကာကွယ်ပေးထားသော သားရေသည် သတိမပြုမိဘဲ ရွေ့သွားခဲ့ပြီး ပြင်းထန်သော နေရောင်သည် ရွှီချင်းခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ကျသွားသည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး သူ့လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သားရေသည် နေရောင်ကို တားဆီးထားသော ၎င်း၏မူလနေရာသို့ ပြန်ရောက်သွားသည်။ သို့သော်လည်း ထိုကဲ့သို့ အသေးစားကိစ္စများသည် များများစားစား မရှိခဲ့ပေ။ ရွှီချင်းနှင့် ခေါင်းဆောင်သည် ထိုအရာများကို အကြိမ်တိုင်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ထို့ကြောင့် စူးစမ်းမှုများသည် တဖြည်းဖြည်းနှင့် ရပ်တန့်သွားသည်။
ထိုနေ့တွင် လင်းလန်ပြည်နယ်၌ သန့်စင်ရေလှိုင်းမျိုးနွယ်ယာဉ်တန်းသည် ကောင်းကင်လတောင်ကြားသို့ ချဉ်းကပ်လာသည်။
ကောင်းကင်လတောင်ကြားသည် အလွန် ကြီးမားသည်။ ယာဉ်တန်း၏အရှိန်အရ ၎င်းနေရာကို ဖြတ်သန်းနိုင်ရန် သုံးရက် အချိန်ယူရပေမည်။ တောင်ကြားကို ဖြတ်သန်းပြီးနောက် သူတို့က နယ်စပ်သို့ နောက်တစ်ပတ်တွင် ရောက်ပေလိမ့်မည်။
လင်းလန်ပြည်နယ်သည် သန့်စင်ရေလှိုင်း မျိုးနွယ်နှင့် ထိစပ်နေသော ပြည်နယ် ဖြစ်သောကြောင့် ယာဉ်တန်း ထိုနေရာသို့ ရောက်ချိန်တွင် သန်စင်ရေလှိုင်းမျိုးနွယ် ကျင့်ကြံသူများအားလုံးသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်သွားကြပြီး သူတို့၏တင်းကြပ်နေသော စိတ်များသည်လည်း အနည်းငယ် ပြေလျော့သွားကြသည်။
တောင်ကြားအပြင်ဘက်တွင် တစ်ညတာကုန်ဆုံးပြီးနောက် နောက်တစ်နေ့ မနက်တွင် ယာဉ်တန်းသည် တောင်ကြားဆီသို့ ခံ့ညားစွာလှမ်းဝင်လိုက်ပြီး အတွင်းသို့ အရှိန်ပြင်းစွာ ခရီးနှင်ကြတော့သည်။
နေ့သည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဆည်းဆာချိန်ရောက်ခါနီးတွင် သူတို့သည် တောင်ကြား၏ အလယ်ပိုင်းနားသို့ ချဉ်းကပ်လုနီးပါးပင် ဖြစ်သည်။
ယာဉ်တန်း၏ ဘေးနှစ်ဖက်နှစ်ချက်သည် တောင်ထွတ်များ ကျောက်တောင်ကြီးများ ဖြစ်၍ နေရောင်၏တစ်စိတ်တစ်ပိုင်းကို ကွယ်နေကာ ယာဉ်တန်းသည် မှိန်ပျပျလေး ဖြစ်နေသည်။
အဝေး အမြင့်တစ်နေရာရှိ မမြင်သာသော လှိုဏ်ဂူတစ်ခုတွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် မျက်လုံးများ ဖွင့်လိုက်ပြီး အေးစက်စက် အကြည့်တစ်ခု ထုတ်ဖော်လိုက်သည်။
