ငါ့အပြစ်တွေလား
Vol. 18 Ch. 258
မန်နေဂျာချွေ့ကို နှုတ်ဆက်ပြီးနောက် ဖေးချမ့် စိတ်ရှုပ်စွာဖြင့် မင်ယွမ်ဗီလာနယ်မြေထဲက ထွက်လာခဲ့ပါတော့သည်။ ယွီအင်တာနက်ကဖေးဆိုင်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။
ရိုက်ချက် တစ်ခုပြီးတစ်ခုကို ခံလိုက်ရပြီးနောက် လမ်းပျောက်သလို ခံစားလိုက်ရသည်။ ယခု သူလုပ်ချင်တာဆိုလို့ ယွီအင်တာနက်ကဖေးမှာ ထိုင်ပြီး ကော့တေး သောက်ချင်ရုံသာ ဖြစ်သည်။ သူ့ကိုယ်သူ စိတ်အေးအေး ထားနိုင်ဖို့အတွက် အင်တာနက်ကဖေးထဲက တိတ်ဆိတ်ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်ကို လိုအပ်သည်။
သူ လမ်းလျှောက်ရင်းနဲ့ တစ်ခုခု မူမမှန်တာကို အာရုံ စရလာခဲ့ပါသည်။
ညကြီးမိုးချုပ်အချိန် ဖြစ်နေတာတောင် ဘာလို့ လမ်းပေါ်မှာ လူတွေအများကြီး ရှိနေသေးတာလဲ။
မင်ယွမ်ဗီလာက အလွန်လူသွားလူလာနည်းပါးသည်။ တနင်္ဂနွေ နေ့တွေမှာတောင် လမ်းမပေါ်မှာ လူတွေ အလွန်နည်းပါးလေ့ ရှိပါသည်။
သို့သော်လည်း ဒီနေ့တော့ လူတွေ အများကြီး ရှိနေသည်။
လူတွေက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ လမ်းလျှောက်နေကြပြီး အများစုက ကျောင်းသားများဖြစ်ပုံရသည်။ တချို့ကလည်း လူကြီးများဖြစ်ပါသည်။ လမ်းမဘေးမှာလည်း ပါကင်ထိုးထားသည့် ကားတွေ ပိုများနေပါသည်။
လမ်းတစ်ဖက်တစ်ချပ်စီက ဆိုင်တွေကို ကြည့်လိုက်တော့ ဖေးချမ့် ကမ္ဘာကြီးနဲ့ အချိန် အကြာကြီး အဆက်အသွယ်ပြတ်သွားသလို ခံစားလိုက်ရပါသည်။
ဒီဆိုင်တွေ ဘယ်တုန်းက ဒီမှာဖွင့်လိုက်တာလဲ။
သိပ်မကြာသေးခင်ကမှ လမ်းတစ်ခုလုံးတွင် ယွီအင်တာနက်ကဖေးဆိုင်တစ်ခုတည်းသာ ရှိခဲ့ပါသည်။ တခြားဆိုင်တွေက အေးစက် ခြောက်သွေ့နေခြင်း သို့မဟုတ် အကုန်လုံး ပိတ်ထားခဲ့ကြသည်။
ဖေးချမ့်က ဒီနေရာမှာ လေဆန်ပို့ဆောင်ရေး ရုံးတစ်ခု ဖွင့်ဖို့တောင် ရည်ရွယ်ထားပါသေးသည်။ သင့်တော်သည့် နေရာများလွန်းနေသောကြောင့်သာ လမ်းပျောက်နေခြင်း ဖြစ်၏။
ရွေးချယ်နိုင်သည့် ရွေးချယ်မှုအားလုံးထဲတွင် အကောင်းဆုံးနေရာရှီ အကြီးဆုံးဆိုင်ကိုလည်း ရွေးချယ်နိုင်သည်။ ထိုအချိန်တုန်းက ဒီဆိုင်တွေကို ဘယ်သူမှ မလိုချင်ကြသောကြောင့်ပင်။ ဆိုင်တိုင်းက ကွက်လပ်ဖြစ်နေပြီး ဝယ်ယူနိုင်ပါသည်။ အခုတောာ့ သိပ်မကောင်းသည့် နေရာတွေက ဆိုင်တွေတောင် ဝယ်ယူခံလိုက်ရပါပြီ။
