သင်္ချိုင်းစာရဲ့ ရည်ရွယ်ချက်
Vol. 18 Ch. 262
စက်တင်ဘာလ ၁၆ ရက်နေ့၊ ကြာသပတေးနေ့...
ဖေးချမ့် ယွီအင်တာနက်ကဖေး ဟန်တုန်း တက္ကသိုလ်ဆိုင်ခွဲကို ထပ်သွားကာ ဆရာချောင်းနှင့် ဂိမ်းအခြေအနေကို သွားလေ့လာလိုက်သည်။
ဒီတစ်ခေါက်ကတော့ အရင်တုန်းကနဲ့ လုံးဝ မတူညီသော စိတ်ဓာတ်မျိုးဖြင့် ဖေးချမ့် လာခဲ့ခြင်း ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော်... သူကတော့ အဆင့်အားလုံးကို အောင်နိုင်သွားပြီ ဖြစ်သောကြောင့်ပင်။
အမှန်ပင်။ ထိုအဆင့်များက လွယ်ကူသော ခက်ခဲမှုအဆင့်သာသာ ရှိကြသည်။ 'ဖုတု' လက်နက်ကို အသုံးပြုလျက် မရဏလောကသို့အသွားလမ်းမှ ပြန်လည်းမွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောကခြောက်ပါးဆီသို့ တန်းခုန်ကူးခဲ့သည်။ ထိုနေရာက ဘော့စ်ကို ရှင်းလင်းပြီးနောက် သူ့အလုပ်သူ အောင်မြင်သွားခဲ့ပြီဖြစ်သည်။
ဖေးချမ့်သာ ဂိမ်းတစ်ခုလုံးကို အောင်နိုင်ရမည်ဆိုပါက မလုပ်နိုင်လောက်ပေ။ ဒုတိယ အချီ၏ အစပိုင်း ခက်ခဲမှုအဆင့်က ခက်ခဲလွန်းလှသည်။ ထို့အပြင် 'ဖုတု' လက်နက်က ဒုတိယအချီမှ တခြားလက်နက်များနဲ့ ခြားနားသည်။ Upgrade တင်လို့မရသဖြင့် တခြား လက်နက်များနောက်တွင် ကျန်ခဲ့လိမ့်မည်။ ထိုလက်နက်ကိုပဲ အသုံးပြုပြီး တိုက်ခိုက်ခြင်းက သေကြောင်းကြံရာ ကျပါလိမ့်မည်။
သိုသော်လည်း ဖေးချမ့်နဲ့ မဆိုင်တော့ပေ။ စနစ်၏ တာဝန်ကို သူပြီးမြောက်သွားခဲ့ပြီဖြစ်ကာ ရင်ဘတ်ထဲမှ အလုံးကြီးလည်း ကျသွားလေပြီ။
တစ်ဖက်မှာလည်း ယွီအင်တာနက်ကဖေးဆိုင်သစ်များ ဖွင့်လှစ်မည့်ကိစ္စများအားလုံး ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
သူတို့ရွေးချယ်လိုက်သည့် တည်နေရာက ကျင်းကျိုးမြို့ရှိ အကြီးမားဆုံး ရှော့ပင်းမောကြီးဖြစ်ပါသည်။ ဆိုင်ခန်းငှားခက စျေးမပေါပေ။ ၁ စတုရန်းမီတာကို ၁၂ ယွမ်စျေးရှိသည်။ ဖေးချမ့် ငှားခဲ့ဖူးသမျှထဲတွင် စျေးအကြီးဆုံးနေရာပဲ ဖြစ်ပါသည်။
နောက်ပိုင်း ၁၀ နှစ်ကျော်အကြာ ဆိုင်ငှားခများနဲ့ ယှဥ်ရင်တော့ ဘာမှမဟုတ်သော်လည်း ထိတ်လန့်စရာကောင်းအောင် မြင့်မားနေပြီဖြစ်သည်။
ထိုဆိုင်၏ ဧရိယာက ၈၀၀ စတုရန်းမီတာခန့် ရှိသည်။ ဆိုင်က ရှော့ပင်းမောတစ်ခုတည်းတွင် တည်ရှိသဖြင့် အရင်ဆိုင်တွေလောက် မကျယ်ဝန်းပါ။
