← Chapters

ဘော့စ်ဖေးရဲ့နှိုင်းရ မျှခြေသီအိုရီ

Vol. 18 Ch. 256

ဘော့စ်ဖေးရဲ့နှိုင်းရ မျှခြေသီအိုရီ

Vol. 18 Ch. 256

စက်တင်ဘာလ ၅ ရက်နေ့၊ တနင်္ဂနွေနေ့....

ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ် ဆိုင်ခွဲ...

ချောင်းလျန်က ဘော့စ်ဖေးကို ခပ်ဖျော့ဖျော့ပြုံးပြကာ တစ်ခုခုပြောရမလား မပြောရမလား အနည်းငယ် တွန့်ဆုတ်နေသည်။

ဖေးချမ့်က ပြန်ပြုံးပြပြီး ပြောလိုက်ပါသည်။ "ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က သူများတွေရဲ့ အထင်အမြင်ကို နားထောင်ရတာ သဘောကျတဲ့ ဒီဇိုင်နာပါ။”

ချောင်းလျန်၏ ပါးစပ်အနည်းငယ် တွန့်သွားပြီး စိတ်ထဲမှာလည်း တွေးလိုက်ပါသည်။ အင်း ဟုတ်ပါတယ်။ သံသယမဖြစ်ရဲပါဘူး။

အရင်တစ်ခေါက် ချောင်းလျန် ပွင့်ပွင့်လင်းလင်း ပြောပြီးနောက် ဂိမ်းကို အလျင်အမြန် Update တင်လိုက်ကြပြီး ပြောင်းလဲမှု ၉၀ ရာခိုင်နှုန်းလောက်က သူပြောခဲ့တာတွေနဲ့ သက်ဆိုင်နေပါသည်။

သို့သော်လည်း တစ်ခုတည်းသော ပြဿနာက ပြောင်းလဲမှုအကုန်လုံးမှာ သူအကြံပြုခဲ့တာတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခြင်းပင်။

ချောင်းလျန်က ဖေးချမ့်ကို ရေပန်းသိပ်မစားသည့် လက်နက်များအား ပိုအားကောင်းအောင် လုပ်စေချင်သော်လည်း ဖေးချမ့်ကတော့ ရေပန်းစားပြီးသား လက်နက်များကို နှိမ်လိုက်ပါသည်။

ချောင်းလျန်က ဖေးချမ့်ကို ဂိမ်း၏ အစောပိုင်းအဆင့်များ၏ ခက်ခဲမှုအဆင့်ကို လျှော့ချပစ်စေချင်သည်။ ဖေးချမ့်ကတော့ ဂိမ်း၏ အလယ်ပိုင်းနဲ့ နောက်ပိုင်းအဆင့်များ၏ ခက်ခဲမှုအဆင့်ကိုပါ မြှင့်တင်လိုက်ပါသည်။

ဘော့စ်ဖေးပြောတာ မှန်သည်။ သူက တကယ်ပဲ သူများတွေရဲ့ အထင်အမြင်ကို နားထောင်ပေးတတ်သူ ဖြစ်သည်။ သို့သော်လည်း တုန့်ပြန်ချက်ကို နားထောင်ပြီးနောက် သူတို့ပြောသည့်အတိုင်း ပြောင်းလဲမှုများ လိုက်လုပ်မည်ဟုတော့ မဆိုလိုပေ...။

ဒီသုံးရက်အတွင်း ချောင်းလျန် ဆိုးဆိုးရွားရွား အချိန်ကို ကျော်ဖြတ်ခဲ့ရပါသည်။

အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း၏ ဟန်ချက် ပြန်ညှိလိုက်ခြင်းများကြောင်း ဂိမ်းထဲမှာ သူ့ကို ဆက်တိုက်နာကျင်ခံစားသွားစေသည်။ သူအသားကျပြီးသား လက်နက်ကတွေက အရင်ကလို အာနိသင်မရှိတော့သဖြင့် တခြားလက်နက်တွေကိုသာ စမ်းသုံးနိုင်တော့သည်။