ထိုအမျိုးသမီးသည် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားပြီး သူမဘေးတွင် ကြီးမားသော ဓားမြောင်မကောင်းဆိုးဝါးတစေ ရှိနေသည်။ သူမက ချင်းချိုးဖြစ်သည်။
သူမက ဤနေရာတွင် လဝက်ခန့် ရှိနေပြီဖြစ်ကာ သူမ ပစ်မှတ်သည် မီကာကျောက်တုံးများ သယ်ပြီး ပြန်လာသော ယာဉ်တန်း ဖြစ်သည်။
၎င်းယာဉ်တန်းများသည် အရွယ်အစား အမျိုးမျိုးနှင့် ဖြစ်သည်။ ရန်သူ သတိမထားမိစေရန် ချင်းချိုးသည် ယာဉ်တန်းငယ် အနည်းငယ်ကို သွားခွင့်ပြုထားပြီး အကြီးမားဆုံးသော ကိုယ်စားလှယ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
“သူတို့က ဒီမှာ၊ သူတို့က ဒီမှာပဲ”
ရွှီချင်းနှင့် သန့်စင်ရေလှိုင်းမျိုးနွယ် ယာဉ်တန်း ၎င်းနေရာသို့ ချဉ်းကပ်လာသောအခါ မကောင်းဆိုးဝါးတစေ၏အသံသည် ချင်းချိုးစိတ်ထဲ ထွက်ပေါ်လာသည်။
“ဒီယာဉ်တန်းက မင်း အရင်က ငါ့ကို ထောက်လှမ်းခိုင်းထားတဲ့ ပစ်မှတ်တစ်ခု ဖြစ်တယ်။ သူတို့က ဖုန်းဆိုးမြေအရှေ့ဘက်ဒေသငယ် ထွဋ်ခေါင်နိုင်ငံက ဖြစ်တယ်။ ဒါက နိုင်ငံငယ်လေး ဆိုပေမဲ့ ဒီတစ်ကြိမ်မှာ သူတို့သယ်လာတဲ့ မီကာကျောက်တုံအရေအတွက်က လုံးဝ အများကြီးပဲ”
“ငါ အာရုံခံမိတာအရတော့ ယာဉ်တန်းမှာ ၁၀၀ ထက်ပိုတဲ့ ကျင့်ကြံသူတွေ ပါတယ်။ အမြုတေအဆင့်တော့ အများကြီး မပါဘူး။ အသန်မာဆုံးက နန်းတော် ၆ခု အဆင့်ပဲ”
“သူတို့က ပစ်မှတ်ကောင်းတစ်ခုပဲ။ နန်းတော်၆ခုက တူတူသေဖို့အတွက် သင့်တော်တဲ့ ပစ်မှတ်တစ်ခုပဲ”
မကောင်းဆိုးဝါးတစေက အော်လိုက်သည်တွင် ချင်းချိုး မျက်လုံးများက အေးစက်စက် အကြည့်တစ်ခု ထုတ်လွှတ်နေသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး သူမတစ်ကိုယ်လုံးက အနီရောင်အလင်း ထုတ်လွှတ်လိုက်သည်။ သူမ၏လျှို့ဝှက်နည်းစနစ်တစ်ခု အသက်ဝင်သွားသည်တွင် သူမ၏တိုက်ခိုက်ရေးစွမ်းအားသည် နန်းတော်ခြောက်ခုထိ အမှန်တကယ် မြင့်တက်သွားသည်။
သိသာစွာပင် လွန်ခဲ့သော လအနည်းငယ်အတွင်း သူမ၏ကျင့်ကြံခြင်းက ချိုးဖျက်နိုင်ခဲ့ပြီး နန်းတော်လေးခု ဖြစ်ပေါ်ခဲ့သည်။ အင်ပါယာအဆင့်ရှိ ကျင့်ကြံခြင်းအတတ်နှင့် လျှို့ဝှက်နည်းစနစ်တို့ တွဲဖက်လိုက်လျှင် သူမ၏တိုက်ခိုက်ရေးစွမ်းအားသည် နန်းတော် ၆ခုအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“သူတို့ရဲ့ အလျင်အရ သူတို့က ၅၅ မိနစ်လောက်ကြာရင် ငါတို့ဆီ ရောက်လိမ့်မယ်”