ထို့အပြင် ဆိုင်ပေါင်းစုံ ရှိနေသည်။
ဘားများ၊ ဘုတ်ဂိမ်းကဖေးများ၊ စသည်တို့ ရှိကြသည်။ ဘော့စ်လီဖွင့်ထားသည့် ဆိုင်တွေက အလွန်စည်ကားနေပါသည်။
ဘားတစ်ခု၏ ဝင်ပေါက်တွင် သီချင်းသံကို ကြားရ၏။ လူငယ်တွေအများကြီး ဘားထဲကို တိုးဝင်ဖို့ ကြိုးစားနေကြသဖြင့် ဖေးချမ့်တောင် သူတို့အစား ပူအိုက်သွားပါသည်။
တခြား ဆိုင်များစွာကလည်း အွန်လိုင်းပေါ်မှာ ရေပန်းစားနေသည့် ပေါင်မုန့်ညစ်၊ ရေခဲမုန့်၊ ဝက်သားမျှင်ကိတ်၊ ဒူးရင်းလွှာကိတ် အစရှိသည့် မုန့်ပဲသရေစာများကို ရောင်းချနေကြသည်။ တကယ်တော့ အကုန်လုံးက ရောင်းကောင်းနေကြသည့်ပုံပင်။
ပေါက်စီနဲ့ ဖက်ထုပ်၊ ပဲကျပ်ပျဥ်၊ အီကြာကွေး အစရှိသည့် ရိုးရာအစားအသောက်များ ရောင်းချနေသည့် ဆိုင်တွေလည်း ရှိပါသည်။
ထို့အပြင် ဘာဘယ်လ်တီးနဲ့ အအေးများ ရောင်းချနေသော ဆိုင်များရှိသလို ၂၄ နာရီ စတိုးများလည်း ရှိကြပါသည်။
ဖေးချမ့် လက်ခံဖို့ အခက်ခဲဆုံးအရာက ဒီနယ်မြေ၏ လူအစည်ကားဆုံးနေရာတစ်ကွက်တွင် ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ထိုဆိုင်၏ အမည်က "အမည်မဲ့ စားဖိုဆောင်" ဖြစ်ကာ အထဲမှာလည်း ကတ်စတမ်မာများစွာ ရှိနေပါသည်။ ဖေးချမ့် သွေးအန်ချင်သွားသည်။
ဒါ ဘယ်လို အပြုအမူလဲ။ ဒီကောင်တွေက အယောင်ဆောင် လူလိမ်တွေဆိုတာ သိသာနေတာပဲ။ အဝေးကြီးကနေ လာပြီး စားသောက်တဲ့ ကတ်စတမ်မာတွေကို ရည်ရွယ်ချက်ရှိရှိ လိမ်နေကြတာ။
သို့သော်လည်း သူတို့ စားသောက်ဆိုင်ကို ဒီလို နာမည်ပေးတာကတော့ ဘာမှမမှားယွင်းသည့်ပုံပင်။ ယုတ္တိရှိရှိ ပြောရလျှင် ဖေးချမ့်၏ စားသောက်ဆိုင်က မင်ယွမ်စားဖိုဆောင်ဟုခေါ်သည်။ ချွမ်းမင် Review ပေါ်မှာလည်း နာမည်မရှိပေ။ ဒီစားသောက်ဆိုင်ကို 'အမည်မဲ့ စားဖိုဆောင်' ဟု နာမည်ပေးဖို့ မူပိုင်ခွင့် မထိခိုက်ပါ။
ဖေးချမ့် စိတ်တိုသွားသည်။ သူ့ဖုန်းကိုဖွင့်လိုက်ပြီး ဒီလူလိမ်စားသောက်ဆိုင်ကို ဖော်ဖို့အတွက် ချွမ်းမင် Review ထဲကို လော့အင် ဝင်လိုက်ပါသည်။
နောက်ဆုံးတော့ ဒီစားသောက်ဆိုင်မှာ အဆင့်သတ်မှတ်ချက် ၄.၃ လောက်ရှိနေတာ မြင်လိုက်ရပါသည်။
"ဒီစားသောက်ဆိုင်က သူများအောင်မြင်မှုကို ရေသာခိုလိုက်လာတာ ဆိုပေမယ့် သူတို့အစားအသောက်တွေကတော့ မဆိုးပါဘူး။"