ထို့အပြင် ဂိမ်း၏ နောက်ပိုင်းအဆင့်များ၏ ခက်ခဲမှုအဆင့်ကို မြှင်တင်လိုက်သောကြောင့် ချောင်းလျန်က ဂိမ်း၏ နေရာတချို့တွင် အချိန်အကြာကြီး ရပ်တန့်နေတာမျိုး ကြုံတွေ့ခဲ့ရပါသည်။ သူမွန်းစတားများကို အလွယ်လေး သတ်နိုင်ခဲ့သည့် ဆက်တင်များကတောင် အလွန်အမင်း ခက်ခဲလာခဲ့သည်။ သူ သတိမထားပါက အကြိမ် အများကြီး ထပ်မံသေဆုံးသွားနိုင်သေးသည်။

အနှစ်ချုပ်ပြောရလျှင် အဆင့်မြှင့်တင်လိုက်သော သူ့ဂိမ်းရသက အများကြီး ပိုဆိုးသွားခဲ့ပါသည်။

သို့သော်လည်း ဒီအကြောင်းကို လေးလေးနက်နက် စဥ်းစားပြီးနောက် ဘော့စ်ဖေးကိုပဲ အပြစ်လုံးလုံး တင်လို့မရဟု ခံစားလိုက်ရသည်။ အရင်တစ်ခေါက်တုန်းက ချောင်းလျန်လည်း လိုအပ်ချက် အများကြီးရှိခဲ့တာ ဖြစ်နိုင်သည်။

ဓားမနဲ့ လခြမ်းဓားသွားတွေက အသုံးဝင်သည်ဟုသာ ပြောခဲ့ပြီး တခြားလက်နက်တွေကို စွမ်းအားတိုးပေးစေချင်သည်ဟု သိသိသာသာ ထုတ်မပြောခဲ့ပေ။

ဘော့စ်ဖေး နားလည်မှုလွဲသွားတာ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ဒီတစ်ခေါက်တော့ ဘော့စ်ဖေးရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောဖို့ ချောင်းလျန် ဆုံးဖြတ်လိုက်ပါသည်။

"ဘော့စ်ဖေး ဂိမ်းစမ်းသပ်သူတစ်ယောက် အနေနဲ့ ကျွန်တော် ဝေဖန်ချက်နည်းနည်းတော့ ပေးလို့ရတယ်မလား" ချောင်းလျန်က အရင်ဆုံး အနေအထားကို စမ်းသပ်ကြည့်လိုက်သည်။

ဖေးချမ့်က ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒါပေါ့"

"ကောင်းတာပေါ့"။

ချောင်းလျန်က သူ့စကားလုံးများကို သေသေချာချာ စဥ်းစားခဲ့၏။ "ဂိမ်းကို ဟန်ချက်ပြန်ညှိထားတာက အဆင်သိပ်မပြေဘူးလို့ ခံစားရတယ်..."

"ဟင် ဘာလို့ အဲ့လိုပြောရတာလဲ" ဖေးချမ့်က မေးလိုက်သည်။

"အရင်တစ်ခေါက် ချိန်ညှိမှုတွေ လုပ်ထားတာတောင် ဂိမ်းရဲ့ ဟန်ချက်က မညီသေးဘူးလား။"

ဟင်။

ချောင်းလျန် ဘာပြောရမှန်း မသိတော့ပေ။

လက်နက်တစ်ခု၏ ရှုထောင့်ကကြည့်ရင်တော့ ဟန်ချက်က အများကြီးတိုးတက်သွားတာ သံသယဖြစ်စရာမရှိပါ။ ယခင်တုန်းကက ဓားမနဲ့ လခြမ်းဓားသွားတို့ကအလွန် စွမ်းအားကြီးလွန်းသည်။ တခြား လက်နက်တွေတောင် မယှဥ်နိုင်တော့ပါ။ ယခုတော့ ဓားမနဲ့ လခြမ်းဓားသွားတို့က တခြားလက်နက်တွေလောက် တန်းတူညီမျှ စုတ်ချာသွားပြီဖြစ်သဖြင့် ဟန်ချက်ညီမျှမှုကိုတော့ ရရှိသွားခဲ့ပါသည်။

