← Chapters

အခန်း(၂၆၇) ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြ

Vol. 18 Ch. 267

အခန်း(၂၆၇) ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြ

Vol. 18 Ch. 267

မင်ယွမ်စားဖိုဆောင် အပေါ်ဆုံးထပ်တွင်...

ဝိုင်နီများ သူ့ခေါင်းထဲဝင်သွားလေပြီ။ အနည်းငယ် မူးဝေမှုနဲ့ နူးညံ့သည့် ညလေပြည်တို့ ပေါင်းစပ်လိုက်သောအခါ ဖေးချမ့်တစ်ယောက် အနည်းငယ် ရီဝေဝေ ဖြစ်လာခဲ့သည်။

သူ့ဖုန်းကို ထုတ်လိုက်ပြီး ရှန်းဟွာ၏ App Store ကို ဒေါင်းလုတ်ဆွဲလိုက်၏။ နောက်တစ်ခေါက် Bloody Battle Song မိုဘိုင်းဗားရှင်းက ယခု ဇယား၏ ထိပ်ဆုံးမှာရှိနေမှန်း အတည်ပြုလိုက်ရပါသည်။

ခုနက ဖြစ်ခဲ့တာတွေ အကုန်လုံးက အမှန်ပဲပေါ့။

ဖေးချမ့် သက်ပြင်းအရှည်ကြီးချလိုက်သည်။

စိတ်ပျက်ဖို့ ကောင်းလိုက်တာ...

ဝမ်းနည်းစရာ ဒီသတင်းကို ကြားလိုက်ရတော့ သူ့ဘဝ၏ နေမင်းကြီးကို မီးခိုးရောင် တိမ်တိုက်များ ရုတ်တရက် ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရပါသည်။ ရုတ်တရက်ကြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့၏။

ကောင်းတာတစ်ခုကတော့ ဒီလိုခံစားချက်နဲ့ သူ အသားကျနေခြင်းပင်။

ဘာပဲဖြစ်ဖြစ် ကိစ္စတွေ လွဲချော်သွားတာ ပထမအကြိမ်လည်းမဟုတ် ဒုတိယအကြိမ်လည်း မဟုတ်တော့ပါ။ အရင်ကတည်းက သင်ယူထားပြီးသား ဖြစ်သည်။

မဟုတ်သေး။ တိတိကျကျပြောရလျှင် ကိစ္စတွေ လွဲချော်သွားပါက သူ့စိတ်ကို သူ ဘယ်လို ထိန်းညှိရမလဲဆိုတာ သင်ယူထားခြင်း ဖြစ်ပါသည်။

"တစ်လကို ယွမ် ၄ သန်း ၅ သန်းလောက်ရတာ ကိစ္စမရှိပါဘူး။ ငါတို့ ငွေစာရင်းရှင်းချိန် ရောက်ဖို့ လိုပါသေးတယ်။ လေဆန်ပို့ဆောင်ရေးရုံးတွေ ထပ်ဖွင့်လို့ရတာပဲ။ ငါ ခံနိုင်ရည် ရှိပါသေးတယ်။”

စက်တင်ဘာလ ၂၀ ရက်နေ့ရှိနေပြီဖြစ်ပြီး ငွေစာရင်းရှင်းချိန်က အောက်တိုဘာ ၃၁ ရက်နေ့ဖြစ်သဖြင့် ၁ လ အချိန်ကျန်သေးသည်။

ငွေစာရင်းရှင်းချိန် မရောက်ခင် တစ်ပတ်အလိုတွင် မကြေညာထားသည့် ထုတ်ကုန်များ ရှိ၍ မရပါ။ တစ်နည်းအားဖြင့် ထုတ်ကုန်၊ လုပ်ငန်းအားလုံးကို အောက်တိုဘာ ၂၄ ရက်နေ့မတိုင်ခင် ထုတ်လုပ်ရမည်။ သူ ငွေ သုံးနိုင်ပါသေးသည်။

ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးကိုပဲ နမူနာယူကြည့်ပါ။

ဆိုင်နေရာလွတ်များကို ငှားရမ်းပြီး အောက်တိုဘာ ၂၄ ရက်နေ့မတိုင်ခင် လုပ်ငန်းကို စတင်နိုင်သည်။ ဒါမှ ငွေစာရင်းရှင်းချိန်အပေါ် သက်ရောက်မှု မရှိမှာ ဖြစ်ပါသည်။

