မင်ယွမ်ဗီလာရဲ့ ထာဝရမိတ်ဆွေ
Vol. 18 Ch. 257
စားသောက်ပြီးသွားသောအခါ ပုံမှန်အတိုင်းပဲ ဖေးချမ့်က ဆရာချောင်းအတွက် ဒရိုင်ဘာကို လိုက်ပို့ခိုင်းလိုက်ပြီး သူကတော့ သီးသန့်အခန်းထဲမှာပဲ ကျန်ရစ်ခဲ့ပါသည်။ လင်းကန်ရုံနဲ့ စကားနည်းနည်းပြောဖို့ ပြင်ဆင်ထား၏။
ဒီစကားပြောခြင်းက ဘော့စ်ဖေးအတွက် အနည်းငယ် လေးလံလို့ နေပါသည်။
ယခု မင်ယွမ်စားဖိုဆောင်က ရေပန်းစားလာပြီဖြစ်သဖြင့် သူတစ်ခုခုလုပ်ဖို့က အလွန်နောက်ကျသွားလေပြီ။ အခြေအနေတွေ ပိုဆိုးမလာအောင် လင်းကန်ရုံကို ညွှန်ကြားဖို့ အကောင်းဆုံး ကြိုးစားရုံသာ ရှိတော့သည်။
ညစာ စားပွဲခင်းပေါ်က ဟင်းလျာအားလုံးကို ရှင်းလင်းပြီးသွားသောအခါ လင်းကန်ရုံက ပျော်ရွှင်တောက်ပစွာဖြင့် ဖေးချမ့်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ဒီတစ်ချိန်လုံး လင်းကန်ရုံ အလွန်အမင်း အလုပ်ရှုပ်နေခဲ့ရပါသည်။
မင်ယွမ်စားဖိုဆောင် ရေပန်းစားလာပြီးကတည်းက နောက်ထပ် ၂ ပတ်လောက်အထိ နေ့လည်စာနဲ့ ညစာ ဘိုကင်များ ပြည့်နေပြီဖြစ်သည်။
အစကတော့ သူပျင်းလို့လို့ သေသွားနိုင်ပြီး အခုတော့ အလုပ်လုပ်ရလွန်းလို့ သေသွားနိုင်ပါသည်။
ဘိုကင်များအတိုင်း နေ့စဥ် ပါဝင်ပစ္စည်းများကို အော်ဒါ ကြိုတင်ရပြီး ကတ်စတမ်မာအုပ်စု တစ်ခုစီပေါ် မူတည်ပြီး ဇွန်းခွက်ပန်းကန်များနဲ့ ဆက်တင်များကို လိုအပ်သလို ပြောင်းလဲရသည်။ နောက်ဆုံးအဆင့် အခြေအနေများနဲ့ ရင်ဆိုင်လာရသောအခါ စားပွဲထိုးတွေ လုပ်တတ်ကိုင်တတ်အောင်လည်း သေချာ သင်ပေးရသေးသည်။
ကံကောင်းစွာဖြင့် မင်ယွမ်စားဖိုဆောင်တွင် စားဖိုမှူးနဲ့ စားပွဲထိုးများစွာရှိနေပြီး စားပွဲထိုးများကလည်း သေချာ လေ့ကျင့်ထားကြပြီးသားဖြစ်သည်။ ထို့ကြောင့် အားလုံး အလုပ်ဖြစ်အောင် သူလုပ်ဆောင်နိုင်ခဲ့ပါသည်။
အလုပ် အလွန်များရသော်လည်း လင်းကန်ရုံက အလွန်အမင်း ပျော်ရွှင်နေခဲ့၏။ သူ့တန်ဖိုး အစစ်အမှန်ကို နောက်ဆုံးတော့ ထုတ်ပြနိုင်ခဲ့ပြီဟု ခံစားလိုက်ရ၏။
ဘော့စ်ဖေးက သူ့လက်ထဲ ဒီလောက်ကောင်းမွန်သည့် စားသောက်ဆိုင်ကြီးကို အပ်ထားခဲ့သည်။ ဘော့စ်ဖေးကို စိတ်ပျက်စေလို့ မဖြစ်ဘဲ စားသောက်ဆိုင်ကြီးဆက်လက် ရေပန်းစားနိုင်အောင် ကူညီပေးရပါမည်။ ကျင်းကျိုးမြို့တစ်ခုလုံးမှာတောင် ဒီစားသောက်ဆိုင်ကို အကောင်းဆုံး ဖြစ်လာစေချင်သည်။
ကတ်စတမ်မာများစွာ ရှိနေသော်လည်း စားဖိုဆောင်ထဲတွင် ထိုင်ခုံများများစားစား မရှိသဖြင့် ဧည့်သည်များအားလုံးကို စီမံနိုင်ပါသေးသည်။
