ငါ့ကိုမနှောင့်ယှက်ကြနဲ့
Vol. 18 Ch. 261
ရှန်းယန်ဂိမ်းတွင်...
အားလုံး တက်ကြွကာ စိတ်လှုပ်ရှားနေကြသည်။
ဘော့စ်ဖေး၏ ကြော်ငြာကြေး ယွမ် ၂ သန်းက သူတို့အတွက် နှလုံးအားဆေးတစ်ခုလိုပင်။ ထုတ်လုပ်ပြီးနောက် Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း၏ ရောင်းအားများက သိပ်မကောင်းခဲ့ပေ။ အားလုံးလည်း ဒါကိုမြင်ပြီး အလွန်စိတ်ဖိစီးနေခဲ့ကြသည်။
အစောပိုင်းကတော့ အားလုံးလမ်းပျောက်နေခဲ့ကြ၏။ ကံကောင်းတာက ဒါရိုက်တာလင်းမှာ ဂိမ်း၏ မိုဘိုင်းဗားရှင်းတစ်ခုကို ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး မိုဘိုင်းဗားရှင်းနှင့် Client-side ကွန်ပျူတာ ဗားရှင်းနှစ်ခုစလုံး၏ ဒေတာများက ချိတ်ဆက်မှု ရှိလိမ့်မည်။ ထိုအချက်က အားလုံးကို အလုပ်လုပ်ဖို့ ဦးတည်ရာတစ်ခု ပေးခဲ့ပါသည်။
သို့သော်လည်း မိုဘိုင်းဗားရှင်းကို ထုတ်လိုက်ရင်တောင် သူတို့ အခြေအနေ ကောင်းလာနိုင်ပါ့မလား။ ဘယ်သူမှ သေချာမပြောနိုင်ပါ။
လက်ရှိ ဖြစ်နေသည့် အခြေအနေများကို ကြည့်ရသလောက်တော့ မိုဘိုင်းဗားရှင်းကို ဖန်တီးရာတွင် အကြီးမားဆုံး ပြဿနာက ငွေကြေးမဟုတ်ဘဲ အချိန် ဖြစ်သည်။
သူတို့ မအောင်မြင်ပါက ကိုယ့်အနာကိုယ် ဆားနဲ့ ပက်လိုက်တာနဲ့ တူညီသွားပါလိမ့်မည်။
သို့သော်လည်း ဘော့စ်ဖေးက ဒီဂိမ်းကို အများကြီးချီးကျူးထားသည်။ နောက်ထပ် ကြော်ငြာအတွက် ရန်ပုံငွေ ၂ သန်းကိုတောင် ထုတ်ပေးလိုက်သေး၏။ ဒါက ဘော့စ်ဖေး အားလုံးအပေါ် ဘယ်လောက်ယုံကြည်ထားသလဲ ပြသနေပါသည်။
အားလုံး အလွန် စိတ်အားထက်သန်သွားကြသည်။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းအတွက် မိုဘိုင်းဗားရှင်းကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ဘော့စ်ဖေး ပေးထားသည့် နာမည်စာရင်းထဲက ဟောင်ကောင်နာမည်ကျော်များကို ဆက်သွယ်ထားပြီးသား ဝန်ထမ်းများလည်း ရှိပါသည်။
ဝမ်ရှောင်းပင်က နာမည်စာရင်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဘော့စ်ဖေးက လူမှန်တွေကို ရွေးတဲ့နေရာမှာ တော်တော် အတွေ့အကြုံရှိတာပဲနော်။ ဒီရွေးချယ်ချက်တွေ လုပ်ဖို့ တော်တော်လေး စဥ်းစားထားတဲ့ပုံပဲ။"
"ကျန်းကျုထျင်နဲ့ ဒီလူတွေက အရင်ခေတ် ဟောင်ကောင် နာမည်ကျော်တွေချည်းပဲ။ သူတို့ရဲ့ ရုပ်ရှင်တွေကလည်း အခုခေတ် သက်လတ်ပိုင်းလူတွေအပေါ် လွှမ်းမိုးမှုရှိနေတုန်းပဲ။ ငါတို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေအတွက် အရမ်းကောင်းတဲ့ ကြော်ငြာအာနိသင်ကို ပေးနိုင်တယ်။"
"ကျန်းကျုထျင်က ဖိတ်ကြားဖို့ စျေးအကြီးဆုံးလူပဲ။ သူ့ကို အရင်ဆုံး နာမည်ကြီးမယ့် ကြော်ငြာတစ်ခု ရိုက်ခိုင်းလိုက်ပြီးမှ အဲ့စျေးအတိုင်းပဲ စျေးသိပ်မကြီးတဲ့ နောက်ထပ် ဟောင်ကောင်နာမည်ကျော် ၄ ယောက်ကို ဖိတ်ကြားလိုက်တယ်။ ကုန်ရကျိုးနပ်ရုံတင်မကဘူး လူများတဲ့ အာနိသင်ကော အကောင်းဆုံး ကြော်ငြာ ရလဒ်တွေကော ရနိုင်တယ်။"
"ဘော့စ်ဖေးရဲ့ အကွက်က တော်တော် ထက်မြက်တာပဲ။"
