သမီးအရင်းတစ်ယောက်ရဲ့ အခွင့်ထူး
Vol. 18 Ch. 263
စက်တင်ဘာလ ၁၇ ရက်နေ့..
ရှန်းယန်ဂိမ်းတွင်...
Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း ၏ မိုဘိုင်းဗားရှင်းကို ဖန်တီးပြီးသွားကြပြီဖြစ်သည်။ Client-side ကွန်ပျူတာ ဗားရှင်း၏ ဒေတာများက မိုဘိုင်းဗားရှင်းနဲ့ အချိတ်အဆက် ရှိသည်။ ကစားသမားတွေက သူတို့ အကောင့်များကို တိုက်ရိုက် လော့အင်ဝင်နိုင်ပါသည်။
ဂိမ်း၏ ကွန်ထရိုးများအား ပြောင်းလဲရမှုမှာ ထင်ထားတာထက် ပိုပြီး နည်းပါးနေပါသည်။ ဘာပဲဖြစ်ဖြစ် နဂို ကွန်ထရိုးမှာကတည်းက ဖန်သားပြင်ကို ဆက်တိုက် ကလစ်နှိပ်ရခြင်းသာ ရှိတာမဟုတ်လား။
ဝက်ဘ်ဆိုက်ဗားရှင်း၏ UI ကို မိုဘိုင်းဗားရှင်းနဲ့ ကိုက်ညီမှုရှိအောင် ပြောင်းလဲပြီးနောက် ဝမ်ရှောင်းပင်နဲ့ ယဲ့ကျစ်ကျိုးတို့ စမ်းကစားကြည့်လိုက်ပြီး ဂိမ်း၏ လက်တိကျမှုက အတော်လေး ကောင်းမွန်ကြောင်း သိလိုက်ရသည်။
မိုဘိုင်းနဲ့ ကွန်ပျူတာဗားရှင်းတို့၏ ဂိမ်းကစားပုံနဲ့ လုပ်ဆောင်ချက်များကို နှိုင်းယှဥ်ကြည့်သည့်အခါ များများစားစား ခြားနားချက်မရှိပေ။ မိုဘိုင်းဗားရှင်းက ကွန်ပျူတာ ဗားရှင်းထက်တောင် ပိုပြီး ချောမွေ့နိုင်ပါသေးသည်။
ဂိမ်းရသကို နှိုင်းယှဥ်ကြည့်ရင်လည်း မိုဘိုင်းဗားရှင်းက ကွန်ပျူတာဗားရှင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်မှုမှာ အလွန်အောင်မြင်မှုရခဲ့ပါသည်။ အမှန်ပင်။ မိုဘိုင်းဗားရှင်း၏ အောင်မြင်မှုအစစ်က ဂိမ်းကို ထုတ်လုပ်လိုက်သည့်အခါ ကစားသမားများထံမှ Review များဖြင့်သာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
တခြားသူတွေ နောက်ဆုံးဖိုင်နယ် ပြင်ဆင်ချက်များနဲ့ အလုပ်ရှုပ်နေစဥ် လင်းဝမ်တစ်ယောက် ရှန်းဟွာ ဆဲလ်ဖုန်းများရှိ App များအတွက် App Store ကို ဆက်သွယ်လိုက်သည်။
Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းအတွက် အကောင်းဆုံး ထောက်ခံချက် လမ်းကြောင်းများကို စီစဥ်ထားသည်။ လောလောဆယ် ရှန်းဟွာကော်ပိုရေးရှင်း၏ အဓိက အာရုံစိုက်မှုက ၎င်းတို့၏ ဆဲလ်ဖုန်းများဖြစ်သည်။ မိုဘိုင်း App များအတွက် သိပ်ပြီး အလေးမထားကြပေ။ ယခင် App Store အဟောင်းကို လုပ်ခဲ့သည့် ပြောင်းလဲချက်များက စမ်းသပ်ချဲ့ထွင်သည့် သဘောသာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မိုဘိုင်းဂိမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုက အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေချိန် ဖြစ်သည်။ ကိုယ်ပိုင် ကတ်စတမ်မာများစွာ ရှိသည့် ကုမ္ပဏီတိုင်းက အသုံးပြုသူ ပမာဏများထံမှ ငွေရရှိစေဖို့ App မျှဝေရေး ပလက်ဖောင်းများကို ဖန်တီးဖို့ စဥ်းစားနေကြချိန်ဖြစ်သည်။
