မိတ်ဆွေကောင်းတွေက အတူတူနေရတယ်
Vol. 18 Ch. 260
သြဂုတ်လ ၉ ရက်နေ့ ဗုဒ္ဓဟူးနေ့...
နေ့လည်ခင်းအချိန်....
ဖေးချမ့် ယွီသရေစာမှ ပို့ဆောင်ပေးထားသော ဝန်ထမ်းနေ့လည်စာကို စားသုံးပြီးနောက် ကိုလာနှစ်ငုံလောက် သောက်လိုက်ပါသည်။ အလွန်အားရသွားပြီး ရုံးထိုင်ခုံတွေ ခဏလောက် ငြိမ်သက်စွာ မှီနေလိုက်ပါသည်။
ယွီသရေစာ လုပ်ငန်းက ဖေးချမ့်၏ စိတ်တိုင်းအကျဆုံး ဝန်ဆောင်မှုထဲက တစ်ခုဖြစ်ပါသည်။ ဝန်ထမ်းအားလုံးအတွက် စားသောက်ဖွယ်များကို ပြီးပြည့်စုံစွာ တာဝန်ယူပေးနိုင်ရုံသာမကဘဲ ငွေလည်း ပုံမှန်အရှုံးပေါ်နေသည်။ အမြတ်ရလာမည့် အရိပ်အယောင် လုံးဝ မပြပါ။
တစ်ခုတည်းသော ပြဿနာက ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုက ယွီအင်တာနက်ကဖေးပေါ်တွင် မူတည်နေခြင်းပင်။ ယွီအင်တာနက်ကဖေးဆိုင်များ၏ အနီးအနားကိုသာ ပို့ဆောင်ပေးနိုင်သဖြင့် လေဆန်ပို့ဆောင်ရေးရုံးများလို အမြန်နှုန်းမျိုးနဲ့ မကျယ်ပြန့်နိုင်ပါ။
သို့သသော်လည်း ဖေးချမ့် စိတ်မပူပါ။ ယွီအင်တာနက်ကဖေး၏ ၂.၀ အစီအစဥ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ပါက ယွီသရေစာလုပ်ငန်း စျေးကွက်လည်း ထပ်မံ ကျယ်ပြန့်သွားမည်ဖြစ်ကာ အရှုံးပေါ်မှုလည်း အလျင်အမြန်ပဲ တိုးမြင့်သွားမည်ဖြစ်သည်။
စိတ်တိုင်းကျ စားသောက်ပြီးနောက် ဖေးချမ့် ကွန်ပျူတာထဲက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းဝင်းဒိုးကို ပိတ်လိုက်ပါသည်။
နောက်ထပ် နာကျင်ရသည့် မနက်တစ်ခုကို ဖြတ်သန်းခဲ့ရေသာ်လည်း ဥမင်အဆုံးက အလင်းရောင်ကို မြင်လုနီးပါးဖြစ်နေပါပြီ။
ဖေးချမ့်က 'ဖုတု' လက်နက်နဲ့ အလွန် အကျွမ်းတဝင်ရှိနေပါပြီ။ နောက်ထပ် ၁ ပတ်လောက် သည်းခံနိုင်ပြီး ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းကို ရနိုင်ပါက သူ့ကိုယ်သူ အောင်မြင်မှု ကြီးကြီးမားမား ရပြီဟု သတ်မှတ်နိုင်ပါပြီ။
သူလွတ်လပ်သွားမည်ဖြစ်ကာ ဂိမ်းကို ထပ်ဖွင့်ပြီး နာကျင်ခံရစားရတော့မည်မဟုတ်သလို ဂိမ်းက စနစ်၏ ကန့်သတ်ချက်ကို ပြည့်မှီသွားသဖြင့် အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ပြီဟုလည်း ဆိုလိုပါသည်။