"အာ... ဟန်ချက်ကတော့ ပိုကောင်းသွားတာ မှန်ပါတယ်။ ဒါပေမယ့်... အသုံးဝင်တဲ့ လက်နက်တွေက အသုံးမဝင်ဖြစ်လာတာကျတော့...." ချောင်းလျန် အနည်းငယ် နာကျင်သွားသည်။

ဖေးချမ့်က ပြုံးကာ ပြောလိုက်သည်။ "ရေပန်းစားလက်နက်တွေကို နှိမ်လိုက်ခြင်းအားဖြင့် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် တခြား လက်နက်တွေကို စွမ်းအားတိုးလိုက်တာနဲ့ တူတူပဲမဟုတ်ဘူးလား။ ခင်ဗျား နှိုင်းရနိယာမ အကြောင်းကိုတော့ နားလည်တယ်မလား။ ကျွန်တော် ရည်မှန်းထားတာလည်း အဲ့တာပဲ။”

ချောင်းလျန် "..."

လခွမ်း။ ကောင်းလိုက်တဲ့ နှိုင်းရနိယာမကြီးပါလား။

ဖေးချမ့်က ဆက်ပြောသည်။ "လောလောဆယ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းမှာ လက်နက်ပေါင်း ဆယ်နဲ့ချီပြီး ရှိတယ်။ ရေပန်းမစားတဲ့လက်နက်ပေါင်းများစွာကိုလည်း ဟန်ချက်ပြန်ညှိလိုက်ပြီ။ အဲ့ဒီလက်နက်တွေကိုသာ စွမ်းအားတိုးလိုက်မယ်ဆိုရင် ကျွန်တော် လက်နက်တွေဆယ်နဲ့ချီပြီး တစ်ခါတည်း တိုးမြှင့်ရမှာပေါ့။ အဲ့လိုလုပ်လိုက်ပြန်ရင်လည်း လက်နက်တချို့က စွမ်းအား အရမ်းကြီးသွားနိုင်လို့ သံသရာ ပြန်လည်လာဦးမှာပဲ။"

"ရေပန်းစားတဲ့ လက်နက်ကျတော့ ၂ လက် ၃ လက်ပဲရှိတာ။ အဲ့ဒီလက်နက်တွေကိုပဲ နှိမ်လိုက်မယ်ဆိုရင် နှိုင်းယှဥ်ကြည့်လိုက်ရင် လက်နက်တွေဆယ်နဲ့ချီပြီးကို စွမ်းအားတိုးလိုက်တာနဲ့ မညီမျှဘူးလား"

"ပြီးတော့လည်း လက်နက်အများစုရဲ့ ဟန်ချက်ကို တတ်နိုင်သလောက် သက်ရောက်မှုမရှိစေဖို့ သေချာသွားစေလိမ့်မယ်။ အဲ့တာက ပြီးပြည့်စုံတဲ့ဖြေရှင်းချက်ပဲ မဟုတ်ဘူးလား"

ချောင်းလျန် “...”

ယုတ္တိရှိတဲ့ ပုံပဲ... မဟုတ်သေးဘူး

ချောင်းလျန်က ရင်နာစွာဖြင့် ပြန်ပြောလိုက်သည်။ "ဘော့စ်ဖေး ဟန်ချက်တစ်ခုကို ဒီလိုမျိုးမရနိုင်ဘူးလေ အသုံးဝင်တဲ့အရာတိုင်းကို နှိမ်လို့မရဘူး။ ဆိုရိုးစကားရှိတယ်မလား။ အားလုံးကို နှိိမ်ပြီး ဘယ်အရာကိုမှ စွမ်းအားတိုးမထားဘူးဆိုရင် အရမ်းကောင်းတဲ့ဂိမ်းတစ်ခုကိုတောင် ကစားသမားတွေက ပစ်သွားကြမှာပဲ။ နှိမ်တယ်ဆိုတာ မစဥ်းစားဘဲ လုပ်လို့ရတဲ့အရာမဟုတ်ဘူး။"

