ကောက်ညှင်းလို့ သဘောထားလိုက်
Vol. 18 Ch. 265
စက်တင်ဘာလ ၂၀ရက်နေ့...
ဖေးချမ့်က လစဥ် ၂၀ ရက်နေ့တိုင်း မင်ယွမ်စားဖိုဆောင်ကို ဘိုကင်လုပ်ထားသည်။ မင်ယွမ်စားဖိုဆောင်က ယခု အမြတ်အစွန်းများ ဝင်နေပြီဖြစ်သဖြင့် ဘော့စ်ဖေး စိတ်ပျက်မိသော်လည်း ဒီလိုကုန်ကျစရိတ်များကိုတော့ ချွေတာနေလို့ မဖြစ်ပေ။
တကယ်တော့ မင်ယွမ်စားဖိုဆောင် အရှုံးမပေါ်တော့ခြင်းကြောင့်သာ သူ အားလုံးကို ရပ်တန့်လိုက်ရခြင်း ဖြစ်သည်။ သူ့ဝမ်းနည်းမှုများကို စားချင်စိတ်အဖြစ်သို့ ပြောင်းလဲကာ မင်ယွမ်စားဖိုဆောင်မှ အစားအသောက်များဖြင့် သူ့ကိုယ်သူ ဧည့်ခံပြီး ဖြုန်းနိုင်သမျှငွေကို ဖြုန်းပစ်ရပါမည်။
မင်ယွမ်စားဖိုဆောာင်က သူ့ကိုယ်ပိုင်စားသောက်ဆိုင်ဖြစ်သော်လည်း သူစားသောက်သည့် အစားအသောက်များအတွက် သူငွေရှင်းရမည်။ အရင်တစ်ခေါက်က သူစားခဲ့သည့် ကဏန်းဘုရင်ကြီးကိုပဲ နမူနာယူကြည့်ပါ။ ပါဝင်ပစ္စည်းများ၏ စျေးနှုန်းနဲ့တင် တစ်ကိုက်ကို ယွမ် ထောင်ဂဏန်း ကုန်ကျစေပါသည်။။
စျေးကြီးကြီး အစားအသောက်များကို အားလုံး အားပါးတရ စားသောက်ပါက ဘော့စ်ဖေးအတွက် အကူအညီ ကြီးကြီးမားမား ဖြစ်ပါလိမ့်မည်။
လင်းကန်ရုံနဲ့ မင်ယွမ်စားဖိုဆောင်က ဝန်ထမ်းများက အလွန်အမင်း အလုပ်ရှုပ်နေပြီဖြစ်သည်။ ပါဝင်ပစ္စည်းများကို ပြင်ဆင်ရရုံတင်မကဘဲ မင်ယွမ်စားဖိုဆောင်က ဆိုင်အလှဆင်မှုများ၊ စားပွဲများ၊ ဇွန်းခွက်ပန်းကန်များ အစရှိသည်တို့ကို အဆင့်အမြင့်ဆုံးဖြစ်အောင် ပြင်ဆင်ရသေးသည်။
ထိုနေ့က ဖေးချမ့် ဘာမှလုပ်စရာမရှိသဖြင့် စားသောက်ဆိုင်ကို စောစောသွားပြီး လက်ဖက်ရည်လေးသောက်ကာ ဝန်ထမ်းတွေ သူ့နားမှာ အလုပ်ရှုပ်နေတာကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသသည်။
သူတို့က အလွန်စနစ်ကျနစွာ အလုပ်လုပ်ကြသည်။ စားပွဲများကို ရွှေ့သည့်အခါ၊ စားပွဲခင်းများလဲသည့်အခါ၊ ဇွန်းခွက်ပန်းကန်များတည်ခင်းသည့်အခါ အသေးစိတ်တိုင်းကို ဂရုစိုက်ကြသည်။
စားပွဲထိုးများအားလုံးက အဖြူရောင် လက်အိတ်တစ်စုံစီ ဝတ်ဆင်ထားကြကာ လှပ ခမ်းနားသည့် ညစာခန်းမကြီးနဲ့ပေါင်းလိုက်ပါက ဒီနေရာကြီးက အလွန်အထင်ကြီးဖွယ်ကောင်းလှပါသည်။
ဖေးချမ့်က လက်ဖက်ရည်သောက်ကာ ဝမ်းနည်းနေမိသည်။ ဒီလောက်လှတဲ့နေရာကြီးက ငါ့အတွက် ပျော်စရာ နေရာ မဟုတ်တော့ပါလား။ နှမြောစရာပဲ။