မကောင်းဆိုးဝါးတစေ၏အသံက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသည်။ သို့သော်လည်း သိသာစွာပင် ၎င်းသည် ယာဉ်တန်းထဲရှိ ခေါင်းဆောင်နှင့် ရွှီချင်းကို သတိမပြုမိပေ။ ချင်းချိုးသည်လည်း ခေါင်းဆောင်နှင့် ရွှီချင်းတို့ ပါလာမည်ဟု မျှော်လင့်မထားပေ။
သူမသည် နှုတ်ခမ်းများကို သပ်လိုက်ပြီး မျက်လုံးများထဲရှိ အေးစက်သော အကြည့်က ပြင်းထန်တိုးပွားလာခဲ့ကာ တိတ်တဆိတ် စောင့်ဆိုင်းလိုက်သည်။
တစ်ချိန်ထဲတွင်ပင် ယာဉ်တန်းထဲ၌ ရွှီချင်းသည် သူ့ခေါင်းကို မော့လိုက်ပြီး အဝေးဆီသို့ ကြည့်လိုက်သည်။ စိန်ဂိုဏ်းဘိုးဘေး၏အသံသည် သူ့စိတ်ထဲ ထွက်ပေါ်လာသည်။
“သခင် ကျုပ်က ရှေးဟောင်းမြင့်မြတ်ဝိညာဉ်အာရုံက အခုပဲ ဖြန့်ကျက်သွားတာကို အာရုံခံမိတယ်။ ဒါက ဝတ်ရုံနီအမျိုးသမီးရဲ့ တစေတံစဉ်းဝိညာဉ်ပဲ”
ရွှီချင်းမျက်ခုံးများ မြင့်တက်သွားသည်။
ဘေးတွင် ရှိနေသော ခေါင်းဆောင်သည်လည်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး အဝေးသို့ အံအားသင့်သော အမူအရာနှင့် ကြည့်လိုက်သည်။ သိသာစွာပင် သူ့တွင်လည်း ထိုအရာကို အာရုံခံရန် ကိုယ်ပိုင်နည်းလမ်း ရှိပေသည်။
“စိတ်ဝင်စားစရာပဲ။ မင်းလည်းပဲ အာရုံခံမိတယ် မလား”
ခေါင်းဆောင် ပြုံးလိုက်ပြီး ရွှီချင်းဆီ အသံလွှင့်လိုက်သည်။
ရွှီချင်းက ခေါင်းဆောင် ၎င်းကို အာရုံခံနိုင်သည်ကို သိပ်အံ့ဩမနေပေ။ သူ့မျက်လုံးထဲ အတွေးနက်နေသော အကြည့်များ ပေါ်လာပြီးနောက် အသံလွှင့် အကြောင်းပြန်လိုက်သည်။
“သူမပစ်မှတ်က ဒီယာဉ်တန်းမဟုတ်ရင် ငါတို့က ပြဿနာ ရှုပ်မှာ မဟုတ်ဘူး”
“ဒီဟာ ဆိုရင်ကော”
ခေါင်းဆောင်က ခပ်ရေးရေး ပြုံးသည်။
“ဖုန်းဟိုင်ဒေသငယ်ထဲမှာ သတ်ဖြတ်တာက ထောက်လှမ်းခံရနိုင်တယ်။ ငါတို့ သူမကို ဖမ်းခေါ်သွားပြီး သန့်စင်ရေလှိုင်းမျိုးနွယ်နယ်မြေ ရောက်မှ သတ်ပစ်လိုက်မယ်”
ရွှီချင်း တည်ငြိမ်စွာပြောသည်။
“မင်း သူ့ကို သတ်မလို့လား။ ဟာဟ.. ကောင်းပြီ။ မသတ်ခင် သူမက ဘယ်လိုပုံလဲ ကြည့်ရအောင်။ သူမက အမြဲတမ်း မျက်နှာဖုံး ဝတ်ထားတာလေ”
ခေါင်းဆောင်သည် မျက်လုံးများ မှေးလိုက်ပြီး ရွှီချင်းကို ကျီစားသော အရိပ်အယောင်များနှင့် ကြည့်လိုက်သည်။
ရွှီချင်း အံ့အားသင့်သွားပြီး မျက်မှောင် ကြုတ်သွားသည်။
ညနေဘက်တွင် ဖြစ်သည်။
ဆည်းဆာနေရောင် ဝါဖျော့ဖျော့သည် မြေပြင်ပေါ်သို့ ကျရောက်နေသည်။ ၎င်းနေရောင် တောင်ကြားသို့ ကျရောက်သောအခါ ၎င်းသည် ပို၍ပင် မှိန်ဖျော့လာပြီး တောင်ကြားသည် ညချမ်းကို ကြိုဆိုနေပေပြီ။ အနီရောင် ခြေလေးချောင်းသားရဲကြီးများသည် ရှေ့သို့ ရွေ့လျားနေသည်နှင့်အမျှ မြေပြင်သည် ဆက်လက်တုန်ခါနေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ယာဉ်တန်းအရှေ့ ပေါက်ကွဲသွားသည်။
မြေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။ မရေတွက်နိုင်သော ကျောက်စကျောက်နများသည် နေရာအနှံ့ ပျံ့ကြဲသွားပြီး အစီအရင် သင်္ကေတများ ကောင်းကင်တွင် ဖြစ်ပေါ်လာကာ ပတ်ပတ်လည်ကို ကြီးမားသော ကွန်ယက်ကြီးနှင့် ပိတ်ဆို့လိုက်သည်။
ထိုနေရာတွင် သွေးပင်လယ်ကဲ့သို့ ကျဆင်းနေသော သွေးရောင်အလင်းလည်း ရှိနေကာ နေရာအနှံ့ကို စိမ့်ဝင်လျက် တောင်ကြားကို ချက်ချင်း သွေးများနှင့် ပြည့်သွားစေသည်။
အာမေဋိတ်များ ကစဉ့်ကလျားများကြားတွင် သေးငယ်ပိန်ပါးသော ပုံရိပ်လေးတစ်ခုသည် ဆည်းဆာအလင်းရောင်ထဲမှ ပျံထွက်လာသည်။ သူမသည် ကြီးမားသော အနီရောင် ဝတ်စုံနှင့် ဆွတ်ဆွတ်ဖြူနေသော မျက်နှာဖုံးတို့ကို ဝတ်ဆင်ထားပြီး ကြီးမားသော မကောင်းဆိုးဝါးတစေတံစဉ်းကို ကိုင်ဆောင်ထားသည်။
ပုံရိပ်ပေါ်လာသည်တွင် ရှေးဆန်သော အသံတစ်ခုသည် တတွတ်တွတ်ရွတ်ဆိုနေသကဲ့သို့ ကမ္ဘာကို ပဲ့တင်သွားသည်။
“ကံကြမ္မာကောင်းကနေ ဆင်းသက်လာတဲ့ လီထူနဲ့ တာအိုအမှတ်အသားတွေက ရှာရခက်တယ်။ ရှေးဘုရင်ရွှမ်ယုံ ကောင်းချီးပေးပြီး လမ်းညွှန်ပြသပါ။ တိုက်ပွဲဝိညာဉ် ဆင်းသက်ပါ။ ကျမရဲ့ဂိုဏ်းကို ဆက်လက်တည်ရှိနေအောင် ကူညီပေးပါ။
ရွတ်ဆိုသံသည် အရပ်မျက်နှာအနှံ့ ပျံနှံ့သွားပြီး ကမ္ဘာသည် အင်အားတစ်ခု သက်ရောက်ခံလိုက်ရကာ အေးစက်သော လေလှိုင်းများသည် တောင်ကြားတွင် ပေါ်ပေါက်လာသည်။
၎င်းလေသည် အရာအားလုံးကို ဖြတ်တိုက်သွားသည်။ ၎င်းဖြတ်တိုက်သွားသော နေရာတိုင်းရှိ သန့်စင်ရေလှိုင်းမျိုးနွယ် အားလုံးသည် ရေခဲရိုက်ခံရသကဲ့သို့ တုန်ရီသွားကြသည်။ ကြောက်ရွံခြင်းများက သူတို့ရင်ထဲ ဂယက်ထသွားသည်။
အေးစက်သောလေသည် တရွှီးရွှီးနှင့် အရပ်မျက်နှာအနှံ့ တိုက်ခတ်ပြီးနောက် မျက်စိတမှိတ်အတွင်း အနီရောင် ဝတ်စုံနှင့် အမျိုးသမီးလက်ထဲရှိ မကောင်းဆိုးဝါးတစေတံစဉ်းပတ်လည်တွင် စုစည်းသွားကြသည်။
မကောင်းဆိုးဝါးတစေ၏မျက်လုံးများသည် လက်ခနဲဖြစ်သွားပြီး အနီရောင် အလင်းတစ်ချက် ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းသည် ရုတ်တရက် ပါးစပ် ဟလိုက်ပြီး အမျိုးသမီး၏လက်မောင်းကို ကိုက်လိုက်သည်။