ထိုအကြောင်းပြောတော့မှ လင်းကန်ရုံက ဘော့စ်ဖေး၏ အမြော်အမြင်ကို ပိုလို့တောင် အထင်ကြီးသွားမိပါသေးသည်။
ယခင် မင်ယွမ်စားဖိုဆောင်ကြီး တိတ်ဆိတ်ကာ လူသူခေါင်းပါးနေပြီး ကတ်စတမ်မာ အနည်းငယ်သာ ရှိခဲ့စဥ်တုန်းက ဘော့စ်ဖေးက သူ့ကို စားသောက်ဆိုင် ဆက်ဖွင့်ဖို့သာ အာရုံစိုက်ခိုင်းထားပြီး ကြော်ငြာကိစ္စကို စိတ်မပူဖို့ ပြောခဲ့ပါသည်။
အမှန်ပင်။ ၂ ပတ်အတွင်းမှာတင် စားသောက်ဆိုင်ကြီးက ရေပန်းစားလာခဲ့ပါသည်။
ကံကောင်းစွာဖြင့် လင်းကန်ရုံကလည်း အလွန် စကားနားထောင်ခဲ့၏။ ဒီစားသောက်ဆိုင်နဲ့ စားပွဲထိုးများကို စီမံဖို့ နှလုံးသားနဲ့ စိတ်ဝိညာဥ်ကို ရင်းထားပြီး စံနှုန်းမြင့် ညစာစားသုံးမှုရသများ ခံစားရအောင် လုပ်ဆောင်ပေးသည်။ ထို့ကြောင့်ပဲ မင်ယွမ်စားဖိုဆောင်ကြီး၏ ဂုဏ်သတင်းက ဒီလို အမြင့်နေရာတစ်ခုမှာပဲ ဆက်လက်တည်ရှိနေခြင်းဖြစ်ပါသည်။
ဒီတစ်ခေါက် ဘော့စ်ဖေးမှာ သူ့အတွက် အမြော်အမြင်ရှိသည့် စကားတစ်ချို့ ထပ်ပြောပေးလောက်သည်။
ဖေးချမ့်က လက်ဖက်ရည်သောက်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်ပါသည်။
"ကျွန်တော် ဘာမှတော့ ပြောစရာ သိပ်မရှိပါဘူး။ ကိစ္စတချို့ ညွှန်ကြားစရာလေးရှိလို့ပါ။"
"ဟင်းလျာ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒီ့ထက်နိမ့်တဲ့ အရည်အသွေးကို သုံးလို့မဖြစ်ဘူးနော်။ ကတ်စတမ်မာတွေ မသိနိုင်တာနဲ့ဘဲ ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးကို လျော့ပစ်လို့ရတယ်လို့ တွေးလို့မရဘူး။ ကတ်စတမ်မာတိုင်းကို အစားအသောက် ဝေဖန်ရေးသမားတွေလိုမျိုး သဘောထားဆက်ဆံရမယ်။"
"ထိုင်ခုံ စီမံမှုကိုလည်း တင်းတင်းကျပ်ကျပ်လိုက်နာရမယ်။ ဒီပမာဏအတိုင်းပဲ ဆက်ပြီး ထိန်းသိမ်းထား။ အရက်ယူလာတာကို တားမြစ်တာတို့၊ သီးသန့်ခန်းတွေအတွက် အနည်းဆုံး အသုံးပြုရမယ့် ပမာဏတို့၊ ပိုးသတ်မှုတွေအတွက် အပိုကုန်ကျစရိတ်တို့ စတဲ့ အပိုမူဝါဒတွေ ထုတ်စရာ မလိုဘူး။"
"ဒါတွေ အကုန်လုံးကို အစကတည်းက ပြောထားပြီးသားဆိုပေမယ့် ထပ်ပြီး သတိပေးချင်ရုံပါ။"
"မင်ယွမ်စားဖိုဆောင်အပါအဝင် ကုမ္ပဏီရဲ့ ပရောဂျက်တွေ အကုန်လုံးက ဂုဏ်သတင်း အခြေပြု ဆုလာဘ်စနစ်ကို ကျင့်သုံးတော့မှာဆိုတာ ခင်ဗျားလည်း သိတယ်မလား။"
ဖေးချမ့်က ထိုအချက်များကို ပြန်သတိပေးဖို့ လိုသည်ဟု ခံစားမိပါသည်။