ဂိမ်းရောင်းအား ဆိုးဆိုးရွားရွား မအောင်မြင်ဘဲ ကုမ္ပဏီအတွက် အရှုံးကြီးကြီးမားမား ပေါ်နိုင်ပါက ဖေးချမ့်အတွက် ပျော်စရာအချိန်များ စတင်တော့မည်ဖြစ်သည်။
ထိုအကြောင်း စဥ်းစားမိသောအခါ ဖေးချမ့်မျက်နှာပေါ်က ကြောက်စရာအပြုံးကို ထိန်းချုပ်မရတော့ပါ။
ဖေးချမ့် စားသောက်ထားသည့်အစာများကို အစာကြေအောင် စောင့်ရင်း အိုင်လီကျွန်း ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ပြီး ဟာသဗီဒီယိုအတိုလေးတချို့ကို ကြည့်ဖို့ ပြင်လိုက်ပါသည်။
ပထမဆုံး သူ့ကို နောက်ထပ် ဗီဒီယိုတင်ဖို့ တိုက်တွန်းနေကြသော မက်ဆေ့ ၉၉+ စောင်ကို လျစ်လျူရှုလိုက်သည်။
အိုင်လီကျွန်းလို ဝက်ဘ်ဆိုက်မျိုးမှာ နာမည်ကျော် UP မာစတာ ဖြစ်ရတာက အတော်လေး ဒုက္ခများပါသည်။ ဝက်ဘ်ဆိုက်စာမျက်နှာကို ဖွင့်လိုက်တိုင်း မက်ဆေ့ပေါင်းများစွာကို မြင်ရသည်။ အများစုက သူ့ကို ဗီဒီယို ထပ်တင်ခိုင်းနေသော မက်ဆေ့များသာ ဖြစ်သည်။
ဘော့စ်ဖေးက နေ့တိုင်း အလုပ်လုပ်စရာတွေ များပါသည်။ နေ့စဥ် ဗီဒီယိုတင်ဖို့ အချိန်အားပါ့မလား။
လောလောဆယ် အမာခံဝေဖန်ချက်များက လွန်ခဲ့သည့် ဗီဒီယို ၁၀ ပုဒ်ကျော်လောက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းများကိုသာ ဖျက်ဆီးပြခဲ့သည်။ ဖေးချမ့်တောင် ဒီစီးရီးကို ရိုက်ရတာ ပျင်းလာပါပြီ။ သို့သော်လည်း ကြည့်ရှုသူတွေက လုံးဝ စိတ်မကုန်သေးပေ။ ဒစ်ဂျစ်တယ် ပစ္စည်းသစ်တစ် ခုထွက်လာတိုင်း ထိုပစ္စည်းသစ်နဲ့ ပတ်သက်ပြီး သူ့ကို ဗီဒီယိုသစ်တင်ခိုင်းကြပါသည်။ ဖေးချမ့်ကို ဆက်လက် ဖျက်ဆီးစေချင်ပြီး ထိုဗီဒီယိုတွေကို ကြည့်ရတာ လုံးဝ မငြီးငွေ့တတ်ကြပေ။
ထို့အပြင် အားလုံးရဲ့ မျှော်လင့်ချက်တွေက ပိုပိုပြီး ကြီးမားလာသည်။ အစပိုင်းမှာတော့ ကြည့်ရှုသူတွေက သူ့ကို ယွမ် ၃,၀၀၀ - ၅,၀၀၀ ဝန်းကျင် ဖုန်းတွေကိုသာ ဖျက်ဆီးခိုင်းသော်လည်း ယခုတော့ ယွမ် ၁၀,၀၀၀ ကျော်လောက် ကုန်ကျသည့် လက်ပ်တော့နဲ့ နားကြပ်များကို မျက်စိကျနေကြပါပြီ။