"ဟိုအမည်မဲ့စားသောက်ဆိုင်က ကောင်းပေမယ့် အမြဲတမ်း ဘိုကင်ပြည့်နေတာကိုး။ ငါတို့မှာ ရွေးချယ်စရာ မရှိဘဲ ဒီစားသောက်ဆိုင်မှာပဲ စမ်းစားကြည့်ရတာပေါ့။”
"အမည်မဲ့စားသောက်ဆိုင်ကြီးက သူ့နားက အစားအသောက်တွေကို နာမည်ကြီးအောင် လုပ်ပေးခဲ့တာပဲ။ ဒီမှာ ဆိုင်ဖွင့်ထားတဲ့လူတွေ အကုန်လုံးက အောင်မြင်မှုအပေါ် ရေသာခို လိုက်မယ့်လူတွေချည်းပဲ။ ဒီနေရာကြီးက ကျင်းကျိုးမြို့မှာ နာမည်ကြီး အစားအသောက် လမ်းမဖြစ်လာတော့မယ်လို့ ထင်နေမိတယ်။"
"ဒီစားသောက်ဆိုင်ကို မလာကြဖို့ အကြံပေးတယ်။ အဲ့ဒီအစား ယွီအင်တာနက်ကဖေးကိုသာ သွားကြ။ အဲ့ဒီက အစားအသောက်တွေက အရမ်း ကျန်းမာရေးနဲ့ ညီညွတ်တယ်။ မင်းတို့ ဗိုက်မဝလည်း ဘေးပတ်လည်က မုန့်ပဲသရေစာတွေ ဝယ်စားလို့ရတာပဲ။ ပေါင်မုန့်ညှပ်နဲ့ ရေခဲမုန့်တွေ ဝယ်စားဖို့ အကြံပေးချင်တယ်။"
"ဟုတ်တယ်။ ဒါက သာမန်စားသောက်ဆိုင်လေးပါကွာ။ ဘေးက ယွီအင်တာနက်ကဖေးက အစားအသောက်တွေက ပိုကောင်းတယ်။"
ဖေးချမ့် “...”
သူများ နာမည်နောက်ကို အရှက်မရှိ ရေသာခို အချောင်လိုက်သည့် ဒီစားသောက်ဆိုင်ကို ဖော်ထုတ်ဖို့သာ ဝင်လာသော်လည်း Netizen များ ချန်ထားခဲ့သည့် ကောမန့်များကို ဖတ်ကြည့်လိုက်သောအခါ ပိုပြီး အရေးကြီးသည့် ပြဿနာတစ်ခုကို မြင်လိုက်ရပါသည်။
ဘယ်သူလုပ်တာလဲ။ ဘယ်သူယွီအင်တာနက်ကဖေးကို ကြော်ငြာလိုက်တာလဲ။ ချွမ်းမင် Review ပေါ်တွင် ယွီအင်တာနက်ကဖေးကို အမြန်ရှာလိုက်ပါသည်။ အဆင့်သတ်မှတ်ချက်ကြောင့် သူလန့်သေမလိုတောင် ဖြစ်သွားသည်။
၄.၈
ကောမန့်များကို ဆွဲဖတ်ကြည့်လိုက်သည်။
"စက်တွေနဲ့ အင်တာနက်မြန်နှုန်းလည်း ကောင်းတယ်။ ပင်မဆိုင်နဲ့ စံနှုန်းအတူတူပဲ။ ယွီအင်တာနက်ကဖေးဆိုင်ခွဲတွေက အရည်အသွေးကို အာမခံတယ်။"
"ငါ ဒီကို ပထမဆုံး ရောက်ဖူးတာကွ။ ဒီနေရာမှာ ယွီအင်တာနက်ကဖေးဆိုင်တစ်ဆိုင် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ငါတော်တော်တော့ သဘောကျပါတယ်။ ကော့တေးတွေလည်း သောက်လို့ကောင်းတယ်။ ပြီးတော့ ဆိုင်ထဲက အဆိုတော်ကလည်း မဆိုးပါဘူး။ ပြောစရာလိုအောင် ပတ်ဝန်းကျင် အနေအထားကလည်း အင်တာနက်သုံးဖို့ အဆင်ပြေတယ်။ အမြဲတမ်း ကျေနပ်တယ်ကွာ။"