လင်းကန်ရုံသာ ရုတ်တရက်ကြီး အကြံတွေ ရလာပြီး ထိုင်ခုံတွေ ပိုထည့်သွင်းခြင်း သို့မဟုတ် အရက်ယူဆောင်လာခြင်းကို တားမြစ်ခြင်း သို့မဟုတ် သီးသန့်ခန်းများအတွက် အနည်းဆုံး အသုံးပြုရမည့်ပမာဏ ကန့်သတ်ခြင်း စသည့် မူဝါဒများ ထည့်သွင်းလိုက်ပါက အမြတ်တွေ ပိုတိုးမလာနိုင်ဘူးလား။
လာမည့် ငွေစာရင်းရှင်းချိန်က တစ်လကျော်ကျော်လေးသာ လိုတော့သည်။ မင်ယွမ်စားဖိုဆောင်က ဖေးချမ့်အတွက် အခုတောင် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေပါပြီ။ ဒီဝန်ထုပ်ဝန်ပိုး ထပ်ပြီး လေးလံသွားလို့မဖြစ်တော့ပါ။
ဖေးချမ့်သာ အရှုံးမပေါ်နိုင်ပါက တကယ်သွေးအန်မိိတော့မည်။
လင်းကန်ရုံက ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ ဘော့စ်ဖေး။ ကျွန်တော်က ကုန်ကျစရိတ်တွေအတွက် အရမ်း စိတ်ပူနေတာကို ဘော့စ်ဖေး စိုးရိမ်နေတာမလား။ အဲ့တာက မင်ယွမ်စားဖိုဆောင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုပြီးတော့လေ။ ဘော့စ်ဖေး ပြောခဲ့သမျှ အကုန်လုံးကို မှတ်ထားမယ်ဆိုတာ စိတ်ချပါ။ ကတ်စတမ်မာတွေရဲ့ အထင်အမြင်တွေက ကျွန်တော်တို့ရဲ့ နံပါတ် ၁ ဦးစားပေးပဲ။"
ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ"
ဖေးချမ့် စကားလုံးနောက်ကွယ်က အဓိပ္ပာယ် အစစ်အမှန်ကို လင်းကန်ရုံ မသိသော်လည်း မင်ယွမ်စားဖိုဆောင်က ဒီအဆင့်ထိ ပျက်စီးသွားပြီဖြစ်ကာ အခြေအနေကို ပြန်ပြုပြင်ဖို့လည်း ဖေးချမ့်မှာ အကြံကောင်း မထွက်တော့ပါ။ အခြေအနေတွေ ပိုဆိုးမလာရင်သာ ကျေးဇူးတင်မိပါလိမ့်မည်။
"ဒါပါပဲ။ ကျွန်တော် အလုပ်မပေးတော့ဘူး။ ယွီအင်တာနက်ကဖေးဆီ ပြန်တော့မယ်။"
ဖေးချမ့်က မင်ယွမ်စားဖိုဆောင်မှ ထွက်လာပြီး ဗီလာအပြင်ဘက်သို့ ဦးတည်လိုက်ပါသည်။
ကောင်းကင်ကြီးက အနည်းငယ် မှောင်မိုက်နေသည်။ ဖေးချမ့် မင်ယွမ်စားဖိုဆောင်ကြီးကို လှည့်ကြည့်လိုက်သည်။ ဘာကြောင့်မှန်း မသိဘဲ ရင်ထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရပါသည်။
တော်တော် ဆိုးရွားပါသည်။
ဖေးချမ့် တိုးတိတ်စွာ သက်ပြင်းချရင်း မင်ယွမ်စားဖိုဆောင်မှ ထွက်ကာ အနီးအနားရှိ ယွီအင်တာနက်ကဖေးဆိုင်သို့သွားပြီး ကော်ဖီ နည်းနည်းသောက်ဖို့ ပြင်လိုက်သည်။
ယခုတော့ ယွီအင်တာနက်ကဖေးဆိုင်၏ တိတ်ဆိတ်မှုနဲ့ အေးချမ်းမှုတို့ကသာ သူ့ရဲ့ နာကျင်နေသည့် စိတ်အား သက်သာစေပါတော့မည်။
သူခြေ နှစ်လမ်းလောက်သာ လှမ်းရသေးစဥ် တစ်ယောက်ယောက်က လှမ်းအော်လိုက်၏။ "ဘော့စ်ဖေးလား"
