← Chapters

ရုန်းထွက်၍မရသော ပိုက်ကွန်

Vol. 5 Ch. 66

ရုန်းထွက်၍မရသော ပိုက်ကွန်

Vol. 5 Ch. 66

မြေရိုင်းဒေသထဲ၌ ရွှီချင်းသည် တရိပ်ရိပ်ဖြင့် ခရီးဆက်နေသည်။

ယခု သူ ပြေးနေခဲ့သည်မှာ နှစ်ရက်ရှိနေပြီဖြစ်သည်။ သူ၏ ဒဏ်ရာကုစားနိုင်စွမ်းကြောင့် မရပ်မနား ခရီးဆက်သည့်တိုင်အောင် မောပန်းနွမ်းနယ်ခြင်းများ မဖြစ်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်တစ်လုံး ပေါ့ပါးသွက်လက်နေသည်ဟုပင် သူ ခံစားနေရသည်။

ထိုနှစ်ရက်တာအတောအတွင်း စခန်းခေါင်းဆောင်ကဲ့သို့ တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည့် ကျင်းကန်းဂိုဏ်းသားများအား သူ အဝေးမှ မြင်ခဲ့ရသည်။ သို့သော်လည်း သူက သတိကြီးကြီးထား၍ ရှောင်တိမ်းကာ မြန်ဆန်စွာ ခရီးဆက်နေခြင်းကြောင့် သူတို့အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။

ယခုအခါ သူ၏ဦးတည်ရာ လုကျောက်မြို့နှင့် တစ်ရက်တာခရီးသာ ကျန်တော့သည်။ လမ်းဆုံနေရာကိုလည်း သူ ရောက်လာပြီ ဖြစ်သည်။

ဘယ်ဘက်လမ်းသည် သူ ခြောက်နှစ်တာ နေထိုင်ခဲ့သော မြို့ကိုသွားသည့်လမ်း ဖြစ်သည်။ ထိုနေရာသည် ယခုအခါ တားမြစ်နယ်မြေ ဖြစ်သွားပြီဖြစ်ပြီး အဝေးမှကြည့်လျှင် ဆည်းဆာရောင်ခြည်တန်းများအောက်၌ ပကတိ မည်းမှောင်နေ၏။

နောက်တစ်လမ်းသည် လုကျောက်မြို့သို့ သွားရာလမ်းဖြစ်သည်။

လမ်းဆုံတွင် ရပ်နေရင်း ရွှီချင်းသည် တားမြစ်နယ်မြေရှိရာကို လှည့်ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး လုကျောက်မြို့ကို သွားရန် ပြင်လိုက်သည်။ ထိုအချိန်၌ သူ ကွက်ခနဲ မျက်နှာပျက်သွားပြီး ချက်ချင်းပင် တွားသွား၍ ချုံပုတ်များထဲ ပုန်းအောင်းလိုက်သည်။

ရွှီချင်းသည် မျက်လုံးများကို မှေး၍ ဝေဟင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်ဝေဟင်ပြင်တွင် ရွှေရောင်သက်တန့်တစ်စင်း ရွှီခနဲ ပျံသန်းသွားသည်။

ယင်းက အလွန်ဝေးကွာသောနေရာတွင် ရှိနေသည်ဖြစ်၍ ရွှီချင်းသည် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းကိုသာ မြင်ရပြီး အထဲရှိလူရိပ်ကို မမြင်ရချေ။ သို့သော်လည်း ထိုလူ၏ ဝိညာဉ်စွမ်းအားအငွေ့အသက်များအရ စခန်းခေါင်းဆောင်နှင့် ဆင်တူပါသော်လည်း ပို၍ ပြင်းထန်​ေနသည်။ ထိုအခြင်းအရာက သူ့ကို တုန်ရီသွားစေသည်။

“ ဒါက စခန်းခေါင်းဆောင်ထက်တောင် ပိုများနေတာပဲ …”

သက်တန့် ထွက်သွားသောအခါမှသာ ရွှီချင်းသည် သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ချီတုံချတုံဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