"ဆိုင်ခွဲတစ်ခုပါ။ အင်တာနက်ကဖေးထဲမှာ ဆေးလိပ်သောက်ခွင့် တားမြစ်ထားတယ်။ ပတ်ဝန်းကျင်အနေအထားကလည်း ကောင်းတယ်။ ရှင်းလဲ့ အင်တာနက်ကဖေးက ပိုပြီး ရေပန်းစားလာတယ်ဆိုပေမယ့် ဒီဆိုင်နဲ့ယှဥ်ရင်တော့ ဆိုးရွားနေတုန်းပဲ။"
ဖေးချမ့်က ဖုန်းကို ဆက်ကိုင်ထားဆဲဖြစ်ပြီး ရင်ထဲမှာလည်း ခံစားချက်ဆိုးတစ်ခုက မြင့်တက်လာ၏။
တစ်ခုခုတော့ မှားယွင်းသွားသလိုပင်။
ဖေးချမ့် လမ်းအမြန်လျှောက်လိုက်ပြီး ယခင်က အေးစက်ခြောက်သွေ့ကာ လူသူကင်းမဲ့နေသော်လည်း ယခုတော့ လူစည်ကားသိုက်မြိုက်နေပြီဖြစ်သည့် ဆိုင်များစွာကို ကျော်ဖြတ်လာခဲ့သည်။ နောက်ဆုံးတော့ ယွီအင်တာနက်ကဖေး၏ ဝင်ပေါက်နားကို ရောက်လာခဲ့ပါပြီ။
အင်တာနက်ကဖေးဆိုင်ထဲက အခြေအနေကို မြင်လိုက်ရတော့ ဖေးချမ့် ကြက်သေ သေသွားခဲ့ပါတော့သည်။
ဂိမ်းအပိုင်းထဲမှာလည်း လူတွေပြည့်နေပြီး ထိုင်ခုံလွတ် ၂ ခုံ ၃ ခုံသာ ကျန်တော့သည်။
ဘားအပိုင်းမှာလည်း လူများစွာရှိနေသည်။ အဆိုတော်က စတိတ်စင်ပေါ်မှာ သာယာသည့် ရိုးရာတေးသီချင်းများကို သီဆိုနေသည်။ မကြာခဏဆိုသလို ကတ်စတမ်မာတွေက ဘားကောင်တာကိုသွားပြီး သောက်စရာများ မှာယူကာ အဆိုတော်ကို ဘောက်ဆူးပေးကြပါသည်။
ဖေးချမ့် ပြောစရာစကား ပျောက်ဆုံးလျက်သား တံခါးရှေ့မှာ ရပ်တန့်နေမိသည်။
တံခါးအနားက စားပွဲထိုးတစ်ယောက်က ဖေးချမ့်ကို ချက်ချင်း မှတ်မိသွားပြီး သူ့ကို အမြန်လာကြိုဆိုလိုက်ပါသည်။ "ဘော့စ်ဖေး ရောက်လာပြီလား မြန်မြန်ဝင်လာခဲ့လေ။"
ဖေးချမ့်က အခုတလော အလွန်အလုပ်များနေခဲ့သည်။ ယွီအင်တာနက်ကဖေးကို မလာခဲ့တာလည်း ၁ လကျော် နေပါပြီ။ မင်ယွမ်စားဖိုဆောင်ကို မကြာခဏ လာတတ်သော်လည်း အမြဲတမ်း ကုမ္ပဏီယာဥ်မောင်းများက မောင်းပို့ပေးခြင်း ဖြစ်သည်။ ဆိုလိုတာကတော့ သူ ယွီအင်တာနက်ကဖေးကို ဖြတ်တောင် မလျှောက်ခဲ့မိပါ။
ဒီလမ်းကြီး ဒီလိုဖြစ်လာလိမ့်မယ်ဟု ဘယ်သူ ထင်မှာလဲ။
စဥ်းစားနေစရာတောင်မလိုဘဲ ဘော့စ်လီလက်ချက်ဆိုတာ သူ သိပါသည်။
ဖေးချမ့်၏ ပထမဆုံး တုန့်ပြန်ချက်က ဘော့စ်လီကို သွားတွေ့ဖို့ မဟုတ်ဘဲ မာယန်ကို သွားတွေ့ဖို့သာ ဖြစ်သည်။
မာကြီး ဘယ်ရောက်သွားလဲ။ ငါမင်းလက်ထဲ ယွီအင်တာနက်ကဖေးကို ယုံယုံကြည်ကြည် အပ်နှံထားခဲ့တာကို မင်း ဘာတွေလုပ်လိုက်ပြီလဲ။ မင်းက ယွီအင်တာနက်ကဖေးရဲ့ စီအီးအိုလေ။ မင်းက ငါအယုံကြည်ရဆုံး ညာလက်ရုံး မဟုတ်ဘူးလား။ ဒီပုံစံနဲ့ ငါ့ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေလိုက်တာလား။