လင်းကန်ရုံက စားပွဲထိုးများကို ရိုးရှင်းသည့် ညွှန်ကြားချက်တချို့ပေးကာ ဘော့စ်ဖေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက် အဖော်လုပ်ပေးလိုက်ပါသည်။
ညစာစားပွဲများစွာကို တည်ခင်းပေးခဲ့ပြီးဖြစ်သဖြင့် စားပွဲထိုးများက အော်တိုပိုင်းလော့များကဲ့သို့ လည်ပတ်နေကြသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်တာဝန်များကို သိကြပြီး နေရာတကာ လင်းကန်ရုံ ညွှန်ကြားဖို့ မလိုတော့ပေ။
"ဘော့စ်ဖေး စားဖိုဆောင်ရဲ့ အခြေအနေနဲ့ ဝင်ငွေအကြောင်းလေး ကျွန်တော်ပြောပြပါရစေ..." လင်းကန်ရုံက အလွန်ဂုဏ်ယူဝံ့ကြွားနေသည့်ပုံပေါက်ပါသည်။
ဖေးချမ့်က အလျင်အမြန်ပဲ ဖန်ခွက်ကိုချကာ လက်မြှောက်လျက် တားလိုက်သည်။ "ရတယ် မလိုဘူး"
"ဒီဆိုင်ကို ခင်ဗျား သေချာဂရုစိုက်ထားမှန်း ကျွန်တော်ယုံကြည်ပါတယ်။ အသေးစိတ် ရလဒ်တွေကို ကျွန်တော့်ကို တင်ပြစရာ မလိုတော့ဘူးဆိုတာ မှတ်ထားဦးနော်။ ဂုဏ်သတင်းကို အကျိုးအမြတ်ရဖို့ထက် ပိုဦးစားပေးရမယ်။ TPDb ပေါ်မှာ စားသောက်ဆိုင်ရဲ့ အဆင့်သတ်မှတ်ချက်က ကောင်းနေသေးသရွေ့ အေးဆေးနေလို့ရတယ်"
လင်းကန်ရုံက သက်တောင့်သက်သာရှိသွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး"
အင်း... ဘော့စ်ဖေးလို ဘော့စ်မျိုးဆိုတာ အရမ်းရှားတယ်။ ဒီလောက် အေးအေးဆေးဆေးနိုင်ပြီး ကိုယ့်ဝန်ထမ်းကိုယ် အကြွင်းမဲ့ ယုံကြည်ထားတဲ့ ဘော့စ်မျိုး ဘယ်မှာရှိလို့လဲ။
ဖေးချမ့် ဆွံ့အနေပါသည်။
လခွီးထဲမှ လင်းကန်ရုံ။ ကျုပ်က စိတ်ပျော်ပျော်ထားပြီး ဒီကို စားကောင်းသောက်ကောင်းစားဖို့ လာခဲ့တာ ဘာလို့ ကျုပ်ကို ဒီလိုလာတိုက်ခိုက်ဖို့ ကြိုးစားနေတာလဲ။
မင်ယွမ်စားဖိုဆောင် အခု ရေပန်းစားလာပြီဆိုတာကို သိရတာနဲ့တင် နာကျင်နေပြီ။ အခု အနာကို ဆားနဲ့ လာပက်နေတာလား။ စောင့်နေစမ်းပါ။ နောက်တစ်ခေါက် ပထမနေရာ ထုတ်ပယ်ခြင်း စနစ်မှာ ခင်ဗျား ပထမ ဖြစ်နေစေရမယ်။
ခဏကြာသောအခါ ရှန်းယန်ဂိမ်းမှ ဝန်ထမ်းများ ရောက်ရှိလာကြသသည်။
သူ့အချစ်တော်စစ်သူကြီးများဖြစ်ကြသည့် ယဲ့ကျစ်ကျိုး၊ ဝမ်ရှောင်းပင်နဲ့ လင်းဝမ်တို့ကိုမြင်သောအခါ ဘော့စ်ဖေး ပြုံးလိုက်မိပါသည်။
ငါ့ဝန်ထမ်းကောင်းလေးတွေ ရောက်လာပြီပဲ။
ငါရှန်းယန်ဂိမ်းကို ဝယ်လိုက်ကတည်းက ငါ့ကိုယ်စား ငွေတွေကို ဖြုန်းပေးနေခဲ့တာ။ Bloody Battle Song ပိုကြမ်းတဲ့ဗားရှင်းကို ထုတ်လုပ်ပြီး ယွမ် ၁၀ သန်းကျော်တောင် ဖြုန်းနိုင်ခဲ့သေးတယ်။