သူ့ဘေးမှာ ထင်နေသည့် ယဲ့ကျစ်ကျိုးကလည်း အားရပါးရ သဘောတူလိုက်ပါသည်။ "ဟုတ်တယ်။ ကြော်ငြာတွေနဲ့ ပတ်သက်လာရင် ဘော့စ်ဖေးက သေချာပေါက် ဉာဏ်ကြီးရှင်လေ။ ကြော်ငြာပိုင်းမှာ ပြည်တွင်းဂိမ်းစျေးကွက် ဘယ်လောက်မြင့်မြင့်ရောက်နိုင်လဲဆိုတာကို ကိုယ်စားပြုလိုက်တာပဲ"
"ငါနှမြောမိပြီး နည်းနည်း ရှက်ရွံ့မိတာ တစ်ခုက ငါတို့ဂိမ်းကို ဒီ့ထက်ပိုကောင်းအောင် ထုတ်လုပ်နိုင်လို့ ရရဲ့သားနဲ့။ အခုလက်ရှိ ငါတို့ဂိမ်းအခြေအနေက ဘော့စ်ဖေး ဘယ်လောက်ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ယှဥ်ကြည့်ရင် စိတ်ပျက်စရာပဲ"
ဝမ်ရှောင်းပင်က သူ့ကို အားပေးလိုက်ပါသည်။ "ကိစ္စမရှိပါဘူး။ ငါတို့အခု မိုဘိုင်းဗားရှင်းကို ထုတ်နေပြီပဲ မဟုတ်ဘူးလား။ မိုဘိုင်းဗားရှင်းကို ထုတ်ပြီးသွားတဲ့အခါကျရင် ဒီကြော်ငြာတွေလည်း အာနိသင် ရှိလာမှာပါကွာ။ ဂိမ်းက စုစည်းထားတဲ့ ရေပန်းစားမှုလည်း အဲ့ကျရင် ပေါက်သွားလိမ့်မယ်"
ယဲ့ကျစ်ကျိုးက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် အမှန်ပဲ။ ငါတို့ ဘော့စ်ဖေးကို စိတ်မပျက်စေရအောင် အလုပ်ကြိုးစားမှဖြစ်မယ်"
စက်တင်ဘာလ ၁၁ ရက်နေ့၊ တနင်္လာနေ့...
ကျင်းကျိုးမြို့ထဲ ပေါင်ရှု နောက်တစ်ဖန် ခြေချလိုက်ရတော့ စိတ်ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်သွားသည်။ နောက်ဆုံးတော့ သူ ပြန်ရောက်လာခဲ့ပါပြီ။ တစ်လတာ လစာမပျက် ခွင့်ရက်တွေအတွင်း ပေါင်ရှု ဥရောပကိုသွားပြီး မြို့ ၄ မြို့ ၅ မြို့လောက် လည်ပတ်ခဲ့သည်။ အပတ်တိုင်းလိုလို မတူညီသည့် မြို့တစ်ခုစီကို သွားခဲ့သည်။
အနှစ်ချုပ်ပြောရလျှင် ဇာတ်လမ်းက ရှည်သည်။ ပေါင်ရှု တစ်ယောက် သူ့စိတ်ထဲက စိတ်ရှုပ်စရာ မြင်ကွင်းများကို အသည်းအသန် ပြန်ဖျောက်ဖျက်ချင်မိသည်။ ထိုတစ်လလုံးက သူ့အတွက် အိပ်မက်ဆိုးတစ်ခုကလွဲပြီး ဘာမှ မဟုတ်ပါ။
ပေါင်ရှုက သူ သွားရောက်လည်ပတ်ခဲ့သည့် လည်ပတ်စရာ နေရာများကို ပြောနေခြင်း မဟုတ်ပါ။ ပေါင်ရှု ကျင်းကျိုးမြို့ထဲက ထွက်သွားတာနဲ့ ဘယ်လောက်လှပပြီး စိမ်းစိုနေသည့် မြို့ကိုပဲ သွားရပါစေ သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုပင်။
ကံကောင်းစွာနဲ့ ပေါင်ရှု တက္ကသိုလ်တက်ခဲ့စဥ်တုန်းက အင်တာနက် စွဲလမ်းခဲ့သော်လည်း တက္ကသိုလ်ကို ကိုယ့်အစွမ်းအစနဲ့ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့အင်္ဂလိပ်စကားပြော စံနှုန်းကလည်း ကောင်းမွန်သည်။ ခရီးမှာလည်း အီလက်ထရောနစ် ဘာသာပြန်စက်ကို ဝယ်ခဲ့သေးသည်။ ထို့ကြောင့် သူ့ကို ပေးအပ်ထားသည့် နိုင်ငံခြား ခရီးသွားတာဝန်များကို အောင်မြင်နိုင်ခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူ့ခရီး အဆုံးသတ်သွားသောအခါ ပေါင်ရှု စိတ်ပျက်အားလျော့မှုများကို ခံစားလိုက်ရပါသည်။
ကျင်းကျိုးမြို့ကို ညသန်းခေါင်အချိန်လောက် ပြန်ရောက်လာခဲ့သည်။ ပေါင်ရှု အနားယူဖို့ သူ့အငှားတိုက်ခန်းကိုသာ အရင်ဆုံး သွားလိုက်ပါသည်။ နောက်တစ်နေ့ နေ့လည်ခင်း နိုးလာတော့ ညနေတွင် ထန်းတာ့အခြေအနေကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ခရီးစဥ်တစ်လျှောက် လက်ဆောင်အနေဖြင့် ဒေသထွက် မုန့်ပဲသရေစာများနဲ့ ပစ္စည်းများကို ဝယ်ခဲ့သေးသည်။ ရုံးထဲက လုပ်ဖော်ကိုင်ဖက်များကို ပေးရပါမည်။