"ဂိမ်းကိုပဲ နှိမ်တယ်လို့ ဘယ်သူပြောတာလဲ။ ဂိမ်းရဲ့ခက်ခဲမှုအဆင့်နဲ့ မွန်းစတားလေးတွေရဲ့ Damage ကိုလည်း တိုးထားတယ်မဟုတ်ဘူးလား" ဖေးချမ့်က ဆရာချောင်း၏ ဟာကွက်ကို ချက်ချင်း ထိုးပြလိုက်သည်။

ချောင်းလျန် "...ဒါပေမယ့် ဒါက ဂိမ်းကိုပိုခက်သွားစေတယ်လေ။"

ဖေးချမ့်က အနည်းငယ် ပြုံးလိုက်သည်။ ဟုတ်ပါတယ်။ ဒီပြောင်းလဲမှုတွေအကုန်လုံးက ဂိမ်းရဲ့ ခက်ခဲမှုကို တိုးမြင့်သွားစေတယ်။

"အဲ့တာ မကောင်းတဲ့ကိစ္စမိုလို့လား။"

ချောင်းလျန် ကြက်သေသေသွားခဲ့သည်။

ဟုတ်တာပေါ့။

ငါဒီဂိမ်းကို နေ့တိုင်းကစားနေရတာ။ နေ့တိုင်း မွန်းစတားလေးတွေ နှိပ်စက်တာကိုခံနေရပြီး ကြီးကြီးမားမား အောင်မြင်တာလည်း မရှိသေးဘူး။ နောက်ဆုံးတော့ ဂိမ်းကို ကစားဖို့ အလွယ်နည်းတစ်ခု တွေ့ခဲ့ပေမယ့် ၂ ရက်တည်းနဲ့ အကုန်လုံး အနှိမ်ခံလိုက်ရတယ်။ အခုတော့ နောက်ထပ် နည်းလမ်းတစ်ခု ရှာရဦးမယ်။

အဲ့ဒါက မကောင်းတဲ့ကိစ္စ မဟုတ်လို့ ဘာလဲ။

ချောင်းလျန် ထပ်ကန့်ကွက်မှာကို စောင့်မနေတော့ဘဲ ဖေးချမ့်က ကြားဖြတ်ဝင်ပြောလိုက်ပါသည်။ "ဆရာချောင်း စဥ်းစားကြည့်စမ်းပါ။ ဂိမ်းရဲ့ခက်ခဲမှုအဆင့်က ခင်ဗျားလို ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက်အတွက် မြင့်နေတယ်ဆိုတာ တကယ် မကောင်းတဲ့ ကိစ္စ ဟုတ်လို့လား။"

"ဂိမ်းတိုင်းရဲ့ ခက်ခဲမှုအဆင့်ဆိုတာ မျက်နှာကြက်လိုပဲ။ တခြားကစားသမားတွေ အကုန်လုံးသာ အဲ့ဒီမျက်နှာကြက်ကို ဖောက်ထွက်နိုင်မယ်ဆို ဘယ်သူက ပိုတော်လဲဆိုတာ ပြောနိုင်မှာ မဟုတ်ဘူး။"

"ဒါပေမယ့် အဲ့ဒီမျက်နှာကြက်ကို မြှင့်လိုက်မယ်ဆိုရင် သိသာထင်ရှားလာလိမ့်မယ်။"

"ဂိမ်းရဲ့ခက်ခဲမှုအဆင့်ကိုမြှင့်လိုက်တယ် ဆိုတာက ခင်ဗျားလို ပရော်ဖက်ရှင်နယ်ဂိမ်မာတွေကို ခင်ဗျားတို့ရဲ့ စကေးနဲ့ ပါရမီပြသနိုင်ဖို့ စင်မြင့်ကြီးကြီးတစ်ခု ဆောက်ပေးလိုက်သလိုပဲ။ သာမန်ကစားသမားတွေ မလုပ်နိုင်တဲ့ အရာမျိုးကို လုပ်ဖို့ပေါ့။"

"အဲ့တာ တကယ် မကောင်းတဲ့ကိစ္စလား။"