သူတို့ ကော်ဖီနဲ့ အရက် ဝန်ဆောင်မှုများမပေးဖို့ ဆုံးဖြတ်ထားသဖြင့် ဆိုင်နေရာအတော်များများကို သက်သာသွားစေသည်။ ဖေးချမ့်က နေရာတစ်ခုကို ဖျော်ဖြေရေးနဲ့ အပန်းဖြေဖို့အတွက် သီးသန့် နေရာချထားလိုက်သည်။ ထိုနေရာတွင် ပရောဂျက်တာ တစ်ခုထောင်ထားလိုက်၏။ ကျန်နေရာများတွင်တော့ ကွန်ပျူတာ အလုံး ၁၅၀ လောက် ဆံ့နိုင်ပါသည်။
လစဥ် ဆိုင်ငှားခက ယွမ် ၃၀၀,၀၀၀ ဝန်းကျင်လောက် ရှိလိမ့်မည်ဟု ဖေးချမ့် ခန့်မှန်းမိသည်။ ငွေကိုင်သူ ၂ ယောက်နဲ့ အင်တာနက်ကဖေး စီမံသူ ၄ ယောက်ခန့် အလုပ်ခန့်အပ်ဖို့ လိုအပ်မည်။ ဒါဆို တစ်လကို ယွမ် ၃၀,၀၀၀ - ၄၀,၀၀၀ လောက် ကုန်ကျလိမ့်မည်။ အင်တာနက်ဖိုးများ၊ သန့်ရှင်းရေးကြေးများနှင့် တခြား ကုန်ကျစရိတ်များကိုပါ ထည့်တွက်လိုက်ပါက ဒီအင်တာနက်ကဖေးဆိုင်မှာ တစ်လကို ယွမ် ၄၀၀,၀၀၀ နီးပါးခန့် သုံးစွဲရမည်ဖြစ်သည်။
လောလောဆယ် ယွီအင်တာနက်ကဖေးများရှိ ကွန်ပျူတာများအတွက် နေရာအသုံးပြုမှု အချိုးက ၃၀ - ၄၀ ရာခိုင်နှုန်းခန့် ရှိသည်။ ပုံမှန် နေ့စဥ် လည်ပတ်ချိန်က ၀၈:၀၀ မှ ၂၄:၀၀ ဖြစ်၏။ ကွန်ပျူတာများအတွက် တစ်နာရီ ၁၀ ယွမ်နှုန်းအတိုင်း ဆက်တောင်းမည်ဆိုပါက အများဆုံး ယွမ် ၃၀၀,၀၀၀ လောက် ရနိုင်သည်။
အမှန်ပင်။ အင်တာနက်ကဖေးများစွာက ၂၄/၇ လည်ပတ်ကြသည်။ သို့သော် ဖေးချမ့်ကတော့ ထိုသို့ အစီအစဥ် မရှိပေ။
ရှော့ပင်းမောက ညဘက်တွင် ပိတ်သောကြောင့် မဟုတ်ပါ။
ရှော့ပင်းမောကြီး ပိတ်သွားရင်တောင် ရှော့ပင်းမောများစွာရှိ ရုပ်ရှင်ရုံများတွင် သန်းခေါင်ယံနေရာများ ရှိနေသည်။ မနက် ၂ နာရီ ၃ နာရီလောက်ကြီး ကတ်စတမ်မာများ ရှိတတ်ကြ၏။ ရှော့ပင်းမော ပိတ်တာကို သူတို့ ဂရုစိုက်မည်မဟုတ်ပေ။
ရှော့ပင်းမောက တံခါးဖွင့်ပေးထားဖို့သာ လိုသည်။ အသစ်အဆန်းမဟုတ်ပါ။
ဖေးချမ့် အင်တာနက်ကဖေးဖွင့်ရသည့် ရည်ရွယ်ချက်က ငွေဆုံးရှုံးရဖို့ဖြစ်သည်။ ထို့ကြောင့် ဆိုင်လည်ပတ်ချိန်ကို တတ်နိုင်သမျှ လျှော့ချပစ်ဖို့ အကောင်းဆုံးကြိုးစားတာ ပုံမှန်ပဲဖြစ်ပါသည်။
လက်ရှိကုန်ကျစရိတ်များဖြင့် တခြားရှုထောင့်တစ်ခုမှ စဥ်းစားကြည့်ပါက အမြတ်ရဖို့ဆိုလျှင် ကွန်ပျူတာများ၏ နေရာအချိုးက ၆၀ ရာခိုင်နှုန်းလောက် ရှိဖို့လိုအပ်သည်။ ထိုစံနှုန်းက ရနိုင်ဖို့ မဖြစ်နိုင်သလောက်ရှိသည်ဟု ဖေးချမ့် ထင်မိပါသည်။
ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေး၏ ပင်မဆိုင်က အလွန်ရေပန်းစားတာတောင် ထိုစံနှုန်းမျိုး မရောက်နိုင်သေးပေ။