ထို့အပြင် သူခရီးသွားနေတာ ၁ လတောင် ရှိခဲ့ပြီ။ လက်ရှိ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်း၏ အခြေအနေကိုလည်း ဘာမှ မသိရသေးပါ။ လီယာ့တာက ဂိမ်းဖန်တီးမှု လုပ်ငန်းစဥ် အလယ်တစ်ဝက်လောက်မှာမှ အစီစဥ်ဆွဲသူချုပ်ရာထူးကို လွှဲပြောင်းယူလိုက်ရခြင်း ဖြစ်သည်။ သူမ အလုပ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါ့မလား သူ မသိပေ။
သူ ကုမ္ပဏီထဲ ဝင်လာတောာ့ အားလုံး အလုပ်ရှုပ်နေကြတာကို သတိထားမိသည်။ ပေါင်ရှုပြန်လာတာကို မြင်သောအခါ အားလုံး နွေးနွေးထွေးထွေး ပြန်ကြိုဆိုကြပါသည်။
"အစ်ကိုပေါင် ပြန်လာပြီဟေ့"
"အစ်ကိုပေါင် ဥရောပက ဘယ်လိုနေလဲ"
"နည်းနည်းတောင် အသားမဲသွားသလိုပဲ"
"ဆံပင်တွေ ထပ်ရှည်လာတာလား"
"ဒီရာသီလောက်ဆို ဥရောပမှာ တော်တော် အေးနေပြီ ထင်တယ်နော်"
ပေါင်ရှုလည်း အားလုံးကို ပြန်နှုတ်ဆက်ကာ သူဝယ်လာသည့် လက်ဆောင်များကို ဝေပေးလိုက်ပါသည်။
လီယာ့တာက စာတမ်းများကို တည်းဖြတ်ဖို့ အာရုံစိုက်ထားသော်လည်း ပေါင်ရှု ပြန်လာတာကို မြင်သောအခါ သူမ အမြန် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်ပါသည်။
"အစ်ကိုပေါင် အချိန်ကိုက် ပြန်လာတာပဲ။ ကျွန်မ တိုင်ပင်စရာ မေးခွန်းတချို့ရှိတယ်"
ပေါင်ရှုမျက်နှာ ချက်ချင်း ဖြူဖပ်သွားခဲ့၏။ "ငါ အရမ်း ပင်ပန်းနေလို့ နောက်နေ့မှ ပြောကြရအောင်"
"သြော် ကောင်းပါပြီ' လီယာ့တာက ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် ကြောင်သွားပါသည်။
ပေါင်ရှု၏ ပုံစံက တကယ် ပင်ပန်းနေသည့်ပုံပင်။ ဒီခရီးက ပြန်လာပြီးမှ ပေါင်ရှု သိပ်ပြီး တက်ကြွမှု မရှိတော့တာလား။ ယခင်တုန်းကဆို ဂိမ်းဒီဇိုင်းနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် ပြဿနာရှိခဲ့သော်၊ သို့မဟုတ် သူနဲ့ တိုင်ပင်စရာ ကိစ္စတစ်ခုခု ရှိခဲ့သော် သူက အလွန်စိတ်အားထက်သန်စွာဖြင့် ကူညီပေးလေ့ ရှိသည်။
ထို့အပြင် ပေါင်ရှုက သူတို့ ဖန်တီးထားသည့် နောက်ဆုံးထွက်ဂိမ်းများကို ဆက်တိုက် စမ်းကစားကြည့်ကာ ဂိမ်းကို ဘယ်လိုတိုးတက်အောင်လုပ်ရမည်ဟူသော အကြံပေးချက်များ ရှိပါက သက်ဆိုင်ရာ ဒီဇိုင်နာများကို တိုက်ရိုက်ပြောတတ်ပါသည်။
အရင်တစ်ခေါက် သူခရီးက ပြန်လာတုန်းက သူပြန်လာသည့်နေမှာပဲ ဂိမ်းတွေကို စမ်းကစားကြကာ အလုပ်လုပ်ဖို့ စိတ်အမြန်ပြန်သွင်းခဲ့သည်။
သို့သော်လည်း ဒီနေ့တော့ အလုပ်လုပ်ဖို့ ပေါင်ရှု စိတ်ဝင်စားပုံမပေါ်တော့ပါ။ သိပ်မကြာခင် ပေါင်ရှု သူ့အပြန်လက်ဆောင်များကို အကုန်မျှဝေပေးလိုက်သည်။ ရုံးခန်းထဲမှာ ဂိမ်းတစ်ခု စမ်းကစားနေသည့် ဘော့စ်ဖေးလည်း အပါအဝင် ဖြစ်ပါသည်။
ထို့နောက် သူ့အလုပ်စားပွဲကို ပြန်သွားပြီး နိုင်ငံခြား AAA ဂိမ်းတစ်ခုကို ဖွင့်ကာ နားကြပ်တပ်လိုက်ပြီး အထီးကျန်သူတစ်ယောက်ပုံစံ ပြန်သွင်းလိုက်ပါသည်။
