အခန်း(၂၆၈) ထိပ်တန်းဦးစားပေး
Vol. 18 Ch. 268
စက်တင်ဘာလ ၂၁ ရက်နေ့...
မနက်ခင်းအချိန်တွင် ဖေးချမ့်တစ်ယောက် ကျင်းကျိုးမြို့၏ အကြီးမားဆုံး ရှော့ပင်းမောကြီး ဟွမ်ယုထျန်ကျဲသို့ သွားရောက်ခဲ့သည်။
ဖေးချမ့် အရင်ကလည်း ဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပါသည်။ ပထမတစ်ခေါက်က Suit တစ်စုံ ဝယ်ဖို့၊ နောက်ပိုင်းအခေါက်များက သူ့ဝန်ထမ်းများကို စိတ်ကြိုက်ငွေဖြုန်းဖို့ လိုက်ပို့ခြင်း ဖြစ်သည်။
သို့သော်လည်း ဖေးချမ့်က အမြဲတမ်း ဝယ်ယူသူအဖြစ်သာ လာခဲ့ခြင်းဖြစ်၏။ ဒီရှော့ပင်းမောကို လာတိုင်း သူ ဝယ်ယူရင်း ဝယ်ယူခဲ့သည်။ ဒီတစ်ခေါက်ကတော့ မတူပေ။ ဒီကို ယွီအင်တာနက်ကဖေး၏ ဘော့စ်တစ်ယောက် အနေဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူ့ဇာတ်ကောင်က လုံးဝ ပြောင်းလဲသွားပါပြီ။
အမှန်ပင်။ ဒီမှာ ယွီအင်တာနက်ကဖေး ဆိုင်ခွဲသစ်ကို ဖွင့်ဖို့ မဆုံးဖြတ်ခင်က ဖေးချမ့် လေ့လာခဲ့ပါသေးသည်။ ဒီရှော့ပင်းမောက ရှန်းဟွာအိမ်ခြံမြေ လုပ်ငန်းနဲ့ ဘာမှမသက်ဆိုင်ကြောင်း သေချာအောင် စုံစမ်းခဲ့သည်။
အင်တာနက်ကဖေးကိုဖွင့်ပြီးနောက် ဘော့စ်လင်းက ရုတ်တရက်ကြီး ဖုန်းခေါ်ပြီး ဆိုင်ငှားခ ပေးစရာ မလိုတော့ကြောင်း ပြောတာမျိုး ဖေးချမ့် မလိုချင်တော့ပါ။
သူ့မှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲဆိုတာနဲ့ မဆိုင်ဘဲ အရေးကြီးတာက ဘော့စ်ဖေးရဲ့ အစီအစဥ်ကို ပြင်းပြင်းထန်ထန် လမ်းလွဲသွားစေမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဘော့စ်ဖေးက သူ့အစီအစဥ်တွေကို ပြောင်းလဲပစ်ရတာ မုန်းနေပါပြီ။ ဘာပဲဖြစ်ဖြစ် ယွမ် ၁ သန်းရဖို့နဲ့ ဆုံးရှုံးဖို့က ကမ္ဘာတစ်ခုနီးပါးလောက် ကွာခြားသည်။
အမှားလေးတစ်ခုလုပ်လိုက်မိတာနဲ့ ဘော့စ်ဖေး မျက်ရည်ပင်လယ်ထဲ မျောသွားနိုင်ပါသည်။
မာယန်နဲ့ ကျန်းယွမ်တို့က ဟွမ်ယုထျန်ကျဲ၏ တတိယထပ်ရှိ နေရာတစ်ခုကို ရွေးချယ်ထားသည်။ ၈၀၀ စတုရန်းမီတာလောက် ရှိပြီး ဖေးချမ့်ကလည်း အတော်လေး သဘောကျပါသည်။