ဖေးချမ့် ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်ရာ မန်နေဂျာချွေ့ဖြစ်နေသည်။ သူက မင်ယွမ်ဗီလာ၏ အရောင်းမန်နေဂျာ ဖြစ်သည်။ ဖေးချမ့် ဒီဗီလာကြီးကို ဝယ်ခဲ့တုန်းက မန်နေဂျာချွေ့ကိုယ်တိုင် သူ့ကို ဒီဗီလာကြည့်ဖို့ ပြသပေးခဲ့ပါသည်။
မန်နေဂျာ ချွေ့က ဖေးချမ့်ကိုမြင်ရတာ ပျော်ရွှင်နေပါသည်။ "တိုက်ဆိုင်လိုက်တာဗျာ။ ကျွန်တော်တို့ တကယ်တွေ့ကြရပြီပေါ့။ ခင်ဗျားကို လူကိုယ်တိုင်လာတွေ့ပြီး ကျေးဇူးတင်ဖို့ စဥ်းစားနေတုန်း ရှိသေးတယ်။"
ဖေးချမ့်က ဇဝေဇဝါဖြစ်သွားသည်။
"ကျွန်တော့်ကို ကျေးဇူးတင်မယ်ဟုတ်လား။"
မန်နေဂျာချွေ့က ရယ်မောလိုက်ပါသည်။ "ဟုတ်တာပေါ့ ဘော့စ်ဖေး ဟုတ်တာပေါ့။ ကျေးဇူးတင်ရမှာပေါ့၊ ကြည့်လိုက်ပါဦး။ ဒါတွေက မင်ယွမ်ဗီလာရဲ့ ကြော်ငြာဆောင်ပုဒ်အသစ်တွေလေ။"
မန်နေဂျာချွေ့က တစ်ချက်နှစ်ချက်လောက် နှိပ်လိုက်ပြီး မင်ယွမ်ဗီလာ၏ ကြော်ငြာပုံစံအသစ် ပါဝင်သည့် PDF ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်ပါသည်။
ဖေးချမ့် ကြောင်သွားပြီး ဆဲလ်ဖုန်းကိုယူကာ ကြည့်လိုက်ပါသည်။ သူ ဒီဗီလာကို ဝယ်ခဲ့စဥ်တုန်းက မင်ယွမ်ဗီလာ၏ ကြော်ငြာပုံစံများကို မြင်ဖူးခဲ့ပါသည်။ ထိုကြော်ငြာပုံစံများဆိုတာ ဗီလာနယ်မြေ၏ ဓာတ်ပုံများ၊ ရှုခင်းများနဲ့ ဆောင်ပုဒ်တချို့သာ ဖြစ်သည်။
ဥပမာအားဖြင့် 'မျက်စိပသာဒဖြစ်သည့် သဘာဝ အံ့ဖွယ်မြေ'၊ 'တောတောင်မြစ်ချောင်းများအတွင်းက ဗီလာတစ်လုံး'၊ 'တောင်ဗီလာအသစ် ရေပန်းစားမှုအသစ်'၊ 'ရင်းနှီးမြှုပ်နှံမှုတစ်ခုထဲ ပျော်ပျော်ကြီး နေထိုင်လိုက်ပါ တန်ဖိုးတက်ဖို့ဆိုတာ အချိန်တစ်ခုသာ လိုပါတယ်'၊ စသည်ဖြင့် ရှိကြသည်။ အနှစ်ချုပ်ပြောရရင်တော့ ထိုကြော်ငြာများက အတုအယောင်သာဖြစ်ပြီး ဗီလာနယ်မြေကို တမင်သက်သက် လုပ်ယူချီးကျူးနေခြင်းဖြစ်သဖြင့် သူ အများကြီး အာရုံသိပ်မစိုက်ခဲ့ပေ။
သို့သော် မန်နေဂျာချွေ့ ဖုန်းထဲက ဒီကြော်ငြာ ပုံစံသစ်ကတော့ လုံးဝ ခြားနားနေပါသည်။
'မင်ယွမ်ဗီလာများ၊ ကျင်းကျိုးမြို့၏ ကော်မာရှယ်နယ်မြေတစ်ခုကို ပျိုးထောင်ခြင်း'၊ 'ဆူညံပွက်လောရိုက်မှုများမှ ဝေးကွာပြီး သာယာသည့်နယ်မြေတစ်ခုအနီးတွင် ရှိနေသော နေရာ'၊ 'နောက်ဖေးမှာ အမည်မဲ့စားသောက်ဆိုင်တစ်ခု'၊ 'ပြည်တွင်း စားကောင်းသောက်ဖွယ်များကို သုံးဆောင်ပြီး ကျင်းကျိုးမြို့ရဲ့ နာမည်ကျော်များကို တွေ့ဆုံလိုက်ပါ'...