ရှန်းဟွာ၏ App Store တစ်ခုဖန်တီးဖို့နဲ့ ဂိမ်းမားကတ်တစ်ခု ဖန်တီးဖို့ကို အားလုံးက မျှော်လင့်ထားကြသည်။
ရှန်းဟွာက ဒီတိုင်း ရှေ့ပြေးစမ်းသပ်ခြင်း ဖြစ်သောကြောင့် App Store က မပြီးပြည့်စုံသေးပေ။ ဒီလိုဆိုရင်တောင် ရှန်းဟွာ၏ ကတ်စတမ်မာများထဲတွင် ချမ်းသာကြွယ်ဝသည့် ပုဂ္ဂိုလ်များစွာ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့၏ App Store ထဲမှ ထောက်ခံချက်နေရာတိုင်းက အလွန်တန်ဖိုးမြင့်လာခဲ့သည်။
၎င်းတို့၏ ထောက်ခံချက်နေရာတိုင်းတွင် စျေးနှုန်းများ ကပ်ထားသည်။ တချို့အကောင်းဆုံး ထောက်ခံချက်နေရာများဆို ပိုက်ဆံနဲ့တောင် မဝယ်နိုင်ပါ။ ဂိမ်းတွေက အသုံးပြုသူတွေကို ဆွဲဆောင်နိုင်မှန်း သက်သေပြရမည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းတွေက ငွေပိုရလေလေ ပလက်ဖောင်းက ကော်မစ်ရှစ်ခပိုများများရလေလေ ဖြစ်သည်။ ဂိမ်းဖန်တီးသူတွေနဲ့ ထုတ်ဝေသူတွေက ငွေပမာဏတူညီစွာ ကမ်းလှမ်းလာလျှင် အသုံးပြုသူအရေအတွက် ပိုများသည့် ဂိမ်းက ထောက်ခံချက်နေရာကွက်ကို ရရှိမှာ သိသာပါသည်။
လင်းဖန်၏ အဆက်အသွယ်ကောင်းမှုကြောင့် Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက စစ်ဆေးမှု လုပ်ငန်းစဥ် အများစုကို အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ လင်းယုက ဒီကိစ္စကို ကိုယ်တိုင်တောင် ဖြေရှင်းဖို့ မလိုအပ်ပေ။ App Store တာဝန်ခံများကို ဆက်သွယ်ဖို့သာ လိုပြီး ဒီကိစ္စကို သူတို့က ဖြေရှင်းပေးပါလိမ့်မည်။
လင်းယု၏ အမြင်မှာတော့ ဒီတစ်ခေါက် ထောက်ခံချက်နေရာကို ပေးလိုက်ခြင်းက ဘော့စ်ဖေးအတွက် ကျေးဇူးတင်ကြောင်း ပြသဖို့ဖြစ်ကာ လင်းဝမ်နဲ့ သူမတို့ဆက်ဆံရေးကို အနည်းငယ် ဖာထေးနိုင်ဖို့ နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ထောက်ခံချက်နေရာကို ပေးလိုက်ခြင်းက လင်းဝမ်ကို ချော့မြူဖို့သာဖြစ်ပြီး ဂိမ်းလောကထဲက လင်းဝမ်၏ အိပ်မက်ကို အပြည့်အဝ ထောက်ခံသောကြောင့် မဟုတ်ပေ။
လင်းဝမ်လည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်ပါသည်။ ထို့ကြောင့် သူမ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းအပေါ် ပိုပြီး မျှော်လင့်ထားခဲ့သည်။ ရလဒ်ကောင်းများ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထား၏။