တစ်လတာ နှိပ်စက်ခံနေရစဥ်အတွင်း ပေါင်ရှု ထိုအကြံကို ရခဲ့ခြင်း ဖြစ်သည်။ သူ ကုမ္ပဏီကို ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်မည့်အလုပ်က သူ့အစွမ်းအစတွေကို ဖုံးကွယ်ဖို့သာ ဖြစ်သည်။ နဂိုကတည်းက အထီးကျန်သူတစ်ယောက်ဖြစ်သဖြင့် ဥရောပမှာ သူ့အင်္ဂလိပ်စကားပြော ခပ်စုတ်စုတ်နဲ့ နိုင်ငံခြားသားများကို ဆက်သွယ်ဖို့ ကြိုးစားသည့်အချိန်တိုင်းမှာ ပေါင်ရှု နာကျင်ခဲ့ရသည်။
အရင်တစ်ခေါက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဥ်းစားကြည့်သောအခါ ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲ၌ သူ ဒုတိယဆု ရခဲ့တာက မျှော်လင့်မထားတာ ဖြစ်သော်လည်း သေချာကြည့်ရင် ကြိုမြင်နိုင်ပါသည်။
ဒီလိုဆိုးဆိုးရွားရွား ရလဒ်မျိုးကို သူ ခန့်မှန်းနိုင်ခဲ့သင့်သည်။
လုမင်လျန်က ဂိမ်းကို ထုတ်လုပ်ရာတွင် အားအများဆုံး စိုက်ထုတ်ခဲ့သူဖြစ်ပြီး အစီစဥ်ဆွဲသူချုပ်လည်း ဖြစ်သည်။ သူ့နောက်မှာ ဘယ်သူရှိလဲ။
သေချာပေါက် ပေါင်ရှုပဲ ဖြစ်ပါသည်။
ပေါင်ရှုက ဒီဇိုင်းအဖွဲ့ထဲမှာ အလုပ်အများဆုံးလုပ်ရပြီး အထောက်အကူ အများဆုံးပြုခဲ့သူ ဖြစ်သည်။ သမုဒ္ဒရာရဲတိုက်ကစ၍ ဂိမ်း၏ အသစ်အဆန်း အချက်အလက်များကို ဖန်တီးဖို့ သူ့မှာ တာဝန်ရှိခဲ့သည်။ ဂိမ်းကစားနည်းများ၊ အသေးစိတ်အချက်များနဲ့ ဂိမ်း၏ ဟန်ချက်အစရှိသည့် နယ်ပယ်များတွင် အကြံပေါင်းစုံပေးခဲ့ပါသည်။
အဖွဲ့ထဲမှာ ဒီလောက်အာဏာကြီးသဖြင့် သူ့ကို ဘယ်သူမှ မဲမပေးဘဲ နေပါ့မလား။
ဒီတစ်ခေါက်တော့ သူပြန်ရောက်လာတာနဲ့ ပေါင်ရှု လေးလေးနက်နက် တွေးခဲ့သည်။ ဒီတိုင်းသာ ဆက်သွားလျှင် နောက်ထပ် အကောင်းဆုံး ဝန်ထမ်းရွေးချယ်ပွဲ၌ ဖြစ်နိုင်ခြေက ၂ ခုသာ ရှိပါသည်။
ပထမတစ်ခုက လုမင်လျန်လိုမျိုး အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းနဲ့ ထွက်သွားရလိမ့်မည်။
ဒီရလဒ်ကိုတော့ လက်ခံလို့ ရပါသေးသည်။ သို့သော်လည်း ပေါင်ရှုက ဒီဇိုင်းအဖွဲ့မှ ထွက်သွားရမည်ဆို သူ့လုပ်ဖော်ကိုင်ဖက်များကို မခွဲနိုင်သေးပါ။
ဒုတိယတစ်ခုကတော့ နောက်ထပ် တစ်လတာ လစာမပျက် ခွင့်ရက် ထပ်ရပြီး နောက်ထပ် ခရီးတစ်ခု ထပ်ထွက်ဖို့ ဖြစ်သည်။
ကြောက်ဖို့အကောင်းဆုံးကလည်း ဒါပဲ ဖြစ်ပါသည်။
လစာမပျက် ခရီး ၂ ကြိမ်ထွက်ခွင့် ရရှိခဲ့ပြီးပြီဆိုသော်လည်း ကမ္ဘာကြီးထဲမှာ လည်ပတ်စရာနေရာတွေ အများကြီး ရှိနေပါသေးသည်။ သူ နှိပ်စက်ခံရတာ အဆုံးရှိတော့မည်မဟုတ်ဟု ပေါင်ရှု ထင်မိသည်။
ထို့ကြောင့် ပေါင်ရှု စိတ်ဆုံးဖြတ်လိုက်သည်။ သူ ရေသာခို၍သာ နေတော့မည်။
ခေါင်းငုံ့လျက် တစ်နေကုန် ဂိမ်းပဲ ထိုင်ဆော့နေမည်။ ဒီလိုဆို ရုံးထဲမှာ သူ့ကို သတိထားမိကြတော့မှာ မဟုတ်ပါ။
လီယာ့တာ အစီစဥ်ဆွဲသူချုပ်တစ်ယောက်အနေဖြင့် အလုပ်ကို ကိုင်တွယ်နိုင်ပါ့မလား အလွန်စိတ်ပူမိသော်လည်း သေချာပေါက် အားလုံးရှေ့မှာတော့ ကူညီမှာမဟုတ်ပေ။ သူမ၏ မေးခွန်းများကို တိုးတိတ်စွာ ဖြေပေးပြီး ခိုးကူညီပေးပါမည်။
လူတိုင်းရဲ့ အာရုံစိုက်မှုကို မခံရမှဖြစ်မည်။
