← Chapters

ဝါးစာလိပ်မှ ပယ်ဖျက်ခြင်း

Vol. 39 Ch. 591

ဝါးစာလိပ်မှ ပယ်ဖျက်ခြင်း

Vol. 39 Ch. 591

“လူသား”

ခေါင်းဆောင်မျက်လုံးများက အထင်သေးမှုများ ထုတ်ဖော်လိုက်သည်။ သူသည် သူ၏သေးသွယ်သော ညာလက်ကို မြှောက်ကာ ချင်းချိုးဆီသို့ ဖိချလိုက်သည်။

ထိုတွန်းချက်နှင့်အတူ ချင်းချိုး ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တွန့်လိမ်ကြေမွသွားကာ သူမကို တိုက်ရိုက် ဖမ်းချုပ်လိုက်သည်။

“ကောင်းကင်နက်မျိုးနွယ်”

ချင်းချိုးမျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူမက နောက်ပြန်ဆုတ်လိုက်သည်။ သို့သော် သူမက ခြေတစ်လှမ်း နောက်ကျနေဆဲပင်။

ခေါင်းဆောင် တိုက်ခိုက်လိုက်သောကြောင့် သူမခန္ဓာကိုယ် အပြင်ဘက်ကို ကာကွယ်ထားသော တိုက်ပွဲဝိညာဉ်သည် တိုက်ရိုက် ပုံပျက်ပန်းပျက်ဖြစ်သွားကာ တစစီ ဖြစ်လုနီးပါးပင်။

သို့သော် ချင်းချိုးသည် လွယ်ကူသော ပစ်မှတ် မဟုတ်ပေ။ ထိုကဲ့သို့ အရေးကြီး အခိုက်အတန့်တွင် သူမမျက်လုံးများသည် အနီရောင် အလင်း လက်သွားပြီး တံစဉ်းကို ခေါင်းဆောင်ဆီသို့ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။

တံစဉ်းသည် အရှိန်ပြင်းစွာ လည်နေသော ဘီးကဲ့သို့ လေကို ခွင်းသွားသည့် စူးရှသော အသံ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် လေဟာနယ်ကို ကြောက်စရာ ကောင်းသော အားနှင့် ထိုးခွင်းသွားကာ ခေါင်းဆောင်ဆီသို့ တည့်တည့် ဦးတည်လိုက်သည်။

နောက်ပြန်ဆုတ်သွားသော ချင်းချိုးသည် လက်နှစ်ဖက်လုံးနှင့် လက်ဟန် အမူအရာများ ပြုလုပ်လိုက်သည်။ သူမ၏မျက်လုံးများသည် ရူးသွပ်မှုများနှင့် ပြည့်နေပြီး ခေါင်းဆောင်ဆီသို့ စူးရှသော အသံတစ်ခု အော်လွှတ်လိုက်သည်။ သူမနောက်မှ ကြေမွလုနီး တိုက်ပွဲဝိညာဉ်သည် ချက်ခြင်း သူမ ခန္ဓာကိုယ်မှ ခွာ၍ ခေါင်းဆောင်ကို ခုန်အုပ်လိုက်ပြီး သူ့ကို ဝါးမြိုရန် ပါးစပ် ဟလိုက်သည်။

ခေါင်းဆောင်သည် လုံးဝ တိမ်းရှောင်ခြင်း မရှိပေ။ သူသည် မကောင်းဆိုးဝါးတစေတံစဉ်း ချဉ်းကပ်လာပြီး သူ့နဖူးကို ခုတ်ချသည်ကို ခွင့်ပြုလိုက်သည်။ သွေးနက်များ ပန်းထွက်လာပြီး သူခန္ဓာကိုယ်သည်လည်း နှစ်ပိုင်း ပြတ်သွားသည်။

သို့သော် ဓားမြှောင်သည် ခေါင်းဆောင် ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ခြေလေးချောင်း သားရဲကြီးကို ခုတ်မိသည်တွင် ပြတ်သွားသော ခေါင်းဆောင် ခန္ဓာကိုယ်သည် ထူးဆန်းစွာနှင့် ပြန်လည်ပေါင်းစပ်သွားတော့သည်။