ချောင်းလျန်က ဘော့စ်ဖေး၏ မေးခွန်းကြောင့် မှင်သက်သွားသည်။

ဘော့စ်ဖေးတောင် ငါ့ကို ပရော်ဖက်ရှင်နယ် ကစားသမားလို့ ထင်နေတာလား။ ရှက်ဖို့ ကောင်းလိုက်တာ။

ချောင်းလျန် သူ့အပြုံးကို မထိန်းချုပ်နိုင်တော့ပေ။ "ဟုတ်ပါတယ်။ တကယ်တော့ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ ကျွန်တော်က တခြား ကစားသမားတွေထက် ပိုကြိုးစားပြီး နည်းနည်း လေးလေးနက်နက် ပိုလုပ်တတ်လို့ပါ..."

ဖေးချမ့်က ပြုံးလိုက်သည်။ "ဆရာချောင်းကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချနေပြန်ပြီ။ ခင်ဗျားလို ပရိုစစ်စစ်တစ်ယောက်က ပိုခမ်းနားတဲ့ စိန်ခေါ်မှုတွေနဲ့ ထိုက်တန်တယ်။"

"ခက်ခဲမှုအဆင့်ကို လျှော့ရမယ်ဟုတ်လား။ အဲ့တာမျိုးက ခင်ဗျားလိုလူမျိုးအတွက် အရှက်ခွဲလိုက်သလိုပဲ။ ဂိမ်းရဲ့ ခက်ခဲမှု အဆင့်ကို မြှင့်လိုက်ခြင်းဖြင့် ဆက်ပြီး စိန်ခေါ်မှုတွေ ရှိနေစေမှာ။ အဲ့တာက ခက်ခက်ခဲခဲ ကစားသမားတွေအတွက် အကြီးမားဆုံး စေတနာပဲ။"

ချောင်းလျန်က သူ့ဖန်သားပြင်ကို ကြည့်လိုက်ပြီး အလွန်တည်ကြည်လေးနက်ပြီး ဘော့စ်ဖေးကို ပြန်ကြည့်လိုက်သည်။

ရုတ်တရက်ကြီး နေလို့ထိုင်လို့ အများကြီး ပိုကောင်းသွားသလိုပင်။

အဓိပ္ပာယ်ရှိပါသည်။

ဘော့စ်ဖေးကိုယ်တိုင် ဘာလို့ ငါ့ကို ဒီလိုခက်ခဲတဲ့ ဂိမ်းမျိုး လာကစားခိုင်းခဲ့တာလဲ။

ငါ့ရဲ့ ဂိမ်းစကေးတွေနဲ့ လုံ့လရှိမှုတွေကို ယုံကြည်လို့ပေါ့။

ထိုကဲ့သို့ စဥ်းစားကာ ချောင်းလျန်တစ်ယောက် ဓားမနဲ့ လခြမ်းဓားသွားတို့ကို နှိမ်လိုက်ခြင်းအား လက်ခံဖို့ ခက်ခဲသည်ဟု မခံစားရတော့ပေ။

ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် အနေဖြင့် လက်နက်အားလုံးကို ကျွမ်းကျင်သင့်သည်။ လက်နက် ၂ ခုကိုသာ အာရုံစိုက်ထားပြီး အကောင်းဆုံးလက်နက်များကိုသာ အသုံးပြုနေပါက ဘော့စ်ဖေးကို တကယ်ပဲ စိတ်ပျက်စေပါလိမ့်မည်။ သူ့ခံစားချက်များကို ပြန်လည် ပြင်ဆင်ပြီးနောက် ဒီဂိမ်းက ခက်ခဲသည်ဟု ချောင်းလျန် မခံစားရတော့ပေ။

သို့သော်လည်း ချောင်းလျန်တွင် အတွေးနောက်တစ်ခု ဝင်လာပြန်ပါသည်။ အခုချိန်ထိ သူဆက်လက် တောင့်ခံနိုင်ခဲ့ခြင်းမှာ ဘော့စ်ဖေး၏ အားပေးမှုကြောင့်သာ ဖြစ်သည်။