ခဏအကြာတွင် အနီရောင် အမျိုးသမီး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူမခန္ဓာကိုယ်အပြင်ဘက်တွင် အရိပ်အထပ်ထပ် ဖြစ်ပေါ်လာသည်။ တိုက်ပွဲဝိညာဉ်က လမ်းညွှန်ပြသပြီး သူမခန္ဓာကိုယ်တွင်း ပေါင်းစပ်သွားသကဲ့သို့ပင်။
တိုက်ပွဲဝိညာဉ်သည် ယေဘုယျအားဖြင့် ချပ်ဝတ်နှင့် အမျိုးသမီးဖြစ်ကြောင်း ခပ်ဝါးဝါး မြင်နိုင်သည်။ ၎င်းသည် အနီရောင် အမျိုးသမီး နောက်တွင် ထင်ရှားလာပြီး သူမ၏ကျင့်ကြံချင်း သန်မာမှုကို တိုးမြှင့်ပေးသည်။ ထိုမြင်ကွင်းသည် အနီရောင် အမျိုးသမီးကို သက်ရှိအားလုံးကို သတ်ဖြတ်မည့် သေမင်းတမန်ကဲ့သို့ ဖြစ်သွားစေသည်။
ထိုမျှသာ မကသေး သူမဆီမှ ထုတ်လွှတ်နေသော အဆုံးမဲ့ အနီရောင် အလင်းသည်လည်း ရှိနေသေးသည်။
၎င်းသည် ထိုက်စီရှန်းမုံဂိုဏ်း၏ သွေးနယ်မြေ ဖြစ်သည်။
နယ်မြေ ပျံ့နှံသွားပြီး အခိုက်အတန့်တွင် တခြား စရိုက်တစ်ခုသည် ချင်းချိုးကို အစားထိုး ဝင်ရောက်သွားသည်။
ခဏအကြာတွင် ချင်းချိုး ပါးစပ်မှ ကို့ယို့ကားယား ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“ဟီး ဟီး ဟီး”
သူမရယ်သံနှင့် အမူအရာတို့ကို တွဲဖက်လိုက်လျှင် အဆုံးမရှိသော ရူးသွပ်ခြင်း ခံစားမှုတို့ကို ပေးနေသည်။ သူမ၏အလျင်သည် ပေါက်ကွဲထွက်လာပြီး သွေးရောင်နှင့် ပေါင်းစပ်သွားသည်။ သူမသည် သန့်စင်ရေလှိုင်းမျိုးနွယ်များဆီသို့ သွေးပင်လယ်နှင့် တိုက်ခိုက်လိုက်သည်။
သူမလက်ထဲရှိ မကောင်းဆိုးဝါးတစေဓားမြှောင်သည် ကောင်းကင်ကို ထိုးဖောက်လိုက်သည်။ ထက်မြက်သော ဓားသွားသည် လေဟာနယ်ကို ဖြတ်တောက်နိုင်မည့်ပုံပင်။ ၎င်းဖြတ်သွားသော နေရာတိုင်းတွင် ကောင်းကင်သည် အရောင်ပြောင်းသွားပြီး လေ ထန်သွားသည်။
မည်သူမျှ သူမကို တားဆီးနိုင်ခြင်း မရှိပေ။
ထူးခြားသော သွေးမျိုးဆက်နှင့် လူငယ်၏အမူအရာသည်ပင် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး သူက သူမကို ရပ်တန့်ရန် အလျင်စလို ပြေးသွားလိုက်သည်။ သို့ရာတွင် သူသည်လည်း နန်းတော်ခြောက်ခု တိုက်ခိုက်ရေးစွမ်းအား ရှိနေစေကာမူ ချင်းချိုးထက် နှေးကွေးနေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူတို့က ယာဉ်တန်းတစ်ခုသာ ဖြစ်ပြီး သတ်ဖြတ်ရန် တာဝန်ယူရသည့် ဝတ်ရုံနက် အစောင့်အရှောက်များ မဟုတ်ပေ။
ချင်းချိုးသည် အသာအယာ ရှောင်တိမ်းလိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် လူအုပ်ဆီသို့ တည့်တည့် ဦးတည်လိုက်သည်။
“ဟီး ဟီး ဟီး”