ပထမဆုံး ဒီတာဝန်ကို အောင်မြင်ပါက ဘော့စ်ဖေး၏ မျှော်လင့်ချက်အတိုင်း ပြည့်မှီကာ ယုံကြည်မှုကို ရမည်ဖြစ်သည်။ ဒုတိယတစ်ချက်က အောင်မြင်သွားသည့် ပရောဂျက်တစ်ခုကို ထုတ်လုပ်မှု တာဝန်ရှိသူတစ်ယောက် ဖြစ်သဖြင့် ဂိမ်းလောကထဲက သူမ၏ ရည်မှန်းချက်များကို ရရှိဖို့ ပထမဆုံး ခြေလှမ်း လှမ်းလိုက်ရာလည်း ကျပါမည်။ နောက်ဆုံးအနေနဲ့ လင်းဝမ်က ဥက္ကဌကြီးလင်းနဲ့ လင်းယုတို့ကို သူမ ဂိမ်းလောကထဲ ဝင်လိုက်တာက ဆင်ခြင်မဲ့သည့် ဆုံးဖြတ်ချက် မဟုတ်မှန်း သက်သေပြဖို့ မျှော်လင့်ထားသည်။ ဒီနယ်ပယ်ထဲမှာ သူမ နာမည်တစ်ခုရလာအောင် လုပ်နိုင်စွမ်းရှိကြောင်း ပြသချင်၏။
Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းကို မိုဘိုင်းဗားရှင်း ဖန်တီးဖို့အကြံက လင်းဝမ်၏ အကြံ ဖြစ်သည်။ မိုဘိုင်းဗားရှင်းက ဆိုးဆိုးရွားရွား ကျရှုံးသွားပါက သူမအတွက် ထိချက်ပြင်းနိုင်သည်။
ထိုအခါ သူမ အလုပ်ထွက်ဖို့တောင် စဥ်းစားရပါလိမ့်မည်။
ထောက်ခံချက်နေရာကို အတည်ပြုပြီးသွားပြီဖြစ်ကာ ဂိမ်း၏ အောင်မြင်မှု၊ ကျရှုံးမှုက မနက်ဖြန် ထုတ်လုပ်မှုအပေါ်တွင် မူတည်နေပါသည်။
ယဲ့ကျစ်ျကိုးက ဂိမ်းကို နောက်တစ်ခေါက် ဖွင့်ကစားကြည့်လိုက်ပြီး ဂိမ်းထဲက Group Chat များကို ဆွဲကြည့်နေသည်။
Bloody Battle Song ၏ Guild Group Chat များကို ဘယ်တော့မှ ဖျက်မပစ်ပါ။ ကစားသမားတွေက Group Chat ထဲတွင် လတ်တလော ဂိမ်းဖန်တီးမှုများအကြောင်းကို စောင့်ကြည့်နေကြဆဲဖြစ်သည်။
အစောပိုင်းကတော့ ကစားသမားတွေက ဂိမ်းကို အများကြီး မျှော်လင့်မထားကြပေ။
Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ဝက်ဘ်ဆိုက်ဗားရှင်းက လျို့ကြီး ယခင် လုပ်ခဲ့တာကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။ တစ်နေ့နေ့ ဂိမ်းကို ဆက်လက် မလည်ပတ်တော့ရင်တောင် ကစားသမားတွေက အံ့သြမှာ မဟုတ်ပါ။
သို့သော်လည်း လည်ပတ်မှု ရပ်တန့်သွားတော့မည့် အရိပ်အယောင်ရှိနေသော ဂိမ်းတစ်ခုက ဖြည်းဖြည်းချင်း အသက်ပြန်ဝင်လာခဲ့သည်။