ပြီးခဲ့သည့် နှစ်ရက်တာအတောအတွင်း ကျင်းကန်းဂိုဏ်းသားအုပ်စုသုံးစုကို သူ ထိပ်တိုက်တွေ့ခဲ့ပါသော်လည်း သတိကြီးကြီးထား၍ ရှောင်ကွင်းသွားနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို သူ ခံစားနေရသည်။

“ ငါ ရှေ့ဆက်သွားရင် တစ်နေ့တည်းနဲ့ လုကျောက်မြို့ကို ရောက်မှာပဲ ”

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အတွေးများသွားသည်။ လက်ရှိတွင် သူ၏အားသာချက်က သူ့တွင် ချီရွှဲ့ထုံဂိုဏ်းဝင်ခွင့်တံဆိပ်ပြားရှိကြောင်း တစ်ယောက်မှ မသိကြခြင်း ဖြစ်သည်။

ထို့ကြောင့် သူသွားမည့်နေရာကို မှန်းဆရန် ခဲယဉ်းနေပေမည်။

ယင်းအပြင် သူ့မှာ အားသာချက်တစ်ခုလည်း ရှိနေသေးသည်။ တားမြစ်နယ်မြေထဲက ဓာတ်နှောများကို သူ မကြောက်ရွံ့ခြင်းဖြစ်သည်။ သူသာ သတိထား၍ နေပါက တားမြစ်နယ်မြေထဲတွင် အချိန်ကြာမြင့်စွာ နေနိုင်ပေသည်။

နောက်ထပ်နည်းလမ်းတစ်မျိုးမှာ သူ ကျင်းကန်းဂိုဏ်းကို အခက်တွေ့အောင်လုပ်ကာ လုကျောက်မြို့ကို ခပ်သွက်သွက် ခရီးဆက်မည်ဆိုပါက လုကျောက်မြို့မှနေ၍ တည်နေရာရွှေ့ပြောင်းသွားနိုင်မည်ဖြစ်သည်။

သို့သော်လည်း ယင်းနည်းလမ်းတွင် အားနည်းချက်များလည်း ရှိနေသည်။ လုကျောက်မြို့သို့ ခရီးတွင် သူ့ကို ရှာတွေ့သွားမည်ဆိုပါက ကျင်းကန်းဂိုဏ်းသည် သူသွားမည့်မြို့ကို အလွယ်တကူ ခန့်မှန်းနိုင်သွားမည်ဖြစ်ကာ တချိန်တည်းမှာပင် သူ၏လုံခြုံရေးအတွက်လည်း စိတ်ပူစရာ ဖြစ်လာပေမည်။

တားမြစ်နယ်မြေထဲကို သူ သွားကာ အချိန်ဆွဲရမည်ဖြစ်သည်။

ကျင်းကန်းဂိုဏ်းကို မောပန်းနွမ်းနယ်အောင် လုပ်ပြီးသောအခါမှသာ တားမြစ်နယ်မြေထဲမှ သူ ထွက်လာရပေမည်။ ယင်းနည်းလမ်းသည် သူ့အတွက် လွယ်ကူသက်သာပြီး လုကျောက်မြို့ကို စိတ်အေးလက်အေးဖြင့် သွားလာနိုင်မည်ဖြစ်သည်။ ထိုအတောအတွင်း အန္တရာယ်တစ်စုံတရာ ကြုံလာပါကလည်း တားမြစ်နယ်မြေထဲတွင် ဖြစ်နေ၍ သူ့အနေဖြင့် ဆုတ်သာတိုးသာ ရှိလှပေသည်။

“ နည်းလမ်းနှစ်မျိုး၊ ရွေးချယ်စရာနှစ်ခု … ”

ရွှီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူသည် ရင်ထဲတွင် အကောင်းနှင့်အဆိုးကို ခွဲခြားသုံးသပ်နေစဉ် မကြာသေးခင်က ဖြတ်ကျော်သွားခဲ့သော ရွှေရောင်အလင်းတန်းက ပြန်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ပို၍ပင် မြန်ဆန်နေ၏။