"ရှန်းယန်ဂိမ်းရဲ့ ဒီအုပ်စုက ငါထင်မထားတာတွေ လုပ်သွားတယ်ဆိုတာတော့ ဝန်ခံရမယ်။ ဒါပေမယ့် အကောင်းဘက်က ကြည့်ရင် သူတို့ တော်တော်လေး သွက်လက်ပေလို့ပေါ့။ Bloody Battle Song မိုဘိုင်းဗားရှင်းကို နောက်လကျမှ ဖန်တီးလို့ ပြီးသွားကြရင် ငါ အမောဆို့လိမ့်မယ်"

"အနည်းဆုံးတော့ သူတို့အမှားလုပ်ထားတာတွေကို ပြန်ပြင်ခွင့်ရှိပါသေးတယ်။ ငွေဖြုန်းနိုင်တဲ့ နည်းလမ်းတွေကို စဥ်းစားနိုင်သေးသရွေ့ ငါအဆင်ပြေတယ်"

ဖေးချမ့်က အရေးပေါ် အခြေအနေနဲ့ ကြုံလာသည့်အခါ ကောင်းကောင်း မတုန့်ပြန်တတ်ပေ။ အားလုံးကို ကြိုတင် အစီအစဥ်ချထားခြင်းသာ ရှိသည်။

ဘာပဲဖြစ်ဖြစ် အရင်ကလည်း ကိစ္စတွေ အများကြီး လွဲချော်သွားခဲ့ဖူးပါသည်။ သူ သင်ယူခဲ့ရသည့် သင်ခန်းစားများကို ပြန်သတိရဖို့သာ ရှိသည်။

ဒီတစ်ပတ်စကတည်းက ဖေးချမ့် နှစ်ခါစီ ပြင်ဆင်ထားခဲ့သည်။ ဂိမ်းအရှုံးပေါ်ခြင်းက အကောင်းဆုံး အခြေအနေ ဖြစ်၏။။ ဒီလိုသာ ဖြစ်မလာခဲ့လျှင် ဖေးချမ့်မှာ ဝှက်ဖဲရှိနေပါသေးသည်။ ဘော့စ်ဖေး ယုံကြည်နိုင်သည့် လုပ်ငန်းများက ကျုံးထျန်တရုတ်နက်ခ်ဝေါ့၊ ယွီသရေစာလုပ်ငန်း၊ လေဆန်ပို့ဆောင်ရေး၊ ယွီအင်တာနက်ကဖေးတို့ ဖြစ်ကြသည်။ ထိုလုပ်ငန်းများအနက် ဖေးချမ့်က ကျုံးထျန်တရုတ်နက်ခ်ဝေါ့ကို မထိရဲသေးပါ။

အွန်လိုင်းစာပေကို ကိုင်တွယ်ခြင်းဖြင့် ငွေတွေကို ပိုမြန်မြန် ဖြုန်းနိုင်တာတော့ မှန်ပါသည်။ ဥပမာအားဖြင့် အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှ အွန်လိုင်းစာပေ နတ်ဘုရားများကို ယွမ် သန်းဆယ်ချီပေးကာ ဝယ်နိုင်သည်။ ဒါမှမဟုတ် ထိုငွေပမာဏအတိုင်း သုံးကာ သာမန်စာရေးဆရာပေါင်းများစွာကို ဝယ်ယူနိုင်သည်။

သို့သော်လည်း အန္တရာယ်များက မြင့်မားလွန်းပါသည်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်က ရေပန်းစားလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ မဟုတ်လား။

အွန်လိုင်းစာပေစျေးကွက်တွင် Content က အရေးကြီးဆုံးအရာ ဖြစ်သည်။ Content ကောင်းများက စာဖတ်သူများကို ပိုမိုခေါ်ယူပေးနိုင်ပြီး စာဖတ်သူပိုများလျှင် Subscription ပိုများကာ Subscription ကြေး ပိုမြင့်လျှင် စာရေးဆရာများကို ပိုမို ငှားယူနိုင်မည်ဖြစ်သည်။

ဒီလိုနဲ့ သံသရာကြီး တစ်ခုဖြစ်လာခဲ့သည်။

ခန့်မှန်းလို့ မရလွန်းသဖြင့် ဒီရွေးချယ်ခွင့်ကို ဖေးချမ့် ဖယ်ထားချင်သည်။ အနာဂတ်တွင် သူ့အတွက်သူ မမြင်နိုင်သော အန္တရာယ်များကို ဖန်တီးလိုက်နိုင်ခြေရှိ၏။

ယွီသရေစာလုပ်ငန်းက မဆိုးလှပါ။ အရှုံးပေါ်နေဆဲဖြစ်သော်လည်း ထိုလုပ်ငန်းက ယွီအင်တာနက်ကဖေးအပေါ်မှာ မူတည်နေသည်။