အိုင်လီကျွန်း၏ လှုံ့ဆော်မှုပလန်မှ ရရှိသော ငွေကြောင့်သာမဟုတ်လျှင် ဖေးချမ့် ဆက်မလုပ်တော့တာ ကြာပါပြီ။ ဖေးချမ့်က ပလက်ဖောင်းပေါ်က သူ့ရေပန်းစားမှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်ပစ္စည်းသစ်တစ်ခု ထုတ်လုပ်မှုကို မြင်တိုင်း မကြာခဏ ဖျက်ဆီးဖို့ စီစဥ်ထားရသည်။ အထူးသဖြင့် ရှန်းဟွာက သူ့အတွက် အခမဲ့ ပို့ပေးလိုက်သော ပစ္စည်းများ ဖြစ်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန် ပြီးဆုံးသွားလျှင် သူ ဆုံးရှုံးသွားသည့် သိန်းဂဏန်းလောက်က သူ သုံးစွဲဖို့ လုံလောက်နိုင်ပါသည်။ ဒီလို ဗီဒီယိုတွေကို နာနာကျင်ကျင် ထပ်တင်ရဖို့ မလိုတော့ပေ။ ထို့နောက် ဖေးချမ့်က ဝက်ဘ်ဆိုက် အီလက်ထရောနစ်နေရာတွင် ဖေးဟွမ်လုပ်ငန်း၏ ဗီဒီယိုအသစ်ကို ဖွင့်ကြည့်လိုက်ပါသည်။ မဟာတီထွင်သူကြီးတစ်ယောက် ဘဝရဲ့တစ်နေ့တာ အပိုင်း (၄) ဖြစ်သည်။
ဖေးဟွမ်လုပ်ငန်းက ၎င်းတို့၏ ဗီဒီယိုများကို ပုံမှန် စနစ်တကျ တင်သည်။ ဗီဒီယိုတွေက ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝတုန်းကထက် ပိုကြာတာ သိသာသော်လည်း အပတ်စဥ် အပိုင်း ၁ ပိုင်းကိုတော့ ပုံမှန် တင်ပေးနိုင်ကြပါသည်။
အိုင်လီကျွန်းပေါ်က တခြား UP မာစတာတွေနဲဲ့ ယှဥ်ရင်တော့ ပိုပြီး အားထုတ်မှုရှိသည်ဟု ဆိုနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် UP မာစတာများစွာက အချိန်ပိုင်း Content ဖန်တီးသူများသာဖြစ်ကာ ဖေးဟွမ်လုပ်ငန်းကတော့ အချိန်ပြည့် ဗီဒီယိုများကို ဖန်တီးနိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ လူအင်အားကော ငွေအင်အားပါ ရှိသဖြင့် ၎င်းတို့၏ ဗီဒီယိုများကို ပိုလျင်မြန်စွာဖြင့် ခဏခဏ တင်နိုင်ပါသည်။
ဖေးချမ့်က ဗီဒီယိုကို ဝင်မကြည့်တော့ပါ။ အဓိက အကြောင်းအရင်းကတော့ သူ့ရင်ထဲ ခံနိုင်ရည် မရှိမှာ စိုးမိသောကြောင့် ဖြစ်သည်။
တစ်နေ့နေ့တွင် ဒီဗီဒီယိုစီးရီးက အင်တာနေရင်နယ် ဘရန်းအကြီးစား တချို့ထံမှ စပွန်ဆာ ရလာခဲ့သည်ရှိသော် ဘော့စ်ဖေးအတွက် ကမ္ဘာကြီး အဆုံးသတ်သွားတာနဲ့ ညီမျှပါလိမ့်မည်။ အပိုင်းတိုင်းကို ဖွင့်မကြည့်ခင် အဖျားပျောက်ဆေး သောက်နေရမှာကို မြင်ယောင်မိပါသည်။