ထိုရလဒ်များက ဘော့စ်ဖေးအတွက် ပြောင်မြောက်လွန်းလှပါသည်။
မင်ယွမ်စားဖိုဆောင်၊ ယွီအင်တာနက်ကဖေးနဲ့ ထန်းတာ့ကကောင်တွေ အကုန်လုံးက ငါ့အတွက် ငွေရှာပေးဖို့ပဲ သိကြတယ်။ မင်းတို့ဆီက ဒီကောင်တွေ လေ့လာရမှာ။
ရှန်းယန်ဂိမ်းမှ ထူးချွန်ဝန်ထမ်းများကို ဆုချဖို့နဲ့ ထန်းတာ့အုပ်စုက ဝန်ထမ်းများကို ဖိတ်ကြားကာ သူတို့ဆီက သင်ယူနိုင်အောင် လုပ်ဖို့ ဖေးချမ့်စဥ်းစားမိပါသေးသည်။
ဖေးချမ့်က ကျေနပ်စွာဖြင့် အားလုံးကို ထိုင်ခုံမှာ ထိုင်ကြဖို့ လက်ဟန်ပြလိုက်ပါသည်။
ရှန်းယန်ဂိမ်း၏ ကျောထောက်နောက်ခံများဖြစ်ကြသည့် ယဲ့ကျစ်ကျိုး၊ ဝမ်ရှောင်းပင်နဲ့ လင်းဝမ်တို့ကို အရင်က မင်ယွမ်စားဖိုဆောင်သို့တစ်ခေါက် ဖိတ်ကြားဖူးပါသည်။ သို့သော်လည်း ရှန်းယန်ဂိမ်းမှ တခြားဝန်ထမ်းတွေအတွက်တော့ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါသည်။။
ယခင်တုန်းက ရှန်းယန်ဂိမ်းကို ဖေးချမ့် မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူ့ကိုယ်ပိုင်ဝန်ထမ်းများကဲ့သို့ မဆက်ဆံခဲ့ခြင်း ဖြစ်သည်။ အချိန်ယူပြီး သူတို့ကို စောင့်ကြည့်ချင်ခဲ့သည်။
ယခုတော့ စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီဖြစ်ည်။ ရှန်းယန်ဂိမ်းကလူအားလုံးက ဘော့စ်ဖေး၏ အသိအမှတ်ပြုခြင်းခံရဖို့ ငွေတွေ လုံလုံလောက်လောက် ဖြုန်းပေးခဲ့ပါပြီ။
ဒါပြီးလျှင် ပျော်ပျော်ကြီး အရှုံးဆက်ပေါ်နိုင်အောင် ကုမ္ပဏီမှာ ငွေတွေ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ ဖေးချမ့် စီစဥ်ထားပါသည်။
အားလုံး ကိုယ်စီ ထိုင်လိုက်ကြသည်။
ခန်းမထဲက ညစာ စားပွဲများကို လဲထားပြီးသားဖြစ်သည်။ ဒီ့မတိုင်ခင်က ခန်းမထဲတွင် ၂ ယောက် စားပွဲများဖြင့် ပြည့်နှက်နေပြီး တစ်ခုကိုတစ်ခု အဝေးကြီး ခြားထားသည်။ အခုတော့ ခန်းမကြီး၏ အလည်တွင် ဝိုင်းဝိုင်းကြီးကြီး စားပွဲတစ်လုံးသာ ရှိနေပြီး လူ အယောက် ၂၀ ကျော် ဆံ့ပါသည်။ တခြား ဝန်ထမ်းတွေကိုတော့ သီးသန့်ခန်းများထဲသို့ ပို့လိုက်သည်။
စားပွဲများ၊ ထိုင်ခုံများနဲ့ ဇွန်းခွက်ပန်းကန်များက လှပသေသပ်လွန်းကာ အားလုံးကို ဥရောပနန်းတော်ကြီးတစ်ခုထဲတွင် ညစာစားနေရသလိုမျိုး ခံစားချက်ကို ပေးစွမ်းနေသည်။