သူက သူ့ကိုဝါးမြိုလုနီး ဖြစ်နေသော တိုက်ပွဲဝိညာဉ်ကိုပင် ကိုက်လိုက်သည်။

ပေ ၁၀၀၀ ခန့် ကျယ်သော ပါးစပ်ကြီးသည် ခေါင်းဆောင် ရှေ့တွင် ပေါ်လာသည်။ ထိုပါးစပ်နှင့် ယှဉ်သော် တိုက်ပွဲဝိညာဉ်သည် အဆီရွှမ်းသော အသားတစ်တုံးနှင့်သာ တူပြီး ၎င်းသည် ခေါင်းဆောင်၏မြိုချခြင်း ခံလိုက်ရသည်။

သူသည် ဝါးစားလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်တွင် အမူအရာ ပြောင်းသွားသော ချင်းချိုးရှေ့သို့ ရောက်သွားသည်။ သူ၏ညာလက်အဝှေ့တွင် ရာဂဏန်းမျှသော လှံတံများ ချက်ချင်း လေထဲတွင် ပေါ်လာပြီး ချင်းချိုးကို ပိတ်ဆို့ ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ရွှီချင်းအသံ ထွက်ပေါ်လာသည်။

“ငါ သူမကို အရှင် လိုချင်တယ်”

“အမိန့်နာခံလျက်ပါ”

ခေါင်းဆောင်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ ဤအတွက် မတိုက်ခိုက်မီကပင် ရွှီချင်းနှင့် သူ ဆွေးနွေးပြီး ဖြစ်သည်။

သူ၏လက်အဝှေ့တွင် ရာဂဏန်းမျှသော လှံတံများသည် တွန့်လိမ်သွားပြီး သားရေပြားကြီးအဖြစ် ပြောင်းသွားကာ ချင်းချိုးခန္ဓာကိုယ်ကို ထုပ်ပိုး ချည်နှောင်လိုက်သည်။

ချင်းချိုးသည် ရုန်းကန်လိုက်ပြီး အလိုမကျမှုများက သူမ မျက်လုံးများတွင် ပေါ်နေသည်။ သူမသည် လျှို့ဝှက်နည်းစနစ်တစ်ခု ထုတ်သုံးလုဆဲတွင် ခေါင်းဆောင်သည် မျက်နှာဖုံးကို ထိုးချလိုက်ပြီး အမှောက်သိပ်လိုက်သည်။

ထိုးချက် အင်အားက မသေးပေ။ မျက်နှာဖုံးသည် တိုက်ရိုက် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး နူးညံ့လှပသော မျက်နှာလေး ထွက်ပေါ်လာသည်။

ခေါင်းဆောင်သည် သူမ၏ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ပေ။ သူသည် ချင်းချိုးခန္ဓာကိုယ်မှ ကြိုးများကို ဖမ်းဆွဲလိုက်ပြီး ပတ်ပတ်လည်မှ သန့်စင်ရေလှိုင်းမျိုးနွယ်များကို မကျေနပ်သော အမူအရာနှင့် အေးစက်စွာ ကြည့်လိုက်သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်သည် အလျင်စလို ရှေ့သို့ လျှောက်လာသည်။ သူမျက်နှာတွင် ကျေးဇူးတင်မှုကို ထုတ်ဖော်ထားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

“ချက်ချင်း ထွက်ခွာမယ်။ ငါတို့က သုံးရက်အတွင်း ဖုန်းဟိုင်ဒေသငယ်ကနေ ထွက်ရမယ်”

ခေါင်းဆောင် အေးစက်စွာ ‌ပြောလိုက်သည်။ ထို့နောက် ချင်းချိုးကို သယ်ကာ ခြေလေးချောင်းသားရဲကြီးဆီ ပြန်သွားပြီး သူ့ခန္ဓာကိုယ်က ကျုံ့ဝင်သွားသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်မှ လူငယ်သည် ခေါင်းဆောင် ထွက်ခွာသွားသည်ကို စောင့်ကြည့်သည်။ ထို့နောက် သူသည် ထရပ်လိုက်ပြီး သူ၏ ကျေးဇူးတင်သော ရိုသေကိုင်းရှိုင်းသော အမူအရာတို့သည် ပျောက်ကွယ်သွားသည်။ သူသည် အနီးအနားရှိ မှင်သက်ဆဲ ဖြစ်နေသော အဖွဲ့ဝင်များကို ကြိမ်းမောင်းလိုက်သည်။