ဖေးချမ့်သာ ထိုလုပ်ငန်းကို ယွီအင်တာနက်ကဖေးထံမှ ခွဲထုတ်နိုင်လျှင် စားဖိုဆောင် တစ်ခုလို ဖန်တီးဖို့ ဆိုင်ခန်းငှားရမည်။ ဒီလိုဆို ဒုက္ခများလွန်းပါသည်။

ထို့အပြင် ယွီအင်တာနက်ကဖေးကလည်း အရှုံးပေါ်နေ၏။ အများကြီး မဟုတ်သော်လည်း ဒီလုပ်ငန်းအတွက် ဖေးချမ့် ငွေတွေ အများကြီး သုံးလို့ ရမှာ မဟုတ်ပါ။

အချိန်အကြာကြီး စဥ်းစားပြီးနောက် လေဆန်ပို့ဆောင်ရေးနဲ့ ယွီအင်တာနက်ကဖေးတို့လို ကိုယ်တွေ့လုပ်ငန်းတွေမှာပဲ ငွေကို ပိုမြန်ဆန်သည့်နှုန်းဖြင့် ဖြုန်းတီးဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ယွီအင်တာနက်ကဖေးကို ဖေးချမ့် အနည်းငယ် စိတ်ပျက်မိသည်။ သို့သော်လည်း ယွီသရေစာလုပ်ငန်းအတွက် ငွေပိုသုံးမည်ဖြစ်သလို ယွီအင်တာနက်ကဖေး ၂.၀ ကိုလည်း စမ်းသပ်ဖွင့်လှစ်ဦးမည်ဖြစ်သည်။

ယွီအင်တာနက်ကဖေး၏ အရှုံးပေါ်ပုံစံကို ထိန်းသိမ်းဖို့ ထိန်းညှိမှုများ ဆောင်ရွက်ရမည်။ သူသိသလောက်တော့ လမ်းကြောင်းကနေ သွေဖယ်မှ ကိစ္စတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

လေဆန်ပို့ဆောင်ရေးလုပ်ငန်းက ဖေးချမ့်အတွက် အားအကိုးရဆုံး ဖြစ်၏။

သို့သော်လည်း ယွီအင်တာနက်ကဖေးနဲ့ ယှဥ်လျှင် လေဆန်ပို့ဆောင်ရေးရုံးများက လည်ပတ်ဖို့ ငွေသိပ်မလိုပါ။ ဖေးချမ့်က ယွီအင်တာနက်ကဖေးဆိုင်ခွဲများကို ဖွင့်ဖို့ဆိုလျှင် ဆိုင်ငှားခ၊ ပြင်ဆင်ခ၊ ကွန်ပျူတာစရိတ်၊ စသည်ဖြင့် သုံးစွဲရသည်။ အားလုံးကို ပေါင်းလိုက်ပါက အနည်းဆုံး ယွမ် ၃ သန်း ကုန်ကျနိုင်သည်။ တစ်ဖက်မှာတော့ လေဆန်ပို့ဆောင်ရေးရုံးတစ်ရုံးကို တည်ထောင်ဖို့အတွက် ယွမ် ၃၀,၀၀၀ လောက်သာ ကုန်ပါသည်။

ဆိုလိုရင်းက ယွီအင်တာနက်ကဖေးဆိုင်ခွဲ သစ်တစ်ခု၏ ကုန်ကျစရိတ်နဲ့ ညီမျှဖို့ဆိုလျှင် လေဆန်ပို့ဆောင်ရေးရုံး အခု ၁၀၀ ဖွင့်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းများအတွက် သူငွေဖြုန်းနိုင်သည့် နှုန်းက ခြားနားပါသည်။

လေဆန်ပို့ဆောင်ရေးရုံးများကို အကန့်အသတ်မဲ့စွာ တည်ထောင်နိုင်သော်လည်း ရုံးတစ်ခုစီအတွက် တည်နေရာလည်း ရှာရဦးမည်။ တည်နေရာတစ်ခုကို ရှာဖွေကာ လက်မှတ်ထိုးပြီး ဝန်ထမ်းတွေ အင်တာဗျူးဖို့ အလွန်အလုပ်ရှုပ်ရပါသည်။

လေဆန်ပို့ဆောင်ရေးရုံး တစ်ခု နှစ်ခု ဖွင့်တာ ကိစ္စမရှိသော်လည်း အခု ၁၀၀ လောက်ဖွင့်ဖို့ဆိုလျှင် လုမင်လျန်နဲ့ တခြားသူတွေတောင် အလုပ်ဝန်ကို နိုင်နင်းမည် မဟုတ်တော့ပေ။

ထို့ကြောင့် ဖေးချမ့်က တစ်ပြိုင်တည်း အစီအစဥ်နှစ်ခုကို ပြင်ဆင်ထားလိုက်၏။ ယွီအင်တာနက်ကဖေးဆိုင်ခွဲကော၊ လေဆန်ပို့ဆောင်ရေးရုံးတွေကိုကော ထပ်ဖွင့်မည်ဖြစ်သည်။ ဒီလိုဆို သူ သုံးနိုင်သမျှ ငွေတွေ ပိုသုံးနိုင်ပါလိမ့်မည်။

တည်နေရာနဲ့ ဝန်ထမ်းတွေအတွက်တော့ ဖေးချမ့် ကန့်သတ်ထားတာ များများစားစား မရှိပေ။ သူ့တစ်ခုတည်းသော ကန့်သတ်ချက်က ဆိုင်အားလုံးကို အောက်တိုဘာ ၂၄ ရက် မတိုင်ခင် ဖွင့်ရမည် ဆိုတာပဲ ဖြစ်သည်။

ငွေအားလုံးကို ဖြုန်းနိုင်ပြီး ငွေစာရင်းရှင်းချိန်ကို မထိခိုက်ပါက သူအောင်မြင်နိုင်ပါသည်။

ထိုသို့စဥ်းစားရင်း ဖေးချမ့်တစ်ယောက် ကျန်းယွမ်နဲ့ လုမင်လျန်တို့ကို ဖုန်းဆက်ခေါ်လိုက်သည်။ အချိန်က အရေးကြီးနေပါသည်။ ဒီအစီအစဥ်ကို ချက်ချင်း အကောင်အထည် ဖော်ရမည်ဖြစ်ကာ သူတစ်စက္ကန့်တောင် ပိုမစောင့်နိုင်တော့ပါ။

အပေါ်ဆုံးထပ်၏ လှေကားထိပ်တွင် ရပ်ရင်း ယဲ့ကျစ်ကျိုးတစ်ယောက် ခေါင်းပြူကာ ချောင်းကြည့်လိုက်သည်။

"ဘော့စ်ဖေးက အရမ်း အလုပ်များတာပဲ"

"အခုတောင် ဖုန်းတွေ ဆက်နေတယ်"

ယဲ့ကျစ်ကျိုး အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူတို့ ဒီတစ်ခေါက် Bloody Battle Song မိုဘိုင်းဗားရှင်းဖြင့် ဘော့စ်ဖေး၏ ဝန်ထုပ်ဝန်ပိုးများကို အောင်မြင်စွာ ကူထမ်းပေးနိုင်ခဲ့သော်လည်း ထန်းတာ့တွင် လုပ်ငန်းများစွာ ရှိနေသေးသည်။ ဘော့စ်ဖေး အလုပ်လုပ်နေစဥ် သူကတော့ စားသောက်နေသည်ဟူသော အတွေးက ယဲ့ကျစ်ကျိုးကို အရှက်ရစေပါသည်။

သို့သော်လည်း ပြန်စဥ်းစားကြီးမှ ဘော့စ်ဖေးက အမြဲတမ်း ဒီလိုပဲ အလုပ်များနေတာ ဖြစ်နိုင်ပါသည်။ မဟုတ်ပါက ထန်းတာ့ ဒီလောက်ထိ အောင်မြင်လာနိုင်မှာ မဟုတ်ပေ။

ယဲ့ကျစ်ကျိုး တိတ်တိတ်ကလေး ပြန်ထွက်သွားဖို့ ပြင်နေစဥ် ဖေးချမ့် ဖုန်းချလိုက်ပြီး လှည့်အကြည့် ယဲ့ကျစ်ကျိုးနဲ့ မျက်လုံးချင်းဆုံသွားသည်။

ယဲ့ကျစ်ကျိုးက လည်ချောင်းရှင်းကာ ပြောလိုက်၏။ "ဘော့စ်ဖေး အကြာကြီးပျောက်သွားတာ အားလုံး သတိထားမိတယ်။ ဘော့စ်ဖေး သောက်တာ များသွားလို့ နေလို့ထိုင်လို့ မကောင်းတော့ဘူးထင်နေတာ။ အဲ့တာကြောင့် ကျွန်တော် လာကြည့်ပေးတာပါ"

"ဒီလောက်နောက်ကျနေတာတောင် အလုပ်တွေ လုပ်နေမယ် ထင်မထားဘူး"

ဖေးချမ့်၏ ဒေါသများ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ယဲ့ကျစ်ကျိုး၏ စကားကိုကြားခါမှ သွေးများ ပြန်ဆူပွက်လာသည်။

ဒီအချိန်ကြီး ငါ ဘာလို့ အလုပ်လုပ်နေရတယ်လို့ မင်းထင်လဲ။

မင်းတို့တွေသာ ရုတ်တရက်ကြီး အကုန်ရှုပ်ထွေးကုန်အောင် မလုပ်ခဲ့ရင် ကျန်းယွမ်နဲ့ လုမင်လျန်တို့ကို အခုလို ငွေပိုဖြုန်းဖို့ စီစဥ်ခိုင်းစရာ လိုမလား။

ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့ကြပြီး အခု ဆားနဲ့ပါ လာပက်နေပြီလား။ အဓိပ္ပာယ်မရှိတာ။

ဖေးချမ့် ဒေါသကြီးသွားသည်။

သို့သော်လည်း ထိုအတွေးများကို ရင်ထဲမှာသာ သိမ်းထားနိုင်ပါသည်။ သူ ထုတ်ပြောလို့ မဖြစ်ပါ။

ဖေးချမ့်ပုံစံက နေမကောင်းသည့်ပုံပေါက်နေတာကို ယဲ့ကျစ်ကျိုး သတိထားမိသွားသည်။ ထို့ကြောင့် စိတ်ပူသော လေသံဖြင့် မေးလိုက်၏။

"ဘော့စ်ဖေး အဆင်ပြေရဲ့လား"

ဖေးချမ့်က အပြုံးတစ်ခုကို အတင်းလုပ်ယူကာ ပြောလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး။ အလုပ်ကိစ္စ ပြဿနာလေး ကြုံသွားလို့ပါ"

ယဲ့ကျစ်ကျိုးက အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တာပေါ့ ကျွန်တော်နားလည်ပါတယ်။ ဘော့စ်ဖေးက ဒီလောက် အသေးအဖွဲ ပြဿနာလေးကြောင့် ရှုံးနိမ့်မယ့် လူမျိုးမှ မဟုတ်တာ"

ဖေးချမ့် ခေတ္တဆွံ့အသွားသည်။

တစ်ခုခု ပြောဖို့ ကြံလိုက်သော်လည်း ချက်ချင်း ကိုယ့်ကိုယ်ကို တားလိုက်ပါသည်။

ဘာမှ မထူးတော့ပါ။

ယဲ့ကျစ်ကျိုးကို ရှင်းပြဖို့ ကြိုးစားခြင်းက ကြက်တစ်ကောင်မှ ဘဲတစ်ကောင်ကို စကားပြောဖို့ ကြိုးစားနေသလို ဖြစ်ပေလိမ့်မည်။ ဘယ်သူမှ ဖေးချမ့်၏ ဝမ်းနည်းမှုကို နားမလည်နိုင်ပါ။

ဖေးချမ့် တိုးတိုးတိတ်တိတ်ပဲ ခံစားနိုင်သည်။ သူက နားလည်မှုလွဲခံရဖို့ ကံပါလာတယ်ဆိုတာ အမှန်ပဲလား။

ထားလိုက်ပါတော့ စိတ်အေးအေးထားစမ်း။

ဒီလိုကိစ္စမျိုးနဲ့ ဒေါသထွက်ဖို့ မတန်ပါဘူး။ ငါအစားကောင်းအသောက်ကောင်းတွေပဲ ပြန်စားလိုက်တာ ကောင်းပါတယ်။

ဖေးချမ့်က ဒေါသထွက်လွန်းနေခဲ့သဖြင့် စားချင် သောက်ချင်စိတ်တောင် ပျောက်သွားခဲ့သည်။ ယခု ဒေါသများ ပြန်ပြယ်သွားပြီဖြစ်သဖြင့် ဗိုက်ပြန်ဆာလာခဲ့သည်။ သူ့ထိုင်ခုံဆီ သူပြန်သွားကာ ရင်ထဲမှာလည်း ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ဝမ်းနည်းမှုကို စားချင်သောက်ချင်စိတ်အဖြစ် ပြောင်းလဲကာ ဗိုက်ဖြည့်ဖို့ စီစဥ်ထား၏။

ဖေးချမ့် ထိုင်လိုက်ကာ ဧရာမ ကျောက်ပုစွန်ကြီးကို အခွံခွာနေရုံရှိသေး၊ လင်းဝမ်က ပျော်ရွှင်စွာဖြင့် သူ့ထံသို့ အပြေးရောက်လာသည်။

"ဘော့စ်ဖေး ကြည့်ပါဦး တရားဝင် ဂိမ်းပလက်ဖောင်းကလည်း ကျွန်မတို့ဂိမ်းကို ကြော်ငြာပေးနေတယ် သူတို့ ပင်မစာမျက်နှာမှာတောင် တင်ထားပေးတယ်"