အမှန်ပင်။ ထိုကိန်းဂဏန်းအချက်အလက်များက အပြောင်းအလဲလွယ်သောကြောင့် ဖေးချမ့် အကြွင်းမဲ့တော့ ယုံကြည်မထားခဲ့ပါ။
ဆုံးရှုံးမှုက သူမျှော်လင့်ထားသည့်ပမာဏအထိ ပြည့်မီပါက ငွေစာရင်းရှင်းချိန်မရောက်ခင် ဆိုင်နည်းနည်းလောက် ထပ်ပြီး ရင်းနှီးမြှုပ်နှံလိုက်မည်။ အကြောင်းအရင်း တစ်ခုခုကြောင့် အင်တာနက်ကဖေးက အမြတ်အစွန်းရခဲ့သည်ရှိသော် တားမြစ်ဖို့အတွက် နည်းလမ်းတစ်ခုခုရှာပါမည်။
ဖေးချမ့် ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲကို ရောက်ရှိသွားတော့ ဆရာချောင်းဘေးက ထိုင်ခုံကို ဆွဲလိုက်ပြီး ထိုင်လိုက်သည်။ ကော့တေးကို သောက်လျက် ဆရာချောင်း ဂိမ်းကစားတာကို ထိုင်ကြည့်နေပါသည်။ သူ့မူလ ရည်ရွယ်ချက်က ဆရာချောင်း နာကျင်ခံစားရတာကို ကြည့်ဖို့ဖြစ်သည်။ ဒါမှ အလုပ်များပြီး ပင်ပန်းရသည့် သူ့နေ့စဥ်ဘဝတွင် စိတ်လှုပ်ရှားစရာများ ရှိလာနိုင်မည်ဖြစ်ပါသည်။
ချောင်းလျန်ကတော့ ဖေးချမ့် တန်ဖိုးထားတာကို ခံနေရသည်ဟု ခံစားလိုက်ရကာ ချက်ချင်း အားအင်များ တက်ကြွသွားခဲ့ပါသည်။ ဂိမ်း၏ အဓိက ဒီဇိုင်နာက သူဂိမ်းကစားတာကို ထိုင်ကြည့်နေပြီး သူ့အထင်အမြင်နဲ့ အကြံပေးချက်များကို အချိန်မရွေးနားဆင်ပေးဖို့ အသင့်ပြင်ထားသည်။ ဒါမျိုးက ဂုဏ်ယူစရာကိစ္စပဲ မဟုတ်ပါလား။
ဆရာချောင်းက တက်ကြွလျက်ရှိသည်။ ထိုအချိန်တွင် ချောင်းလျန်တစ်ယောက် ဂိမ်းကို Update တင်ပြီးသွားကာ Update စာရင်းကို အေးအေးဆေးဆေး ဖွင့်လိုက်ပါသည်။
"အမ် သင်္ချိုင်းစာ စနစ်ကို ထည့်ပြီးသွားပြီလား"
ချောင်းလျန် အနည်းငယ် အံ့သြသွားရသည်။ အရင်တစ်ခေါက်က သူတင်ပြခဲ့သည့် ပြဿနာကို ဘော့စ်ဖေးက အလွန်လျင်မြန်စွာ ကိုင်တွယ်လိုက်သည်။ ဒါ သူ့အမြင်များကို ဖေးချမ့် တန်ဖိုးထားကြောင်း ပြသနေခြင်း မဟုတ်ပါလား။
ဖေးချမ့်လည်း Update စာရင်းကို မြင်သွားကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်ပါသည်။
"သင်္ချိုင်းစာစနစ်က ဂိမ်းရဲ့ အစပိုင်းမှာပဲ ပါတာ။ အကောင့်သစ်မဖွင့်ရင် အဲ့စနစ်ကို သုံးလို့ရမယ်မထင်ဘူး"
ချောင်းလျန်က ဂိမ်းထဲကို ဝင်ရင်း ပြန်ပြောလိုက်ပါသည်။ "ရပါတယ်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း အခု ဒုတိယတစ်ခေါက် ပြန်စတော့မှာလေ"
ဖေးချမ့် ဆွံ့အသွားသည်။
ဘာ…