ထို့အပြင် သူတို့ကို တားဖို့အတွက် ဖေးချမ့်မှာ ဖြေရှင်းချက် ကောင်းကောင်းလည်း မရှိတော့ပါ။ ထို့ကြောင့် သူလုပ်နိုင်တာဆိုလို့ သဲပြင်ထဲ ခေါင်းဖွက်ထားပြီး ဘာမှမမြင်ချင်ယောင်သာ ဆောင်နိုင်ပါတော့သည်။
ဝက်ဘ်ဆိုက်၏ Update တင်ထားသော အကန့်များကို ကြည့်လိုက်ပြီး သူ Subscribe လုပ်ထားသည့် ဟာသ UP မာစတာတွေများ ဗီဒီယိုအသစ် တင်ထားဦးမလားဟု ဖေးချမ့် ကြည့်လိုက်သည်။
နောက်ဆုံးတော့ ဖေးချမ့်က သူအကြိုက်ဆုံး OtoMAD နေရာကို ကြည့်လိုက်ပါသည်။ ထိုနေရာတွင် ဗီဒီယိုဖန်တီးသူများက ဟာသဖြစ်အောင် ပြန်လည် ပြုပြင်စီစဥ်ထားသော ဗီဒီယိုများ၊ အသံဖိုင်များကို သရော်ခြင်း ပြန်လည် Remix လုပ်ထားသော ဗီဒီယိုများ ရှိသည်။
OtoMAD က လူသားဦးရေတိုးတက်မှုအတွက် လမ်းစဥ်တစ်ခုလို ဖြစ်နေသည်။
သို့သော်လည်း ဒီတစ်ခေါက် OtoMAD အပိုင်းကို ဖွင့်လိုက်သည့်အခါ တစ်ခုခုခြားနားနေတာကို ဖေးချမ့် သတိထားလိုက်မိပါသည်။
OtoMAD All-stars တွင် လူသစ်တစ်ယောက် ရှိနေသည်။
မကြာသေးခင်က တင်ထားသည့် OtoMAD ဗီဒီယိုများ၏ ခေါင်းစဥ်ကို သူ စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းသွားသည့် ကောင်က ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ဖေးချမ့်တစ်ယောက် ကျပန်း ဗီဒီယိုတချို့ကို နှိပ်လိုက်ပြီး သီချင်းတွေကို သဘောကျသွားပါသည်။
ထို့အပြင် ထို ဗီဒီယိုများ၏ ကြည့်ရှုသူ အရေအတွက်ကလည်း အတော်လေး မြင့်မားသည်။ ကျန်းကျုထျင်က OtoMAD All-stars အဖွဲ့၏ တရားဝင်မန်ဘာဖြစ်ကြောင်း အတည်ပြုနိုင်လုနီးပါးပင် ဖြစ်နေပါပြီ.
တစ်ခုတည်းသော မသေချာသည့်အရာက ကြည့်ရှုသူ ၃ သန်းကျော်ရှိသည့် ဗီဒီယိုတစ်ပုဒ်ရှိလျှင် သူ့ကို OtoMAD အကန့်၏ နှစ်စဥ် ကျော်စောခြင်းခန်းမသို့ တန်းပို့နိုင်ပါလိမ့်မည်။
ဖေးချမ့်က ပျော်ရွှင်စွာဖြင့် ပြုံးနေသည်။ ရုတ်တရက်ကြီး သူ အပြုံးရပ်တန့်သွား၏။
Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း၏ ကိန်းဂစန်းအချက်အလက် ပလက်ဖောင်းကို ဖွင့်လိုက်ပြီး အနီးကပ် သေချာကြည့်လိုက်ပါသည်။
သေချာ စစ်ဆေးပြီးကာမှ ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။
ဟူး...