တကယ်တမ်း ပေါင်ရှု ရင်ထဲမှာတော့ အတော်လေး စိုးရိမ်နေမိပါသည်။ သူရေသာခိုပါက ဘော့စ်ဖေး စိတ်ပျက်သွားလိမ့်မည်ဟု ခံစားနေမိသည်။
သို့သော်လည်း ရွေးချယ်စရာ မရှိတော့ပါ။ နောက်တစ်ခေါက် အကောင်းဆုံး ဝန်ထမ်း ရွေးချယ်ပွဲမှာ ဒီလိုကံဆိုးမိုးမှောင်ထပ်မကျအောင် အကောင်းဆုံး ကြိုးစားပြီး ရေသာခိုရမည်။ အနည်းဆုံးတော့ ဝန်ထမ်းအများစုကို လှည့်စားနိုင်ပါလိမ့်မည်။ ၁ နာရီလောက် ဂိမ်းကစားပြီးနောက် ပေါင်ရှု ဂိမ်းထဲက ထွက်လိုက်ပြီး သူ့အလုပ်စားပွဲပေါ်မှ လှမ်းကြည့်လိုက်သသည်။ သူ့ဘေးပတ်လည်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။
ဘော့စ်ဖေးက ရုံးခန်းထဲမှာ ရှိနေဆဲဖြစ်သည်။ တခြားသူတွေလည်း ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေကြသည်။ ဒီမှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ သတိမထားမိကြပေ။
ပေါင်ရှုက လီယာ့တာကို မက်ဆေ့ ခိုးပို့လိုက်သည်။ "နင့်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို တိုးတိုးတိတ်တိတ်ပဲ မက်ဆေ့ပို့နော်။ တခြားဘယ်သူ့ကိုမှ ဒီအကြောင်း သွားမပြောနဲ့"
ရုံးခန်းထဲတွင် ဖေးချမ့်က ပေါင်ရှုပေးထားသည့် ဘီစကွတ်နဲ့ ချော့ကလပ်များကို စားကာ အိုင်လီကျွန်းဝက်ဘ်ဆိုက်ကို အေးအေးဆေးဆေး ကြည့်ရှုနေပါသည်။
ဒီနေ့အတွက် သူ နှိပ်စက်ခံပြီးပါပြီ။ ဂိမ်းထဲမှာ ဘော့စ်နှစ်ကောင်သာ ကျန်တော့ပြီး ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း လောက ၆ ပါးအဆင့်ကို အောင်မြင်ကာ ဇာတ်သိမ်းကို ရောက်တော့မည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ထုတ်လုပ်ဖို့ အကြမ်းဖျင်း ၃ ပတ်ကျော်လောက် လိုသေးသဖြင့် အချိန်တွေ အများကြီး ပိုနေပါသည်။
ထို့ကြောင့် ဖေးချမ့် လုံးဝ စိတ်မပူပေ။ အိုင်လီကျွန်း ဝက်ဘ်ဆိုက်ပေါ်တွင် ဗီဒီယိုစုစည်းမှုအသစ် တစ်ခုကို ပင်မစာမျက်နှာတွင် တင်ထားသည်။
ဦးနှောက်ကျင်းတဲ့ Bloody Battle Song ကြော်ငြာ စုစည်းမှုများ
အစပိုင်းမှာတော့ ကျန်းကျုထျင် တစ်ယောက်တည်းသာ ရှိသော်လည်း အခုတော့ မိသားစုဓာတ်ပုံဖြစ်သွားကာ ကျန်းကျုထျင်နဲ့ သူ့ညီအစ်ကို ၄ ယောက်တို့ပါ ပါလာသည်။
အားလုံးက ဆင်တူညီသော ခွကျကျ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဆင်တူသည့် ခွကျကျ ပစ္စည်းများကို ကိုင်ထားကာ ဆင်တူညီသော ခွကျကျ ဟောင်ကောင်လေသံမျိုးဖြင့် ပြောနေကြသည်။
သူတို့ စတိုင်ကလည်း အလွန်ဆင်တူကြသည်။ တခြားသူတွေရဲ့ နာမည်က 'ကျားကျုထျစ်' လို ဟာသ ကောင်းကောင်း ဖြစ်မလာသော်လည်း လူတွေရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်မှု မရှိပေ။ ကောမန့် အရေအတွက်၊ Bullet ကောမန့်အရေအတွက်နဲ့ ဗီဒီယိုရေပန်းစားမှုကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါသည်။ "အံ့သြစရာကြီး ငါအိုင်လီကျွန်းပေါ်မှာ ကြော်ငြာတွေ ကြည့်နေရပါလား"
"ပုံမှန်ဆို ၁၅ စက္ကန့်ကြော်ငြာ ကြည့်ရတာတောင် အရမ်းကြာနေပြီလို့ထင်တာ။ အခုတော့ စိတ်ပါလက်ပါနဲ့ ၁၀ မိနစ်စာ ကြော်ငြာကို ကြည့်နေရတယ်လို့..."