ထိုပုံမှန်မဟုတ်သော အခြေအနေသည် ရွှီချင်းကို ချက်ချင်း မျက်မှောင်ကြုတ်သွားစေသည်။ သူသည် ပုန်းလိုက်ပြီး မလှုပ်ရှားဘဲ သတိထား၍ အကဲခတ်လိုက်သည်။ ရွှေရောင်အလင်းတန်းသည် အဝေးမှ ဖြတ်ပျံသွားပြီး သိသိသာသာ အရှိန်လျော့သွားသည်။

ထို့ကြောင့် ရွှေရောင်အလင်းတန်းထဲရှိလူကို ရွှီချင်း ကောင်းစွာ မြင်လိုက်ရသည်။ ထိုလူသည် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ထိုလူ၏ညာဘက်ခြေထောက်တွင် အဆောင်တစ်ခုရှိပြီး သူ၏ခန္ဓာကိုယ်ကို ပျံတက်စေရန် ကူညီပေးနေသည့်အလား ဝိညာဉ်စွမ်းအားအငွေ့အသက်များ တဖျပ်ဖျပ် ထုတ်လွှတ်နေသည်။

သူ၏ရှေ့တွင်လည်း ရွှေရောင်အလင်းတန်း ထွက်ပေါ်နေသည့် အဆောင်တစ်ခု ရှိနေသည်။

ထိုအခိုက် အဆောင်က အလင်းဖျော့ဖျော့သာ ထုတ်လွှတ်လာရာ အထဲတွင် ဝိုးတဝါးပုံရိပ်ရှိနေသည်။ အနီးကပ်ကြည့်ရှုလိုက်မည်ဆိုပါက ထိုလူရိပ်သည် ရွှီချင်း သတ်ခဲ့ဖူးသော စခန်းခေါင်းဆောင်၏နေအိမ်မှ အစောင့်အရှောက်မှလွဲ၍ တခြားလူမဟုတ်ပေ။

ထိုလူရိပ်သည် ရွှေရောင်အလင်းတန်းအောက်တွင် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားသည့်ပမာ အမဲလိုက်ခွေးသဖွယ် ဘေးပတ်ဝန်းကျင်ကို အနံ့ခံနေသည်။

သက်လတ်ပိုင်းအရွယ်လူသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေသည့်အလား တစတစ နှေးကွေးလာပြီးနောက် ဦးတည်ချက်ပြောင်းကာ အဝေးသို့ ထွက်ခွာသွားသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို ဒိန်းခနဲ ရင်ခုန်သွားစေသည်။

“ အဆောင်ရတနာ ”

အဆောင်နှစ်ခုကို သူ မှတ်မိလိုက်သည်။ သူ အသေးစိတ်မသိပါသော်လည်း ထိုအဆောင်များ၏ လုပ်ဆောင်ပုံကို အကြမ်းဖျင်း ခန့်မှန်းနိုင်လိုက်သည်။

“ ငါ သတ်လိုက်တဲ့လူကို သုံးတာက ငါ့ကို လိုက်ရှာဖို့လား။ ဒါပေမဲ့ သိပ်အဝေးကြီးထိ ငါ့ကို လိုက်မရှာနိုင်ဘူး။ အနံ့ခံနိုင်စွမ်းက ဝေဝါးနေတယ် ”

ရွှီချင်းသည် အသက်ဝဝရှူသွင်းလိုက်ပြီး မန္တန်အစီအရင်၏ ဆန်းကြယ်သောအစွမ်းကို ကောင်းစွာ နားလည်လိုက်သည်။ ယခုအခါ သူူ၏ရင်ထဲမှ အကောင်းအဆိုး ဝေဖန်သုံးသပ်ခြင်းက ချက်ချင်း ပြတ်သားလာသည်။

“ လုကျောက်မြို့ကို ငါ သွားလို့မဖြစ်ဘူး။ တစ်နေ့တည်းနဲ့ ငါ့ကို ရှာတွေ့သွားနိုင်ဖို့ များတယ်။ ငါ့ကို ရှာတွေ့သွားတာနဲ့ အန္တရာယ်နဲ့ ကြုံရမှာ မလွဲဘူး။ ပြီးတော့ ငါ သွားမယ့်မြို့ကိုလည်း ခန့်မှန်းမိသွားလိမ့်မယ် ”