ပထမဆုံး ဂိမ်း၏ အကြောင်းအရာများကို အကြီးအကျယ် ပြောင်းလဲလိုက်၏။ 'ရွေးချယ်ခံ' စနစ်ကို Update တင်ခဲ့သည်။ ရုတ်တရက်ကြီး အမုန်းပွားစေပြီး တရားမျှတမှုမရှိအောင် ကစားသမားများကို ငွေလိမ်ယူသည့် သာမန်ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုမှ ငွေမသုံးသည့် ကစားသမားတွေတောင် ကစားပျော်နိုင်သည့် ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ဂိမ်းထုတ်လုပ်သူများက Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းထဲတွင် ရင်းမြစ်များစွာကို အရင်းအနှီးလုပ်ခဲ့သည်။ ပန်းချီရင်းမြစ်များကို လုံးဝ အသစ်ပြန်လုပ်ထားကာ ဂိမ်းထုတ်လုပ်သူတွေက ဂိမ်းကြော်ငြာအတွက် နာမည်ကျော်ပုဂ္ဂိုလ်တွေကိုတောင် ငှားရမ်းခဲ့ပါသည်။
ထိုလက္ခဏာများကို ကြည့်ခြင်းအားဖြင့် ဂိမ်းထုတ်လုပ်သူ ရှန်းယန်ဂိမ်းက ရုတ်တရက်ကြီး ငွေမနည်းပါးတော့မှန်း ပြသနေသည်။
ရှန်းယန်ဂိမ်း၏ ငွေတွေ ဘယ်ကရောက်လာမှန်း ဘယ်သူမှ သေချာမသိကြသေးသော်လည်း အလွန်ကောင်းမွန်သော သတင်းတစ်ခုတော့ ဖြစ်ပါသည်။ ငွေရှိသဖြင့် ဂိမ်းထုတ်လုပ်သူများက ယာယီအရှုံးကို လက်ခံနိုင်သည်။
ဂိမ်းကို ကြီးကြီးမားမား ပြောင်းလဲမှုများလုပ်ကာ ကြော်ငြာဖို့အတွက် ငွေတွေသုံးစွဲနိုင်သည်။ ဘာပဲဖြစ်ဖြစ် ထိုလက္ခဏာများအားလုံးက ဂိမ်းမှာ ပိုတောက်ပသည့် အနာဂတ်ကို ဦးတည်နေမှန်း ပြသနေပါသည်။
ထိုအချိန်တွင် ဂိမ်းထုတ်လုပ်သူတွေက ကွန်ပျူတာဗားရှင်းနဲ့ ဒေတာဆက်နွယ်နေသည့် မိုဘိုင်းဗားရှင်းတစ်ခုကို ထုတ်လုပ်တော့မည်ဟူသည့် ကောလဟာလများလည်း ထွက်လာခဲ့သည်။ ထို့ကြောင့် Group Chat ထဲက ကစားသမားများ ပျော်ရွှင်နေကြခြင်း ဖြစ်သည်။
ဒီလိုသာဆို သူတို့ အချိန်မရွေး နေရာမရွေး ဂိမ်းထဲတွင် အွန်လိုင်း ဖြစ်နေနိုင်ပါပြီ။
အလုပ်ကို လာသည့် လမ်းတွင်လည်း ကစားနိုင်သလို အလုပ်ပြန်ပြီး အိပ်ယာပေါ်ရောက်နေလျှင်လည်း ကစားနိုင်ပါသည်။ သူတို့ ရုပ်ထွက် ပိုကောင်းကောင်း ကစားချင်ပါက ကွန်ပျူတာဖွင့်ပြီး ကွန်ပျူတာဗားရှင်းကို ကစားဖို့ ဆုံးဖြတ်နိုင်ပါသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ယခင်တုန်းက နိုင်ငံတိုက်ပွဲများကို ဆင်နွှဲနေစဥ် အနီးအနားမှာ ကွန်ပျူတာမရှိလျှင် သူတို့အတွက် စိတ်ပျက်စရာ ပြဿနာတစ်ခုလိုဖြစ်ခဲ့သည်။ သို့သော်လည်း ထိုပြဿနာက အခုတော့ ပြေလည်သွားပါပြီ။ တစ်ချိန်တည်းမှာပဲ Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ကြော်ငြာများက နာမည်ကျော်သွားခဲ့သည်။ ထို့ကြောင့် ကစားသမားဟောင်းများကို ပုံရိပ်ယောင်တစ်ခုကို မြင်လာစေခဲ့သည်။
ကမ္ဘာတစ်ခုလုံးက ဂိမ်းကို သိနေကြသလိုမျိုး ထင်သွားစေသည်။ ကျန်းကျုထျင်နဲ့ သူ့ညီအစ်ကို ၄ ယောက်တို့က အင်တာနက်ပေါ်တွင် Trend တစ်ခုကို ဖန်တီးခဲ့၏။ ၎င်းတို့၏ ကော်မာရှယ် ဗီဒီယိုစုစည်းမှုများနဲ့တင် အိုင်လီကျွန်းပေါ်တွင် ကြည့်ရှုသူ ၂ သန်း ရှိနေပါပြီ။
'ကျားကျုထျစ်' meme က အင်တာနက်ပေါ်တွင် ပို၍ပင် ရေပန်းစားနေပါသေးသည်။ ကော်မာရှယ်နဲ့ ဂိမ်းအကြောင်း ဝေဖန်သည့် ဝေဖန်ချက်ဗီဒီယိုများလည်း ရှိသေးသည်။
ဒါသာ နာမည်ကြီးသွားတာ မဟုတ်ဘူးဆို ဘာကို နာမည်ကြီးတယ် ခေါ်ဦးမလဲ။
ထို့ကြောင့် ကစားသမားများက မိုဘိုင်းဗားရှင်း ထုတ်မည့်အချိန်ကို ပျော်ပျော်ကြီး စောင့်စားနေကြသည်။
သို့သော်လည်း ယဲ့ကျစ်ကျိုးက ကစားသမားများ၏ Group Chat ထဲတွင် ပုန်းခိုနေခဲ့တာ ကြာပြီဖြစ်သည်။ ထို့အပြင် ဒါတွေအားလုံးက ပုံရိပ်ယောင် သက်သက်သာဖြစ်မှန်းလည်း သူသိပါသည်။
အပေါ်ယံမှာတော့ ဂိမ်းက နာမည်ကြီးလာသည်ဟု ထင်ရသည်။ သို့သော်လည်း လက်တွေ့မှာတော့ ရှန်းယန်ဂိမ်းက ဘော့စ်ဖေး၏ ပိုက်ဆံများကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။ လောလောဆယ် ဂိမ်း၏ ဖန်တီးမှုနဲ့ ကြော်ငြာများကြောင့် ဘော့စ်ဖေး ယွမ် ၁၀ သန်းလောက် ကုန်နေပါပြီ။
ယွမ် ၁၀ သန်းဆိုတာ နည်းနည်းနောနော ပမာဏ မဟုတ်ပါ။
ထိုငွေထဲက တချို့ကို ချွေတာနိုင်ပါက Mini client-side ဂိမ်းလေးတစ်ချို့ သို့မဟုတ် အရည်အသွေးကောင်းသည့် ဂိမ်းကောင်းတစ်ခုကိုတောင် ဖန်တီးနိုင်ပါသည်။
မိုဘိုင်းဗားရှင်းကို ထုတ်လုပ်လိုက်ပြီး ဒီလို အတုအယောင်ရေပန်းစားမှုကြီးသာ ဆက်လက်တည်ရှိနေပါက အားလုံးအတွက် ထိခိုက်မှုပြင်းထန်နိုင်ပါသည်။
...
စက်တင်ဘာလ ၁၈ ရက်နေ့....
ဒီနေ့ ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများက ကုမ္ပဏီကို စောစောရောက်လာကြပြီး စိတ်ဖိစီးစွာဖြင့် စောင့်စားနေကြသည်။
သူတို့အားလုံး ရှန်းဟွာ App Store ကို ဖုန်းထဲတွင် ဒေါင်းလုတ်ဆွဲထားကြပြီး မကြာခဏ စစ်ကြည့်နေကြသည်။
မနက် ၁၀ နာရီ...
ယဲ့ကျစ်ကျိုးက App Store ကို ရင်တထိတ်ထိတ်ဖြင့် နောက်တစ်ခေါက် Refresh ပြန်လုပ်ကြည့်လိုက်ပြီး အံ့အားသင့်စွာ အော်လိုက်ပါသည်။ "တက်လာပြီဟေ့ တက်လာပြီ"
သူ့ဘေးကလူတွေလည်း သူ့အနား ဝိုင်းအုံလာကြသည်။
ရှန်းဟွာ App Store ကို Pineapple ဖုန်းများမှအပ ဖုန်းဘရန်းတိုင်းတွင် ဒေါင်းလုတ်ဆွဲနိုင်သည်။ ရှန်းဟွာ ဆဲလ်ဖုန်းများမှာတော့ အော်တို ပါလာပြီးသားဖြစ်သည်။
အားလုံးပဲ ရှာဖွေရေး ကစားနည်းကို စတင်လိုက်ကြပြီး Bloody Battle Song မိုဘိုင်းဗားရှင်း၏ ထောက်ခံချက်နေရာကို ရှာဖွေလိုက်ကြသည်။
App ကို ကြည့်ရှုပြီးသွားသောအခါ အားလုံး အသက်ပြင်းပြင်းရှူလိုက်မိကြ၏။
ဒါက သေချာပေါက် သမီးအရင်းတစ်ယောက်ပဲ ရနိုင်တဲ့ အခွင့်ထူးမျိုးပါလား။
အားလုံးမျှော်လင့်ထားတာလက် လုံးဝ သာလွန်နေပါသည်။
App Store ၏ ပင်မစာမျက်နှာတွင် ကာဗာ စာမျက်နှာ ၄ မျက်နှာရှိနေပြီး တစ်မျက်နှာက Bloody Battle Song ဖြစ်သည်။
ကျန်းကျုထျင်က ဓားကြီးတစ်ချောင်းကို မြှောက်လျက် ခုတ်တော့မည့်ပုံစံမျိုး ပါလာသည်။
အောက်ဘက်မှာတော့ ရေပြင်ညီ အမျိုးအစား Bookmarks ၅ခု ရှိသည်။ ထို့အောက်မှာတော့ အွန်လိုင်းဝယ်ယူမှု app၊ ဗီဒီယို app အစရှိသဖြင့် ပါဝင်သည့် ရေပန်းစား ထောက်ခံချက် App ၅ ခု ရှိနေပါသည်။
Bloody Battle Song က ထို App ၅ ခုထဲမှာလည်း ပါဝင်နေသေးသည်။
ပရိုမိုးရှင်းဓာတ်ပုံတွင် ကျန်းကျုထျင်မှ ဂိမ်းဇာတ်ကောင်တစ်ကောင်ပုံစံ ဝတ်ဆင်ထားသည့် ဦးခေါင်းပုံပါဝင်ပြီး ခေါင်းစဥ်က Bloody Battle Song (စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီမှ စတင်ကစားနိုင်ပြီ) ဟူ၍ ဖြစ်သည်။
ထို့အောက်မှာတော့ ဂိမ်း၏ အသေးစိတ် အချက်အလက်တချို့ပါရှိသည်။ ဂိမ်း၏ ဖိုင်ဆိုဒ်က 370MB လောက်ရှိသည်။ ဂိမ်းက ကြယ် ၄ ပွင့် review ကိုရရှိထားသည်။ ကြော်ငြာဆောင်ပုဒ်တစ်ခုလည်း ပါရှိသေး၏။
ကျန်းကျုထျင်မှ ပါဝင်ကြော်ငြာထားပြီး သေချာပေါက် တရားမျှတမှုရှိတဲ့ နိုင်ငံစစ်ပွဲဂိမ်းတစ်ခု ဖြစ်ပါသည်။
နှိပ်ကြည့်ပါက Bloody Battle Song ၏ အသေးစိတ် စာမျက်နှာကို ရောက်ရှိသွားမည်ဖြစ်သည်။
App Store ၏ ပင်မစာမျက်နှာပေါ်က ထောက်ခံချက်နေရာတိုင်းက အဖိုးမဖြတ်နိုင်ပေ။
ဒါတောင် Bloody Battle Song က ထိုအရေးကြီး နေရာ ၂ ခုကို ပိုင်ဆိုင်ထားသည်။
ဒါတင်မကသေးဘဲ 'Game Store' bookmark နဲ့ 'Editors' Choice' စာရင်း၏ ထိပ်ဆုံးမှာလည်း Bloody Battle Song က ထိပ်ဆုံးဖြစ်သည်။
သူတို့ ဝက်ဘ်ဆိုက်ဂိမ်း အမျိုးအစားကို နှိပ်ကြည့်လိုက်ပြန်ရင်လည်း 'တစ်လတာ အကောင်းဆုံး ဂိမ်းသစ် ထောက်ခံချက်' ၏ ထိပ်ဆုံးမှာလည်း Bloody Battle Song ရှိနေပါသည်။
တတိယ bookmark က အဆင့်သတ်မှတ်ချက်ဖြစ်သည်။ စျေးကွက်ထဲက ဂိမ်းနဲ့ app အားလုံးကို ၎င်းတို့၏ လတ်တလောနဲ့ ရေရှယ် ဒေါင်းလုတ်ပမာဏ၊ အဆင့်သတ်မှတ်ချက်၊ ရေပန်းစားမှုနဲ့ အကျိုးအမြတ်ရမှုတို့အပေါ် မူတည်ကာ အဆင့်သတ်မှတ်ပေးခြင်းဖြစ်သည်။
Bloody Battle Song က စာရင်း၏ အဆင့် ၇ နေရာတွင် ရှိနေပါသည်။
အောက်ဘက်မှာလည်း ခေါင်းစဥ်တစ်ခု ရှိနေသည်။ ထည့်သွင်းထားသူ ၃၅၀,၀၀၀၊ အဆင့်သတ်မှတ်ချက် ၄.၇ ဖြစ်၏။