များမကြာမီ ယာဉ်တန်းသည် ဆက်လက် ထွက်ခွာပြီး သိသာစွာပင် သူတို့၏အရှိန်က များစွာ ပိုမြန်သွားသည်။

ထိုအခိုက်အတန့်တွင် ခြေလေးချောင်း သားရဲကြီး၏သားရေပေါ်တွင် ခေါင်းဆောင်သည် သတိမေ့နေသော ချင်းချိုးကို ဘေးသို့ ပစ်ထုတ်လိုက်သည်။ ချင်းချိုး မြေပြင်ပေါ် ကျသွားသောအခါ သူမမျက်နှာပေါ်ရှိ မျက်နှာဖုံးမှ အပိုင်းတချို့ ပြုတ်ကျသွားပြီး သူမ၏မျက်နှာလေးက ပို၍ပင် ပေါ်လာသည်။

“မင်းက သူမကို မကြိုက်တာကြောင့် ငါက သူမက မင်းဆီ ပေးလိုက်မယ်”

ခေါင်းဆောင်သည် ပြုံးလျက် သူ့အသံကို ပို့လွှတ်လိုက်သည်။ သူသည် ဘေးတွင် ထိုင်လိုက်ပြီး ဓားမြှောင်နှင့် ကစားနေသည်။ ထိုအခိုက်အတန့်တွင် ဓားမြှောင်သည် တုန်ခါနေပြီး ၎င်းဓားမြှောင်ပေါ်ရှိ မကောင်းဆိုးဝါးတစေသည် မျက်နှာငယ်လေးနှင့် ရှိနေသည်။

ရွှီချင်း ခေါင်းညိတ်သည်။ သူ၏အေးစက်သော အကြည့်သည် ချင်းချိုးဆီသို့ ကျရောက်သွားပြီး သူမ မျက်နှာကို ကြည့်လိုက်သည်။

ထိုသည်က အလွန် လှပသော မျက်နှာလေး ဖြစ်သည်။ သူမက ဖြူသောအသားအရေ၊ သေးငယ်သော နှာတံနှင့် ချယ်ရီ‌ရောင် နှုတ်ခမ်းသားများ ရှိသည်။ သူမက ၁၆ ၁၇ မျှသာ ရှိသေးပုံ ရသည်။

သူမမျက်လုံးများ မှိတ်ထားသည်တွင် သူမ၏ ငယ်ရွယ်အပြစ်ကင်းမှုနှင့် နုံအသော ပုံစံမှအပ သူမသည် နိမ့်ကျသော မိသားစုမှ သမီးတစ်ယောက် ဖြစ်သည်ဟူသော ခံစားချက်တစ်မျိုး ပေးနေသည်။ ဤရုပ်ရည်သွင်ပြင်သည် မည်သည့် ရက်စက်မှုမျိုးမှ မရှိဘဲ မွေးရာပါ အားနည်းခြင်းသာ ရှိနေသည်။ သူမက အနီးကပ် ရင်းနှီးခဲ့သော ညီမငယ်လေးနှင့် တူနေပြီး သူမ၏ပုံမှန်သွင်ပြင်နှင့် များစွာ ခြားနားနေသည်။

ဤရက်စက်သော ကမ္ဘာတွင် ထိုကဲ့သို့သော အားနည်းမှုသည် အတိုင်းအဆမရှိ အမြတ်ထုတ်ခံရသည်။

ရွှီချင်း တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့် ရုပ်သိမ်းလုနီးတွင် တဖက်လူ၏သွင်ပြင်သည် အနည်းငယ် ရင်းနှီးနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် တဖက်လူကို သေသေချာချာ လွှမ်းခြုံကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်မှောင် ကြုတ်သွားသည်။ သူသည် ထရပ်လိုက်ပြီး လျှောက်လိုက်သည်။