ရွှီချင်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ထိုသတ်လတ်ပိုင်းအရွယ်လူ အဝေးကို ရောက်နေစဉ် တားမြစ်နယ်မြေထဲသို့ သူ ပြေးသွားလိုက်သည်။

ရွှီချင်းသည် တားမြစ်နယ်မြေထဲကို ရောက်ရန် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန် အကွာအဝေးသာ လိုတော့သည့်အခိုက် ဝေဟင်ရှိ ရွှေရောင်အလင်းတန်းက သူ့နောက်တွင် ထပ်မံ ပေါ်ထွက်လာသည်။

ရွှီချင်းက ချက်ချင်း ပုန်းကွယ်လိုက်၏။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင် မျက်လုံးများ မှေးသွားသည်။

ယခုအခါ ရွှေရောင်အလင်းတန်းက သူ့တည့်တည့်ကို ဦးတည်နေဟန်တူပြီး အရှိန်လည်း မြန်ဆန်လာသည်။ ယင်းအပြင် တရွှီရွှီမြည်သံပေး၍ မြန်ဆန်စွာ ရွေ့လျားလာနေသော ဓားအလင်းတန်းတစ်ခုလည်း ရှိနေသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို အနည်းငယ် မျက်နှာပျက်သွားစေသည်။ သူ ပုန်းနေ၍ မရတော့ဘဲ သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားသည်။

ထိုသို့ သူ ရှောင်သွားသည့်အခိုက် ဓားအလင်းတန်းက အစောပိုင်းက သူ ပုန်းနေခဲ့သည့်နေရာကို ဝုန်းခနဲ ကျရောက်သွားလေရာ မြေကြီးများ လွင့်ပျံတက်သွားသည်။

တစ်ဆက်တည်း ကောင်းကင်မှ ရွှေရောင်အလင်းတန်း ချက်ချင်း ကျရောက်လာပြီး အေးစက်စက်နှာမှုတ်သံ လွင့်ပျံလာသည်။

“ ခွေးကောင်လေး၊ ငါ မင်းကို တွေ့ပြီကွ။ ဒီတော့ မင်းက ဒီနေရာကို လာချင်နေတာပေါ့ ”

အသံ လွင့်ပျံလာသည်နှင့် ရွှေရောင်အလင်းတန်းက တဖြည်းဖြည်း နီးကပ်လာကာ သက်လတ်ပိုင်းအရွယ်လူ၏ပုံရိပ် ရှင်းရှင်းရှင်းလင်း ပေါ်ထွက်လာသည်။

ထိုလူသည် လေးထောင့်စပ်စပ်မျက်နှာရှိပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အရပ်အမောင်းက သာမန်သာဖြစ်ပြီး သူ၏ရုပ်ရည်သွင်ပြင်သည်လည်း သာမန်သာဖြစ်သည်။ သူ၏မျက်ခုံးမွေးများသည်သာ လွန်စွာ ထူထဲနေသည်ဖြစ်၍ သူ့ကို တစ်ခါမြင်ရုံဖြင့် မှတ်မိသွားစေနိုင်သည်။

ယခုအခါ မည်းနက်နေသော မျက်ခုံးမွေးအောက်ရှိ သူ၏မျက်လုံးများတွင် အေးစက်စက်အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ရွှီချင်းရှိရာအရပ်ကို သတ်ဖြတ်ချင်သည့်အကြည့်ဖြင့် ကြည့်နေသည်။

သူ ငုံ့၍ ကြည့်လိုက်သည့်အခိုက် ရွှီချင်းသည် ညာခြေထောက်ဖြင့် မြေပြင်ကို ဘုန်းခနဲ ဆောင့်ကာ လေထဲရှိ သက်လတ်ပိုင်းအရွယ်လူထံ တဟုန်ထိုး ပြေးဝင်သွားသည်။