"ဟုတ်တယ်။ တခြားသူတွေက ကြော်ငြာဆို ကျော်ပစ်ကြပေမယ့် ငါကတော့ ရှာကြည့်နေရတယ်"
"ဒီဂိမ်းကုန်သည်က တကယ့် ကြော်ငြာဉာဏ်ကြီးရှင်ပဲ။ တစ်ယောက်ကို ဗီဒီယို ၂ မိနစ်အောက်ပဲ ရှိပေမယ့် ကြော်ငြာကို ဗားရှင်းပေါင်းစုံ ထုတ်ထားတယ်။”
"ကြော်ငြာစာသားတွေကလည်း အရမ်းပုံသွင်းထားသလိုကြီးကွာ ဟားဟားဟား"
"ဒီဗီဒီယိုကို မျက်နှာပြင်အပြည့်နဲ့ ကြည့်နေတုန်း Pause ခလုတ်ကိုတောင် မနှိပ်ရဲဘူး။ ဝက်ဘ်ဆိုက် စာမျက်နှာကို အပို့ခံလိုက်ရမှ ဒုက္ခရောက်ဦးမယ်"
"ကျွန်တော်က ကျားကျုထျစ်ပါ။ ကျွန်တော့်ညီအစ်ကိုတွေဆိုရင် ကျွန်တော်နဲ့... ကျွန်တော့်ညီနောင် ၄ ဖော်နဲ့ အတူတူ လာကစားကြည့်လိုက်ပါ"
နောက်ဆုံးထွက် ကြော်ငြာကို ကြည့်ပြီးနောက် ဖေးချမ့် သဘောကျစွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
ဟုတ်တယ်။ မိတ်ဆွေကောင်းတွေဆိုတာ တူတူရှိနေမှပေါ့။
ဝက်ဘ်ဆိုက်ဂိမ်းလောကရှိ ကျန်းကျုထျင်၏ အဆင့်အတန်းကို အနည်းနဲ့ အများဆိုသလို မငြင်းဆန်နိုင်တော့ပါ။ တခြားသူတွေကတော့ ဝက်ဘ်ဆိုက်ဂိမ်းများ၏ ဘုရင်အသေးစား ၄ ပါး ဖြစ်လိမ့်မည်။ အတူတူပေါင်းလိုက်ပါက အသက်ကြီး ဟောင်ကောင်လေသံ အိပ်မက်အဖွဲ့အဖြစ် ပွဲထုတ်နိုင်လိမ့်မည်။ ကျန်းကျုထျင်၏ မိတ်ဆွေ ၄ ယောက်သား ဝက်ဘ်ဆိုက်ဂိမ်း ကြော်ငြာ ရိုက်ကူးနေစဥ် ဘယ်လောက် ခွကျနေလဲဆိုတာကို မြင်ပြီး ဖေးချမ့် စိတ်ချသွားခဲ့ပါသည်။ နောက်တစ်ခါ သူတို့ မိတ်ဆွေများ ထပ်တွေ့သည့်အခါ ကျန်းကျုထျင် ခေါင်းမော့ထားနိုင်ပါတော့မည်။
ဘာပဲဖြစ်ဖြစ် ဒီလိုရှက်စရာ ကော်မာရှယ်ကို အကုန်ရိုက်တာချင်းတူတူ ကျန်းကျုထျင်၏ အန်ဒိုစာကြေးက သူတို့ထဲမှာ အမြင့်ဆုံး ဖြစ်နေတာ မဟုတ်လား။
ကျန်းကျုထျင်တစ်ယောက် သူ့ပိုင်ဆိုင်မှုက သူ့ညီနောင် ၄ ယောက်ထက် ပိုများနေတာကို ခံစားမိပါလိမ့်မည်။
အစ်ကိုကြီးကျန်းကို လက်ကမ်းကူညီပေးလိုက်ပြီးနောက် ဖေးချမ့်မှာ အတွေးတစ်ခုသာ ရှိပါတော့သည်။ သူ အလွန် အားရကျေနပ်သည်။
ကျန်းကျုထျင်လည်း သူ့ကို အရမ်းကျေးဇူးတင်နေမှာပဲမဟုတ်လား။
စိတ်ကျေနပ်စွာဖြင့် ဖေးချမ့် ဝက်ဘ်ဆိုက်ကို ပိတ်လိုက်သည်။ ထွေထွေထူးထူး မစဥ်းစားဘဲ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်း၏ ပလက်ဖောင်းကို ဖွင့်ကာ ဘာမှ မှားယွင်းမှု မရှိတာကို သေချာအောင် စစ်ဆေးဖို့ ပြင်လိုက်သည်။
မကြာသေးခင်က ထွက်ခဲ့သည့် ထိုကြော်ငြာများကြောင့် ကိန်းဂဏန်းများ အနည်းငယ် တက်လာသော်လည်း အန္တရာယ်မျဥ်းနဲ့ အဝေးကြီးဝေးနေပါသေးသည်။