ခေါင်းဆောင်မျက်နှာတွင် အပြုံးတုတစ်ခု ရှိနေကာ ကျီစားလိုသော အရိပ်အယောင်များက သူ့အမူအရာတွင် ပေါ်နေသည်။ သူသည် တံစဉ်းကို ညင်သာစွာ ပွတ်ဆွဲရင်း ပွဲကြည့်နေသည့်အလား ကြည့်လိုက်သည်။ ချက်ချင်းပင် မကောင်းဆိုးဝါးတစေသည် သွေးပျက်ဖွယ် အော်သံကြီး အော်လိုက်ပြီး အားနည်းသွားသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို အနှောင့်အယှက် မပေးချေ။ သူသည် ချင်းချိုးရှေ့သို့ သွက်လက်စွာ လျှောက်သွားသည်။ သို့သော် သူက သိပ်မသေချာနေပေ။ ထို့ကြောင့် ချင်းချိုး၏သိုလှောင်အိတ်ကို ဖယ်ရှားလိုက်သည်။ သူက သိုလှောင်အိတ်ကို ရှာဖွေလိုက်ပြီး သူမ၏ရင်ဘတ်နေရာမှ ကျောက်တုံးငယ်လေးကို ထုတ်ယူလိုက်သည်။

ထိုကျောက်တုံးငယ်လေးကို ကြည့်ရင်း ရွှီချင်းရင်ထဲ ဗြောင်းဆန်သွားသည်။

သူ့မှတ်ဉာဏ်ထဲတွင် မြှုပ်နှံထားသော မြင်ကွင်းတချို့သည် ထိုအခိုက်အတန့်တွင် ပေါ်လာသည်။

ထိုသည်က သစ်လုံးအိမ်လေး ဖြစ်သည်။ ထောင့်တစ်နေရာတွင် မျက်နှာပေါ်၌ အမာရွတ်ကြီးရှိသော ကလေးမလေး ထိုင်နေသည်။ သူမသည် တုန်ရီနေပြီး အနားကပ်လာသူမှန်သမျှကို သတိကြီးစွာ ထားနေသည်။

မြင်ကွင်းသည် သားရဲတိုက်ခိုက်ရေးကွင်းပြင်သို့ ပြောင်းလဲသွားသည်။ ကလေးမလေးသည် ဝါးချောင်းလေးတစ်ခုအား လက်ထဲတွင် ကိုင်ထားသည်။ ထိုဝါးချောင်းလေးပေါ်တွင် ‘ဘီလူးဦးချို စပါးအုံး’ ဟူသော စကားလုံး ရှိနေသည်။ ထိုအခိုက်အတန့်တွင် က‌လေးမလေး မျက်လုံးထဲရှိ ဝမ်းနည်းမှုများက အလွန် ထင်ရှားနေသည်။

မြင်ကွင်းသည် ထပ်မံ ပြောင်းလဲသွားသည်။ လရောင်အောက်ရှိ ဂိတ်ပေါက် အပြင်ဘက်တွင် ကလေးမလေး၏ ခေါင်းမာသော အသံ ထွက်ပေါ်လာသည်။ သူမက သူ့ကို ပြန်လည်ကျေးဇူးဆပ်မည်ဟု ပြောဆိုပြီး လရောင်အောက်တွင် ဒယိမ်းဒယိုင်နှင့် ထွက်သွားသည်။

ကုန်စုံဆိုင်မှ အဖြူရောင်ဆေးလုံးများ၊ လေများ နှင်းများတွင် ကြမ်းပြင်ကို လှဲကျင်းနေသော ပုံရိပ် သို့မဟုတ် သူမက သူ့ကို ဖမ်းမိပြီး ချိုချဉ်ပေးသောအခါ တဖက်လူ၏မျက်လုံးများ စသည်ဖြင့် ဆက်တိုက်ဖြစ်သော မြင်ကွင်းများစွာ ရှိနေသည်။

အဆုံးတွင် မှတ်ဉာဏ်သည် နေဝင်မြင်ကွင်းတွင် ရပ်တန့်သွားသည်။ ကလေးမလေးသည် သူမအစ်ကို၏လက်ကို ကိုင်ထားလျက် ခြေလှမ်းတိုင်းကို ပြန်လှည့်ကြည့်ကာ နှေးနှေးလေး သွားနေသည်။

မြင်ကွင်းက ပွင့်သွားသည်တွင် တချို့သော အသံများသည် ရွှီချင်းနားထဲ ပဲ့တင်သွားသည်။

“အစ်ကိုကလေး ငါ ဝမ်းနည်းတဲ့အခါတိုင်း ငါ့အမေက ချိုချဉ်တစ်လုံးပေးတယ်။ ချိုချဉ်စားရတော့ ငါ ပျော်တယ်”

“ဒါက ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ ချိုချဉ်ပဲ။ ငါ နင့်ကို ပေးမယ်”