"ဖွီးး"

ဖေးချမ့် ဝိုင်နီတစ်ငုံသာ သောက်ရသေးသည်။ ယခုတော့ အကုန်ပြန်ထွေးထုတ်မိသွားပါသည်။

ဘာကွ။

တရားဝင်ဂိမ်းပလက်ဖောင်းက Bloody Battle Song လိုဂိမ်းမျိုးကိုတောင် ထောက်ခံပေးနေတယ်လား။ လာနောက်နေတာလား။

ဖေးချမ့် လုံးဝ ဇဝေဇဝါဖြစ်သွားရသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

တရားဝင်ပလက်ဖောင်းက ဂိမ်းထောက်ခံချက်များ ပြုလုပ်ရာတွင် ရှင်းလင်းသည့် ဦးတည်ချက်တစ်ခု ရှိ၏။ သာမန် အမြတ်အစွန်းရှာသည့် ဂိမ်းတွေက အလွန်ဆုံး တရားဝင်ဂိမ်းများ၏ ထောင့်စွန်းတွင်သာ ထောက်ခံချက်နေရာတစ်ခုကို ရနိုင်ပါသည်။

လမ်းစဥ်မှန်ကန်ကာ၊ တန်ဖိုးရှိပြီး ဂိမ်းလောကကို အကျိုးပြုနိုင်သည်ဟု တရားဝင် ပလက်ဖောင်းက သတ်မှတ်ထားသည့် ထိပ်တန်း ဂိမ်းတွေသာ ပင်မစာမျက်နှာ၏ ထောက်ခံချက်နေရာများကို ယူနိုင်သည်။

Game Designer က ထိုကဲ့သို့သော ဂိမ်းမျိုး ဖြစ်သည်။

သို့သော်လည်း Bloody Battle Song က ရိုးရိုးသာမန် ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုသာ ဖြစ်သည်။ ကြမ်းကြုတ်မှု များစွာ ပါဝင်သည့် စစ်ပွဲဂိမ်းတစ်ခုလည်း ဖြစ်၏။ ဘယ်လိုလုပ်ပြီး တရားဝင် ဂိမ်းပလက်ဖောင်းက အအောင်ပေးလိုက်တာလဲ။ ဘယ်လိုလုပ်ပြီး တရားဝင်ဂိမ်းပလက်ဖောင်းရဲ့ ပင်မစာမျက်နှာပေါ်ကို ရောက်သွားရတာလဲ။

သူတို့ ထန်းတာ့မျက်နှာကြောင့် လုပ်ပေးနေတာလား။

မဖြစ်နိုင်ပါဘူး။ ဒီဂိမ်းက ထန်းတာ့ဂိမ်းက ထုတ်တာမှ မဟုတ်တာ။ ရှန်းယန်ဂိမ်းက ထုတ်တာလေ။

ဘာလို့ ဒီလို အကျိုးခံစားခွင့်မျိုး ရသွားတာလဲ။

ဖေးချမ့် လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ ကျောက်ပုစွန်ကြီးကိုသာ ကိုင်ထားမိပြီး ဘယ်လို တုန့်ပြန်ရမှန်း မသိတော့ပါ။

အချိန်အတန်ကြာခါမှ သူမေးလိုက်၏။

"အဲ့တော့... သူတို့က ဂိမ်းကို ဘယ်လိုထင်ကြလဲ"

လင်းဝမ်က အပြုံးမရပ်နိုင်တော့ပေ။ သူမ ဖတ်ပြလိုက်သည်။ "သာမန်ဝက်ဘ်ဆိုက်ဂိမ်းတစ်ခုအနေနဲ့ Bloody Battle Song က ဂိမ်းကစားပုံအရ အရေးပါတဲ့ ဆန်းသစ်မှုတွေကို ဖန်တီးပေးခဲ့တယ်"

"ပုံမှန် ငွေဖြည့်သွင်းစနစ်ကို 'ရွေးချယ်ခံ' စနစ်နဲ့ အစားထိုးလိုက်ခြင်းဖြင့် ဒီဂိမ်းက ဝက်ဘ်ဆိုင်းဂိမ်းတွေရဲ့ ပုံမှန် ငွေဖြုန်းဖို့နဲ့ ကလဲ့စားချေဖို့ဆိုတဲ့ အခြေအမြစ်ကို ပြောင်းလဲပစ်ခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ကစားသမားတွေအားလုံးက ဂိမ်းကို စိတ်တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ကစားနိုင်သွားတယ်။ ဒီဂိမ်းက ဝက်ဘ်ဆိုက်ဂိမ်မာတွေရဲ့ တန်ဖိုးကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့တယ်"

"အချိန်အတော်ကြာတဲ့အထိ ဝက်ဘ်ဆိုက်ဂိမ်းတွေက Paywall တွေကိုပဲ မျက်ကန်းလို အသုံးပြုနေခဲ့ကြတာ။ အဲ့လိုဂိမ်းမျိုးတွေက ကစားသမားတွေ အများကြီးရဲ့ ပြောစရာဖြစ်လာပြီး မမှန်ကန်တဲ့ လမ်းစဥ်ကို ဦးတည်နေကြတယ်"

"Bloody Battle Song ရဲ့ ထူးခြားတဲ့ ဂိမ်းဒီဇိုင်း၊ ရဲတင်းတဲ့ ဆန်းသစ်မှုနဲ့ ထိပ်တန်း အရည်အသွေးတို့က ဝက်ဘ်ဆိုက်ဂိမ်မာတွေရဲ့ ဒီလို အမြင်မျိုးတွေကို လုံးဝ ပြောင်းလဲပေးနိုင်ခဲ့တယ်။ သာမန်ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ ပျော်ဖို့ ကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆက်လက် ထိန်းသိမ်းထားပြီး ဝက်ဘ်ဆိုက်ဂိမ်မာတွေရဲ့ ငွေဖြုန်းတတ်တဲ့ အကျင့်ဆိုးကို ဖန်တီးသူတွေက ပြင်ဆင်ပေးခဲ့တယ်။ ဒီလို လှုပ်ရှားမှုက ဒီဂိမ်းလောကထဲမှာ တိုးတက်ပြောင်းလဲမှုတွေကို ရှေ့ဆောင်လမ်းပြပေးနိုင်တယ်"

"တန်ဖိုးအရှိဆုံးက Bloody Battle Song က သာမန်ဂိမ်းတစ်ခုပဲဖြစ်ခဲ့ပေမယ့် ဒီဇိုင်နာတွေက ဂိမ်းကို လက်မလွှတ်ခဲ့ကြဘူး။ သူတို့ အသေးစိတ်တိုင်းကို အာရုံစိုက်ပြီး ဂိမ်းကို အသက်ပြန်သွင်းဖို့အတွက် အဆင့်မြှင့်တင်မှုတွေ လုပ်ခဲ့ကြတယ်"

"Bloody Battle Song က သာမန်ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ နောက်ဆုံးဘိတ်ဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ Bloody Battle Song : ပိုကြမ်းတဲ့ဗားရှင်းက ဒီလိုလမ်းစဥ်မျိုးကို အသုံးပြုတဲ့ ဝက်ဘ်ဆိုက်ဂိမ်းတွေ အများကြီးထဲက ပထမဆုံးဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်"

"Bloody Battle Song က ကျွန်တော်တို့ရဲ့ ပြည်တွင်း ဝက်ဘ်ဆိုက်ဂိမ်းလောကရဲ့ အချိုးအကွေ့ ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်"

"ထိုအကြောင်းအရင်းတွေကြောင့်ပဲ ကျွန်တော်တို့ ဒီဂိမ်းကို အထူးတလည် ထောက်ခံပေးလိုက်ပါတယ်။ တခြား ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ သင်ယူစရာ ရှေ့ဆောင်လမ်းပြ ဂိမ်းတစ်ခုအဖြစ် ရှိနေပါစေ"

"ကစားသမားများစွာကလည်း သူတို့ရဲ့ အထင်အမြင်တွေကို ဘေးချပြီး ဒီဂိမ်းကို စမ်းကစားကြည့်ကြပါ။ ဝက်ဘ်ဆိုက်ဂိမ်းတွေရဲ့ ပျော်စရာ အစစ်အမှန်ကို ခံစားနိုင်ကြမှာပါ"

ထိုစကားလုံးများကို ဖတ်ပြပြီးနောက် လင်းဝမ်က ပြုံးဖြီးနေပြီး ဘော့စ်ဖေးကို မော့ကြည့်လိုက်သည်။

ဘေးကနားထောင်နေသည့် ယဲ့ကျစ်ကျိုးလည်း မျက်ရည်များ ဝဲနေပါသည်။

ဂိမ်းကို တရားဝင် ပလက်ဖောင်းကတောင် အသိအမှတ်ပြုလိုက်ပြီ။

ဒီတစ်ခေါက်တော့ သူတို့ 'အမှိုက်သရိုက်ဂိမ်း' ဟူသည့် ဂုဏ်သတင်းဆိုးကို လုံးဝ ဆေးကြောနိုင်ခဲ့ပါပြီ။ သူတို့ ဝင်ငွေအရကော ဂုဏ်သတင်းအရကော လုံးဝ တကျော့ပြန် အောင်မြင်မှုတွေ ရရှိခဲ့ပါပြီ။