ကံကောင်းစွာဖြင့် ကိန်းဂဏန်းများ ကြီးကြီးမားမား ပြောင်းလဲမှု မရှိပါ။
ကိန်းဂဏန်းများက အနည်းငယ် ပိုတိုးတက်လာသော်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ပြန်ရဖို့အတွက်တော့ အဝေးကြီး လိုအပ်ပါသေးသည်။
ဒါက ဖေးချမ့် မျှော်လင့်ထားသလိုပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ကြော်ငြာများစွာကို ထည့်သွင်းထားကြတာပဲ မဟုတ်လား။ ဂိမ်း၏ အရည်အသွေးကလည်း အတော်လေး ကောင်းမွန်ကာ ကျွမ်းကျင် ကစားသမားတွေအကြားမှာလည်း ဂိမ်းက အတော်လေး နာမည်ကျော်ပါသည်။ ဒီလောက်အချိန်တွေကြာပြီးတာတောင် ဂိမ်း၏ ကိန်းဂဏန်း အချက်အလက်တွေ မပြောင်းဖို့က မဖြစ်နိုင်ပါသည်။
ကိန်းဂဏန်းအချက်အလက်များ တိုးတက်မှု နှေးနေရင်ပဲ ဖေးချမ့် ကျေနပ်ပါပြီ။
ကြော်ငြာတွေနဲ့ Mini-client တို့က ကစားသမားများစွာကို ပထုတ်လိုက်သော အဓိက အဟန့်အတားကြီးနှစ်ခုဖြစ်တာ သိသာပါသည်။ ဂိမ်းကို တကယ် ဒေါင်းလုတ်ဆွဲပြီး ကစားသူ အရေအတွက်က ကြော်ငြာကို နှိပ်ကြည့်သူ အရေအတွက်၏ ၁၀ ပုံလျှင် ၃ ပုံ သို့မဟုတ် ၂ပုံအောက် နည်းပါးသည်။
ထို့ကြောင့် ဖေးချမ့်က ယခုအခါ အေးအေးဆေးဆေး ဖြစ်နေပါသည်။ OtoMAD ဗီဒီယိုက နာမည်ကြီးသွားရင်တောင် လောလောဆယ် သူ စိုးရိမ်စရာ ဘာမှမရှိသေးပါ။
ငါအတွေးလွန်နေတာပဲဖြစ်မှာပါ။
အရင်တုန်းက ကျန်းကျားဟွေ့ရဲ့ otoMAD ဗီဒီယိုတွေကလည်း အရမ်းရေပန်းစားခဲ့ဖူးတာပဲ။ လူတိုင်းနီးပါး ကြားဖူးကြတယ်။ ဒါပေမယ့် otoMAD ဗီဒီယိုတစ်ခုအတွက်နဲ့ ကျန်းကျားဟွေ့ ကြော်ငြားပေးထားတဲ့ ဂိမ်းကို ကစားတဲ့ B-site ကြည့်ရှုသူက ဘယ်လောက် များများရှိမှာမို့လို့လဲ။။
သေချာပေါက် ကစားတဲ့သူ ရှိမှာဆိုပေမယ့် အများစု မဟုတ်ဘူးလေ။
သူ့မှာရှိနေခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားလိုက်ပြီးနောက် ဖေးချမ့်က 'ကျားကျုထျစ်' ဟူသော စကားလုံးဖြင့် ဗီဒီယိုရှာဖွေလိုက်ပြီး သက်ဆိုင်ရာ ဗီဒီယိုများကို စတင်ကြည့်ရှုလိုက်ပါသည်။
otoMAD ဗီဒီယိုအရေအတွက် များစွာရှိနေသည်။ ရေပန်းစားမှုအပေါ်လိုက်ဖို့ ကြိုးစားသည့် မားကတ်တင်းအကောင့်များမှ ထုတ်လုပ်ထားသော ဗီဒီယိုများအပြင် ကျန်းကျုထျင်ကို အင်တာဗျူးထားသည့် မှတ်တမ်း တချို့လည်း ရှိပါသေးသည်။