အစားအသောက်တွေကို မတည်ခင်းခင်ကတည်းက စားပွဲပေါ်က လှပသည့် ပန်းကန်များနဲ့ ဇွန်းခက်ရင်းများကို ကြည့်ရုံနဲ့ ဝန်ထမ်းတစ်ယောက်က သွားရည်ကျနေမိပါပြီ။
"ငါနေ့လည်စာ မစားခဲ့တာ ကံကောင်းတယ်ကွာ။ ဒီညစာစားပွဲမျိုးကို စောင့်နေတာ"
သူ့ဘေးက အနည်းငယ် အသက်ပိုကြီးသည့် ဝန်ထမ်းတစ်ယောက်က သူ့ကို အမြန်တံတောင်ဖြင့် တွတ်လိုက်သည်။
ဘော့စ်ဖေး ရှိတယ်ကွ။ စကားကို ထိန်းပြောကြစမ်း။
ဘော့စ်ဖေး ဒီဝန်ထမ်း၏ စကားကို ခပ်လှမ်းလှမ်းမှ ကြားနိုင်မှန်း သေချာပါသည်။
အမှန်တကယ်လည်း ဘော့စ်ဖေးက လှည့်လာပြီး ပြောလိုက်သည်။ "ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"
နေ့လည်စာမစားခဲ့ဘူးဟု ဆိုသည့် ကောင်လေးက တွန့်သွားသည်။ သူ့ရင်ထဲမှာတော့ စကားပြောမှားသွားသလားဟု ထင်သွားခဲ့၏။
သို့သော်လည်း သူ့ကိုစကားပြောနေတာ ဘော့စ်ဖေး ဖြစ်သဖြင့် သူ မလိမ်ရဲပါ။ သူ ရွေးချယ်စရာ မရှိတော့ဘဲ အမှန်တိုင်း ပြန်ဖြေလိုက်ရပါသည်။ "ကျွန်... ကျွန်တော့်နာမည် ဟောက်ချုံပါ"
ဖေးချမ့် ချက်ချင်းပဲ ခါးမတ်သွားသည်။ ကောင်းလိုက်တဲ့ နာမည်ကွာ။ နာမည်တစ်ခုတည်းနဲ့ မင်းက ငါလိုနေတဲ့ ဝန်ထမ်းဆိုတာ ငါပြောနိုင်နေပြီ။
"အားလုံးပဲ ဟောက်လေးဆီကနေ သင်ယူကြ နားလည်လား"
"ဒီညစာစားပွဲမှာ စည်းမျဥ်းစည်းကမ်းတွေဘာတွေ မသတ်မှတ်ချင်ဘူး။ ဒါပေမယ့် နောက်တစ်ခေါက်ကျရင် ဟောက်လေးလိုပဲ ဗိုက်ဗလာကျင်းပြီး လာခဲ့ကြ"
"ဟုတ်ပါတယ် နေ့လည်စာလုံးဝ မစားဖို့ ပြောတာတော့ မဟုတ်ဘူး။ ငတ်မသေရုံလောက် စားရင် ရပြီ"
"မင်းတို့အတွက် အကောင်းဆုံး အစားအသောက်တွေကို တည်ခင်းပေးဖို့ ငါအများကြီး ကြိုးစားခဲ့ရတာ။ အလကားမဖြစ်စေနဲ့နော်။ အစားစားပြီး ပြန်အန်ထွက်ချင်ရင်တောင် အနည်းဆုံးတော့ အစာအိမ်ထဲ ရောက်ဖူးသွားအောင် လုပ်ကြ"
"မြန်မြန် အစားအသောက်တွေ ရောက်လာပြီ အားလုံးပဲ စားနိုင်သမျှ အကုန်စားကြ။ ဒီနေ့ည ပြီးလို့ မကုန်တဲ့ အစားအသောက်တွေရှိရင် ဒီမှာပဲ ဆက်နေပြီး မနက်ဖြန်မနက်အထိ ကုန်အောင် စားရမယ်"
အားလုံး ပထမတော့ တည်တံ့နေသော်လည်း ဘော့စ်ဖေး၏ စကားကြားခါမှ အားလုံး ရယ်မောကုန်ကြပါသည်။
"ကိစ္စမရှိဘူး ဘော့စ်ဖေး ကျွန်တော်တို့ အန်ထွက်ရင်တောင် သေချာပေါက် အကုန်ကုန်အောင်တော့ စားပစ်မယ်"
"ဟုတ်တယ် ငါနေ့လည်စာ အများကြီးစားခဲ့တာတောင် နောင်တရလာပြီ"
"အစားအသောက်ကို ကုန်အောင် မစားနိုင်ရင် ရွေးချယ်စရာ မရှိဘဲ အချိန်ပိုလုပ်ရမှာနော်။ ပေးထားတဲ့ တစ်ညတာတည်းနဲ့ အစားအသောက်တွေ အကုန်လုံးကို စားနိုင်ကြမှာပါ ဟုတ်တယ်မလား"
"မဟုတ်တာ ငါတို့ထန်းတာ့ရဲ့ အချိန်ပိုမလုပ်တဲ့ ရိုးရာကို မပျက်အောင်ထိန်းသိမ်းရမှာပေါ့ ကြိုးစားကြ အားလုံးပဲ"
စားပွဲထိုးများက အစားအသောက်များကို လာရောက်တည်ခင်း ပေးလိုက်ကြသည်။ အားလုံး တစ်ယောက်ကို တစ်ယောက် စနောက်လျက် အစားအသောက်များ ပလုတ်ပလောင်း သွပ်ထည့်နေကြသည်။ အခြေအနေကြီးက အလွန်သာယာလွန်းလှပါသည်။
ရှန်းယန်ဂိမ်းက လူတွေအားလုံး ပြုမူနေပုံကိုမြင်ကာ ဖေးချမ့် ဝမ်းသာသွားပါသည်။ ဒီဝန်ထမ်းတွေကို ပိုပိုပြီး သဘောကျလာနေပါပြီ။
သူတို့ လွတ်လွတ်လပ်လပ် ပျော်ရွှင်နေကြပုံကို သဘောကျလှသည်။
ဒါက ထန်းတာ့က ဝန်ထမ်းတွေမှာ မရှိသော ကောင်းမွန်သည့် အရည်အသွေးမျိုး ဖြစ်သည်။
ယခု Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ကိန်းဂဏန်းများက စုတ်ပြတ်နေလေပြီ။ အရင်းပြန်ရဖို့တောင် အလှမ်းဝေးလှသည်။ တာဝန်သိစိတ် မဆိုသလောက်လေးသာရှိသည့် ဝန်ထမ်းဆိုရင်တောင် ဒီလိုအချိန်မျိုးမှာ စားဖို့သောက်ဖို့ စဥ်းစားနေကြမှာ မဟုတ်ပေ။ ထို့အစား ဂိမ်းကို အသက်ပြန်သွင်းဖို့ ဘယ်လိုကြိုးစားရမလဲ စဥ်းစားရင်း အလုပ်များနေကြလိမ့်မည်။
သူတို့ တကယ်တမ်း ဂရုမစိုက်ရင်တောင် အနည်းဆုံးတော့ ဂရုစိုက်ချင်ယောင်ဆောင်ကြပြီး ဇာတ်နိမ့်နေသင့်တာ မဟုတ်လား။
အခုတော့ ဒီဝန်ထမ်းတွေရဲ့ ပြုမူနေပုံကိုကြည့်ပါဦး။ သူတို့ပုံစံက လုံးဝ ပျော်ရွှင်မြူးထူးနေကြသည်။ သူတို့ ထုတ်လုပ်လိုက်သည့်ဂိမ်းက အကြွင်းမဲ့ ကျရှုံးသွားပြီး စိတ်ညစ်နေကြမှန်း ဘယ်သူမှ မပြောနိုင်ပါ။
ဒီလိုငဖျင်းမျိုးတွေက ကုမ္ပဏီအတွက် ဘယ်လိုလုပ် အောင်မြင်မှုတွေ ယူပေးနိုင်မှာလဲ။
ဖေးချမ့်က လက်ရမ်းပြလိုက်ရာ စားပွဲထိုးတစ်ယောက်က အဖုံးဖွင့်ပြီးသား ဝိုင်နီတစ်ပုလင်ကို လာရောက် တည်ခင်းပေးပါသည်။
"အားလုံးအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်ပါ။ နည်းနည်းသောက် များများစားကြနော်။ ဝိုင်က စျေးမပေါပေမယ့် ဗိုက်တော့ပြည့်တယ်။ မင်းတို့ စျေးအကြီးဆုံးဆိုတဲ့ အစားအသောက်တွေကိုပဲ ရွေးစားကြရမယ်နော်"
"ဟေ့ ဟောက်လေး ဘာလို့ တူမကိုင်သေးတာလဲ"
ဖေးချမ့်က စားသောက်ဆိုင်ထဲ လျှောက်ကြည့်နေရင်း ဟောက်ချုံတစ်ယောက် သူ့ရှေ့က ကျောက်ပုစွန်နဲ့ ဆာရှိမီတို့ကို မစားဘဲ တစ်ခုခုကို စောင့်နေသကဲ့သို့ မီးဖိုချောင်ကို စိုက်ကြည့်နေမှန်း မြင်လိုက်ရသည်။
ဘော့စ်ဖေး၏ မေးခွန်းကို ကြားသောအခါ ဟောက်ချုံက အမြန်ရှင်းပြပါသည်။ "ဘော့စ်ဖေး ကျွန်တော် ငယ်ငယ်ကတည်းက တခြားအစားအသောက်တွေ မစားခင် ဗိုက်အခံရှိဖို့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားလေ့ရှိတယ်။ ကျွန်တော် ထမင်း တစ်ပန်းကန်လောက် ယူလို့ ရမလား"
ဖေးချမ့်က မျက်မှောင်ကြုတ်သွားသည်။ "မင်း ဘာဖြစ်နေတာလဲ"
ဖေးချမ့် မီနူးကို စီစဥ်တုန်းက မည်သည့် ကစီဓာတ်ကြွယ်ဝသည့် အစားအသောက်မှ မမှာခဲ့ပေ။
မီးဖိုချောင်ထဲမှာ ထမင်းနဲ့ ခေါက်ဆွဲများရှိသော်လည်း သူ့ဝန်ထမ်းများ၏ ဗိုက်ထဲ ထိုကဲ့သို့ အစားအသောက်များဖြင့် ဖေးချမ့် မဖြည့်တင်းနိုင်ပေ။ စားပွဲပေါ်က အစားအသောက်များကို ဖေးချမ့် စစ်ဆေးကြည့်လိုက်ပြီး ငါးဥဆားနယ် တစ်ပန်းကန်ကို ဟောက်ချုံရှေ့တွင် ချပေးလိုက်ပါသည်။
"ဒါကို ထမင်းလို့ သဘောထားလိုက်"
ဟောက်ချုံ ကြောင်တောင်တောင် ဖြစ်သွားလေသည်။ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါ။ "ဘော့စ်ဖေး ဒါ ဘာကြီးလဲ"
"ဒါကို ကောက်ညှင်းလို့ သဘောထားလိုက်ကွာ။ အချဥ်ရည်နဲ့ဖြစ်ဖြစ် ကဏန်းဥနဲ့ပဲဖြစ်ဖြစ် နည်းနည်းတွဲစား။ လက်တွန့်မနေနဲ့ စားကြည့်စမ်းပါ"
ဖေးချမ့်က ဟောက်ချုံကို ပုခုံးပုတ်ပေးကာ လျှောက်ထွက်သွားလေသည်။ ဟောက်ချုံတစ်ယောာက် ဒီလို အသေးအဖွဲ စိတ်ပိုင်းဆိုင်ရာ အကာအရံတစ်ခုကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ အမှန်ပင်။ ဖေးချမ့် တစ်ပတ်ပတ်ပြီး ပြန်ရောက်လာသည့်အခါ ဟောက်ချုံတစ်ယောက် ဧရာမ ကျောက်ပုစွန်ကြီးကို ဝါးတီးဆွဲနေမှန်း မြင်လိုက်ရသည်။
"ဘော့စ်ဖေး ကျွန်တော်အွန်လိုင်းပေါ်မှာ မြင်ဖူးတာ တချို့အရမ်းတော်တဲ့ စားဖိုမှူးတွေက ဖရဲသီးတစ်လုံးလုံးကို ပန်းတစ်ပွင့်ဖြစ်အောင် အလှဆင်နိုင်တယ်တဲ့။ ဒီက စားဖိုမှူးတွေကော အဲ့လိုမျိုး လုပ်နိုင်လား။ ကျွန်တော် ရုတ်တရက်ကြီး စားချင်လာလို့" ဝန်ထမ်းတစ်ယောက်က မာဆုတကဲကို အပီဆွဲရင်း မေးလိုက်သည်။
ဖေးချမ့် မျက်မှောင်ကြုတ်သွား၏။ "ဖရဲသီးပုပ်တစ်လုံးက ဘယ်လိုလုပ်ကောင်းမှာလဲ။ စျေးကကော ဘယ်လောက် ကြီးနိုင်မှာမို့လို့လဲ။ ဖရဲသီး အခွံနဲ့ အစေ့က ရွှေနဲ့ လုပ်ထားလို့လား။ အဲ့လိုစျေးပေါပေါ အစားအသောက်တွေ စဥ်းစားနေတာ ရပ်စမ်းပါ။ မင်းရှေ့က အဖိုးတန် ဟင်းလျာတွေကိုပဲ ကုန်အောင် အရင်စားစမ်းပါ"
"အဲ့ဒီဧရာမကဏန်းကြီးတွေကို ကုန်အောင် စားနိုင်ရင် မင်းကို ဖရဲသီးနှင်းဆီနဲ့ ဆုချမယ်"
"ဟုတ်ကဲ့" ဝန်ထမ်းက ရုတ်တရက်ကြီး တက်ကြွသွားခဲ့သည်။
ဖေးချမ့် ရင်ထဲမှာ ခေါင်းခါလိုက်မိသည်။
ဒီလောက် စုတ်ပဲ့တဲ့ ဖရဲသီးလေးက ဘယ်လိုလုပ် အရသာရှိနိုင်မှာလဲ။
အမှန်ပင်။ မင်ယွမ်စားဖိုဆောင်ရှိ ပရော်ဖက်ရှင်နယ် စားဖိုမှူးများက နှင်းဆီဖရဲသီးလောက်ကိုတော့ ဖန်တီးနိုင်ပါသည်။ သို့သော်လည်း ဒါတွေက စျေးပေါလွန်းသည်။ စျေးကြီးရင်တောင် နှင်းဆီပုံထွင်းရသည့် စားဖိုမှူး၏ စကေးအတွက်သာ ပိုက်ဆံပေးရခြင်း ဖြစ်လိမ့်မည်။
ဖေးချမ့်က စျေးပေါသည့် ပါဝင်ပစ္စည်းများ အသုံးပြုထားသော ဟင်းလျာများကို မှာယူဖို့ စိတ်တောင်မကူးပေ။ ငွေဖြုန်းတီးဖို့အတွက် စျေးကြီးကြီးပါဝင်ပစ္စည်းများကို စားသုံးရမည်။
ဒီလိုနဲ့ မင်ယွမ်စားဖိုဆောင်ကြီးလည်း ပျော်ရွှင်မှုများ အောင်ပွဲခံမှုများဖြင့် ပြည့်နှက်သွားတော့သည်။
လင်းဝမ်နဲ့ ယဲ့ကျစ်ကျိုးတို့နှစ်ယောက်သား သဘောပေါက်နားလည်သည့် အကြည့်မျိုး ဖလှယ်လိုက်ကြသည်။ တစ်ယောက်အတွေးကို တစ်ယောက် သိနေကြသည်။ ဒီအခြေအနေက အချိန်ကိုက်ပဲ ဖြစ်သည်။ သတင်းကောင်းကို ဘော့စ်ဖေးနဲ့ မျှဝေဖို့ အချိန်တန်ပါပြီ။
သူတို့ သတင်းကောင်းကို ဘယ်လိုပြောရမလဲ စဥ်းစားနေစဥ် ဘော့စ်ဖေးက ဖန်ခွက်ကိုကိုင်လျက် လှည့်ကြည့်လာသည်။
ဖေးချမ့်က သူ့လူယုံတော်စစ်သူကြီး နှစ်ယောက်ကို ပိုပိုပြီး သဘောကျလာပါပြီ။
အထူးသဖြင့် ယဲ့ကျစ်ကျိုးဖြစ်သည်။ လျို့ကြီး ချန်ထားခဲ့သည့် နေရာလွတ်ကို ဖြည့်စွက်ဖို့ ယဲ့ကျစ်ကျိုးကို အစီစဥ်ဆွဲသူချုပ်အဖြစ် ဖေးချမ့် ရာထူးတိုးပေးလိုက်ကတည်းက ယဲ့ကျစ်ကျိုး သူ့ကို စိတ်မပျက်စေခဲ့ပေ။
ဒီကောင်လေးရဲ့ အနာဂတ်က တော်တော် လှပမှာပဲ။
သို့သော်လည်း သူတို့နှစ်ယောက်ကြည့်ရတာ အနည်းငယ် ဒုက္ခတွေ့နေသလိုပင်။
ဖြစ်သင့်ပါသည်။ လင်းဝမ် ဒုက္ခတွေ့နေသည့်ပုံ မပေါက်မှ ဖေးချမ့် စိတ်ပူရဦးမည်။
လင်းဝမ်က ရည်မှန်းချက်ကြီးသူဖြစ်မှန်း ဖေးချမ့် အပြည့်အဝ သိထားသည်။ သူမက ဂိမ်းကို ရေပန်းစားလာစေချင်သည်။ အခုအချိန်မှာ စားဖို့ သောက်ဖို့ကို မစဥ်းစားနိုင်လောက်ပေ။