ထို့အပြင် တရားဝင်ဂိမ်းပလက်ဖောင်း၏ ကြော်ငြာပေးမှုနဲ့ ထောက်ခံချက်တို့ကြောင့် ဂိမ်းကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးလာကြလိမ့်မည်။ ကစားသမားတွေလည်း ဂိမ်းကို ထပ်ပြီး ကစားလာကြလိမ့်မည်။ ဒီလိုဆို ဝင်ငွေတွေလည်း ပိုရနိုင်ပါသည်။

ယဲ့ကျစ်ကျိုး ရင်ထဲထိသွားသည်။ သတင်းကောင်းတွေ တစ်ခုပြီး တစ်ခု ရောက်လာနေပါလား။ အရမ်းသာယာတဲ့နေ့လေးပဲ။

တိမ်တွေကင်းစင်သွားပြီး လမင်းကြီး သာနေတာကို မြင်ရတဲ့ ခံစားချက်မျိုးက ဒါလား။

ရုတ်တရက်ကြီး ဒါရိုက်တာလင်း ပြောခဲ့သည့် စကားများကို သူပြန်သတိရသွားသည်။

ဘော့စ်ဖေး၏ ဂိမ်မာများအတွက် မျှော်လင့်ချက်က ငွေ၏ ကျေးကျွန်များဖြစ်နေခြင်းကို ရပ်တန့်ပေးဖို့ဖြစ်သည်။ သူတို့၏ အကြိုက်ကို ပြောင်းလဲပေးချင်ခဲ့၏။ ဒါမှ ဂိမ်းတွေထဲကို ငွေတွေ ထပ်ပြီး မဖြည့်သွင်းရင်တောင် ဂိမ်းသူဌေးတွေသာ ခံစားရသည့် ဂိမ်းရသမျိုးကို ခံစားနိုင်ကြမည်ဖြစ်သည်။

ဒီလို ဆန်းကြယ်လွန်းသည့် အကွက်ကို ရွှေ့လိုက်ခြင်းအားဖြင့် ကျရှုံးနိုင်ခြေလည်း အတော်လေး မြင့်သည်။ သို့သော်လည်း ဘော့စ်ဖေး၏ ဆန်းကြယ်လွန်းသည့် အကွက်က အခုတော့ အောင်မြင်သွားကြောင်း သက်သေထူနိုင်ပါပြီ။ ထို့အပြင် တရားဝင် ဂိမ်းပလက်ဖောင်း၏ ထောက်ခံမှုကိုတောင် ခံလိုက်ရသေးသည်။ ဒါက တရားဝင် ကြော်ငြာပေးမှုဖြစ်ကာ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါ။

ထိုဂိမ်း၏ ဖန်တီးမှုတွင် ပါဝင်ခဲ့သူအားလုံး သမိုင်းသစ် ရေးထိုးနိုင်သကဲ့သို့ ခံစားသွားကြရသည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးနဲ့ အတူတူ ဝက်ဘ်ဆိုက်ဂိမ်းလောကကို ပြောင်းလဲဖို့ ကြိုးစားရာတွင် သူတို့အားလုံး တစ်ခန်းတစ်ကဏ္ဍက ပါဝင်ခဲ့ကြသည် မဟုတ်ပါလား။

အားလုံးရဲ့ မျက်လုံးတွေမှာလည်း လေးစားမှုနဲ့ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

ဘော့စ်ဖေးကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီလောက် အောင်မြင်နိုင်မှန်း သိခဲ့မှာ မဟုတ်ဘူး။

ဖေးချမ့်၏ စိတ်ခံစားချက်များက အားလုံးထက် ပိုမိုရှုပ်ထွေးနေပါသည်။

သို့သော်လည်း သူ့စိတ်ခံစားချက်များက သက်တံ့ရောင်စဥ် တစ်ဖက်ကမ်းတွင်ဖြစ်သည်။

ဖေးချမ့် သူ့လက်ထဲက ကျောက်ပုစွန်ကို ငုံ့ကြည့်လိုက်ပြီး တိုးတိတ်စွာဖြင့် ဘေးကို ပြန်ချထားလိုက်ပါသည်။

ထားလိုက်တော့ ငါမစားတော့ဘူး။

ငါစားချင်စိတ် ထပ်ပျောက်သွားပြီ။

All Chapters