ကျန်းကျုထျင်က အပျင်းထူပြီး အချိန်ဖြုန်းတတ်သူ မဟုတ်ပါ။ အရင်ကလောက် ရေပန်း မစားတော့သော်လည်း ဇာတ်လမ်းများစွာတွင် ဇာတ်ပို့နေရာများစွာ သရုပ်ဆောင်ရပါသည်။
သူ့အင်တာဗျူး မှတ်တမ်းတစ်ခုတွင် အင်တာဗျူးသူက 'ကျားကျုထျစ်'ဟူသည့် ဝက်ပေါင်ခြောက် အဓိပ္ပာယ်ရှိသည့် နာမည်ပြောင်အပေါ် အထင်အမြင်ကို မေးကြည့်သည်။
ဗီဒီယိုထဲတွင် ကျန်းကျုထျင်က တွန့်ဆုတ်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါသည်။
"တစ်နိုင်ငံလုံးက လူတွေ ကျွန်တော့်ကို အခု လှောင်ရယ်နေကြပြီ"
"ဟယ်လို အားလုံးပဲ ကျွန်တော်က ကျားကျုထျစ်ပါ။ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေဆိုရင် အတူတူကစားကြရအောင် ဆိုတဲ့ ကျွန်တော့် စကားပြောပုံကို ပုံစံတုနေကြပြီ"
"ကျွန်တော့်ပရိတ်သတ်တွေ အများကြီးလည်း ဒီလိုမေးခွန်းတွေ မေးကြပါတယ်။ ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုရခဲ့တာတောင် ဘာလို့ ကော်မာရှယ်ထဲမှာ ဒီလောက်ခွကျနေတာလဲဆိုပြီးတော့"
"တကယ်တော့ အဲ့ဒီနေ့တုန်းက ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုကို လေးလေးနက်နက် လုပ်ဆောင်ခဲ့တာပါ။ ပထမဆုံးအကြိမ်ရိုက်ကူးတော့ ကျွန်တော် အရမ်းစိတ်အားထက်သန်ပြီး ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည် အစွမ်းကုန်ထုတ်ပြဖို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် လုပ်ငန်းပါတနာက ကျွန်တော့်ကို အေးအေးဆေးဆေးနဲ့ ပုံမှန်အတိုင်းပဲ ပိုသရုပ်ဆောင်စေချင်တာ။ ကြည့်ရှုသူတွေနဲ့ ပိုနီးစပ်အောင် အရမ်းကြီး တည်တံ့မနေစေချင်ကြဘူး"
"အဲ့ဒီနောက် ကျွန်တော်ပြောရမယ့် စာသားတွေကို အေးအေးဆေးဆေးပဲ ပြောခဲ့တယ်။ အဲ့ဒီတစ်ကြိမ် ရိုက်ကူးမှုကို အတည်ယူသွားကြလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"ကျွန်တော်တို့ နောက်ခံအသံသရုပ်ဆောင် တစ်ယောက်တော့ ငှားရမယ်လို့ ကျွန်တော် သေသေချာချာ အကြံပေးခဲ့ပါသေးတယ်။ ကျွန်တော်က မန်ဒရင်းတရုတ်စကား မတော်ဘူးလေ။ ဒါပေမယ့် သူတို့မငှားကြဘဲ ကျွန်တော့်ရဲ့ မူရင်းအသံနဲ့ပဲ သုံးလိုက်ကြတယ်။ ဘာတွေဖြစ်သွားသလဲ ကျွန်တော်လည်း နားမလည်ဘူး"
"ကြော်ငြာ ရေပန်းစားလာတော့ တချို့ရိုက်ကွက်တွေကို အစားထိုးသင့်တယ်လို့ ကျွန်တော် အကြံပေးပါသေးတယ်။ ဒါပေမယ့် လုပ်ငန်းပါတနာက ငြင်းတယ်။ အဲ့လိုကြောင့် ဒီလိုတွေ ဖြစ်လာရတာပဲ"