ထို့အပြင် ဓာတ်ပုံတွေကလည်း လုံးဝ ခြားနားနေပါသည်။
ဗီလာနဲ့ ရှုခင်းများ၏ သာမန်ဓာတ်ပုံများဘေးတွင် မင်ယွမ်စားဖိုဆောင်၊ အနီးအနားရှိ ကော်မာရှယ်နယ်မြေတို့နှင့် သက်ဆိုင်သည့် ဓာတ်ပုံတွေလည်း ထည့်သွင်းထားပါသည်။
တစ်ခုက 'ကျင်းကျိုးမြို့၏ ကော်မာရှယ်နယ်မြေအသစ်' ဖြစ်သည်။
ဓာတ်ပုံထဲတွင် မင်ယွမ်ဗီလာအနီးအနားရှိ အင်တာနက်ကဖေးဆိုင်များ၊ ဘုတ်ဂိမ်းကဖေးများ၊ ကော်ဖီဆိုင်များ၊ ဘားများ အစရှိသဖြင့် ဆိုင်အားလုံးပါဝင်နေသည်။ အလွန် စည်ကားလှသည့်ပုံစံပင်။
နောက်တစ်ပုံက '၅/၅ အင်တာနက်ပေါ်မှာ ဂယက်ထနေတဲ့ ဆန်းကြယ်တဲ့စားသောက်ဆိုင်၊ အမည်မဲ့စားသောက်ဆိုင်က ဒီမှာပဲ'
ဓာတ်ပုံထဲတွင် မင်ယွမ်စားဖိုဆောင်၏ ချွမ်းမင် Review ပရိုင်ဖိုင်းစာမျက်နှာတင်မကသေးဘဲ မင်ယွမ်စားဖိုဆောင်၏ အတွင်းပိုင်း ဓာတ်ပုံများပါ ပါဝင်နေပါသည်။
နောက်တစ်ပုံက 'ကျင်းကျိုးမြို့ နာမည်ကျော်များနဲ့ မိတ်ဆွေဖွဲ့ခြင်း'
ဒီတစ်ပုံက မင်ယွမ်စားဖိုဆောင်အနီးတွင် ပါကင်ထိုးထားသည့် ဇိမ်ခံကားကြီးများကို ဆွဲရိုက်ထားပြီး အောင်မြင်သည့် ပုဂ္ဂိုလ်အုပ်စု တချို့ကိုပါ အနီးကပ်ဆွဲရိုက်ထားသည်။
ဖေးချမ့် အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ။
ကောင်းကင်ကြီး မှောင်မိိုက်လာပြီး မန်နေဂျာချွေ့မှာ ဘော့စ်ဖေး၏ ဖြူဖပ်ဖပ် မျက်နှာကို မမြင်ဘဲ ပျော်ရွှင်စွာဖြင့် ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒီလက်ကမ်းစာစောင်တွေကို ဝေပြီးသွားပြီ။ တစ်ပတ် နှစ်ပတ်အတွင်း ကျွန်တော်တို့ အာနိသင်ကို မြင်ကြရမှာပါ။"
"ဒီတစ်ခေါက် ကျွန်တော်တို့ ဘော့စ်က အစွမ်းကုန်ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ပြီဗျာ။ ကျွန်တော်တို့ သတင်းစာတွေ၊ တီဗီတွေ၊ အဆောက်အဦးအပြင်ပိုင်းတွေ၊ မဂ္ဂဇင်းတွေ၊ ပို့ဆောင်ရေးယာဥ်တွေနဲ့ ကျင်းကျိုးမြို့က ကြော်ငြာဆိုင်းဘုတ်တွေမှာပါ ကြော်ငြာကွက်တွေ ဝယ်လိုက်ပြီ။"
ဖေးချမ့် ပို၍ပင် ခေါင်းချောင်သွားသည်။
ဘာလဲဟ။ နေရာတိုင်းမှာ ကြော်ငြာကွက်တွေ ဝယ်လိုက်တယ် ဟုတ်လား။ နေပါဦး။ မင်းတို့တွေ ဒီနယ်မြေထဲက ဗီလာတွေကို ရောင်းမထွက်ဘူးလို့ ထင်ထားတာ။