ဆိုင်က ပထမထပ်မှာသာ တည်ရှိနေလျှင် ရှော့ပင်းမောထဲကို ဝင်လာသူတိုင်း ဖြတ်သွားမိကြမည်။ လူသွားလူလာက များပြားလွန်းပါသည်။
ထို့အပြင် ပထမထပ်က အရောင်းသမားတွေ အားလုံးက အတော်လေး ချမ်းသာကြတယ်။ ဖေးချမ့် သူတို့ကို ဖယ်ပေးဖို့ ပိုက်ဆံပေးရင်တောင် အလုပ်ဖြစ်မည်မဟုတ်ပေ။ သူတို့ နေရာလွတ်လည်း ရှာနိုင်မှာ မဟုတ်ပါ။
တစ်ဖက်မှာတော့ အပေါ်ဆုံးထပ်တွင် ရုပ်ရှင်ရုံတစ်ရုံနဲ့ ဘာဘယ်လ်တီး အရောင်းဆိုင် အနည်းငယ်ရှိသည်။ လူငယ်တွေ ရုပ်ရှင်ကြည့်ပြီးနောက် အင်တာနက်ကဖေးထဲ ဝင်လာကြနိုင်ခြေ ရှိတာကိုလည်း ဖေးချမ့် လျစ်လျူမရှုနိုင်ပါ။
ထို့ကြောင့် တတိယထပ်က ဖေးချမ့်အတွက် အတော်လေး အဆင်ပြေသည့်ပုံပေါ်ပါသည်။
ယွီအင်တာနက်ကဖေးအပြင် ဒီအထပ်တွင် အထည်ဆိုင်များစွာ ရှိသည်။ အများစုက အင်တာနေရှယ်နယ်၊ အဆင့်မြင့် ဘရန်းများဖြစ်ကြသည်။ အစားအသောက်ဆိုင်ဆိုလို့ အဆင့်မြင့် ကဖေးတစ်ခုနဲ့ ဘေးနားက ဘာဘယ်လ်တီးဆိုင် တစ်ဆိုင်သာ ရှိသည်။
အနှစ်ချုပ်ပြောရလျှင် ဒီအထပ်က အတော်လေး တိတ်ဆိတ်၏။ ဒီအထပ်ကို လာကြသည့် ကတ်စတမ်မာအများစုက ရှော့ပင်ထွက်ရတာ သဘောကျသည့် မိန်းကလေးများသာဖြစ်သည်။ သူတို့ကတော့ အင်တာနက်ကဖေးထဲ အကြောင်းအရင်းမရှိဘဲ ဝင်ကြမှာ မဟုတ်ပေ။
သူတို့ရွေးထားသည့် ဆိုင်နေရာက တတိယထပ်၏ အရှေ့တောင်ဘက် အစွန်တွင်ရှိသည်။ သီးခြားကွဲထွက်နေသော နေရာတစ်ခုနဲ့ တူနေပါသည်။
ထိုနေရာတွင် အရင်က အင်တာနေရှယ်နေ အထည် ဘရန်း ဆိုင်တစ်ခုဖွင့်ခဲ့၏။ သို့သော်လည်း ရောင်းမကောင်းသဖြင့် ရွှေ့ပြောင်းပြီး ဒီနေရာကို တခြားတစ်ယောက်ဆီ ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ပစ္စည်းများ ဖယ်ထုတ်ခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး စင်များပေါ်က အဝတ်အစားများနဲ့ ပစ္စည်းများကိုလည်း ဖယ်ရှားပြီးပြီ ဖြစ်သည်။ နေရာတစ်ခုလုံးက စင်တွေကလွဲပြီး ဗလာကျင်း ဖြစ်နေပါသည်။ စင်တွေကိုလည်း မကြာခင် ရွှေ့ပြောင်းပါလိမ့်မည်။
အပြင်အဆင်ကတော့ အတော်လေး လှသည်။ ထို့အပြင် ယေဘုယျ ခံစားချက်ကလည်း ရိုးရှင်းပြီး မပေါ်လွင်သော ခံစားချက်မျိုး ဖြစ်၏။ ဖေးချမ့်၏ လိုအပ်ချက်နဲ့ ကွက်တိကျနေပါသည်။
ဖေးချမ့်ရောက်လာသောအခါ မာယန်နဲ့ ကျန်းယွမ်တို့က ကြိုစောင့်နေကြသည်။ ယွီအင်တာနက်ကဖေး ၂.၀ က ဘော့စ်ဖေးအတွက် အရေးကြီးမှန်း သူတို့ အလွယ်တကူသိနိုင်ပါသည်။ လွန်ခဲ့သည့် ရက်ပိုင်းက သင့်တော်သည့် နေရာတချို့ကို ရှာခဲ့စဥ်က ဘော့စ်ဖေး သူတို့ကို ညွှန်ကြားချက်များ ဆက်တိုက်ပေးနေခဲ့သည်။ သူတို့ကို အမြန်လုပ်ဖို့ မနေ့ညကတောင် ဖုန်းဆက်ခဲ့သေးသည်။ သူ ဒီလိုပုံစံမျိုး ဖြစ်နေတာကို မြင်ရတာ ရှားပါသည်။
တကယ်တော့ ဖေးချမ့်အတွက်လည်း တကယ် အရေးကြီးကိစ္စဖြစ်သည်။
အရေးပေါ်ဆို ပိုမှန်ပါလိမ့်မည်။
တတ်နိုင်သမျှ အမြန်ဆုံး သူ့မှာရှိနေသည့် ငွေများကို ဖြုန်းပစ်ရမည်။ ဒီလိုလုပ်ဖို့ အချိန်သိပ်မကျန်တော့ပါ။
မာယန်နဲ့ ကျန်းယွမ်တို့က ဖေးချမ့်ကို ဆိုင်ထဲ လိုက်ပြလိုက်သည်။
"ဘယ်လို သဘောရလဲ ညီအစ်ကိုချမ့်။ မဆိုးဘူးမလား။ အရေးအကြီးဆုံးက ဟွမ်ယုထျန်ကျဲမှာ ဆိုင်နေရာလွတ် အများကြီး မရှိဘူး။ ငါတို့ ဒီနေရာကို ရှာဖို့တောင် လွယ်တာ မဟုတ်ဘူး။ သာမန်လို့ ထင်ရပေမယ့် ငါတို့ ယူနိုင်ရင် ယူသင့်တယ်" မာယန်က ပြောလိုက်သည်။
"ဆိုင်နေရာက တော်တော်လေး ကောင်းပါတယ်။ ငါကျေနပ်တယ်။ ဒါဆို ဒီနေရာကိုပဲ ရွေးလိုက်ကြတာပေါ့" ဖေးချမ့် ချက်ချင်းပဲ ဆုံးဖြတ်လိုက်ပါသည်။
မာယန် ဝမ်းသာသွား၏။ "ဟုတ်ပြီ ငါတို့ မကြာခင် ဆိုင်ကို စပြင်ဆင်တော့မယ်။ အရင်ဆိုင်ခွဲတွေတုန်းကလိုပဲ ဒီဆိုင်ခွဲကို ပြင်ဆင်ရမှာလား"
ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ယွီအင်တာနက်ကဖေးရဲ့ လက်ရှိစတိုင်အတိုင်း တစ်ပုံစံတည်း အတိအကျ လိုက်လုပ်ဖို့ မလိုပါဘူး"
"ဒါက ယွီအင်တာနက်ကဖေး ၂.၀ ပဲကို။ ငါတို့ဆောင်ပုဒ်က လုပ်ငန်းရဲ့ သဘာဝအစစ်အမှန်ဖြစ်တဲ့ အင်တာနက်ကဖေးကို အလေးပေးဖို့။ ငါတို့ ယွီအင်တာနက်ကဖေးရဲ့ ခံစားချက်မျိုး ထိန်းသိမ်းနိုင်တယ်ဆိုရင် လုံလောက်ပြီ။ အတင်းအကြပ်ကြီး တစ်သတ်မတ်တည်းဖြစ်ဖို့ မလိုဘူး"
"ငါတို့ရဲ့ ပထမ ဦးစားပေးက တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်နိုင်ဖို့ပဲ နားလည်လား"
ဆိုင်ခန်း ပြန်လည်ပြုပြင်မှုတွေ ငွေအများကြီး သုံးစွဲနိုင်သော်လည်း ဖေးချမ့်က အချိန်ကို စိတ်အပူဆုံး ဖြစ်သည်။
ဆိုင်ခန်း ပြန်လည်ပြုပြင်နေစဥ်အတွင်း တစ်ခုခု မှားယွင်းသွားပါက ရလဒ်အနေဖြင့် ဆိုင်ခွဲဖွင့်တာ နောက်ကျသွားနိုင်သည်။ ဖေးချမ့်အတွက် အရှုံးဖြစ်သွားနိုင်ပါသည်။
ဒီကာလအတွင်း ငွေကို သုံးနိုင်သမျှ အများဆုံး သုံးရမည်။ ယွီအင်တာနက်ကဖေးဆိုင်ခွဲ တစ်ခု ဖွင့်လိုက်ရုံနဲ့ မလုံလောက်ပေ။ ထပ်ဖွင့်ဖို့ လိုအပ်ပါသေးသည်။
ဆိုင်ခွဲသစ်ကို ပြန်လည်ပြင်ဆင်ဖို့က ၂ ပတ်ကြာပြီး ဖေးချမ့်က အခြေအနေကို ၁ ပတ်လောက် စောင့်ကြည့်ရမည်ဆိုလျှင် ငွေစာရင်းရှင်းချိန်မတိုင်ခင် ဆိုင်ခွဲသစ်တွေ ထပ်ဖွင့်ဖို့ အချိန်ရှိမှာ မဟုတ်တော့ပေ။
ထို့ကြောင့် ဖေးချမ့်အခြေခံအတိုင်း ပြန်သွားဖို့ ဆုံးဖြတ်လိုက်၏။ ဆိုင်ခွဲသစ်ကို ရိုးရိုးရှင်းရှင်းပဲ ပြုပြင်ကာ အားလုံးကို တစ်ပတ်အတွင်း အပြီးသတ်ဖို့ စားပွဲသစ်နဲ့ ကွန်ပျူတာ သစ်များ ဝယ်နိုင်ပါသည်။ ထို့နောက် နောက်တစ်ပတ်ကို စောင့်ကြည့်ဖို့အတွက် အသုံးချမည်။
ဆိုင်ခွဲက သူမျှော်လင့်ထားသည့်အတိုင်း အရှုံးပေါ်ပါက တခြား ရှော့ပင်းမောများတွင် ယွီအင်တာနက်ကဖေး ၂.၀ ဆိုင်ခွဲ ၃ - ၄ ဆိုင်လောက် ထပ်ဖွင့်ဖို့ ရင်းနှီးမြှုပ်နှံနိုင်သည်။ ဒီလိုသာဆို ငွေစာရင်းမရှင်းချိန် ငွေကို တတ်နိုင်သမျှ အများဆုံး ဖြုန်းနိုင်ပါလိမ့်မည်။
ဖေးချမ့်ဘာကြောင့် စိတ်ဖိစီးနေသလဲ မာယန်နားမလည်သော်လည်း မေးခွန်းပြန်ထုတ်လေ့ မရှိပါ။
ကျန်းယွမ်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ယခင်တုန်းက ယွီအင်တာန်ကဖေးဆိုင်ခွဲတွေလိုပဲ ဟာ့ဒ်ဝဲအစုံများကို မှာယူပြီး ကွန်ပျူတာများကို တပ်ဆင်လိုက်ပါသည်။