“အစ်ကိုကလေး နင်က ပျော်ရွှင်ရမယ်နော်”

“ငါ့အစ်ကိုက ငါ့ကို ခေါ်သွားတော့မယ်။ အစ်ကိုကလေး နင် ငါနဲ့ လိုက်ခဲ့ချင်လား”

“ကောင်းပြီ။ ကြီးပြင်းလာတဲ့အခါ ငါတို့ တွေ့နိုင်ပါတယ်။ အစ်ကိုကလေး နင် ငါ့အသက်ကို ကယ်ခဲ့တာကြောင့် ငါက ပြန်‌ကျေးဇူးဆပ်မယ် ပြောခဲ့တယ်။ ငါ သေချာပေါက် ဒါကို လုပ်မှာပါ”

“ငါသွားတော့မယ်.. အစ်ကိုကလေး”

သူ့မှတ်ဉာဏ်များထဲမှ မြင်ကွင်းနှင့် အသံများသည် ရွှီချင်း စိတ်ထဲ ဆက်လက်ပဲ့တင်နေသည်။ ရွှီချင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။ ထိုသက်ပြင်းတွင် အတိတ်က မှတ်ဉာဏ်များ ပါဝင်နေသည်။ ၎င်းသည် ခံစားချက်များနှင့် ပြည့်နေသည်။

သူသည် ခေါင်းငုံ့လိုက်ပြီး ချင်းချိုး မျက်နှာကို ကြည့်လိုက်သည်။ သူမ၏နူးညံ့လှပသော မျက်နှာလေးသည် တဖြည်းဖြည်း သူမှတ်ဉာဏ်ထဲမှ ကလေးမလေးနှင့် ထပ်သွားသည်။

“ဟုတ်တယ်။ သူမက လီထူဂိုဏ်းကပဲ။ သူမ ငါ့ကို မမှတ်မိတာက ငါရဲ့ အပြောင်းအလဲက အရမ်း ကြီးမားလို့ပဲ”

ရွှီချင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။ ရတနာမုဆိုးစခန်းများတွင် ရှိနေစဉ်က သူ၏ညစ်ပတ်သော မျက်နှာသည် နှစ်ပေါင်းများစွာကြာအောင် သန့်ရှင်းရေးမလုပ်ခဲ့သည်ကြောင့်လား သို့မဟုတ် နှစ်များစွာ ကြာပြီးနောက် အရွယ်ရောက်လာပြီး သေးငယ် ပိန်ပါးသော လူငယ်လေးသည် များစွာ ပြောင်းလဲသွားသောကြောင့်လား။ သူ၏ စိတ်ခံစားမှု အတက်အကျများကြားတွင် ရွှီချင်းအကြည့်သည် သူ့လက်ထဲမှ ကျောက်တုံးငယ်လေးဆီ ရောက်သွားသည်။ ၎င်း အမာရွတ် ဖယ်ရှားသည့် ကျောက်တုံးလေးသည် အာနိသင် ကုန်ဆုံးနေပေပြီ။ သိသာစွာပင် ၎င်းကို ကြိမ်ဖန်များစွာ အသုံးပြုထားသည်။

အချိန်များစွာ ကြာပြီးနောက် ရွှီချင်းသည် ကျောက်တုံးငယ်လေးကို သူ့မူလနေရာတွင် ပြန်ထားလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ကို ယူလိုက်ပြီး သူ၏ယခင်နေရာတွင် ပြန်ထားလိုက်သည်။

လက်ရှိတွင် သူ့ပုံစံအစစ်အမှန်ကို ထုတ်ပြရန် မသင့်တော်ပေ။ ထို့အပြင် သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သောကြောင့် တဖက်လူက ယခင်အတိုင်း ဟုတ်မဟုတ် မသိနိုင်ပေ။ ထိုအရာအားလုံးသည် ရွှီချင်းကို အချိန်တစ်ခု ကြာသည်အထိ သူ့ပုံစံအမှန်ကို ထုတ်ပြရန် မလိုကြောင်း ခံစားသွားရစေသည်။

သူ့အမြင်တွင် တစ်ဦးနှင့်တစ်ဦး မှတ်မိခြင်း ရှိမရှိက အရေးမကြီးပေ။ အတိတ်က ကလေးမလေး မထွက်ခွာခင် သူပြောခဲ့သော ‘မင်း ငြိမ်းချမ်းပါစေ’ဟူသော စကားကဲ့သို့ပင်။