ဖေးချမ့် အင်တာနက်ကဖေးတစ်ခုလုံးကို ပတ်ကြည့်လိုက်ပြီး မာယန်နဲ့ ကျန်းယွမ်တို့ ထောင့်တစ်နေရာမှာ ထိုင်နေတာကို မြင်လိုက်ရပါသည်။
မာယန်က ကော့တေးတစ်ခွက်ကို ကိုင်ထားပြီး သက်တောင့်သက်သာ သောက်သုံးနေသည်။ စတိတ်စင်ပေါ်က အဆိုတော်၏ ဖျော်ဖြေမှုကို ခံစားရင်း အလွန် ကျေနပ်အားရနေသလိုပင်။
သူတို့ကိုကြည့်ရင်း ဖေးချမ့်ရင်ဘတ်ထဲက ဒေါသများ ပိုမြင့်တက်လာ၏။ မင်းတို့ကောင်တွေ ဘာလို့ ဒီလောက် ကျေနပ်နေတဲ့ပုံပေါက်နေတာလဲ။
စားပွဲထိုးက မာယန့်ဘေးသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ "ဘော့စ်မာ ဘောစ့်ဖေး ရောက်လာပြီ။"
မာယန် လှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာ ရှည်ရှည်ကြီးကြီး ပေါ်တွင် အပြုံးတစ်ခုက ပေါ်လာပါသည်။ "ဘော့စ်ဖေး ရောက်လာတာလား။ လာထိုင်ဦးလေ။"
"ဒီဆိုင်က အခုရက်ပိုင်းထဲ အများကြီး ပိုအဆင်ပြေနေတာ။ ရုတ်တရက်ကြီး ကျွန်တော်တို့ အလုပ်တွေ ရှုပ်ကုန်ရပြီဗျာ။ ကျောင်းပြန်ဖွင့်တာ မကြာသေးဘူးမလား။ ကျောင်းမှာ ဘော့စ်ဖေးနဲ့တွေ့ရင် ဒီသတင်းကောင်းကို ဘယ်လိုပြောရမလဲလို့ စဥ်းစားနေတာ။ ဒါပေမယ့် ဘော့စ်ဖေးက ကိုယ်တိုင် ရောက်လာတာပဲ ဘော့စ်ဖေး ကိုယ့်ဖာသာကိုယ် မြင်လိုက်ရပြီမလား။"
ဖေးချမ့် ဆွံ့အသွားပါသည်။
မာကြီး မာကြီး... မင်းကို ငါအယုံကြည်ခဲ့ဆုံးလေကွာ... ဘာလို့ ငါ့ကို ဒီလိုဒုက္ခရောက်အောင် လုပ်လိုက်ရတာလဲ။
"ငါတို့အင်တာနက်ကဖေးဆိုင် ရုတ်တရက်ကြီး ကတ်စတမ်မာတွေ များလာတဲ့အကြောင်း ဘာလို့ ငါ့ကို အသိမပေးခဲ့တာလဲ" ဖေးချမ့် အလွန်အမင်း စိတ်မပျော်ရွှင်တော့ပေ။
မာယန်က ရပ်တန့်သွား၏။ "ဟမ် ညီအစ်ကိုချမ့် မင်းပဲ ဒါတွေကို စီစဥ်ထားတာ မဟုတ်ဘူးလား။"
"အရင်တစ်ခေါက် ငါတို့ အစည်းအဝေးပွဲတုန်းက မင်ယွမ်ဗီလာထဲက ယွီအင်တာနက်ကဖေးက မင်းရဲ့ အနာဂတ်အစီအစဥ်တွေအတွက် ဗဟိုပဲလို့ ပြောခဲ့တယ်လေ။ လေဆန် ပို့ဆောင်ရေးရုံးတွေကိုလည်း တည်ထောင်ပြီး ဒီမှာ စားဖိုဆောင်ဖွင့်ဖို့ ဗီလာတစ်လုံးတောင် ဝယ်ခဲ့တယ် မဟုတ်ဘူးလား။ အဲ့ဒါတွေအကုန်လုံးက ဒီနယ်မြေထဲက စီးပွားရေး ပတ်ဝန်းကျင်အခြေအနေကို တိုးမြှင့်ဖို့အတွက် လုပ်ခဲ့တာ မဟုတ်ဘူးလား။"