ဆရာချောင်း၏ စကားလုံးများက ရေးကြီးခွင်ကျယ်မဟုတ်သည့်ပုံ ပေါ်သော်လည်း ဘော့စ်ဖေး၏ နှလုံးသားကို ထိုးသည့် ဓားထက်ထက် တစ်လက်နဲ့ ဆင်တူနေပါသည်။ ဒုတိယတစ်ချီတောင် ပြန်စနေပြီလား။ ဖေးချမ့်လည်း ပထမတစ်ကြိမ် ဂိမ်းကို အောင်ပြီးပြီဖြစ်သည်။ သို့သော်လည်း သူက ဖုတု လက်နက်ကို အားကိုးပြီး အဆင့်များစွာကို ကျော်ပစ်ခဲ့သူဖြစ်သည်။ ဂိမ်း၏ ၃၀ - ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ တကယ်ကစားခဲ့သူ ဖြစ်သည်။
သို့သော်လည်း ဆရာချောင်းကတော့ မတူပေ။ သူက ပထမ တစ်ကြိမ်ကစားမှုကို ဘာအဆင့်မှ မကျော်ဘဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကစားနေစဥ်လည်း စိန်ခေါ်မှုကြီးကြီးမားမားကို ရင်ဆိုင်ခဲ့ရသေးသည်။ သူအကျွမ်းတဝင်ရှိသည့် လက်နက်ကို အကျင့်မကောင်းသည့် ဂိမ်းဒီဇိုင်နာ တစ်ယောက်က စွမ်းအားနှိမ်ပစ်လိုက်သဖြင့် လက်နက်အသစ်အဆန်းများကို အကျွမ်းတဝင်ရှိအောင် သူကြိုးစားခဲ့ရသည်။
ဒီလိုဖြစ်ခဲ့တာတောင် ဂိမ်းထဲတွင် ဆရာချောင်း၏ အောင်နိုင်မှုက ဘော့စ်ဖေးနဲ့ တန်းတူနီးပါးလောက် ရှိသည်။ ဒီလိုနှိုင်းယှဥ်ကြည့်ရုံနဲ့ ဖေးချမ့်ကို ဒေါသထွက်သွားစေသည်။
သူ့စိတ်အခြေအနေ ပိုဆိုးသွားပြီး ကိုယ့်ကိုယ်ကို သံသယဝင်လာခဲ့ပါသည်။ သူ့ဂိမ်းစွမ်းရည်ကိုတော့ သံသယမဖြစ်ပါ။ သူ့ကိုယ်သူ ဂိမ်းထဲတွင် အသုံးမကျသူမှန်း ဘော့စ်ဖေး သိပြီးသားဖြစ်သဖြင့် ဘယ်တော့မှ သံသယဝင်မည်မဟုတ်ပေ။
သူ့သံသယ ဝင်သွားတာက ဂိမ်း၏ ခက်ခဲမှုအဆင့်ကို ဖြစ်ပါသည်။
ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ကို ဒီလောက်မြှင့်ထားတာတောင် ဆရာချောင်းက ဂိမ်းကို နိုင်အောင် ဆော့နိုင်တာလဲ။
ဂိမ်းကို မိတ်ဆက်တုန်းက ကစားသမားတွေတွက် ခက်ခဲမှုအဆင့်ကို မြှင့်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲ ဘုရားပဲ သိတယ်။
သို့သော်လည်း သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ဆရာချောင်းက ဂိမ်းကို နိုင်အောင် ဆော့နိုင်နေဆဲဖြစ်သည်။ ထိုအချက်က ဖေးချမ့်ကို လုံးဝ အင်အားဆုတ်ယုတ်သွားစေပါသည်။
သူ့အကြိုက်ဆုံး ကော့တေးတောင် ယခင်ကလို ရနံ့မမွှေးတော့ပေ။
သို့သော်လည်း သတင်းကောင်းကတော့ ဆရာချောင်းတစ်ယောက် ဒုတိယအကြိမ် ဂိမ်းကို ပြန်ကစားဖို့ ပြင်နေခြင်း ဖြစ်သည်။ ဒုတိယတစ်ချီ၏ ခက်ခဲမှုအဆင့်က ပထမအချီထက် ပိုမြင့်တာ သိသာပါသည်။
သူ ဂိမ်းထဲကို ဝင်လိုက်၏။