“မင်းဘေးကင်းနေတာ ကောင်းတယ်”

ရွှီချင်း ကြိတ်ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဝါးစာလိပ်လေးကို ထုတ်ယူလိုက်ပြီး အနီရောင် အမျိုးသမီးဟူသော အမည်ကို ပယ်ဖျက်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ခေါင်းဆောင်၏ယခင်လုပ်ဆောင်ချက်များကို ပြန်အောက်မေ့လိုက်သည်။

“လူအိုကြီး ငါ့ကို ပြောခဲ့တယ်။ ငါ ထပ်စုံစမ်းပြီး ငါတို့မထွက်ခင်က ဒါကို ရှာတွေ့ခဲ့တယ်။ အစက ငါက မင်းကို အံ့အားသင့်အောင် လုပ်ဖို့ စီစဉ်ထားတာ”

ခေါင်းဆောင်က ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး မျက်စိမှိတ်ပြသည်။

ရွှီချင်း မျက်လုံးများ ပိတ်လိုက်ပြီး နှောင့်ယှက်ခြင်း မပြုတော့ပေ။

တစ်ရက်ကြာပြီးနောက် ချင်းချိုး သတိရလာသည်။

သတိရလာလာချင်းတွင် သူမသည် မျက်လုံးများကို ချက်ချင်း မဖွင့်ခဲ့ပေ။ ထိုအစား သူမသည် နှလုံးခုန်သံနှင့် အငွေ့အသက်များကို ထိန်းချုပ်လိုက်ပြီး သတိမေ့ချင်ယောင် ဆက်ဆောင်နေကာ သူမ ပတ်ပတ်လည်ကို အာရုံခံရန် ကြိုးစားလိုက်သည်။

ပထဆုံးအာရုံခံမိသည်က သူမ ကျင့်ကြံခြင်းသည် ပိတ်ဆို့ခြင်းခံထားရပြီး ပြန်၍ မဖယ်ရှားနိုင်ပေ။

ထိုသည်က သူမကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ တစ်ချိန်ထဲတွင်ပင် မကောင်းဆိုးဝါးတစေ၏အသံသည် သူမစိတ်ထဲ ပျောက်ဆုံးနေသည်။ မကောင်းဆိုးဝါးတစေတံစဉ်းသည် အဝေးသို့ ယူသွားခံရခြင်း သို့မဟုတ် ပိတ်ဆို့ထားခြင်း ခံထားရကြောင်း သူမ သဘောပေါက်လိုက်သည်။

ထိုတွေ့ရှိချက်နှစ်ခုက သူမ၏လက်ရှိအခြေအနေသည် လွန်စွာ အန္တရာယ်များကြောင်း သူမကို နားလည်သွားစေပြီး သူမ၏သိုလှောင်အိတ်သည်လည်း ပျောက်နေသည်။

ကံကောင်းစွာပင် သူမခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေဘဲ တုပ်နှောင်ထားခြင်းလည်း မခံထားရပေ။ သူမရင်ဘတ်ရှိ ကျောက်တုံးငယ်လေးသည်လည်း ဆက်ရှိနေကြောင်း သူမ ခံစားရသည်။ ဤသည်က ကံဆိုးမှုများကြား ကောင်းချီးတစ်ခုပင်။

“မင်းက နိုးနေတာမို့ ဟန်ဆောင်ဖို့ မလိုဘူး”

ချင်းချိုးက သူမ ကျင့်ကြံခြင်း ပိတ်ဆို့ခံထားရသည်ကို ချိုးဖျက်ရန် ကြိုးစားနေသည်တွင် ရွှီချင်း၏အေးစက်သော အသံသည် သူမနားထဲ ဟိန်းထွက်သွားသည်။ ချင်းချိုးသည် ဆက်လက်တည်ငြိမ်နေပြီး ပို၍ပင် သတိရှိသွားသည်။

ရွှီချင်းသည် ချင်းချိုးကို ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ထိုမြင်ကွင်းကို ခေါင်းဆောင် မြင်သောအခါ ရွှင်လန်းစွာနှင့် သူတို့နှစ်ဦးကို ပြုံးစစ ကြည့်လိုက်သည်။