ဘယ်လို တခြားကစားသမားက ဒီလို အထူး အကျိုးကျေးဇူးမျိုး ခံစားရဦးမှာလဲ။

အတော်လေး မှားယွင်းနေသည့် ဒီဇိုင်းအပြစ်အနာအဆာ တစ်ခုတော့ ရှိနေပါသေးသည်။

ချောင်းလျန်က ထိုအချက်ကို ထောက်ပြလိက်၏။ "ဘော့စ်ဖေး အဲ့လိုဆိုတော့မှ ကျွန်တော် အကြံပေးစရာတစ်ခု ရှိပါသေးတယ်။"

"ဂိမ်းက ကောင်းပေမယ့် ဂိမ်းရဲ့အစောပိုင်းအဆင့်တွေက ဂိမ်မာတွေအတွက်အရမ်းခက်ခဲတယ်လို့ ခံစားရတယ်။ ဘော့စ်ဖေး ဆက်တိုက် အားပေးနေလို့သာ ကျွန်တော်တောင် ခုချိန်ထိ တောင့်ခံနိုင်ခဲ့ပြီး ဒီဂိမ်းကို တဖြည်းဖြည်းချင်း စိတ်ဝင်စားလာခဲ့တယ်။"

"အဲ့တာကြောင့် အဲ့ဒီအတွက်တော့ ဖြေရှင်းချက်တစ်ခုလိုမယ်ထင်တယ်နော်။"

ဖေးချမ့်က စက္ကန့်ပိုင်းလောက် စဥ်းစားလိုက်ပါသည်။ "လွယ်ပါတယ်။ ကျွန်တော် တစ်ယောက်ယောက်ကို ချက်ချင်း ပြုပြင်ခိုင်းလိုက်ပါ့မယ်။"

ချောင်းလျန် ချက်ချင်းပဲ ကျေနပ်သွားပါသည်။

ဘော့စ်ဖေးကတော့ တကယ့် ဘော့စ်ဖေးပဲ။ ဖြေရှင်းချက်တစ်ခုကို ဒီလောက်မြန်မြန် စဥ်းစားနိုင်ခဲ့တာလား။

ဖေးချမ့်က ပြောလိုက်သည်။ "ဂိမ်းထဲကို အပိုင်းတစ်ပိုင်း ထပ်ထည့်လို့ရတယ်။ ဂိမ်းကို စလိုက်တာနဲ့ ကစားသမားတွေက သင်္ချိုင်းစာ တစ်စောင် ရေးနိုင်တယ်။ သူတို့ကစားနေရင်း သူတို့အတွက် သူတို့ အားပေးဖို့ပေါ့။ သူတို့ သေသွားတိုင်း အဲ့ဒီသင်္ချိုင်းစာက ဖန်သားပြင်ပေါ်မှာ ပေါ်လာလိမ့်မယ်။ အဲ့တာက အားပေးမှု တစ်ခုလို ဖြစ်စေလိမ့်မယ်။"

ဟမ်...။

သင်္ချိုင်းစာ ဟုတ်လား။

တစ်ခုခု လွဲနေသေးမှန်း ချောင်းလျန် ခံစားမိသော်လည်း ဘာဆိုတာကို အတိအကျ မပြောနိုင်သေးပါ။

ဖေးချမ့်က သူ့နာရီကို ကြည့်လိုက်ပါသည်။ "ဟုတ်ပြီ။ နောက်ကျနေပြီ။ ဒီတစ်ချိန်လုံး ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ညစာ သွားစားကြစို့။"

"သြော် ဟုတ်ကဲ့"

'သင်္ချိုင်းစာ' ဆိုတာကြီးက ဘာမှားနေသလဲဟု ချောင်းလျန် စဥ်းစားချင်သော်လည်း ဘော့စ်ဖေး၏ ညစာစားဖို့ အကြံပြုချက်ကို ကြားလိုက်ပြီးနောက် ထိုကိစ္စကို ချက်ချင်း မေ့သွားပါသည်။

သူ ထပ်ပြီး စားသောက်ရပါဦးမည်။

ဘော့စ်ဖေးက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ဟူး... သူ့ကျေးဇူးကျေအောင် တကယ်ပြန်မဆပ်နိုင်ဘူး။ ချောင်းလျန် စိတ်မကောင်းဖြစ်စွာ သက်ပြင်းချလိုက်သည်။