ဂိမ်းထဲသို့ အဖွင့်ဇာတ်ဝင်ခန်းကတော့ အရင်ကအတိုင်းပဲဖြစ်သည်။ CG အဖွင့်ဇာတ်ဝင်ခန်း ပြီးနောက်တွင် စဦး ပထမ ရွာကြီး ဖန်သားပြင်ပေါ် ပေါ်လာ၏။ ဝိညာဥ်သုံးပါးနဲ့ စိတ်ဝိညာဥ် ခုနစ်ခုတို့၏ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးထားသော ရွာသားအမြောက်အများက ရွာထဲတွင် လေလွင့်နေကြဆဲ ဖြစ်သည်။ ရွာအနီးရှိ ဧရာမ ခေါင်းတလားကြီးတွင် ဇာတ်လိုက်က ခေါင်းတလားကြီး၏ အဖုံးကိုဖွင့်ကာ ထထိုင်လိုက်သည်။
သူက သေလူတစ်ယောာက်ဖြစ်ရမည် ဖြစ်သော်လည်း နိုးထလာကာ မရဏလောကသို့ အသွားလမ်းဆီကို ဦးတည်သွားရသည်။ မူရင်း ဇာတ်လမ်းအရဆို ကစားသမားက ယခု ဓားကျိုးတစ်လက်ကို ကောက်ယူကာ မွန်းစတားများကို တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။
သို့သော်လည်း Update တင်ပြီးနောက် ဇာတ်ဝင်ခန်းအသစ်တစ်ခု ထပ်ပါလာသည်။
ဇာတ်လိုက်က သင်္ချိုင်းထဲရှိ သူ့အုတ်ဂူရှေ့တွင် မတ်တပ်ရပ်နေပြီး ခပ်နွမ်းနွမ်း အုတ်ဂူကျောက်စာတိုင်တစ်ခုကို မြင်သွားသည်။ ထိုကျောက်စာတိုင်ပေါ်တွင် မည်သည့် စကားလုံးမှ မရှိပါ။
ဇာတ်လိုက်က သူ့အုတ်ဂူရှေ့တွင် ဒူးထောက်ချလိုက်ပြီး ကြမ်းတမ်း စုတ်ပြတ်နေသော အုတ်ဂူကျောက်တိုင်ကို ထိလိုက်သည်။ တိုးညှင်းပြီး အက်ကွဲနေသော အသံဖြင့် သူပြောလိုက်သည်။ "ကျောက်စာ မရှိပါလား။ ဒါဖြင့်ရင် ငါ့သင်္ချိုင်းစာကို ငါပဲ ရေးထိုးရတာပေါ့"
ဖန်သားပြင်ပေါ်တွက် စာတန်းအကွက်တစ်ခု ပေါ်လာခဲ့သည်။ ကစားသမားများက ရေးချင်တာ ရေးနိုင်ပါသည်။ စကားလုံးရေ အကန့်အသတ်ကတော့ တရုတ်စာလုံး ၁၀ လုံးသာ ဖြစ်သည်။
ချောင်းလျန် ခေါင်းကုတ်လိုက်သညည်။
နာမည်ပေးရခြင်းက သူ့အကြီးမားဆုံး အားနည်းချက်ဖြစ်ကာ အလွန်ခက်ခဲသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်လာရသည်။
သူ ဘယ်လို သင်္ချိုင်းစာမျိုး ရေးရမလဲ။
သူ့ကိုယ်သူ အားပေးဖို့ အကောင်းမြင်တဲ့ စာမျိုး ရေးရမလား။
ခက်ထန်တဲ့ အခြေအနေနဲ့ ကိုက်ညီအောင်လို့ ဆုံးဖြတ်ချက် ပြတ်သားစေမယ့် စာမျိုးလား။
ဒါမှမဟုတ် ဟာသစာပဲ ရေးရမလား။
စာသားတချို့ ရဖို့ ချောင်းလျန် ဦးနှောက်ကို ညှစ်ထုတ်လိုက်သည်။ သို့သော်လည်း ထို့အတွက် ပညာအစွမ်းအစ ရှိမနေပါ။ ထို့အပြင် ဘော့စ်ဖေးက သူ့ကို ဘေးက ကြည့်နေသည်။ သူအရှည်ကြီး ရေးလိုက်ပါက ကြွားဝါရာကျသွားလိမ့်မည်။ မသင့်တော်လောက်ပါ။