သက်လတ်ပိုင်းအရွယ်လူက သရော်ပြုံး ပြုံးလိုက်သည်။ ထိုနေရာကို ဖြတ်သွားသည့် ပထမဆုံးအကြိမ်ကတည်းက ခြေရာခံအဆောင်၏ မူမမှန်သောအခြင်းအရာကို သတိထားမိခဲ့ပြီး သေချာလိုက်ရှာခဲ့၍ ရွှီချင်းကို သူ တွေ့ခဲ့ရသည်။ ရွှီချင်းက တဟုန်ထိုး ဝင်ရောက်လာနေသည်ကို သူ မြင်သောအခါ ချက်ချင်း အပေါ်ပျံတက်လိုက်သည်။

ရွှီချင်း မရောက်နိုင်သည့် အမြင့်ကို ရောက်သောအခါ ရွှီချင်းမှာ တဖြည်းဖြည်း အောက်သို့ ကျသွားပြီး သက်လတ်ပိုင်းအရွယ်လူက ညာလက်ကို မြှောက်လိုက်သည်။

ဘေးပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခု ပေါ်လာပြီး ရုတ်တရက် သူက ညွှန်လိုက်သည်။

မုန်တိုင်းသည် ချက်ချင်းပင် ရွှီချင်းထံ ကျဆင်းသွားသည်။

တဝုန်းဝုန်းမြည်ဟည်းသံများကြားတွင် ရွှီချင်းသည် မြေပြင်ပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် ကျသွားသည်။ ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှားသွားပြီး တားမြစ်နယ်မြေထဲ ဦးတည်သွားလိုက်သည်။

သက်လတ်ပိုင်းအရွယ်လူက နောက်မှလိုက်ချင်ပါသော်လည်း ထိုအခိုက် ရွှီချင်းထံမှ အေးစက်စက်အလင်းတန်းတစ်တန်း လွင့်ပျံလာကာ ဓားမြှောင်တစ်လက်ဖြစ်နေပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် သူ့ထံ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။

သက်လတ်ပိုင်းအရွယ်လူ၏မျက်လုံးများ မှေးသွားပြီး လေထဲသို့ ပျံတက်ကာ ရှောင်တိမ်းလိုက်သည်။

“ ကလေးကွက်တွေ … ”

မြေပြင်၌ ရွှီချင်းသည် သက်လတ်ပိုင်းအရွယ်လူကို စူးရှစွာ ကြည့်ပြီးနောက် စကားတစ်ခွန်းမပြောဘဲ ဆက်လက်ပြေးသွားသည်။

သူက ထိုလူအတွက် ပြိုင်ဘက်မဟုတ်သည်ကို သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။

ထိုလူသာ လေထဲတွင် ရှိမနေပါက ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ထိုလူကို လက်စတုံးပစ်မည် ဖြစ်သည်။

သို့ပေသည့် လေထဲတွင် ရှိနေသော ပြိုင်ဘက်ကို ရင်ဆိုင်ရန်မှာ ရွှီချင်းအတွက် ရွေးချယ်စရာ မရှိချေ။

တစ်ယောက်က ဝေဟင်တွင် ရှိနေပြီး တစ်ယောက်က မြေပြင်တွင် ရှိနေပေရာ ထိုသို့သော တိုက်ပွဲတွင် သူ အသားစီးရယူနိုင်မည် မဟုတ်ပေ။

ယခုအခါ ရွှီချင်းသည် အင်အားအကုန်သုံး၍ ပြေးလွှားနေသည်။ သူ၏နောက်ရှိ ရွှေရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းအရွယ်လူသည် ရယ်သွမ်းသွေးလိုက်ပြီး ကျောက်စိမ်းပေလွှာကို ထုတ်၍ ဘိုးဘေးကို ပြောကြားလိုက်သည်။ ပြီးသည်နှင့် သူက အရှိန်တင်ကာ ရွှီချင်းနောက်သို့ ပြေးလိုက်သွားသည်။ သူသည် ပြေးနေရင် မန္တန်လက်ကွက်များ တရစပ် ဖော်ထုတ်နေရာ မြေပြင်တွင် မန္တန်အလင်းတန်းများ ဝုန်းခနဲ ကျရောက်နေသည်။

ချီစုစည်းခြင်းအဆင့်ကိုးကို ရောက်နေသော မဟာအကြီးအကဲတစ်ယောက်ဖြစ်၍ သူ၏ ဝိညာဉ်စွမ်းအားများက ပေါများလှပြီး မန္တန်အစီအရင်များစွာကိုလည်း သူ တတ်မြောက်ထားသည်။

အဝေးတစ်နေရာမှ ကြည့်လျှင် မြောက်မြားစွာသော လေဓားများနှင့် မီးလုံးများက မြေပြင်တွင် ပြေးလွှားနေသော ရွှီချင်းအပေါ် တဝုန်းဝုန်း ကျရောက်နေသည်ကို မြင်ရပေမည်။ ရွှီချင်းသည် ရှောင်တိမ်းနေပါသော်လည်း တန်ပြန်အားလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံနေရဆဲဖြစ်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းမှနေ၍ သွေးများ စီးကျလာသည်။

“ ဂိုဏ်းစောင့်ဘိုးဘိုးက သတိကြီးလွန်းပါတယ်။ သူ လာနေစရာကို မလိုဘူး။ ငါ တစ်ယောက်တည်းနဲ့တင် ဒီကလေးကို သတ်နိုင်တယ် ”

လေထဲရှိ သက်လတ်ပိုင်းအရွယ်လူက ခပ်ထေ့ထေ့ဆိုလိုက်သည်။

သူက ထိုသို့ဆိုပါသော်လည်း မြေပြင်ကို မဆင်းချေ။ ရွှီချင်း၏ပုံစံက ဆိုးဆိုးဝါးဝါး ဖြစ်နေသည့်တိုင်အောင် သူသည် ပုံမှန်အမြင့်မှာပင် ဆက်နေသည်။ သူက လက်ကွက်ဖော်လိုက်ရာ မုန်တိုင်းတစ်ခု ပြန်လည်ဖြစ်တည်လာပြီး မြေပြင်ပေါ် ကျဆင်းသွားသည်။

ရွှီချင်း၏မျက်လုံးများထဲတွင် လူသတ်ချင်သည့်စိတ်များဖြင့် ဖျတ်ခနဲ လက်သွားသည်။ ထိုကဲ့သို့ ဝေ့လည်ကြောင်ပတ် တိုက်ခိုက်နေခြင်းသည် သူ၏ရင်ထဲရှိ လူသတ်ချင်စိတ်ကို ပို၍ပင် အားကောင်းလာစေသည်။

သို့သော် တစ်ဖက်လူက တစ်ယောက်တည်းဖြစ်သော်လည်း ဂိုဏ်းကို ဆက်သွယ်နိုင်မည့် နည်းလမ်းများ ရှိနေနိုင်ကြောင်း သူ ကောင်းစွာ သိထားသည်။ သူသာ တိုက်ပွဲကို မြန်ဆန်စွာ အဆုံးမသတ်ဘဲ တားမြစ်နယ်မြေထဲ ဝင်ရောက်သွားပါက အချိန်ကြာလာသည်နှင့်အမျှ သူ၏အခြေအနေက ပို၍ပင် ဆိုးဝါးသွားပေလိမ့်မည်။ အထူးသဖြင့် တစ်ဖက်လူက ဂိုဏ်းစောင့်ဘိုးဘိုးဟူ၍ ထည့်သွင်းပြောဆိုသွားခဲ့သည်ဖြစ်ရာ သူ တုန်လှုပ်သွားရသည်။

သို့သော်လည်း တစ်ဖက်လူက အောက်ကိုဆင်းမလာသည်ဖြစ်၍ ရွှီချင်းက လက်တုံ့မပြန်နိုင်အောင် ဖြစ်နေရသည်။ အစောပိုင်းက သူသည် ဟာကွက်များစွာကို သိသိသာသာ ထုတ်ပြခဲ့ပါသော်လည်း တစ်ဖက်လူကို အောက်ဆင်းလာအောင် မလုပ်နိုင်ခဲ့ပေ။