သန့်စင်ရေလှိုင်းမျိုးနွယ် ကျင့်ကြံသူများသည် ဘာမျှ မတတ်နိုင်ပေ။ ဓါးမြှောင် ဖြတ်သွားသည်တွင် သူတို့ ခန္ဓာကိုယ်များသည် ခဏချင်း အပိုင်းပိုင်း အစစ ဖြစ်သွားသည်။
ချင်းချိုးတိုက်ခိုက်မှုများသည် ရက်စက်မှုအပြည့် ဖျက်ဆီးခြင်းအပြည့် ဖြစ်သည်။ သိသာစွာပင် သူမက ဤနေရာရှိ လူတိုင်းကို သတ်ဖြတ်ချင်နေသည်။
ထိုသို့ သတ်ဖြတ်နေစဉ် အတောအတွင်း သူမ ခန္ဓာကိုယ်ပေါ်တွင် သွေးများ စွန်းထင်းနေပြီး သူမမျက်လုံးထဲရှိ သွေးရောင်ကို ပိုမို သိပ်သည်းလာစေသည်။
အထူးသဖြင့် သွေးများကို လျက်နေစဉ် ဖြစ်သည်။ ရူးသွပ်မှုများသည် ပိုမို ပြင်းထန်လာခဲ့သည်။
ထိုအခိုက်အတန့်ရှိ ချင်းချိုးသည် ရွှီချင်းမှတ်မိနေသော သူတို့နှစ်ဦး ပထမဆုံး တွေ့ဆုံစဉ်ကဲ့သို့ ဖြစ်သည်။
၎င်းသည် ဝတ်ရုံနီအမျိုးသမီးဟူသော စကားလုံး အစပြုရာလည်း ဖြစ်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်မရှိသလို ဤယာဉ်တန်းတွင်လည်း ဝှက်ဖဲသာ မရှိခဲ့လျှင် ချင်းချိုး ချုံခိုတိုက်ခိုက်ခြင်းသည် အောင်မြင်နိုင်ခြေများသည်ဟု ပြောနိုင်သည်။
ဤယာဉ်တန်းသည် ဝှက်ဖဲတစ်ချို့ ထားရှိခဲ့လျှင်ပင် ချင်းချိုး၏တိုက်ခိုက်ရေးစွမ်းအားနှင့် လျင်မြန်မှုအရ သူမသည် မီကာကျောက်တုံး ပမာဏ တစ်စိတ်တစ်ပိုင်းကို လုယူနိုင်ဆဲ ဖြစ်သည်။
ထိုသို့ ဖြစ်သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ချင်းချိုး ထိုကဲ့သို့ ဆက်လုပ်နေသည်ကို ရပ်ကြည့်နေရန် မဖြစ်နိုင်ပေ။ သူတို့က သန့်စင်ရေလှိုင်းမျိုးနွယ်များ သေခြင်း မသေခြင်းကို ဂရုမစိုက်သော်လည်း ထိုသူတို့က သူတို့ကို သန့်စင်ရေလှိုင်းမျိုးနွယ်ဆီ ခေါ်မသွားခင် သေလို့ မရပေ။
ထို့ကြောင့် ချင်းချိုးသည် သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်ကို ကန်ချက် တစ်ခုဖြင့် လွင့်ထွက်သွားစေပြီး တခြား အမြုတေအဆင့် သန့်စင်ရေလှိုင်းမျိုးနွယ်ကို ပိုင်းဖြတ်လိုက်သည်တွင် ခေါင်းဆောင် လှုပ်ရှားလိုက်သည်။
ခြေလေးချောင်း သတ္တဝါကြီး၏ခန္ဓာကိုယ်မှ ပျံထွက်ကာ သူသည် ပါးလွှာသော လေထုထဲတွင် ပေါ်ပေါက်လာသည်။ သူသည် ခဏချင်းပင် သေးငယ်သော ပုံရိပ်လေးမှ ပုံမှန် အရွယ်အစားသို့ ပြောင်းလဲသွားပြီး ကောင်းကင်နက်မျိုးနွယ် အသွင်အပြင်ကို ထုတ်ဖော်လိုက်သည်။ သူက အေးစက်စွာ နှာခေါင်း ရှုံ့လိုက်သည်။
“လူသား ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ”