ဂိမ်းက အမြတ်သိပ်မရပါဘူး
Vol. 18 Ch. 266
ဖေးချမ့် အနည်းငယ် မူးဝေလာသည်။
"ဘာတွေဖြစ်သွားတာလဲ"
ငါ့ရဲ့အရှုံးပေါ်နေတဲ့ mini-client ဂိမ်းလေးက ဘာလို့ မိုဘိုင်းဂိမ်း ဖြစ်သွားရတာလဲ။
လင်းဝမ်၏ နှုတ်ခမ်းထောင့်များ အပေါ်ဘက်ကို ကွေးတက်သွားသည်။ သူမ မပြုံးဘဲ မနေနိုင်တော့ပါ။
"ဘော့စ်ဖေး ကျွန်မကို အရိပ်အမြွက်ပေးခဲ့တာမဟုတ်ဘူးလား။ Bloody Battle Song ရဲ့ အခြေအနေ ဘယ်တော့ပြောင်းလဲနိုင်မလဲလို့ ကျွန်မမေးခဲ့တယ်လေ။ ဘော့စ်ဖေးပြောခဲ့တာက 'အချိန်တန်ရင်' ဆိုပြီးတော့ ပြန်ပြောခဲ့တာ မဟုတ်လား။ အခုလောလောဆယ်မှာ မိုဘိုင်းဂိမ်းတွေက အရမ်း ရေပန်းစားနေတော့ ဒီအချိန်က အချိန်မှန်ပဲ မဟုတ်ဘူးလား"
"ခေတ်ရေစီးကြောင်းအပေါ်လိုက်ပြီး မိုဘိုင်းဂိမ်းတစ်ခုဖန်တီးဖို့ ကျွန်မကို အရိပ်အမြွက်ပေးခဲ့တာ မဟုတ်ဘူးလား"
ဖေးချမ့် ခဏလောက် တိတ်ဆိတ်သွားရသည်။ "... နားလည်မှုလွဲနေပြီထင်တယ်"
လင်းဝမ် အပြုံးများ ပိုကျယ်ပြန့်သွားသညည်။
ဘော့စ်ဖေးက တကယ်ပဲ နှိမ့်ချတတ်သူဖြစ်ပြီး အမြော်အမြင်ရှိသူ ဖြစ်ပါသည်။
"ဘော့စ်ဖေး ကျွန်မတို့ကို ဂုဏ်ပြုဖို့ ကြိုးစားနေမှန်း ကျွန်မ သိတယ်နော်"
"အဲ့တာဆိုရင် ကျွန်မကိုဘာလို့ ရှန်းဟွာဆဲလ်ဖုန်းလုပ်ငန်းနဲ့ ပူးတွဲပြီး လုပ်ဖို့ အရိပ်အမြွက် ပေးခဲ့သေးတာလဲ။ မဟုတ်မှလွဲရော လင်းယုက ရှန်းဟွာရဲ့ ဒုဥက္ကဌဖြစ်ပြီး ဆဲလ်ဖုန်းလုပ်ငန်း တာဝန်ရှိသူဆိုတာ ဘော့စ်ဖေး မသိဘူးလို့တော့ မပြောနဲ့နော်"
"ဘော့စ်ဖေးရဲ့ အကြံပေးချက်ကြောင့်သာ မဟုတ်ရင် လင်းယုက ကျွန်မကို App Store မှာ ထောက်ခံချက် နေရာကွက်တွေ ပေးမှာ မဟုတ်ဘူး။ ကျွန်မလည်း Bloody Battle Song ကို ရှန်းဟွာ App Store မှာ ကြော်ငြာဖို့ စဥ်းစားမိမှာ မဟုတ်ဘူး"
ဖေးချမ့် “...”
နင့်ကို မုန့်ဖိုး ယွမ် ၁၀၀,၀၀၀ ပေးဖို့ပဲ လင်းယုကို ပြောခဲ့တာလေ ဘယ်သူက ထောက်ခံချက်နေရာတွေ ပေးဖို့ ပြောခဲ့လို့လဲ။
လင်းယုသာ လင်းဝမ်ကို သူမ၏ App Store တွင် ထောက်ခံချက်နေရာကောင်းများပေးမည်မှန်း ကြိုသိပါက ထိုယွမ် ၁၀၀,၀၀၀ ကို စကားတစ်ခွန်းမဆိုဘဲ ဖေးချမ့် ယူလိုက်မည် ဖြစ်သည်။
ဖေးချမ့်က ဇဝေဇဝါဖြစ်စွာဖြင့် ယဲ့ကျစ်ကျိုးကို ကြည့်လိုက်ပြန်သည်။
ယဲ့ကျစ်ကျိုးကပါ ဝမ်းသာနေသည့်ပုံပင်။ လက်မ ထောင်ကာ ပြောလိုက်သည်။ "ဘော့စ်ဖေးရဲ့ အမြော်အမြင်တွေကတော့ တကယ် တိကျတယ်ဗျာ"
"ဂိမ်းရဲ့ ကောမန့်တွေကို ကြည့်လိုက်ပါဦး"
ဖေးချမ့် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး Bloody Battle Song ၏ ကောမန့်အကန့်ထဲ ဝင်ကြည့်လိုက်သည်။ အဆင့်သတ်မှတ်ချက် ကောင်းများစွာနဲ့ ကောမန့်ကောင်းများစွာက သူ့အမြင်အာရုံထဲ စုပြုံဝင်ရောက်လာခဲ့ပါသည်။
"အစကတော့ ကျားကျုထျစ် ကြော်ငြာထားတဲ့ အမှိုက်သရိုက်ဂိမ်းကို လုံးဝ မကစားဘူးလို့ ကျိန်ခဲ့တာ။ နောက်ဆုံးတော့လည်း... ဟီးဟီး ငါ့စကားကို ပြန်ရုတ်သိမ်းပါတယ်"
"တော်တော် အံ့သြဖို့ကောင်းတဲ့ ဂိမ်းပဲ။ ဒီဂိမ်းက တခြား ဝက်ဘ်ဆိုက်ဂိမ်းတွေကို မမျှတဘဲ ညစ်ပတ်တဲ့ဂိမ်းဖြစ်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် လုံးဝ ခြားနားတယ်။ တခြား ဂိမ်းတွေဆို ဖန်သားပြင်တစ်ခုလုံးကို ငွေချေရမယ့် ရွေးချယ်စရာတွေနဲ့ပဲ ဖြည့်နေမှာ။ ဒီဂိမ်းကတော့ ခွန်အားဆေးရည်တစ်မျိုးတည်းပဲ ဝယ်ခွင့်ပေးတယ်။ ဖန်တီးသူတွေကလည်း စေတနာပါချက်ပဲ။ တစ္ဆေစစ်သူကြီးကို စကစားခဲ့တုန်းက အချိန်ကိုတောင် ပြန်အမှတ်ရသွားစေတယ်"
"ဟုတ်တယ်။ တစ္ဆေစစ်သူကြီးက စေတနာပါတဲ့ ဂိမ်းတစ်ခုပဲ။ ဒါပေမယ့် မိုဘိုင်းကတ်ဂိမ်းတွေက အပေါစားဆန်ပါတယ်ကွာ။ Bloody Battle Song က အများကြီး ထိန်းချုပ်လို့ရတယ်။ အခုဆို နေ့တိုင်း စစ်တိုက်ဖို့ပဲ ငါစောင့်နေပြီ။ စိတ်ဝင်စားဖို့ အရမ်းကောင်းတာပဲ"
"ငါ ဒီဂိမ်းကို နားလည်မှုလွဲခဲ့မိတယ်ကွာ။ အခုတော့ အားပေးဖို့အတွက် အမှတ်ပြည့်ပေးလိုက်ပြီ"
"ကျားကျုထျစ် ခင်ဗျားကို အထင်လွဲခဲ့မိတယ်။ ဒီစစ်ပွဲဂိမ်းက တရားမျှတမှုရှိတယ်လို့ ပြောခဲ့ပေမယ့် ကျွန်တော် ခင်ဗျားကိုလိမ်နေတယ်လို့ ထင်ခဲ့မိတာ။ တစ်ချိန်လုံးအမှန်တရားတွေပဲ ပြောနေမယ်လို့ ထင်တောင် ထင်မထားဘူး"
"ရိုးသားတဲ့ ကြော်ငြာတွေဆိုတာ ကြုံတောင့် ကြုံခဲပဲ"
"ဝက်ဘ်ဆိုက်ဂိမ်မာ တစ်ယောက်ဖြစ်တဲ့ ငါတောင် ဒီလောက် စေတနာပါတဲ့ ဂိမ်းမျိုးကို မမြင်ဖူးဘူး။ အမှတ်ပြည့်ပေးတယ်ကွာ"
"ဒီဂိမ်းထဲမှာ ဂိမ်းဘောစိတွေရဲ့ အနိုင်ကျင့်တာကို မခံရဘူး။ အားလုံးက ညီတူညီမျှပဲ။ အရမ်းကစားလို့ကောင်းတယ်။ ငါဝယ်နိုင်သမျှ အကုန်ဝယ်ရမယ်။ ခွန်အားဆေးရည်ကို အမြင့်ဆုံးပမာဏအထိ ဝယ်ပြီး အားပေးမယ်ကွာ"
ကောမန့်ကောင်းများအားလုံးကို ဖတ်ပြီးနောက် ဖေးချမ့် တုန်လှုပ်ချောက်ချားခြင်း အခြေအနေကို ရောက်ရှိသွားခဲ့ပါသည်။
ဉာဏ်ကောင်းသည့် ဘော့စ်ဖေးတစ်ယောက် ဘာတွေဖြစ်နေသလဲ ချက်ချင်း နားလည်သွားရ၏။
Bloody Batle Song : ပိုကြမ်းသည့်ဗားရှင်းကို Mini-client မှ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲလိုက်ကြသည်။ ထို့ကြောင့် အရာအားလုံး ပြောင်းလဲသွားခြင်း ဖြစ်၏။ ဂိမ်း၏ အကြီးမားဆုံး ပြဿနာက ကစားသမား မရှိခြင်းဖြစ်သော်လည်း မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲပြီးနောက် ထိုပြဿနာ လုံးဝ ပြေလည်သွားခဲ့ပါပြီ။
မိုဘိုင်းဂိမ်းများက ဆက်တိုက်ဆိုသလို ရေပန်းစားမှု တိုးမြင့်နေသည်။ သုံးပြည်ထောင် တိုက်ပွဲမှ တစ္ဆေစစ်သူကြီးအထိ မိုဘိုင်းဂိမ်းများက ပိုပိုရှုပ်ထွေးကာ လေးနက်လာကြသည်။ Bloody Battle Song ကဲ့သို့ ဝက်ဘ်ဆိုက်ဂိမ်း လုပ်ဆောင်ချက်များကို မိုဘိုင်းအဖြစ် ပြောင်းလဲလိုက်သော ဂိမ်းမျိုးတွေက အနာဂတ်တွင် ပုံမှန်ဖြစ်လာကြလိမ့်မည်။
ဒီအခြေအနေများအောက်တွင် ထိုကဲ့သို့ ပရောဂျက်များ၏ ရှေ့ဆောင်လမ်းပြ ပထမဆုံးဂိမ်းက ချီးကျူးမှုနှင့် ထောက်ခံမှုတို့ကို အခံရဆုံး ဖြစ်လိမ့်မည်။ မိုဘိုင်းဂိမ်းလောကကိုတောင် ရှေ့ဆောင်လမ်းပြ ပြောင်းလဲမှုများ ယူဆောင်ပေးလာနိုင်ပါသည်။
Bloody Battle Song မိုဘိုင်းဗားရှင်းက မှားနိုင်စရာမရှိသော အောင်မြင်မှုကို ခံစားသွားရသည်။ ဒီလိုဖြစ်လာစေဖို့အတွက် မတူညီသော အချက်ပေါင်းများစွာက အထောက်အကူပြုပေးနေသည်။
ကျန်းကျုထျင်၏ ဦးနှောင်ကျင်းသော ကြော်ငြာကြီးက ကစားသမားများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။ ရှန်းဟွာ App Store ၏ ထောက်ခံချက်နေရာများကလည်း အသုံးပြုသူ အမြောက်အများကို ဂိမ်းထံသို့ လမ်းကြောင်းသွယ်ပေးခဲ့သည်။
Bloody Battle Song က တစ္ဆေစစ်သူကြီးကဲ့သို့ စေတနာပါသော ဂိမ်းဖြစ်သည်။ သာမန် ကစားသမားတွေကတော့ အဆုံးမရှိအောင် ချီးမွန်းကြမှာ သေချာပါသည်။
ဂိမ်းက အရည်အသွေးလည်း မြင့်သည်၊။ client-side ဂိမ်းများနဲ့ မယှဥ်နိုင်သော်လည်း ပန်းချီရင်းမြစ်တစ်ခုတည်းအတွက် သူတို့ ယွမ် ၅ သန်း အသုံးပြုခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် တခြား မိုဘိုင်းဂိမ်းများထက် ခြေတစ်ဖျားသာစေပြီး ပြိုင်ဘက်များကို အနိုင်ယူပစ်လိုက်နိုင်သည်။
'ရွေးချယ်ခံ' စနစ်က သာမန်ကစားသမားတွေကို ဂိမ်းသူဌေးတွေသာ ခံစားရသည့် ဂိမ်းရသမျိုးးကို ခံစားရစေသည်။ ထို့ကြောင့် ထို ကစားသမားများက BLoody Battle Song ကို တခြား ဝက်ဘ်ဆိုက်ဂိမ်းများထက် ပိုမို သဘောကျကြခြင်း ဖြစ်ပါသည်။
အနှစ်ချုပ်ပြောရလျှင်တော့ မိုဘိုင်းဂိမ်းလောကထဲမှာ ဒီဂိမ်းပေါ်လာတာနဲ့ ချက်ချင်း ပေါက်သွားသည်။ သတင်းများကလည်း တောမီးလို ပျံ့နှံ့သွား၏။
ဖေးချမ့် လုံးဝ ကြက်သေသေနေပါပြီ။
Bloody Battle Song ထဲက ဝယ်ယူနိုင်သည့် ပစ္စည်းအများစုကို သူ ဖယ်ရှားခဲ့သည်။ သို့သော်လည်း ဂိမ်းထံမှ ဝင်ငွေဘယ်လောက် ရနိုင်မလဲဆိုတာကတော့ ကစားသမားအရေအတွက်ပေါ် မူတည်နေပါသည်။ ကစားသမား အလွန်များပြားနေပါက ခွန်အားဆေးရည်တစ်မျိုးတည်းပဲ ရောင်းရင်တောင် အမြတ်ရနိုင်ပါသည်။ တကယ်တော့ ဖေးချမ့်က ပိုကြောက်ဖို့ကောင်းသည့် ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားမိနေသည်။
Guild များစွာက ၎င်းတို့၏ အရေအတွက်ကို တိုးမြှင့်ချင်သဖြင့် ဆိုလိုရင်းက ကစားသမားတွေ အကောင့်တစ်ကောင့်ထက် ပိုပြီး ကစားကြလိမ့်မည်။
'ရွေးချယ်ခံ' စနစ်က ကစားသမားများကို ကျပန်းရွေးချယ်ခြင်းဖြစ်သည်။ ဆိုလိုရင်းက အကောင့်များများ ပိုရှိလေလေ စနစ်၏ ရွေးချယ်ခြင်းကို ခံရဖို့ ပိုမြင့်လေလေ ဖြစ်ပါသည်။
ထို့ကြောင့် ချမ်းသာသည့် ကစားသမားများက ၎င်းတို့၏ တခြား အကောင့်များနဲ့ပါ ခွန်အားဆေးရည်များကို ဝယ်ယူကြလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ခွန်အားဆေးရည်များကလည်း သိပ်ပြီး စျေးမကြီးကြပေ။
ကစားသမား ဒီလောက်အများကြီးနဲ့သာဆို ဂိမ်းတစ်ခု၏ Paywall ဘယ်လောက်ပဲနိမ့်နေပါစေ၊ အမြတ်အစွန်းရနိုင်မှာ မလွဲဧကန်ပင်။ ဖေးချမ့် သဘောပေါက်နားလည်သွားခဲ့သည်။
"ဂိမ်းက အမြတ်တွေရနေပြီမဟုတ်လား"
လင်းဝမ်က အနည်းငယ် နှိမ့်ချစွာဖြင့် ပြန်ပြောလိုက်ပါသည်။ "အများကြီးတော့ အမြတ်မရပါဘူး။ ဝမ်ရှောင်းပင်တွက်ချက်ကြည့်ပြီးပြီ။ ကစားသမားတွေ ဂိမ်းထဲကို ဝင်လာတဲ့ နှုန်းတိုင်းသာဆိုရင် ကျွန်မတို့ အလွန်ဆုံး တစ်လကို ယွမ် ၄ - ၅ သန်းလောက်ပဲ ရမှာပါ။ သမုဒ္ဒရာရဲတိုက်ကို မကျော်နိုင်ပါဘူး"
ဖေးချမ့် ရပ်တန့်သွား၏။ "ယွမ် ၄ သန်း ၅ သန်းဟုတ်လား"
ဘယ်လိုလုပ်ပြီး အဲ့လောက် အများကြီး ဝင်ရတာလဲ။
ဒီပမာဏက အနာဂတ် မိုဘိုင်းဂိမ်းလောကအတွက် အံ့သြစရာမဟုတ်မှန်း ဖေးချမ့်သိပါသည်။ သို့သော်လည်း လောလောဆယ် မိုဘိုင်းဂိမ်း စျေးကွက်က ဒီလောက်မမြင့်သေးပါ။
ထို့အပြင် Bloody Battle Song ၏ Paywall က အလွန်နိမ့်သည်။ ကစားသမားတွေ များပြားပြီး ဂုဏ်သတင်းမွှေးရင်တောင် ဒီလောက် အများကြီး ရနိုင်ဖို့က မဖြစ်နိုင်ပေ။
လင်းဝမ်က အနည်းငယ် ပြုံးလိုက်၏။
"ရှန်းဟွာ ဂိမ်းပလက်ဖောင်းက ကျွန်မတို့နဲ့ အမြတ်အစွန်းကို ၁၀ - ၉၀ အချိုးနဲ့ ခွဲပေးနေတာလေ။ ကျွန်မတို့က ၉၀ ရာခိုင်နှုန်း ရတယ်"
ဖေးချမ့် "..."
လည်ချောင်းထဲ သွေးဆို့တက်လာပြီး သွေးခချောင်းဆိုးလုနီးပါး ဖြစ်သွားသည်။
သူတို့က ဒီတိုင်း စောင့်နေရုံပဲပေါ့။
အဲ့တာကြောင့် ဒီလောက် ငွေတွေ အများကြီး ဝင်နေတာကိုး။ App Store က ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ယူကြတာ။ ဘာလဲကွာ ဘာမှ မယူတာနဲ့ အဲ့လောက်ယူတာနဲ့ ဘာများ ကွာခြားတော့မှာလဲ။
ဒါ အဆက်အသွယ်တွေ သုံးလိုက်လို့ ရလာတဲ့ ရလဒ်လား။
သမီးအရင်းတစ်ယောက်ရဲ့ အခွင့်ထူးဆိုတာ ဒါမျိုးလား။
ကြောက်ဖို့ကောင်းလိုက်တာ....
လင်းဝမ် စိတ်မကောင်းဖြစ်သွားသည်။ "တကယ်တော့ ကျွန်မတို့ ဒီ့ထက် ပိုရသင့်တာပါ"
"ဒီဂိမ်းက အရမ်းစေတနာကောင်းလွန်းတယ်လို့ ထင်မိတယ်။ Paywall က နိမ့်လွန်းတယ်လေ။ အရင်တုန်းက Bloody Battle Song လို ငွေချေစနစ်တွေနဲ့ အပြည့်ဖြည့်ထားရင် ကျွန်မတို့ တစ်လကို ယွမ် ၁၀ သန်းကျော် ဝင်နိုင်လိမ့်မယ်"
"ဒါပေမယ့် စိတ်မပူပါနဲ့ ဘော့စ်ဖေး ကျွန်မတို့ အဲ့လို့ မလုပ်ပါဘူး"
"ကျွန်မတို့ ထန်းတာ့ရဲ့ ဆောင်ပုဒ်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပါတယ်။ ဂုဏ်သတင်းအရပဲ နံပါတ် ၁ ဖြစ်ရမယ်"
"ဒီလိုမှ Bloody Battle Song ပိုကြမ်းတဲ့ ဗားရှင်းက သက်တမ်းအကြာကြီး တည်တံ့နေမှာ။သာမန် ဝက်ဘ်ဆိုက် ဂိမ်းတွေလို ၃ - ၄ လလောက်ပဲ ခံမှာ မဟုတ်ဘူး။ ကျွန်မတို့ ဂိမ်းက ဒီလို ဝင်ငွေလောက်နဲ့ နောက်ထပ် ၁ နှစ် ၂ နှစ်လောက်အထိ ခံနိုင်ဦးမှာ။ တကယ်တော့ နောက်ပိုင်း ပိုတောင် ရလာနိုင်သေးတယ်"
ဖေးချမ့် နေလို့မကောင်းတော့ပါ။
ဂိမ်းက တစ်လ ၄ - ၅ သန်းဝင်နေတာနဲ့တင် မယုံနိုင်စရာကောင်းနေလေပြီ။
အမှန်ပင်။ Paywall ပိုများသည့် ဝက်ဘ်ဆိုက်ဂိမ်းတွေနဲ့တော့ မယှဥ်နိုင်ပါ။ ဘာပဲဖြစ်ဖြစ် ထိုဝက်ဘ်ဆိုက်ဂိမ်းတွေထဲက ဂိမ်းသူဌေးများက စိတ်ရှိတိုင်း ယွမ် သောင်းချီပြီး ဖြည့်သွင်းနိုင်သည်။ ဂိမ်းသူဌေးတစ်ယောက်က သာမန်ကစားသမား ၁ သန်းနဲ့ ညီမျှပါသည်။
သို့သော်လည်း သာမန်ကစားသမားတွေဆီက ဒီလောက်ပမာဏ ရနိုင်တာနဲ့တင် ကြောက်ဖို့ ကောင်းလှပါသည်။
သမုဒ္ဒရာရဲတိုက်တွင် ကစားသမားပိုများသည်။ ဆိုလိုရင်းက Bandwidth နဲ့ ဆာဗာကြေးများအတွက် လစဥ်လတိုင်း ငွေအများကြီး ကုမ္ပဏီက သုံးရသည်။
သို့သော်လည်း ဒီလောက်ကစားသမားတွေ များနေမှ ဂိမ်းက အလွန်ရေပန်းစားကာ သက်တမ်းရှည်မည်ဖြစ်သည်။
Bloody Battle Song က စစ်ပွဲဂိမ်းတစ်ခုဖြစ်သည်။ ဆိုလိုရင်းက ထိတွေ့မှုအဆင့်များ မြင့်မားပြီး သစ္စာရှိကစားသမားများစွာကို မွေးထုတ်ပေးနိုင်လိမ့်မည်။
တခြားစစ်ပွဲဂိမ်းတွေမှာလည်း အမာခံကစားသမားများ ရှိကြပြီး ဂိမ်းကို အချိန်အကြာကြီး စွဲကပ်နေတတ်သည်။ သို့သော်လည်း ပြဿနာက ဂိမ်းသူဌေးများက ဂိမ်းထဲတွင် ဝယ်ယူမှုများ ပြုလုပ်ပြီး ပြိုင်ဆိုင်နိုင်ခြင်းပင်။ စနစ်က ဒါကို ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်လျှင် ဂိမ်းထဲက စစ်ပွဲ စနစ်က ပြိုလဲသွားနိုင်၏။ ထို့ကြောင့် ဝက်ဘ်ဆိုက်ဂိမ်းအများစုက ၃ - ၄ လလောက် ကြာပြီးလျှင် သာမန်ကစားသမားများစွာကို ဆုံးရှုံးသွားတတ်ကြသည်။ ရွေးချယ်စရာမရှိတော့ဘဲ ဆာဗာအသစ်များ ထပ်ဖွင့်ခြင်းဖြင့် ရှင်သန်ဖို့ ရုန်းကန်ကြရ၏။
Bloody Battle Song ကတော့ မတူပေ။ စစ်ပွဲစနစ် ပြိုလဲသွားဖို့ မဖြစ်နိုင်သလောက်ရှိသည်။ 'ရွေးချယ်ခံ' စနစ်က တစ်ဖက်တစ်ချပ်စီတွင်ရှိမည့် စွမ်းအားပမာဏကို ထိန်းချုပ်ပေးလိမ့်မည်။ သာမန်ကစားသမားများကိုလည်း ဂိမ်းသူဌေးတွေလို ခံစားခွင့် ပေးစွမ်းနိုင်လိမ့်မည်။ ဒီလိုဆို ဂိမ်းအပေါ် သူတို့ရဲ့ သစ္စာရှိမှုကို တိုးမြှင့်နိုင်ပါလိမ့်မည်။ ထိုအခါ ဂိမ်း၏ သက်တမ်းလည်း ပိုရှည်သွားလိမ့်မည်။
ဂိမ်းက နောက်ထပ် ၁ နှစ် ၂ နှစ်လောက်အထိ ဒီဝင်ငွေအတိုင်း ဆက်ထိန်းသိမ်းနိုင်လိမ့်မည်ဟူသော လင်းဝမ်၏ စကားကိုကြားလိုက်ရသောအခါ ဖေးချမ့်တစ်ယောက် သူ့ကို အဆိုးရွားဆုံး ကျိန်စာဖြင့် တိုက်လိုက်သလို ခံစားလိုက်ရသည်။
ချက်ချင်းပဲ အန်ချင်စိတ်ပေါက်လာ၏။
ဒါ ငွေဝင်ပေါက်ကြီး မဟုတ်ဘူး။ ဒါ ဧရာမ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမှာကွ။
ထို့အပြင် ဖေးချမ့် ဖယ်ရှားလို့ မရမည့် ဝန်ထုပ်ဝန်ပိုးမျိုး ဖြစ်သည်။
ကျားတစ်ကောင်ကို စီးနေသလိုမျိုးဖြစ်ကာ ဘော့စ်ဖေး မဆင်းနိုင်တော့ပါ။
ဒီအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားလျှင် အချိန်အကြာကြီး တည်ငြိမ်သည့် ဝင်ငွေအတိုင်း ဆက်လက်ရရှိနေမည်ဖြစ်သည်။ ဂုဏ်သတင်းကိုဖျက်ဆီးဖို့အတွက် ဝယ်ယူစရာ ပစ္စည်းများ ထပ်ထည့်လိုက်ပါက ဂိမ်း၏ သက်တမ်းတိုကောင်းတိုသွားနိုင်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တိုတိုလေးအတွင်း ဂိမ်းသူဌေးများက အသည်းအသန် ဝယ်နိုင်သမျှ ဝယ်ကြမည်ဖြစ်ကာ အကျိုးဆက်က အတော် ဆိုးရွားသွားနိုင်ပါသည်။
ဖေးချမ့် ဆွံ့အနေပါပြီ။ ဘာပြောရမှန်းလည်း မသိတော့ပါ။
သူ့ဘေးပတ်လည်က လူတွေ အားရပါးရ စားသောက်နေကြတာကို ကြည့်ရင်း ဖေးချမ့်ရင်ထဲ နာလာသည်။
သောက်ဖျင်းတွေ မင်းတို့ ထပ်မစားနဲ့တော့။
အကုန်ပြန်အန်ထုတ်ကြစမ်း။ ခုနကမှ မင်းတို့ကို ဆုချဖို့ စဥ်းစားနေတာ ဒါ မင်းတို့ ငါ့ကို ကျေးဇူးပြန်ဆပ်လိုက်တဲ့ ပုံစံလား။
အခုတော့ အားလုံး ဘာကြောင့် ဒီလောက် အေးအေးဆေးဆေးနဲ့ စိတ်ဖိစီးမှုကင်းမဲ့နေကြသလဲ ဖေးချမ့် သိသွားပါပြီ။
ဂိမ်းက အမြတ်များ ဝင်နေသောကြောင့် ဖြစ်သည်။ ဂုဏ်သတင်းအရကော ဝင်ငွေအရကော အဆင်ပြေနေသောကြောင့် ဖြစ်သည်။ သူတို့ ဘာကြောင့် စိတ်ဖိစီးနေရမှာလဲ။
ဖေးချမ့် တိုးတိတ်စွာဖြင့် ဖုန်းကို လင်းဝမ်အား ပြန်ပေးလိုက်ပါသည်။ သူမကို ကြည့်ရင်း သူ့မျက်နှာထားက ရှုပ်ထွေးလွန်းလှသည်။
ပွဲပြီးသွားပြီ။
ဒီမိန်းမ သူ့မိသားစုစီးပွားရေးကို ပြန်ပြီး ဆက်ခံတော့မှာ မဟုတ်ဘူး။
Bloody Battle Song မိုဘိုင်းဗားရှင်း ဒီလောက်ထိ အောင်မြင်သွားသဖြင့် လင်းဝမ် အခု ဘယ်လောက်တောင် ယုံကြည်ချက်တွေ ပြည့်ဝသွားမလဲ ဖေးချမ့် စိတ်ကူးသာ ယဥ်ကြည့်နိုင်တော့သည်။
ဘော့စ်ဖေးက သူမကို ရှုပ်ထွေးသည့် မျက်နှာထားမျိုးနဲ့ ကြည့်နေတာကို လင်းဝမ် သတိထားမိသဖြင့် သူမ အနည်းငယ် ပြုံးသွားပါသည်။
ဘော့စ်ဖေး အရမ်းကျေနပ်နေတဲ့ပုံပဲ။ ငါ့အတွက် ဝမ်းသာနေတာလား။
ဟုတ်တယ်။ ငါ ဆန်းစထရိုက်ခ်စတူဒီယိုနဲ့ ထန်းတာ့တို့မှာ ပရောဂျက်တွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ ထူးချွန်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်သွားခဲ့ပြီ။ ပရောဂျက်တစ်ခုကို တာဝန်ယူပြီး ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပြီ။
ဖေးချမ့် ၂ စက္ကန့်လောက် ဆက်လက်တိတ်ဆိတ်နေပြီး ဘာပြောရမှန်းမသိသေးပါ။ သူ့လက်ထဲက ဝိုင်နီခွက်ကိုသာ ကိုင်သောက်နိုင်တော့သည်။
အခုတော့ သူ့ခေါင်းထဲ အတွေးတစ်ခုသာရှိတော့သည်။ အမူး သောက်ပစ်ဖို့ဖြစ်ပါသည်။
ဒါကိုမြင်တော့ ဘော့စ်ဖေးက အောင်ပွဲခံဖို့ သောက်တော့မည်ဟု ယဲ့ကျစ်ကျိုး ထင်သွားပြီး ခေါင်းကိုနောက်ပစ်ကာ သူ့ခွက်ကိုပါ မော့သောက်လိုက်၏။
"ဘော့စ်ဖေး ချီးယား"
"အားလုံးပဲ လာကြဟေ့ ဝိုင်ခွက်တွေ ကိုင်မြှောက်ကြ ငါတို့ ဒီနေ့ည မူးတဲ့အထိ ပျော်ပျော်ကြီး သောက်ကြမယ်"