နောက်တစ်နေ့တွင် ချင်းချိုးသည် ကူကယ်ရာမဲ့စွာ မျက်လုံးများ ဖွင့်လိုက်သည်။ သူမခန္ဓာကိုယ်ထဲရှိ အချုပ်အနှောင်သည် အလွန် စွမ်းအားကြီးကြောင်း သူမ ခံစားမိသည်။ ၎င်းသည် လူသားမျိုးနွယ်၏နည်းစနစ် မဟုတ်သော်လည်း ဝိညာဉ် အမှတ်အသား ပုံစံနှင့် ဖြစ်သည်။ ၎င်းက ကောင်းကင်နက်မျိုးနွယ်၏ ပိတ်ဆို့ခြင်း နည်းပညာ ဖြစ်လိမ့်မည်။

သူမ၏လက်ရှိစွမ်းရည်များနှင့် ၎င်းကို သူမ မဖယ်ရှားနိုင်ပေ။ သူမ၏ လက်ရှိတည်နေရာကိုမူ သူမက ကောက်ချက်ချပြီး ဖြစ်သည်။ ၎င်းသည် ခြေလေးချောင်းသားရဲကြီး၏ သားရေပေါ်တွင် ဖြစ်ပြီး အထူးနည်းလမ်းတစ်မျိုးဖြင့် သေးငယ်စေကာ ထိုပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူမက သတိမရသေးခြင်း ဆိုလျှင် သိသာလွန်းသွားမည် ဖြစ်သောကြောင့် မျက်လုံးဖွင့်ကာ ရုတ်တရက် ထရပ်လိုက်ပြီး သူမ ရှေ့ရှိ ကောင်းကင်နက်မျိုးနွယ် နှစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။

ဤသည်က ကောင်းကင်နက်မျိုးနွယ်များကို သူမ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး  သန့်စင်ရေလှိုင်းမျိုးနွယ်ယာဉ်တန်းတွင် ကောင်းကင်နက်မျိုးနွယ် ရှိနေသည်ကို သိလိုက်ခြင်း ဖြစ်သည်။ ဤကိစ္စက အလွန် ကြီးသည်။

သူမကို အရှင် ဖမ်းခဲ့သော ကောင်းကင်နက်မျိုးနွယ်လက်ထဲတွင် မကောင်းဆိုးဝါးတစေတံစဉ်း ရောက်နေသည်ကို သူမက စိုးရိမ်စွာ မြင်လိုက်သည်။ မကောင်းဆိုးဝါးတစေကား နှစ်ခြိုက်စွာ အိပ်မောကျနေသည်။

“ဘာလို့ ငါ့ကို မသတ်တာလဲ”

ချင်းချိုး ရုတ်တရက် မေးသည်။

ခေါင်းဆောင်က အပြုံးတုတစ်ခု ဆင်မြန်းလျက် ချင်းချိုးကို ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။ ရွှီချင်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ဒီအတောအတွင် အေးအေးဆေးဆေးနေပါ။ ငါတို့က သုံးလအတွင်း မင်းကို ပြန်လွှတ်ပေးမယ်”

ချင်းချိုး မဲ့လိုက်သည်။ သူမက ဤစကားကို မယုံကြည်ပေ။

“ငါက မင်းတို့ လီထူဂိုဏ်းနဲ့ ဆက်ဆံဖို့ ရှိတယ်။ ဒါက ငါ မင်းကို မသတ်တဲ့ အကြောင်းရင်းလည်း ဖြစ်တယ်”

ရွှီချင်း စကားပြောတော့မည်ကို မြင်ပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။

ရွှီချင်း ခေါင်းဆောင်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

ချင်းချိုးသည်လည်း ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ငြိမ်ကျသွားသည်။ ယခုအခြေအနေတွင် ခေါင်းမာရန် မလိုအပ်ကြောင်း သူမ နားလည်သည်။ သူမသည် တဖက်လူ လိုချင်သည်ကို ကောင်းကောင်း ပူးပေါင်းချင် ယောင်ဆောင်မည်။ တစ်ချိန်ထဲတွင်ပင် သူမသည် လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေမည် ဖြစ်သည်။

“မင်း ရင်ဘတ်မှာ ရှိတဲ့ ကျောက်တုံးလေးက မင်းအတွက် အရမ်း အဓိပ္ပါယ် ရှိတယ် မလား။ ဒါ့ကြောင့် ငါက မယူထားတာပဲ”