အရင်တုန်းက ငါမဝယ်ခင်တုန်းကလည်း သေချာ စုံစမ်းထားပြီးသားပါ။ ဒီက ဗီလာတွေမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးလည်း လုံးဝ မရှိဘဲ စျေးပြိုင်တင်ထားတာလည်းမရှိဘူးလို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား။
အခုမှ ဘာလို့ ရုတ်တရက်ကြီး ကျယ်ကျယ်ပြန့်ပြန့် ထကြော်ငြာတာလဲ။
ပြီးတော့လည်း မင်းတို့တွေ ကြော်ငြာချင်၍လည်း ကြိုက်သလောက်ကြော်ငြာ၊ ငါ့စားသောက်ဆိုင်ကိုပါ ဆွဲမထည့်နဲ့လေ။
ဖေးချမ့်အနည်းငယ် ပျာယာခတ်သွားသည်။ "ခင်ဗျားတို့တွေ ငွေသုံးတာ များမနေဘူးလား။"
မန်နေဂျာချွေ့က ရယ်မောလိုက်ပါသည်။ "ဘော့စ်ဖေးလာနောက်နေတာပဲ။ ကျွန်တော်တို့ အရှုံးပေါ်မပေါ်ကို ခင်ဗျားသိပြီးသားပဲ မဟုတ်လား။ ရိုးရိုးသားသားပြောရရင် အရင်တစ်ခေါက် ခင်ဗျားဒီမှာ ဗီလာဝယ်ချင်တယ်လို့ ပြောတုန်းက အများကြီးမတွေးခဲ့ဘူး။ ဒါကို အလည်အပတ် အိမ်တစ်လုံးအဖြစ်ပဲ သုံးဖို့ ဝယ်တာလို့ ထင်ထားတာ"
"အဲ့ဒီနောက်မှ ခင်ဗျားက တကယ့် ဉာဏ်ကြီးရှင်ဖြစ်မှန်း သိလိုက်ရတယ်။"
မန်နေဂျာချွေ့က အားတက်ကြွစွာဖြင့် လက်မ ထောင်ပြလိုက်ပါသည်။
"ခင်ဗျားရဲ့ အမည်မဲ့ စားသောက်ဆိုင်က ချက်ချင်း ပေါက်သွားတာ။ အခုတော့ ကျင်းကျိုးမြို့မှာ ရေပန်းအစားဆုံး အဆင့်မြင့် စားသောက်ဆိုင်ကြီးဖြစ်နေပြီလေ။ အဲ့ဒီစားသောက်ဆိုင်ကို ၂ ပတ်လောက်တောင် ကြိုပြီး ဘိုကင်လုပ်ထားကြတယ်ကြားတယ်။ အဲ့ဒီမှာ ဘိုကင်ရဖို့တောင် အရမ်းခက်သွားပြီ။"
"ကျင်းကျိုးမြို့ရဲ့ အကောင်ကြီးကြီးတွေ အများကြီးက ဒီမှာ လာစားချင်နေကြတာ။ အကုန်လုံး ကြိုပြီး ဘိုကင်တင်ထားရမှာပဲလေ။"
"ဒါပေမယ့် အဝေးကြီးက ဧည့်သည်တွေကို ဧည့်ခံဖို့ကကျတော့ ဒုက္ခများတယ်လို့ ထင်တဲ့ ဘောစ့်တွေ အများကြီး ရှိတယ်။ ညစာစားဖို့ အတွက်နဲ့ သူတို့ဧည့်သည်တွေက ဒီအထိလာရမှာ နည်းနည်းအခက်အခဲရှိတယ်လေ။"
"အဲ့တာကြောင့် ဘော့စ်တချို့က အိမ်တွေကို လာကြည့်ကြတယ်။ ဧည့်သည်တွေကို ဧည့်ခံဖို့အတွက်ကော တစ်ခါတစ်လေ သူတို့နေဖို့အတွက်ကော ဗီလာတချို့ ဝယ်ချင်လို့တဲ့လေ။"
"ဟုတ်ပါတယ်။ အဲ့တာက သူတို့ ဗီလာတွေလာဝယ်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းတော့ မဟုတ်ဘူး။ ဒီက အိမ်စျေးတွေ တက်နိုင်ခြေကိုလည်း ပစ်မှတ်ထားနေကြတာ"