"တကယ်တော့ ဘာလို့ ဒီလိုတွေဖြစ်လာသလဲ ဆိုတာတောင် ကျွန်တော် သိပ်မသေချာသေးဘူး"
အင်တာဗျူးသမားများက သူ့လေသံကို ရယ်မောနေကြပါသည်။
"တစ်ဖက်က ပါတနာနဲ့ လုပ်ငန်းပူးတွဲလုပ်ဆောင်မှုကို ဖျက်သိမ်းဖို့ စဥ်းစားဖူးလားမသိဘူး"
ကျန်းကျုထျင်က ခေါင်းကို တွန့်ဆုတ်စွာ ခါလိုက်ပါသည်။ "မစဥ်းစားဖူးပါဘူး။ ဒီကြော်ငြာကလွဲလို့ ဒီလုပ်ငန်းပါတနာနဲ့ အလုပ် တူတူတွဲလုပ်ရတာ ပျော်ပါတယ်။ သူတို့က ကောင်းကြပါတယ်"
"အားလုံးက ကျွန်တော့်ကို ကျားကျုထျစ်လို့ ခေါ်ရတာသဘောကျတယ်ဆိုတော့ အားလုံး ပျော်ရင် ကျွန်တော်လည်း လက်ခံပေးပါ့မယ်။ အဲ့ဒီနာမည်ပြောင်က ပိုပျော်ဖို့ကောင်းတယ်လို့ အားလုံးထင်ကြရင် အဲ့လိုပဲခေါ်ကြပါ။ ကျွန်တော်အဆင်ပြေပါတယ်"
အင်တာဗျူးသူက မေးမြန်းလိုက်သည်။ "အဲ့တာဆို ကြော်ငြာက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး အရမ်း ကြီးကြီးမားမား မဖြစ်စေခဲ့ဘူးပေါ့"
ကျန်းကျုထျင်က ထိုမေးခွန်းကို ချက်ချင်း မဖြေတတ်တော့ပါ။ သူ ခဏ စဥ်းစားပြီးမှ ပြန်ဖြေလိုက်ပါသည်။
"ဝန်ထုပ်ဝန်ပိုးက... သိပ်မရှိပါဘူး။ ကျွန်တော့်အတွက် ပြဿနာအတက်ဆုံးက ကျွန်တော့် မိတ်ဆွေတွေ ကျွန်တော့်ကို အဲ့ကိစ္စကြောင့် ရယ်နေကြတာပဲ။ အာ့ကျန်၊ အာ့ရှောင်းနဲ့ ကျားချန်းတို အပါအဝင်ပေါ့။
"ကျွန်တော်တို့ အပြင်မှာ ညစာအတူတူသွားစားတိုင်း သူတို့ ဒီကိစ္စကို အမြဲတမ်းပြန်ဆွကြတယ်။ တကယ် စိတ်ညစ်ဖို့ကောင်းတာ"
...
ဖေးချမ့် ဗီဒီယိုကို ပိတ်လိုက်ပြီးနောက် အနည်းငယ် စိတ်မကောင်းဖြစ်သွားပါသည်။
ကြော်ငြာက အစ်ကိုကြီးကျန်းအား အနည်းငယ် ရေပန်းပိုစားလာစေခဲ့သော်လည်း သူ့မိတ်ဆွေတွေရှေ့မှာ သူ့ကို အရှက်ကွဲသွားစေခဲ့ပါသည်။ ဖေးချမ့် သူ့ကို အနည်းငယ် တောင်းပန်ချင်သွားသည်။
ဒီလိုဆို ဖေးချမ့်က သူ့ကိုယ်သူ အစ်ကိုကြီးကျန်း၏ မိတ်ဆွေဟု ခံစားမိသဖြင့် သူ့ကို ပြဿနာ ပြေလည်အောင် ကူညီပေးရပါမည်။
ဖေးချမ့်က ကျန်းကျုထျင် ပြောသွားသည့် မိတ်ဆွေများကို ရှာကြည့်လိုက်သည်။
မျိုးတူငှက်များ အတူတူပျံသလိုပဲ သူ့မိတ်ဆွေတွေကလည်း နာမည်ကျော်တွေ ဖြစ်ခဲ့ကြသူများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အနည်းဆုံးတော့ ကျန်းကျုထျင်က အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့သူ ဖြစ်သည်။ သူ့မိတ်ဆွေတွေက အများအားဖြင့် အရံသရုပ်ဆောင်များသာဖြစ်ခဲ့ကြသည်။ ယခု သူတို့က ကျန်းကျုထျင်လောက် အဆင်မပြေကြဘဲ ခုခေတ်ထဲ ဇာတ်ရံနေရာတောင် ရဖို့ ခက်ခဲနေကြပါသည်။ ကြော်ငြာရိုက်ရဖို့ဆို ပိုဝေးသည်။