သီချင်းနားထောင်ရင်း ကျန်းယွမ်ကလည်း ပျော်ရွှင်စွာဖြင့် ဝင်ပြောပါသည်။ "ဟုတ်တယ် ဘော့စ်ဖေးပဲ အဲ့ဒါတွေ အကုန်လုံးကို စီစဥ်ခဲ့တာ မဟုတ်ဘူးလား။"
"ဘော့စ်လီကို ဒီကိုလာဖို့ တမင်သက်သက် မျှားခေါ်ခဲ့တာက သူ့ကို အရှုံးပေါ်အောင် လုပ်ဖို့သက်သက်လို့ ကျွန်တော်ထင်ခဲ့တာ။ အခုတော့ ကျွန်တော့်အတွေးက အရမ်းရိုးလွန်းမှန်း ကျွန်တော်နားလည်သွားပြီ။"
"ဘော့စ်လီက ဒီနယ်မြေထဲမှာ ရင်းနှီးမြှုပ်နှံခဲ့ရုံတင်မကသေးဘူး။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနယ်ပယ်ထဲက တခြားလူတွေကိုပါ ဒီနယ်မြေထဲရင်းနှီးမြှုပ်နှံဖို့ ဖြားယောင်းခဲ့သေးတာ။ အမည်မဲ့စားသောက်ဆိုင်က ဒီနေရာရဲ့ ရေပန်းစားမှုကို တိုးသွားစေပြီး "ကျင်းကျိုး စီပွားရေးနယ်မြေ" နဲ့ "ကျင်းကျိုးအစားအသောက်လမ်း" အသစ်တွေ ဖြစ်လာစေခဲ့တာ မဟုတ်လား။ အဲ့တာကြောင့် ယွီအင်တာနက်ကဖေးလည်း ဒီလောက်ထိ အရမ်း နာမည်ကြီးလာတာပေါ့။"
"ဒီ့မတိုင်ခင်က ယွီအင်တာနက်ကဖေးက အရှုံးပဲပေါ်နေခဲ့တာ။ ဆိုင်က ဆိုးရွားလို့ မဟုတ်ဘဲ ဒီက လူသွားလူလာအရမ်းနည်းပါးလို့လေ။ အခုတော့ အဲ့ဒီပြဿနာ အရင်းအမြစ် ပြေလည်သွားပြီဆိုတော့ ကျွန်တော်တို့ မင်ယွမ်ဗီလာဆိုင်ခွဲက လူအများကြားထဲမှာ မားမားမတ်မတ် ရပ်တည်နေနိုင်ပြီပေါ့။"
သူတို့နှစ်ယောက်၏ စိတ်လှုပ်ရှားပျော်ရွှင်နေသာ မျက်နှာများကို ကြည့်ရင်းဖေးချမ့် ဘာပြောရမှန်း မသိတော့ပါ။
ကိုယ့်ကိုယ်ကို သံသယ ပြင်းပြင်းထန်ထန် ဝင်လာပါပြီ။
ဘာတွေဖြစ်သွားတာလဲ။ ပြဿနာတွေက ငါနဲ့ ဆိုင်နေတာလား။
မင်ယွမ်ဗီလာဆိုင်ခွဲက ယွီအင်တာနက်ကဖေး ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုဖြစ်လိမ့်မည်ဟု ဖေးချမ့် တကယ်ပဲ အရင်က ပြောခဲ့ပါသည်။ ဒီနယ်မြေမှာ ဘော့စ်လီကို ရင်းနှီးမြှုပ်နှံအောင် မျှားခေါ်ခဲ့တာလည်း သူပဲ ဖြစ်သည်။
သို့သော်လည်း သူ့ရည်ရွယ်ချက်များက အားလုံး ထင်ထားတာနဲ့ လုံးဝ ခြားနားနေခဲ့ပါသည်။
သို့သော်လည်း မာယန်နဲ့ ကျန်းယွမ်တို့၏ ရှုထောင့်က ကြည့်လျှင် ဖေးချမ့်ကို ဒီလိုတိုးတက်မှုများအား အစီရင်မခံတာက ယုတ္တိရှိပါသည်။
ထန်းတာ့မှာ လုပ်ငန်းများစွာ ရှိတာ အားလုံးသိကြသည်။ ဘော့စ်ဖေးကလည်း အလွန်အလုပ်များနေသူ ဖြစ်သည်။ ဘာမှ အရေးကြီးကိစ္စ မဟုတ်ပါက သူ့ကို အသိပေးစရာ မလိုတာ ပုံမှန်ပဲဖြစ်ပါသည်။