"မကြာသေးခင်ကမှ ကျင်းကျိုးမြို့ထဲမှာ ဒီဒေသက ကျင်းကျိုးမြို့ရဲ့ ကော်မာရှယ်နယ်မြေ အသစ်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေကြတယ်။ တချို့ ဆိုင်တွေတောင် ပိတ်ကုန်ကြပြီ။ အကုန်လုံးက ငှားရင်ငှား မငှားရင် ရောင်းပစ်လိုက်ကြပြီ။"
“အဲ့တာ အရမ်းကောင်းတဲ့လက္ခဏာပဲ။ ကျင်းကျိုးမြို့တစ်မြို့လုံးက အခု ဒီနယ်မြေကိုပဲ အာရုံစိုက်နေကြပြီ။ ကျွန်တော်တို့ရဲ့ အိမ်စျေးတွေကလည်း တက်သွားပြီ။ ကျွန်တော်တို့လက်ထဲ ရှိနေသေးတဲ့ ဗီလာတွေအားလုံးရဲ့စျေးကို အကုန်တိုးဖို့တောင် ကျွန်တော်တို့ ဘော့စ်က ဆုံးဖြတ်ပြီးသွားပြီ။ နောက်ထပ် စျေးပေါပေါနဲ့ ရောင်းလို့ မဖြစ်တော့ဘူး။"
"ဘော့စ်ဖေး အချိန်တန်ရင် ခင်ဗျားရဲ့ဗီလာ တန်ဖိုးကလည်း အလွယ်တကူ တက်သွားမှာပဲ။ ၆ သန်းလောက်နေ ၁၀ သန်းလောက်အထိ တက်သွားဖို့က ပြဿနာ မရှိတော့ဘူး။"
ဖေးချမ့်၏ ခြေထောက်များ ပျော့ခွေသွားသည်။ သူ လဲတောင်ကျတော့မလိုပင်။
၁၀ သန်းအထိ တိုးသွားမယ်ဟုတ်လား။ သူ အကြီးအကျယ် ဒုက္ခ ရောက်တော့မည်။
ဖေးချမ့် သွေးအန်လုနီးပါးဖြစ်သွားသည်။ ဒီနေရာကြီးက ကျင်းကျိုးမြို့ရဲ့ ကော်မာရှယ်နယ်မြေသစ် ဖြစ်လာလိမ့်မယ်လို့ ဘယ်ကောင်အာချောင်လိုက်တာလဲ။ ဘယ်ကောင်လဲ။
အဲ့ဒီဆိုင်တွေ ဆိုတာကော ဘယ်မှာလဲ။ ဘော့စ်လီကို အရူးလုပ်ဖို့ သုံးခဲ့တဲ့ ဆိုင်တွေ မဟုတ်ဘူးလား။
နေပါဦး... ဘော့စ်လီ...
ဖေးချမ့်ရုတ်တရက်ကြီး ပြဿနာတစ်ခုကို စဥ်းစားမိသွားသည်။ လီရှိက ဖူဟွေ့ ရင်းနှီးမြှုပ်နှံမှု၏ ဘော့စ်ဖြစ်သည်။ သူက ကျင်းကျိုးမြို့တွင်း ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာလည်း အတော်လေးနာမည်ကြီးသည်။
သိပ်မကြာသေးခင်က မင်ယွမ်ဗီလာအနီးမှာ ဆိုင်တွေဖွင့်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ကို ရူးသွပ်နေခဲ့သူဖြစ်သည်။ မင်ယွမ်စားဖိုဆောင်၏ အောင်မြင်မှုကို ဘော့စ်လီလည်း သတိထားမိသွားလောက်သည်။
ဆိုလိုရင်းက မင်ယွမ်စားဖိုဆောင်၏ နောက်ကွယ်က ကြိုးကိုင်သူမှာ ဘော့စ်ဖေး ဖြစ်သည်ဟု ဘော့စ်လီ တွေးမိလောက်သည်။ ဒီစားသောက်ဆိုင်က မင်ယွမ်ဗီလာကို ရေပန်းစားသွားစေမည့် ပဟေဠိ အစိတ်အပိုင်းတစ်ခု ဖြစ်တာကိုလည်း သိသွားလိမ့်မည်။
ဘော့စ်လီ၏ စရိုက်အရဆို သေချာပေါက် အခွင့်အရေးကို အရယူပြီး ဒီမှာ ဆက်လက်ရင်းနှီး မြှုပ်နှံပါလိမ့်မည်။