ချောင်းလျန် ခေတ္တစဥ်းစားလိုက်ပြီး စကားလုံး ၄ လုံးသာ ရေးလိုက်သည်။
မင်း လုပ်နိုင်တယ်။
ဒီလို ရိုးရှင်းသည့် စာသားတစ်ကြောင်းက သူ့အတွက် အားပေးမှုတစ်ခု ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ဂိမ်း၏ ခက်ခဲမှုအဆင့်က အလွန်မြင့်မားလွန်းသည်။ ဂိမ်းထဲမှာ သူသေသွားပါက ဒီအားပေးစာကိုမြင်လျှင် သူ့ယုံကြည်ချက်ကို တိုးမြင့်သွားစေပြီး နောက်လာမည့် စိန်ခေါ်မှုများအတွက် ပြင်ဆင်နိုင်စေမည်ဖြစ်သည်။
နောက်ထပ် ရိုးရှင်းသည့် Animation တစ်ခုပြီးနောက်တွင် စကားလုံး ၄ လုံး သင်္ချိုင်းစာက အုတ်ဂူကျောက်စာတိုင်တွင် ရေးထွင်းပြီးသား ဖြစ်သွားသည်။ ထို့နောက် ဂိမ်းတရားဝင် စတင်တော့သည်။
ဒုတိယတစ်ချီ ငါလာပြီဟေ့။
ချောင်းလျန်က အလွန် အားအင်တက်ကြွနေသည်။ ဘော့စ်ဖေးရှေ့မှာ ကောင်းကောင်း သရုပ်ပြဖို့ ပြင်ဆင်ထားသည်။
ဘာပဲဖြစ်ဖြစ် သူဘော့စ်ဖေး၏ လစာကို ယူထားတာ အတော်ကြာပြီဖြစ်သဖြင့် တိုးတက်မှုတချို့ကို ပြသင့်သည် မဟုတ်ပါလား။
ချောင်းလျန်က ပထမတစ်ကြိမ်ကစားတုန်းက အဖြူအနက်မမြဲခြင်း နတ်ဘုရားများကို သုတ်သင်ပြီးနောက် ရရှိခဲ့သည့် ပူဆွေးခြင်းတုတ်တံလက်နက်ကို ထုတ်လိုက်သည်။ ထိုလက်နက်က ရှည်ရှည်ထူထူ တုတ်တစ်ချောင်းပုံစံရှိသည့် နှစ်ဖက်ကိုင်လက်နက်တစ်လက်ဖြစ်ပြီး တုတ်တံပတ်လည်တွင် စက္ကူဖြူများစွာကို ချိတ်ဆွဲထားသည်။
အလွန်ကောင်းမွန်သည့် လေးလံသော လက်နက်တစ်လက်ဖြစ်ကာ Damage ကလည်း အတော်လေး မြင့်မားသည်။ ထို့အပြင် အပိုလက်နက်အာနိသင်တစ်ခုလည်း ရှိနေပါသေးသည်။ ထိုလက်နက်ကို အသုံးပြုပြီးနောက် အရှေ့ဘက်ရှိ ရန်သူအားလုံးကိုပါ ထိခိုက်နိုင်သည့် AOE damage ရှိကာ ၎င်းတို့၏ ဝိညာဥ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ခု အနည်းငယ်ကို နုတ်ယူနိုင်စွမ်း ရှိသည်။
ဘော့စ်ဖေးရဲ့အရှေ့မှာ ငါ့အစွမ်းအစတွေကို ထုတ်ပြရမယ်။
ချောင်းလျန်က အလွန်ယုံကြည်ချက် ပြည့်ဝလျက်ရှိသည်။ ပထမ တစ်ချီကို သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် အောင်မြင်ထားခဲ့သည်။ ဘော့စ်များစွာကို တိုက်ခိုက်ဖူးပြီး အတွေ့အကြုံလည်း အလွန်ရှိပါသည်။ လူသစ်ရွာထဲက မွန်းစတား အနည်းငယ်လောက်က သူ့အတွက် အန္တရာယ် မရှိပါ။
ဇာတ်လိုက်က သူ့ပူဆွေးခြင်းတောင်ဝှေးဖြင့် အရှေ့ကို ပြေးသွားသည်။