မင်ယွမ်ဗီလာဘေးပတ်လည်က ဆိုင်တွေ ဘာလို့ အခု ရေပန်းစားလာရတာလဲ။
မင်ယွမ်စားဖိုဆောင်ကြီး နာမည်ရလာသောကြောင့် ဖြစ်သည်။
ဘော့စ်လီနဲ့ ဖူဟွေ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ဒီနယ်မြေမှာ ရင်းနှီးမြှုပ်နှံလိုက်တာကြောင့် ဖြစ်သည်။
ဘော့စ်ဖေးက မင်ယွမ်ဗီလာမှာ ဗီလာတစ်လုံး ဝယ်ယူခဲ့သဖြင့် မင်ယွမ်ဗီလာက အခွင့်အရေးယူပြီး သူတို့ကိုယ်သူတို့ မားကတ်တင်း ဆင်းလိုက်သောကြောင့် ဖြစ်ပါသည်။
အကြောင်းအရင်းအားလုံးက ဘော့စ်ဖေးဘက်ကိုသာ ပြန်လှည့်ထိုးလာကြသည်။ ဆိုလိုတာက ဘော့စ်ဖေးက ယွီအင်တာနက်ကဖေးဆိုင် မင်ယွမ်ဆိုင်ခွဲကို အောင်မြင်ဖို့ မျှော်လင့်ခဲ့တာပဲ မဟုတ်လား။
ဘော့စ်ဖေးက ဒါကို မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် မာယန်နဲ့ ကျန်းယွမ်တို့က ယွီအင်တာနက်ကဖေးမှာ ကတ်စတမ်မာဦးရေ တိုးမြင့်ခြင်းကဲ့သို့ အသေးအဖွဲ တိုးတက်မှုလေးကို ဘာကြောင့် အစီရင်ခံရဦးမှာလဲ။
"ဘော့စ်ဖေး ကော့တေး သောက်ပါဦး။"
စားပွဲထိုးက ဖေးချမ့်အား သူ့အကြိုက်ဆုံး Aurora Jungle ကို လာချပေးလိုက်ပါသည်။
ဖေးချမ့် တိတ်ဆိတ်စွာဖြင့် သောက်လိုက်ပြီး တခြားသူတွေ၏ စကားသံများကို မကြားရအောင် စတင် ကြိုးစားလိုက်သည်။
ကြည့်ရတာ မာကြီးက သူလုပ်နေကျအတိုင်းပဲ အားကိုးရစွာ ဆောင်ရွက်ခဲ့သည့်ပုံပင်။ အစမှ အဆုံးအထိ သူ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ပါ။
အခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဖေးချမ့်၏ အပြစ်ကြောင့်သာ ဖြစ်သည်။
ဖေးချမ့် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး တစ်ချိန်တည်းမှာပဲ ဝမ်းသာမိပါသည်။
စိတ်ပျက်လက်ပျက်ဖြစ်ရခြင်းမှာ သူ့လုပ်ငန်း ၂ ခုက ဆက်နွယ်သွားခဲ့သည်။ မင်ယွမ်စားဖိုဆောင်က ယွီအင်တာနက်ကဖေးကို နာမည်ကြီးသွားစေသည်။ ယခုတော့ နှစ်ဆိုင်စလုံး အမြတ်ရနေရုံသာမကဘဲ ဗီလာကလည်း တန်ဖိုးများ မြင့်တက်နေပါပြီ။
သို့သော် မာယန်က အားကိုးရဆဲဖြစ်လို့ ဝမ်းသာမိခြင်း ဖြစ်သည်။
အခုချိန်ထိ ဖြစ်ခဲ့သမျှကို သူ့ကိုယ်သူသာ အပြစ်တင်ရပါတော့မည်။