ဖေးချမ့် အတော် နေရခက်လာသည်။
မင်ယွမ်စားဖိုဆောင်၏ အောင်မြင်မှုကို အဆိုးဆုံးသတင်းဟု သူထင်ခဲ့မိ၏။ အခုတော့ မဟုတ်လောက်တော့ပါ။
ဒီနေရာကြီးသာ ရေပန်းစားလာပါက ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများနဲ့ ယွီအင်တာနက်ကဖေးကိုပါ သက်ရောက်မှု ရှိလာလိမ့်မည်။
ထို့အပြင် ဒီဗီလာ၏ တန်ဖိုးကလည်း မြင့်တက်လာဦးမည်။ 'ပြဿနာဆိုတာ ဘယ်တော့မှ တစ်ခုတည်းရောက်မလာ' ဟူသော ဆိုရိုးစကားက ဒါကို ဆိုလိုတာပဲ ဖြစ်မည်။
ဖေးချမ့် ဆဲလ်ဖုန်းကို မန်နေဂျာချွေ့ထံသို့ တိတ်ဆိတ်စွာ ပြန်ပေးလိုက်ပါသည်။ သူတိတ်ဆိတ်ကာ ရီဝေနေသည်။ ဘော့စ်ဖေး ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်နေရမှန်း၊ သူကြားလိုက်ရတာတွေကြောင့် တုန်လှုပ်သွားမှန်း မန်နေဂျာချွေ့ကတော့မသိပါ။
ဒါတွေအားလုံးက ဘော့စ်ဖေး၏ မျှော်မှန်းချက်အတွင်း ရှိနေသဖြင့် ဘော့စ်ဖေး ဒီလောက် တည်ငြိမ်နေသည်ဟုသာ မန်နေဂျာချွေ့က ထင်သွားပါသည်။
"ဘော့စ်ဖေး ကျွန်တော်တို့ ဘော့စ်ကလည်း ဘော့စ်ဖေးဆီကို ကိုယ်တိုင်ကျေးဇူးလာတင်ဦးမယ်လို့ ပြောလိုက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့တာပဲ။ သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ။ ကျွန်တော်တို့ ကြော်ငြာအတွက် မင်ယွမ်ဗီလာတွေကိုကော ခင်ဗျားရဲ့ အမည်မဲ့စားသောက်ဆိုင်ကိုပါ ပိုပြီးပေါ်လွင်လာစေဖို့ သေချာပေါက် ကြော်ငြာပေးသွားမှာပါ။"
"အဲ့ဒီအပြင် ခင်ဗျားရဲ့ ဗီလာစီမံကြေးနဲ့ သန့်ရှင်းရေးကြေးတွေလည်း ရာသက်ပန်လျော့သွားမယ်။ ခင်ဗျားရဲ့ ဘက်စုံ အဖိုးအခတွေကိုလည်း တစ်ဝက်တိတိ လျှော့ပေးပါ့မယ်။"
"ပါကင်နေရာတချို့ကိုလည်း အခမဲ့ပေးသွားမယ်။"
"ပြီးတော့ ခင်ဗျားဗီလာရဲ့ နောက်ဖေးခြံထဲက ဥယျာဥ်ကို တာဝန်ယူဖို့အတွက် ဥယျာဥ်မှူးအဖွဲ့တစ်ဖွဲ့ကို ငှားထားပါ့မယ်။ တစ်ယောက်ယောက်က အဲ့ဒီနေရာကို ပုံမှန် ထိန်းသိမ်းပေးသွားလိမ့်မယ်။"
"အဲ့တာတွေအကုန်လုံးက ခင်ဗျားအတွက် မပြောပလောက်ဘူးဆိုပေမယ့် ကျွန်တော်တို့ ဘက်က အသိအမှတ်ပြုတဲ့ ပုံစံတစ်ခုပါပဲ။"
"အနှစ်ချုပ်ပြောရရင်တော့ ခင်ဗျားက မင်ယွမ်ဗီလာနယ်မြေထဲမှာ ဂုဏ်သရေအရှိဆုံး အိမ်ရှင်ဖြစ်လိမ့်မယ်။ ခင်ဗျားက မင်ယွမ်ဗီလာရဲ့ ထာဝရမိတ်ဆွေပဲ။"