သူတို့နှစ်ယောာက် မင်ယွမ်စားဖိုဆောင်ကြီး၏ ဝင်ပေါက်ရှေ့တွင် ကားထဲကထွက်လိုက်ကြပါသည်။ စားကောင်းသောက်ဖွယ်များ စားသောက်ရတော့မည်အတွေးဖြင့် ဆရာချောင်း၏ မျက်လုံးတို့ တောက်ပနေတာကို မြင်သောအခါ ဖေးချမ့် ရင်ထဲ ရယ်မောလိုက်မိသည်။

ငါဆရာချောင်းကို ဂျင်းထည့်နေတာ တော်တော်ကြာပြီ။ ငါတော်တော်မကောင်းတဲ့ ကောင်ပါလား။

သို့သော်လည်း မင်ယွမ်စားဖိုဆောင်၏ ဘေးပတ်လည်ကို ကြည့်ရှုလိုက်သောအခါ ဖေးချမ့် သူ့စိတ်အခြေအနေကို ဆုံးရှုံးသွားလိုက်ရပါသည်။ မင်ယွမ်စားဖိုဆောင်ကြီး ရေပန်းစားလာကတည်းက ဖေးချမ့်မလာရောက်ခဲ့သေးပါ။

အနှစ်ချုပ်ပြောရလျှင် ဇာတ်လမ်းက ရှည်သည်။

ဖေးချမ့်က အသေးစား ကော်မာရှယ်ဗီလာ တစ်လုံးကို ဝယ်ခဲ့၏။ တခြား လူနေဗီလာများနဲ့ လုံးဝ ပိုင်းခြားထားသည်။ ၎င်း၏ ကိုယ်ပိုင်နေရာနှင့် ကားတွေမှာလည်း ကိုယ်ပိုင် ဝင်ပေါက်ရှိကြသည်။ အစပိုင်းတုန်းက ထိုအကြောင်းအရင်းကြောင့်ပဲ ဒီဗီလာတွေကို ရောင်းထွက်ဖို့ ခက်ခဲခဲ့ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း မင်ယွမ်စားဖိုဆောင်အနီးရှိ ဒီအသေးစား ကော်မာရှယ်ဗီလာက ယခုတော့ ဇိမ်ခံကားကြီးများဖြင့် ပြည့်နှက်နေပါပြီ။ ကျင်းကျိုးမြို့မှာတောင် မြင်ရခဲသည့် ကားများ ဖြစ်ကြသည်။

ထို့အပြင် တက္ကစီတွေလည်း ရောက်ရှိလာတတ်သည်။

မင်ယွမ်စားဖိုဆောင်၏ ယခု ဖောက်သည်များမှာ ဘော့စ်ကြီးများတင်မဟုတ်ဘဲ သာမန် လခစားများလည်း ရောက်လာတတ်ပါသည်။ လခစားများက တနင်္ဂနွေနေ့တွင် စားကောင်းသောက်ဖွယ်များ စားသုံးပြီး ဝန်ဆောင်မှုကောင်းများကို ခံစားဖို့အတွက် ဒီအထိတောင် ရောက်လာခဲ့ကြခြင်းဖြစ်သည်။

လူတွေထင်သလောက် မများသော်လည်း အရင်ကနဲ့တော့ လုံးဝ ခြားနားနေပါသည်။

ဆရာချောင်းအရင်တစ်ခေါက် လာခဲ့တုန်းက မင်ယွမ်စားဖိုဆောင်မှာ တခြားကတ်စတမ်မာ တစ်ယောက်မှ မရှိပေ။ လူသူကင်းမဲ့နေပြီး စားပွဲထိုးတချို့ကိုသာ မြင်ခဲ့ရပါသည်။