ခေါင်းဆောင် အမူအရာက ‌အေးစက်နေကာ သူက ခြိမ်းခြောက်သော အရိပ်အယောင်များနှင့် အေးစက်စွာ ပြောသည်။

ရွှီချင်း မျက်မှောင် ကြုတ်သွားသည်။

ချင်းချိုးက တည်ငြိမ်စွာ ကြည့်လိုက်သော်လည်း သူမ နှလုံးသားမူ တုန်ခါနေသည်။ သို့သော် သူမသည် ဘာမျှ မထုတ်ပြမိရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော သူမ စိုးရိမ်မှုကို တစ်ကြိမ် ထုတ်ပြမိသည်နှင့် တဖက်လူကို အဖြေ ပြောပြလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

“ငါ မင်းကို သုံးလ အတွင်း သွားခွင့်ပြုမယ်။ အဲဒီအချိန်ကျရင် ဒီတံစဉ်းကို မင်းကို ပြန်ပေးမယ်။ သေချာတာပေါ့၊ မင်းလှည့်ကွက်လေးတွေ သုံးလာရင် ငါက ကျောက်တုံးလေးလို ပထမဆုံး ချေမွပြီး တစ်ကိုက်ပြီး တစ်ကိုက် ဝါးပစ်မယ်”

ခေါင်းဆောင် အသံက အက်ရှနေပြီး မကောင်းဆိုးဝါး အသံကဲ့သို့ပင်။ သူက လက်ချောင်းများပင် ဖြန့်လျက် တံစဉ်းကို တောက်လိုက်သည်။

သတိမေ့နေသော မကောင်းဆိုးဝါးတစေသည် ထပ်၍ တုန်ခါလာသည်။

ချင်းချိုး တိတ်ဆိတ်သွားပြီး ခေါင်းဆောင်ကို စိုက်ကြည့်သည်။ အချိန်များစွာ ကြာပြီးနောက် သူမသည် အံတင်းတင်းကြိတ်လျက် ခေါင်းညိတ်သည်။

ထိုသို့နှင့် အချိန် ကုန်ဆုံးသွားပြီး နောက်တစ်ရက် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယာဉ်တန်းသည် လင်းလန်ပြည်နယ် နယ်စပ်သို့ ရောက်ရှိပြီးနောက် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဖုန်းဆိုးနယ်မြေအရှေ့ဘက်ဒေသငယ်သို့ ဝင်ရောက်လိုက်သည်တွင် လူငယ်သည် စိတ်သက်သာရာရစွာ သက်ပင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။

ယာဉ်တန်းတွင်းရှိ အဖွဲ့ဝင်အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် အနားယူကုန်ကြသည်။ ဤနေရာတွင် သူတို့သည် လူသားမျိုးနွယ်၏ မည်သည့် အန္တရာယ်နှင့်မှ မရင်ဆိုင်ရတော့ပေ။

ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် လူငယ်၏ဖိတ်ခေါ်ခြင်း ခံရသည်။ သူတို့သည် ဖုံးကွယ်မှုများကို ဖယ်ရှားလိုက်ပြီး ပြင်ပကမ္ဘာတွင် ပေါ်လာသည်။

ဤနေရာရှိ အရာအားလုံးသည် အစိမ်းသက်သက် ဖြစ်နေပြီး ဖုန်းဟိုင်ဒေသငယ်ဘက် ကြည့်လျက် ချင်းချိုး ရုတ်တရက် ဝမ်းနည်းသွားသည်။ စိတ်ပူသော အရိပ်အယောင်များလည်း ရှိနေသည်။ အချိန်အတိုင်းအတာ တစ်ခုထိ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သူမ နားလည်ထားသည်။

“အထက်တန်းမျိုးနွယ်ဝင်တို့ ကျွန်တော်တို့ အခု ဘေးကင်းပါပြီ”

သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်က အပြုံးမျက်နှာနှင့် ရှိနေပြီး ရိုသေကိုင်းရှိုင်းမှုများက သူ့မျက်လုံးထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ယှက်လျက် ရွှီချင်းနှင့် ခေါင်းဆောင်ကို ဦးညွတ်လိုက်သည်။

All Chapters