ယဲ့ကျစ်ကျိုးနဲ့ လင်းဝမ်တို့ တစ်နေကုန် ဘာတွေ အလုပ်ရှုပ်နေကြသလဲ ဖေးချမ့် မသိပေ။ သို့သော် ကြည့်ရသလောက်တော့ သူတို့ အခြေအနေကို အဖက်ဆယ်ဖို့ နောက်ထပ် အစီအစဥ် ရှာမတွေ့သေးသည့်ပုံပင်။ ဘာပဲဖြစ်ဖြစ် ကိန်းဂဏန်းများ အခြေအနေ ပိုမကောင်းလာသရွေ့ အားလုံး အဆင်ပြေချောမွေ့နေပါသည်။
ကိန်းဂဏန်းများက ဘေးကင်းသည့် အခြေအနေမှာ ရှိနေသေးကြောင်း စစ်ဆေးပြီးနောက် ဖေးချမ့် မတ်တပ်ရပ်ကာ ပြန်ဖို့ ပြင်လိုက်သည်။
ဒီရက်ပိုင်းထဲ သူ ဂနာမငြိမ်ဖြစ်နေသော်လည်း ဘာဆက်လုပ်ရမှန်း ဖေးချမ့်မသိပေ။ ယွီအင်တာနက်ကဖေး၏ နောက်ထပ် ဆိုင်သစ်များ ထပ်ဖွင့်ဖို့ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေပြီး အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ထုတ်လုပ်ရက်ကိုစောင့်နေဖို့ သာရှိပါတော့သည်။
သူရုံးခန်းထဲကထွက်လာတော့ ပေါင်ရှုရှိရာဘက်ကို ဖေးချမ့် လှမ်းကြည့်လိုက်သည်။ နိုင်ငံခြား ခရီးက ပြန်လာပြီးကတည်းက ပေါင်ရှု သိသိသာသာာကြီး အသားပိုညိုလာကာ အရင်ကထက် ပိုကျန်းမာလာသည်။
မြင်ယောင်နေတာလားတော့ ဖေးချမ့်မသိပါ။ သို့သော် ပေါင်ရှု၏ ပျက်စီးနေသော ဆံပင်များ ပြန်လည် ပေါက်လာသည်ဟု ခံစားမိပါသည်။ သူ့ခေါင်းပေါ် ဆံသားပြန်စိုက်ခြင်း ပရောဂျက်က အာနိသင်ပြလာသည့်ပုံပင်။
ဒီတိုင်းသာဆို ခရီးနည်းနည်းလောက် ထပ်သွားရရင် ဆံပင်ရှည်ရှည် အနုပညာရှင်ကြီး ဖြစ်လာတော့မှာလား။ ဟင်း... စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်း ဖြစ်မှာပဲ။
ဟမ်... ဒီကောင် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ဆော့မနေပါလား။
ဖေးချမ့်က အမြင်စူးရှပြီး ဟာကွက်တစ်ခုကို မြင်သွားသည်။
ပေါင်ရှုက နိုင်ငံခြား AAA ဂန္ဓဝင်ဂိမ်းတစ်ခုကို ကစားနေခြင်းဖြစ်သည်။ ဒီတိုင်း စိတ်ပြေလက်ပြေ ကစားနေခြင်းသာ ဖြစ်ပြီး မကြာခဏ Screenshot လည်း မရိုက်သလို မှတ်စုစာအုပ်ထဲလည်း ဘာမှ ချရေးမနေပါ။
ဆိုလိုတာက တခြားဂိမ်းတွေကို လေ့လာသည့်အနေနဲ့ မဟုတ်ဘဲ... အပျော်သဘောကစားနေခြင်းသာ ဖြစ်သည်။
ပေါင်ရှု၏ ယခင် အမူအကျင့်များအရဆို အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို စိတ်ပါလက်ပါ ကစားကာ ဂိမ်းထဲမှာ ပြဿနာပေါင်းစုံကို ရှာတွေ့ပြီး တခြားသူတွေ ဖြေရှင်းလို့ရအောင် ပြဿနာကို ပြောပြတတ်သူ ဖြစ်သည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ ခရီးကပြန်လာပြီး ပေါင်ရှု လုံးဝ တခြားတစ်ယောက်လို ဖြစ်သွားခဲ့သည်။ နားကြပ်ကို တပ်ထားပြီး သူ့ဘေးပတ်လည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကိုတောင် ဂရုစိုက်သည့်ပုံမပေါ်ပေ။