တချို့ဆို ဖွင့်ပွဲအခန်းအနားများမှာတောင် သွားဖျော်ဖြေနေရပါပြီ။
ယခု အခြေအနေ အဆိုးရွားဆုံးလူက ဘယ်ရှိုးမှာမှ နေရာမရခဲ့သဖြင့် သူ့လက်ရှိ စီမံရေး ကုမ္ပဏီနဲ့ စာချုပ်ထပ်ချုပ်လို့တောင် မရတော့ပေ။ အခက်အခဲများကြုံတွေ့နေရကာ နေ့စဥ်အသုံးစရိတ်များအတွက် ကျန်းကျုထျင်နဲ့ တခြား မိတ်ဆွေတွေကိုတောင် မှီခိုနေရပါသည်။
အမှန်ပင်။ ကျန်းကျုထျင်၏ မိတ်ဆွေတချို့က တခြားသူတွေထက် အနည်းငယ် ပိုအဆင်ပြေနေသော်လည်း သူမသာ ကိုယ်မသာ ဖြစ်ရုံသာဖြစ်သည်။ ကျန်းကျုထျင်ကို ကြော်ငြာကြောင့် လှောင်ပြောင်တုန်းက အတည်ပေါက် မဟုတ်ဘဲ မိတ်ဆွေအချင်းချင်း နောက်တာသာ ဖြစ်နိုင်ပါသည်။
ဒီလူတွေရဲ့ လက်ရှိအကျပ်အတည်းဒုက္ခများကို ဖေးချမ့်မြင်သောအခါ မျက်ရည်တောင် ဝဲချင်သွားပါသည်။
ဘဝက ခက်ခဲလိုက်တာ။
သဘောကောင်းသူမို့ ဖေးချမ့် သူတို့ကို လက်တွဲကူပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
ကျန်းကျုထျင်နဲ့ ရင်းနှီးသည့် လူ ၄ ယောက်ကို ကျပန်း ရွေးချယ်လိုက်ပြီး နာမည်စာရင်းကို လင်းဝမ်ထံသို့ ပေးလိုက်သည်။ သူရွေးချယ်လိုက်သည့် လူတွေက ကျန်းကျုထျင် ဗီဒီယိုထဲမှာ ပြောသွားခဲ့သည့် လူတွေပဲဖြစ်ပါသည်။
"ငါနင်တို့ကို နောက်ထပ် ယွမ် ၂ သန်း ထပ်ပေးမယ်။ အဲ့ဒီလူ ၄ ယောက်ကို Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း ကြော်ငြာရိုက်ဖို့ သွားငှားလိုက်။ ပြီးရင် အဲ့ဒီကြော်ငြာတွေကို ဆက်တိုက် တင်ထား"
သူတို့ ၄ ယောက်စလုံးက ယခင်ကသာ နာမည်ကျော်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ဖိတ်ကြားဖို့ စျေးနှုန်းက သိပ်မမြင့်ပါ။ ဂိမ်းအတွက် ၂ နှစ်စာ အန်ဒိုစာက တစ်ယောက်ကို ယွမ် ၅၀၀,၀၀၀ လောက်သာ ရှိနိုင်သည်။
မိတ်ဆွေကောင်းတွေက အတူတူ ရှိနေသင့်တာပဲ မဟုတ်လား။
ဒီလိုဆိုမှတော့ ကျန်းကျုထျင်ကို သူတို့လှောင်ကြတော့မှာမဟုတ်သလို သူ့မိတ်ဆွေတွေရဲ့ ငွေရေးကြေးရေး အခြေအနေလည်း ပိုအဆင်ပြေသွားကြလိမ့်မည်။
ခဲတစ်လုံးတည်းနဲ့ ငှက် နှစ်ကောင်ပစ်လိုက်တာ တော်ချက်
ဖေးချမ့် သူ့ကိုယ်သူ ဘယ်လောက် စေတနာ ကြီးမားမှန်း ပြန်လည်း ဆန်းစစ်မိပါတော့သည်။