“ အဲဒီလူက သတိကြီးလွန်းတယ်။ ငါ အချိန်ဆွဲနေလို့ မရတော့ဘူး ”

ထိုအတွေးကြောင့် ရွှီချင်း၏မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းတစ်ချက် ဖျပ်ခနဲ ဝင်းလက်သွားသည်။ တစ်ဖက်လူ၏မုန်တိုင်းက သူ့အပေါ် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ဓားမော့ပုံရိပ်က မုန်တိုင်းထဲတွင် ချက်ချင်း ပေါ်ထွက်လာသည်။

မုန်တိုင်းထဲ၌ ရွှီချင်းသည် လတ်ဆတ်သော သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူသည် တစ်ဖက်လူ၏ မန္တန်ကို တောင့်ခံလိုက်ပြီး ညာလက်ကို အောက်သို့ လွှဲချလိုက်သည်။

ထိုအခါ ကြီးမြတ်သော ဓားမော့ကြီးတစ်လက် ပေါ်ထွက်လာပြန်ကာ ခုန်ချလိုက်ပြန်သည်။

ဝေဟင်ရှိ သက်လတ်ပိုင်းအရွယ်လူ၏ ရင်ထဲတွင် သေရေးရှင်ရေးအန္တရာယ်အငွေ့အသက်ကို ပြင်းပြင်းပြပြ ခံစားမိလိုက်သည်။ သူ ဆိုးဆိုးဝါးဝါးမျက်နှာပျက်သွားပြီး ပျံသန်းစေနိုင်သော အဆောင်ကို အစွမ်းကုန်ထုတ်သုံး၍ တဟုန်ထိုး ဆုတ်ခွာလိုက်သည်။

လေထဲသို့ သူ ပျံတက်လိုက်သည့်အချိန်မှာပင် သူ၏ခြေထောက်အောက်ရှိ လေဟာနယ်ထဲတွင် တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံသွားသည်။ အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်ဟန်ရှိသည့် ဓားမော့အရိပ်ကြီးက ရွှီခနဲ မြည်သံပေး၍ သူ့အောက်မှ ဖြတ်ကျော်သွားသည်။

သူသာ မဆိုစလောက် နောက်ကျသွားခဲ့လျှင် သို့မဟုတ် သူသာ ခပ်နိမ့်နိမ့်တွင်သာ နေခဲ့မည်ဆိုပါက ထိုဓားအရိပ်ကြီး၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရမည် ဖြစ်သည်။

သူသည် သေခြင်းတရားမှ ရှောင်လွှဲသွားနိုင်ခဲ့ပါသော်ငြား သူ၏ဘယ်ဘက်ခြေထောက်ကို အနည်းငယ် ထိသွားသေးသည်။ သူ့ခြေထောက် တွဲလောင်းကျသွားကာ အသားစများ ဖွာထွက်သွားသည်။

သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူသည် နာကျင်မှုကို တောင့်ခံရင်း အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏မျက်လုံးများက လူသတ်ငွေ့များဖြင့် ဆူဝေလာပါသော်လည်း ရင်ထဲတွင်မူ ပို၍သာ သတိထားနေသည်။ သူသာ ပျံသန်းနိုင်သောအဆောင် ရှိမနေခဲ့ပါက ထိုကြောက်ခမန်းလိလိ ဓားချက်ကြောင့် သေချာပေါက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမည်မှန်း ကောင်းစွာ သိလိုက်သည်။

“ ဘိုးဘိုးပြောတာမှန်တယ်။ ဒီကလေးက ထူးဆန်းတယ် ”