ဂိမ်း၏ အစပိုင်းရှိ မွန်းစတားတချို့က သင်္ချိုင်းတွင် အသိစိတ်မဲ့စွာဖြင့်သာ မတ်တပ်ရပ်နေကြမှန်း ချောင်းလျန်မှတ်မိသည်။ တိုက်ခိုက်ခံရမှသာ ပြန်တိုက်ခိုက်လေ့ ရှိကြသည်။ ထို့ကြောင့် သတ္တိရှိစွာဖြင့် သူအရှေ့ကို အပြေးသွားခဲ့သည်။
သို့သော်လည်း သူသွားရင်းတန်းလန်းနဲ့ သင်္ချိုင်းအနီးရှိ မွန်းစတား ၃ ကောင်က သူ့ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြကာ ဝိုင်းရံလိုက်ကြသည်။
ချောင်းလျန် ထိတ်လန့်သွားသော်လည်း နောက်ပြန်ဆုတ်ဖို့ နောက်ကျလွန်းသွားပါပြီ။ မြေပေါ်သို့ မသိစိတ်ဖြင့် ခွေကျသွားကာ မွန်းစတား၏ ဓားသွားရှေ့တည့်တည့်ကို ရောက်ရှိသွားခဲ့သည်။ မွန်းစတား ၃ ကောင်က ဇာတ်လိုက်ကို တစ်ယောက်တစ်ချက်စီ ထိုးလိုက်ပြီး ချောင်းလျန် ချက်ချင်း သေဆုံးသွားခဲ့ပါသည်။
ဖန်သားပြင်က မီးခိုးရောင်သန်းသွားသည်။ ဖန်သားပြင် အလယ်တွင် သူရေးထားသည့် သင်္ချိုင်းစာက ပြန်ပေါ်လာခဲ့သည်။ စကားလုံးများက သွေးနီရောင်ရှိကာ ရှေးဟောင်းတရုတ်စာဖြင့် ရေးသားထားခြင်းဖြစ်၏။
"မင်း လုပ်နိုင်တယ်"
မဟုတ်သေးပါဘူး။ သင်္ချိုင်းစာက ငါ့ကိုအားပေးရမှာ မဟုတ်ဘူးလား။
ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က ဘာလို့ ပြောင်းလဲသွားတာလဲ။
အနည်းငယ် နေရခက်သွားခဲ့ကာ ချောင်းလျန် ခေါင်းကို ခပ်ပြင်းပြင်းကုတ်လိုက်ပါသည်။
ဘော့စ်တစ်ကောင်ကို အနိုင်ယူပြီး ရလာသည့် လက်နက်ဖြင့် မွန်းစတားလေးများကို တိုက်ခိုက်နိုင်လောက်သည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း အချိန်တိုအတွင်း သူအသတ်ခံလိုက်ရသည်။ သူ ရှုံးသွားတော့ "မင်း လုပ်နိုင်တယ်" ဟူသော နောက်ခံအသံကြီးက ပေါ်လာသည်။
စကားလုံးလုံးများကို ဖတ်ကြည့်ပါက ဘော့စ်လက်နက်ကို အသုံးပြုတာတောင် မွန်းစတားလေးများ သတ်တာခံရသဖြင့် သူ တော်လွန်းသည်ဟု ပြောနေသလိုပင်။
ချောင်းလျန်က ဒီရလဒ်ကို မကျေမနပ် ဖြစ်နေခဲ့သည်။
သူအသက်ပြန်ရှင်လာတော့ ပုံမှန်အတိုင်းသာ သွားဖို့ ဆုံးဖြတ်လိုက်သည်။ သင်္ချိုင်းအဝင်ဝရှိ မွန်းစတား ၃ ကောင်ကို အောင်မြင်စွာ သတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း သိပ်မကြာခင် နောက်တစ်လှည့်တွင် ထပ်သေသွားပြန်သည်။
"မင်းလုပ်နိုင်တယ်"
သွေးနီရောင် စကားလုံး ၄ လုံးက သူ့ဖန်သားပြင်ပေါ်တွင် နောက်တစ်ခေါက် ထပ်ပေါ်လာပြန်သည်။
ချောင်းလျန် ဘာပြောရမှန်းတောင်မသိတော့ပေ။
"..."