သူ့မျက်နှာပေါ်မှာ 'ငါကတစ်ယောက်တည်းသမား' ဟူ၍ မရေးထားရုံတမည်သာ ရှိသည်။ ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေသလဲနားလည်သွားပါသည်။
တစ်ခါသေဖူး ပျဥ်ဖိုးနားလည်သွားလေပြီ။
ပေါင်ရှုက နောက်တစ်ခေါက် ထူးချွန်ဝန်ထမ်းအဖြစ် မဲထပ်ပေးခံရမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် ရေသာခိုမုသွင်းကာ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဖယ်ရှားနေခြင်းဖြစ်သည်။ ဒီလိုသာဆို တခြား ဝန်ထမ်းတွေက သေချာပေါက် သူ့ကို ထပ်ပြီး မဲပေးတော့မှာ မဟုတ်ပေ။
ဒါဆို နောက်တစ်ခေါက် နာကျင်စရာ လစာမပြတ် တစ်လတာ ခွင့်ရက်တွေကို ထပ်ရတော့မှာ မဟုတ်ပါ။
ပေါင်ရှု ရေသာခိုနေမှန်း ဖေးချမ့် သိလိုက်ရသောအခါ လုံးဝ စိတ်မဆိုးပေ။ ထို့အစား သူ့မျက်နှာပေါ်မှာ အပြုံးချိုချိုတစ်ခု ပေါ်လာပါသည်။
ထင်ထားတဲ့အတိုင်းပဲ ငါ့ရဲ့ အကောင်းဆုံးဝန်ထမ်းရွေးချယ်ပွဲကြီးမှာ အာနိသင် ရှိတာပဲ။
ဖြစ်စဥ်က သူမျှော်မှန်းထားတာနဲ့ ခြားနားနေသော်လည်း ဆန္ဒရှိသည့် ရလဒ်ကိုတော့ ပြီးပြည့်စုံအောင် ရယူနိုင်ခဲ့သည်။ ပထမနေရာထုတ်ပယ်ခြင်းစနစ်ကို ထန်းတာ့၏ ပင်မလမ်းညွှန်ချက် ဥပဒေတစ်ခုအဖြစ် ဆက်ပြီး ကျင့်သုံးသွားရမည်။
တော်တယ် ပေါင်ရှု။ မင်း ဆက်ပြီး ကြိုးစားထား။ သေချာပေါက် နောက်ပိုင်း မင်းကို လစာတိုးပေးမယ်။
ပေါင်ရှုလို စိတ်အားထက်သန်တဲ့ ဝန်ထမ်းတစ်ယောက်ကို ရေသာခိုတဲ့သူဖြစ်အောင် ငါပြောင်းနိုင်တယ်ဆိုတော့ တခြားသူတွေဆို မပြောပလောက်တော့ဘူး။
ဖေးချမ့် စိတ်ရွှင်သွားပြီး စိုးရိမ်မှုတွေကို ဘေးချကာ ပြန်သွားတော့သည်။
ပေါင်ရှုတစ်ယောက် မျက်လုံးထောင့်မှ ဘော့စ်ဖေး ဓာတ်လှေကားဆီထွက်သွားတာကို မြင်သောအခါ စိတ်အေးစွာ သက်ပြင်းချမိတော့သည်။
သူ့မှာရွေးချယ်စရာ မရှိပေ။ ကုမ္ပဏီထဲက လူတိုင်းအနားမှာ ပေါင်ရှု သတိထားရမည်။ သူက ဘော့စ်ဖေးကို ပစ်မှတ်ထားနေတာ မဟုတ်ပေ။ ဘယ်သူ ဘေးက ဖြတ်သွားဖြတ်သွား ပေါင်ရှု သတိပြန်ကပ်ပြီး ဂိမ်းဝင်းဒိုးကို ချက်ချင်း ပြောင်းလိုက်မည်ဖြစ်သည်။ ဘေးပတ်လည်ကို ကြည့်ပြီး သူ့ကို ဘယ်သူမှ စောင့်ကြည့်မနေတာ သေချာမှ ဂိမ်းဝင်းဒိုးကို ပိတ်ကာ သူ တည်းဖြတ်နေသည့် စာတမ်းဆီ ပြန်သွားပြီး အလုပ်ဆက်လုပ်နေပါသည်။
"နည်းနည်း ထူးဆန်းနေသလိုပဲ" ပေါင်ရှု စိတ်ထဲမှ ကိုယ့်ကိုယ်ကို ဝေဖန်လိုက်ပါသည်။
ငါလုပ်ရမယ့်အလုပ် ငါလုပ်နေတာတောင် လူတိုင်းကို လိုက်ဖုံးကွယ်နေရတယ်။ လခွီးထဲမှ။