သူမစိတ်ဓာတ်ကျနေချိန်မှာတော့ ကန်ထုတ်လို့မဖြစ်ဘဲ ပြောင်းပြန်စိတ်ပညာကို သုံးရပါမည်။
"Bloody Battle Song မအောင်မြင်တာ ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး။ အဓိကအချက်က မင်းတို့ရ့ ကျရှုံးမှုအတွေ့အကြုံကနေ သင်ယူဖို့ပဲ။ နောက်တစ်ခေါက် အောင်မြင်ရင် ဘာမှ အရေးမကြီးဘူး"
"မိတ်ဆွေတို့ ဒီကာလအတွင်း မင်းတို့ အများကြီး ကြိုးစားခဲ့ကြတာ။ ကောင်းကောင်းအနားယူကြပါ။ ဒီနှစ်ကုန်ကျရင် နောက်ထပ် ယွမ် သန်း ၂၀ လောက် ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံပေးမယ်။ အဲ့ကျရင် မင်းတို့ ကြိုက်တဲ့ဂိမ်းကို မင်းတို့ ကြိုးစားဖန်တီးလို့ရပြီ"
ဖေးချမ့် စိတ်ခံစားချက်ပြင်းထန်နေမှန်း သိသာပါသည်။
ယဲ့ကျစ်ကျိုးက အားတက်သော ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး"
"ကျွန်တော် အရင်က ယုံကြည်ချက်မရှိခဲ့ဘူး။ ကျွန်တော်တို့ရဲ့ လတ်တလော အောင်မြင်မှုကြောင့်သာ အားအင်တွေ ပြန်ရခဲ့တာ။ ယွမ် သန်း ၂၀ နဲ့ဆိုရင် ကျွန်တော်တို့ အရမ်းလက်ရာမြောက်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဖေးချမ့်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"အင်း ဒီလိုမှပေါ့... ဟမ်"
ယဲ့ကျစ်ကျိုးကို ချီးကျူးဖို့ ပြင်လိုက်စဥ် တစ်ခုခုလွဲနေတာကို သတိထားမိသွားသည်။
"လတ်တလော အောင်မြင်မှုဟုတ်လား" ဖေးချမ့်နဖူးတွင် ချွေးသီးများစုလာသည်။
ယဲ့ကျစ်ကျိုးနဲ့ လင်းဝမ်တို့ အချင်းချင်း သဘောပေါက်စွာကြည့်ရင်း ပြုံးလိုက်ကြသည်။
လင်းဝမ်က သူမဖုန်းကိုဖွင့်ကာ ရှန်းဟွာ App Store ကိုဝင်လိုက်ပြီး ပြောလိုက်သည်။
"ဘော့စ်ဖေး ဒီမှာကြည့်"
ဖေးချမ့် ဖုန်းကိုယူလိုက်ပြီး ချက်ချင်းဆိုသလိုပဲ ကြက်သေသေသွားခဲ့ပါတော့သည်။
Bloody Battle Song က ရှန်းဟွာ App Store ရဲ့ နံပါတ် ၁ မှာ ရောက်နေတယ်။
ဘာတွေဖြစ်နေတာလဲ ဒါမိုဘိုင်းဂိမ်းတွေအတွက် App Store မဟုတ်ဘူးလား။
ဖေးချမ့် ဂိမ်း၏ အသေးစိတ် စာမျက်နှာထဲဝင်ပြီး ဂိမ်းအကြောင်းကို ဖတ်လိုက်ပါသည်။ ဟုတ်ပါတယ် Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းပါဟ။
သို့သော်လည်း ဝက်ဘ်ဆိုက်ဂိမ်းက ယခု မိုဘိုင်းဂိမ်းဖြစ်နေသည့်အပြင် အလွန်အမင်း ရေပန်းစားနေသည့်ပုံစံပင်။