ဒီတစ်ခေါက်တော့ အပြင်ဘက်မှာ ဇိမ်ခံကားများ ပါကင်ထိုးထားကြသည့်အပြင် ဗီလာထဲမှာလည်း ဧည့်သည်များစွာ ပိုရှိနေပါသည်။ မိန်းခန်းမကြီးထဲတွင် စားပွဲ ၄ လုံး ၅ လုံးသာရှိ၏။ အခုချိန်တွင် ထိုစားပွဲအားလုံး လူပြည့်နေပါပြီ။ ကတ်စတမ်မာတွေက စားကောင်း သောက်ဖွယ်များကို အရသာခံရင်း စကားအေးဆေးပြောနေကြသည်။ ဘယ်သူမှ ဆဲလ်ဖုန်းများ ထုတ်မသုံးကြဘဲ ဒီနေရာကြီး၏ အနေအထားတစ်ခုလုံးက သာယာပြီး သဘာဝ ဆန်လွန်းပါသည်။

အမှန်ပင်။ မင်ယွမ်စားဖိုဆောင်၏ ထိုင်ခုံ အရေအတွက်ကလည်း အကန့်အသတ် ရှိသည်။ ထိုင်ခုံတွေအားလုံးက ပြည့်နေပြီဖြစ်သော်လည်း မိန်းခန်းမကြီးက ကျယ်ဝန်းနေဆဲဖြစ်၏။ အပြင်ဘက်မှာ လူတွေ တန်းစီနေရပြီး ပြည့်ကျပ်နေသည့် ရေပန်းစားသည့် စားသောက်ဆိုင်များနဲ့ တခြားစီ ဖြစ်သည်။

ဖေးချမ့်က မြင်နေရတာတွေကြောင့် နာကျင်သွားပါသည်။

သူ့ရှုထောင့်ကကြည့်လျှင် ဒီကတ်စတမ်မာတွေက အကုန်လုံး ပြဿနာကောင်တွေသာ ဖြစ်သည်။ သူတို့က သူ့ကို ပိုက်ဆံပုံပေးဖို့ ရောက်ရှိလာကြခြင်း မဟုတ်ပေ။ သူ့ဆီက ပိုက်ဆံကို လုယူဖို့ ရောက်လာကြခြင်းပင်။

ဖေးချမ့်နောက်က ချောင်းလျန်ကတော့ ရင်ထဲတွင် သက်ပြင်းချလိုက်မိပါသည်။ အရင်တစ်ခေါက် သူ လာခဲ့တုန်းက ဒီနေရာကြီးဘယ်လောက် လူသူကင်းမဲ့နေသလဲဆိုတာ မြင်ခဲ့ရပါသည်။ ဒါက ဘော့စ်ဖေးရဲ့ သီးသန့် စားသောက်ဆိုင်ကြီးဖြစ်ကာ သူ့ကိုယ်ပိုင် ဖျော်ဖြေဧည့်ခံမှုများအတွက် ဖွင့်ထားသည်ဟု ထင်ခဲ့မိ၏။

အခုကြည့်ရသလောက်တော့ ဒီလိုမဟုတ်လောက်တော့ပေ။ ကတ်စတမ်မာများစွာရှိနေကြပြီး ဒီနေရာကြီးက အလွန်ရေပန်းစားနေပါပြီ။ ဒီစားသောက်ဆိုင်ကြီးက ငွေတွေဝင်နေပြီမဟုတ်လား။

ဒီက အစားအသောက်တွေက တကယ်ကောင်းတာ မှန်သော်လည်း ဘော့စ်ဖေးဘယ်လိုလုပ်ပြီး ၂ ပတ်အတွင်း ဒီနေရာကြီးကို တကယ် ပေါက်သွားအောင် လုပ်နိုင်ခဲ့တာလဲ။

ချောင်းလျန် ရင်ထဲကသာ သက်ပြင်းချနိုင်ပါတော့သည်။ ဘော့စ်ဖေးက ဂိမ်းဖန်တီးသည့်နေရာမှာပဲ တော်တာ မဟုတ်လောက်ဘဲ တကယ့် စီးပွားရေ ပညာရှင်ကြီးဖြစ်နေသည်။

ဘယ်လို လုပ်ငန်းမျိုးကိုမဆို အလုပ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိ၏။

All Chapters