ဖေးချမ့်က ကော့တေးကို တိတ်ဆိတ်စွာ သောက်လိုက်ပြီး ရင်ထဲမှာလည်း ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဟုတ်ပြီ။ ဒါဆိုလည်း ငါ့ကိုပဲ အပြစ်တင်လိုက်ပါတော့။
အခုချိန်မှာ ဖေးချမ့်တစ်ယောက် သူ့ဘဝကိုယ်သူ ပြန်တွေးနေမိတာကို မာယန် မသိဘဲ ပျော်ရွှင်စွာဖြင့် မေးလိုက်ပါသည်။
"ညီအစ်ကိုချမ့် မင်ယွမ်ဗီလာဆိုင်ခွဲအတွက် တိုက်ပွဲပလန် ပြီးသွားပြီလား။"
တိုက်ပွဲပလန် ဟုတ်လား။
ဖေးချမ့် ရပ်တန့်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။
ပြီးသွားရုံတင်မကဘဲ ငါမျှော်လင့်ထားတာထက် အများကြီး အောင်မြင်သွားပြီ။
ငါမျှော်လင့်ထားတာတွေထက် လုံးဝ ကျော်လွန်သွားပြီကွ။
မာယန်က ကျေနပ်စွာဖြင့် သွားပေါ်အောင် ပြုံးလိုက်သည်။ ထို့နောက် ဆက်ပြော၏။ "ညီအစ်ကိုချမ့် ငါက အစွမ်းအစမရှိဘဲ ယွီအင်တာနက်ကဖေးရဲ့ စီအီးအိုဖြစ်မလာပါဘူးလို့ ပြောခဲ့သားပဲ။ အခုတော့ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူသယ်ပေးလို့ရပြီပေါ့။"
"အခုဆို အများဆုံး အရှုံးပေါ်နေတဲ့ မင်ယွမ်ဗီလာဆိုင်ခွဲကြီးလည်း ရေပန်းစားလာခဲ့ပြီ။ ငါတို့လုပ်ငန်းကို တိုးချဲ့ဖို့အချိန်ရောက်ပြီလို့ ငါတော့ထင်တယ်။ သံကို ပူတိုင်း မာမာရိုက်ရမယ်။ ကျင်းကျိုးမြို့မှာ ယွီအင်တာနက်ကဖေးဆိုင်ခွဲတွေ ထပ်ဖွင့်ပြီး စျေးကွက်ထဲမှာ ရှယ်ယာများများ ဝင်ယူကြမယ်။"
မာယန်က အသံကို အနည်းငယ်တိုးလိုက်ပါသည်။ "ဘော့စ်လီက ရှင်းလဲ့အင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံထားတာလေ။ အခု သူတို့ ဆိုင်ခွဲတွေကို အရူးလို ဖွင့်နေကြပြီ။ ညီအစ်ကိုချမ့် ယွီအင်တာနက်ကဖေးက အဆင့်မြင့်အင်တာနက်ကဖေးမော်ဒယ်ကို ပထမဆုံး ကျင့်သုံးခဲ့တဲ့ ဆိုင်ပဲ။ သူတို့ကို ငါတို့ထက် သာသွားခွင့်ပေးလို့ မဖြစ်ဘူး။"
ဖေးချမ့် ကြက်သေ သေကာ မာယန်ကို စိုက်ကြည့်နေမိသည်။
ငါတို့လုပ်ငန်းကို တိုးချဲ့မယ်ဟုတ်လား။
ဆိုင်ခွဲနှစ်ခု အမြတ်ဝင်နေတာတောင် ပြဿနာ ဒီလောက်ကြီးနေတာ။ မင်းက ငါ့အတွက် ပြဿနာ ပိုဖန်တီးပေးချင်သေးတာလား။ ဒီတစ်သုတ်အတွက် ငါအရှုံးပေါ်နိုင်မယ်တောင် မင်းထင်လား။
ဟင်...
ခဏနေပါဦး။
ဖေးချမ့် ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိသွားသည်။
အားလုံးပြောင်းလဲကုန်ပြီ။
အခု သူ့ဗျူဟာကို ချိန်ညှိလိုက်ရတော့မလား။