အံ့သြဖို့အကောင်းဆုံးက ခေါင်းစဥ်ဘေးရှိ အနီရောင်တောက်တောက် 'ထောက်ခံထားသည်' ဟူသည့် သင်္ကေတပင်။
ဒီထောက်ခံချက်ကို ရှန်းဟွာက ထုတ်လုပ်ထားခြင်းဖြစ်၏။ ကုမ္ပဏီက ဒီသင်္ကေတကို အရည်အသွေးကောင်းပြီး ရေပန်းစားသည့် ဂိမ်းများအား အချိန်အကန့်အသတ်ဖြင့် ဆုချသွားမည်ဖြစ်သည်။
ရှန်းဟွာ App Store အသုံးပြုသူများအတွက် ထိုသင်္ကေတက ဂိမ်းကို ရှန်းဟွာမှ အထူးတလည် ရွေးချယ်ထားသည်ဟု သဘောသက်ရောက်ပါသည်။
ထောက်ခံချက်နေရာပေါင်းစုံတို့ကိုကြည့်ရင်း အားလုံး အံ့အားသင့်စွာ ရေရွတ်လိုက်မိကြသည်။
ဒီလို အကျိုးခံစားခွင့်မျိုးရဖို့ သူတို့ဘယ်လို အဆက်အသွယ်မျိုးတွေ လိုအပ်လိမ့်မလဲ။
တချို့ ထောက်ခံချက်နေရာများကို ငွေဖြင့်ဝယ်နိုင်သည်။ ဥပမာ Bookmark စာမျက်နှာက ထောက်ခံချက်နေရာအသေးစားလေးကဲ့သို့ဖြစ်သည်။
သို့သော်လည်း ပင်မစာမျက်နှာပေါ်က ထောက်ခံချက်များအတွက်တော့ တခြားရေပန်းစားဂိမ်းများနဲ့ ယှဥ်ပြိုင်ရရုံတင်မကဘဲ တခြား ရေပန်းစား app များကိုပါ အနိုင်ယူရဦးမည်။ သူတို့ ငွေများများထုတ်ပေးနိုင်ရုံနဲ့ လုံးဝ မရနိုင်ပါ။
အမှန်ပင်။ ပင်မစာမျက်နှာ ထောက်ခံချက်နေရာက အံ့သြဖို့အကောင်းဆုံးအရာမဟုတ်သေးပေ။
မယုံကြည်နိုင်စရာအကောင်းဆုံးအချက်က Bloody Battle Song မှာ အဆင့်သတ်မှတ်ချက်နေရာတွင် အဆင့် ၇ ကိုရောက်ရှိနေခြင်း ဖြစ်ပါသည်။
အဆင့် ၇ နေရာက ဆဲလ်ဖုန်း ဖန်သားပြင်၏ အောက်ဆုံးမှာရှိနေပြီး အသုံးပြုသူတွေ အဆင့်သတ်မှတ်ချက်များထဲ ဝင်လိုက်တာနဲ့ အောက်ဆွဲစရာမလိုဘဲ ဂိမ်းကို မြင်နိုင်သည်။
အဆင့်သတ်မှတ်ချက်များက ရှန်းဟွာ၏ တွက်ချက်မှုများအတိုင်း လိုက်နာပြီး အများအားဖြင့် တရားမျှတမှုရှိပါသည်။
ဘာပဲဖြစ်ဖြစ် အဆင့်သတ်မှတ်ချက်တစ်ခုလုံးက လုပ်ဇာတ်ကြီးဆိုလျှင် သိသာလွန်းလိမ့်မည်။ ဒီအဆင့်သတ်မှတ်ချက်တွေက မယုံရမှန်း အသုံးပြုသူတွေလည်း အလွယ်တကူ နားလည်သွားနိုင်သည်။
ထို့ကြောင့် App Store အများစု လုပ်တာက ကြော်ငြာပရောဂျက်တချို့ကို အဆင့်သတ်မှတ်ချက်ထဲ ထိုးထည့်လိုက်ခြင်း ဖြစ်၏။ ထို့နောက် ထို App များ၏ ကိန်းဂစန်းအချက်အလက်များကိုလည်း အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ချိန်ညှိလိုက်မည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူအများစုက အဆင့်သတ်မှတ်ချက်များ၏ စံနှုန်းနဲ့ စည်းကမ်းများကို မသိကြပေ။
Weibo ပေါ်က ရေပန်းစားရှာဖွေမှုများနဲ့ ဆင်တူညီပါသည်။