မြေပြင်၌ ရွှီချင်းသည် နှုတ်ခမ်းထောင့်စွန်းမှသွေးများကို သုတ်၍ ဘယ်ခြေထောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသော သက်လတ်ပိုင်းအရွယ်လူကို အေးတိအေးစက်ကြည့်လိုက်သည်။ သူသည် ရင်ထဲမှ နောင်တစိတ်တို့ကို ဖိနှိပ်လိုက်ပြီး တားမြစ်နယ်မြေဆီ တစ်ချိုးတည်း ပြေးသွားသည်။

ထိုအချိန်၌ ဝေဟင်ရှိ သက်လတ်ပိုင်းအရွယ်လူသည် မခံမရပ်နိုင်လောက်အောင် နာကျင်နေသည်။ သူက ဒဏ်ရာကို သွေးတိတ်အောင်လုပ်ပြီးနောက် ရွှီချင်းကို ငုံ့ကြည့်နေသည်။ သူ၏ရင်ထဲတွင် လူသတ်ချင်စိတ်များ ပြင်းထန်နေပါသော်လည်း အတန်ငယ် ချီတုံချတုံဖြစ်နေပြီး ဆက်လိုက်ရန် မဝံ့မရဲ ဖြစ်နေသည်။ ထိုအစား သူက ခပ်မြင့်မြင့်သို့ ပျံတက်ကာ နှောင့်ယှက်ရန် မန္တန်တစ်ခုကို အသုံးချလိုက်သည်။

သူ တစ်ယောက်တည်း ဆောင်ရွက်ရန် စိတ်ကူးမရှိချေ။ ဂိုဏ်း၏တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်ထက် သူ့အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။ ထို့ကြောင့် အပြင်ဘက်မှသာ စောင့်နေရန် သူ အစီအစဉ်ချလိုက်သည်။ ထိုကလေးက တားမြစ်နယ်မြေထဲ ဝင်သွားချင်သည့်တိုင်အောင် သူ ခွင့်ပြုပေးလိုက်မည်သာ ဖြစ်သည်။

“ ဘိုးဘိုးရောက်လာရင်တော့ အဲဒီကလေး အသေပဲ ”

သူ အနီးကပ် မလိုက်ဝံ့သည့် အခြေအနေတွင် မန္တန်က ရွှီချင်းကို ဒဏ်ရာရသွားစေခဲ့ပါသော်လည်း ရွှီချင်း၏ ဒဏ်ရာကုသနိုင်စွမ်းက အံ့မခန်းပင်။ သို့ဖြစ်၍ သူ၏အမြန်နှုန်းက လျော့ကျမသွားဘဲ ပို၍သာ မြန်ဆန်နေတော့သည်။

ထိုသို့ဖြင့် တားမြစ်နယ်မြေအစွန်အဖျားကို ရွှီချင်း မြင်လိုက်ရပြီး မကြာခင် တားမြစ်နယ်မြေထဲကို လှစ်ခနဲ ဝင်ရောက်သွားတော့သည်။

တားမြစ်နယ်မြေအပြင်ဘက်၌ သက်လတ်ပိုင်းအရွယ်လူသည် လေထဲတွင် ရပ်နေ၏။ သူ ဆက်လိုက်သင့်၊ မလိုက်သင့် ချီတုံချတုံ ဖြစ်နေစဉ် သူ၏နောက်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး တရွှီရွှီမြည်သံများနှင့်အတူ လူရိပ်နှစ်ရိပ် ပြေးလာသည်။

ရှေ့ဆုံးမှလူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေထဲတွင် အဖြူရောင်ဆံပင်ရှည်များ တဖျပ်ဖျပ် လွင့်နေကာ သူ့ထံမှ အရှိန်အဝါကြီးမားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူ၏နောက်ကျောရှိ ကင်းကောင်ပုံရိပ်ကြီးက မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲကာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ရီသွားစေသည်။ ယင်းသည် ကျင်းကန်းဂိုဏ်း၏ဘိုးဘေး ဖြစ်ပေသည်။

နောက်မှလူသည် ဂိုဏ်းအကြီးအကဲဖြစ်ပြီး သူတို့နှစ်ဦးက ရှေ့ဆင့်နောက်ဆင့် ချဉ်းကပ်လာကြသည်။

All Chapters