သူ့နဖူးကို လက်ဖြင့်အုပ်ကာ ကိုယ့်ကိုယ်ကို သံသယတောင် ဝင်လာခဲ့ပါသည်။
ဘာတွေဖြစ်နေတာလဲ...။
ဖေးချမ့်ကတော့ ချောင်းလျန်ဘေးကနေ အားလုံးကို စောင့်ကြည့်နေရင်း မရယ်မိအောင် ကြိုးစားနေရသည်။ တကယ်တမ်းတော့ ကစားသမားတွေ ဘာပဲရေးရေး၊ သင်္ချိုင်းစာကို အရွဲ့တိုက်သော ဝေဖန်ချက်သဘောမျိုး သက်ရောက်အောင် ဖေးချမ့်စီစဥ်ထားပြီးသား ဖြစ်သည်။
ကစားသမားတွေက အားပေးသည့် စကားလုံးများဖြစ်သော "တော်လိုက်တာ" "မင်းလုပ်တာကောင်းတယ်" စသည်ဖြင့် ရေးသားခဲ့ရင်တောင် ကစားသမားများ သေသွားသည့်အခါ အရွဲ့တိုက်သည့်စာများ ဖြစ်သွားကြလိမ့်မည်။ သင်္ချိုင်းစာများက လှောင်ပြောင်သော စကားလုံးများ ဖြစ်သည့် "သောက်ညံ့" "အရှုံးသမား" "ဟီးဟီး" စသည်တို့ဆိုလျှင် အာနိသင်က ပိုတောင် ကောင်းပါဦးမည်။
ဆိုလိုရင်းက ကစားသမားတွေ သင်္ချိုင်းစာကို ဘာပဲရေးရေး၊ ၉၉ ရာခိုင်နှုန်းလောက်က ဘော့စ်ဖေး ကစားတာကို ခံရမည်ဖြစ်ပြီး သူ့လှောင်ပြောင်မှုကို ဆက်တိုက်ခံရမည်ဖြစ်သည်။
ကစားသမားတွေကို ဂိမ်းဆက်မကစားအောင် အားယုတ်သွားစေမည့် အာနိသင်ကောင်းတစ်ခုကို သေချာပေါက် ဖန်တီးနိုင်လိမ့်မည်။ ဘယ်တော့မှ သက်တမ်းမကုန်သည့် ငွေပြန်အမ်းမှု စနစ်နဲ့သာဆို ဖေးချမ့် ရောင်းအားနဲ့ ဝင်ငွေများစွာကို ဆုံးရှုံးသွားပါတော့မည်။
ကျွတ် ကျွတ် ကျွတ်...
စဥ်းစားကြည့်ရုံနဲ့ ဖေးချမ့် အလွန်အမင်း ပျော်ရွှင်နေပါပြီ။ ထို့အပြင် ဆရာချောင်း ကိုယ့်ကိုယ်ကို သံသယဝင်နေတာကို မြင်ရသဖြင့် ဖေးချမ့် စိတ်အခြေအနေ ပြန်ကောင်းသွားသည်။
ဖေးချမ့် ကိုယ့်ကိုယ်ကို ဒီအတိုင်းသာ ဆိုနိုင်တော့သည်။
တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် လုပ်တာ မကောင်းဘူးဆိုပေမယ့် သူ့ကိုတော့ အလွန်ပျော်ရွှင်စေပါသည်။