အမှန်ပင်။ ကျင်းကျိုးမြို့၏ ယွီအင်တာနက်ကဖေးနယ်မြေမန်နေဂျာတစ်ယောက်အနေဖြင့် ကွန်ပျူတာ ၁၀၀ ဝန်းကျင်လုံးကို ကိုယ်တိုင် မတပ်ဆင်နိုင်ပါ။ ယခုတော့ သူ့လက်အောက်ငယ်သားများကို ညွှန်ကြားကာ လုပ်ခိုင်းနိုင်ပါပြီ။
ယွီအင်တာနက်ကဖေး ၂.၀ အတွက် လမ်းညွှန်ပြီးသွားသောအခါ ဖေးချမ့် ကားဖြင့် ထန်းတာ့သို့ ပြန်လာခဲ့သည်။ လမ်းတွင် ဆဲလ်ဖုန်းဖြင့် TPDb ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်လိုက်သေးသည်။ ဝက်ဘ်ဆိုက်ထဲတွင် Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်း၏ ဂိမ်မာ Review များကို ဖတ်ကြည့်လိုက်သည်။
မိုဘိုင်းဗားရှင်းကို မထုတ်လုပ်ခင်က ဂိမ်းမှာ အနှစ်ချုပ် အဆင့်သတ်မှတ်ချက် ၇.၂ သာ ရှိသည်။ ကစားနေသည့် ဂိမ်မာတွေက ၉.၁ ပေးပြီး Netizen တွေကတော့ ၄.၂ သာ ပေးသည်။
မိုဘိုင်းဗားရှင်းကို ထုတ်လုပ်ပြီးသွားသောအခါ ဂိမ်မာများနဲ့ netizen များ၏ အဆင့်သတ်မှတ်ချက်များက တိုးတက်လာသည့် လက္ခဏာများကို ပြသနေသည်။ တရားဝင်ပလက်ဖောင်းက ဂိမ်းကို ထောက်ခံချက် ပေးပြီးနောက် အဆင့်သတ်မှတ်ချက် ၂ ခုက ပို၍ပင် တိုးမြင့်သွားသေးသည်။ ယခုတော့ အနှစ်ချုပ် အဆင့်သတ်မှတ်ချက်မှာ ၈.၄ အထိ တိုးမြင့်သွားပြီ ဖြစ်သည်။ Netizen တွေကတောင် ၇.၂ အထိ ပေးနေပါပြီ။ တချို့က ဖေးချမ့်အတွက် ရင်နာစရာ ကောမန့်တွေကိုတောင် ရေးပေးခဲ့ပါသေးသည်။
"ဒီဂိမ်းက ဟိုဦးနှောက်ဆေးတဲ့ကြော်ငြာကြီးကြောင့် ခရီးမရောက်တာ"
"ဒါက ဆန်းသစ်ပြီး ထူးခြားတဲ့ ဝက်ဘ်ဆိုက် စစ်ပွဲဂိမ်းတစ်ခုပဲ။ အရင်က ဘာမှ မစဥ်းစားဘဲနဲ့ ၁.၀ ပဲ ပေးခဲ့တာ။ ဒါပေမယ့် ငါစိတ်ပြောင်းလိုက်ပြီ"
"တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ဝက်ဘ်ဆိုက်ဂိမ်းတွေကို ဘက်လိုက်တဲ့ ငါ့စိတ်ကို ပြောင်းလဲပေးလိုက်တယ်။ ဒီဂိမ်းဒီဇိုင်နာတွေက တစ်ခုခုတော့ တစ်ခုခုပဲကွာ"
ဟာကွာ... ခေါင်းကိုက်လာပြီ။
ဂိမ်း၏ အဆင့်သတ်မှတ်ချက်များက ဆက်တိုက်ဆိုသလို မြင့်တက်နေခဲ့သည်။ ဖေးချမ့်အတွက် သတင်းကောင်းတစ်ခုကတော့ ရှန်းယန်ဂိမ်း ဝန်ထမ်းများကို ဘောနပ်စ်များ ပိုပေးနိုင်ပြီဖြစ်သည်။ သို့သော် သတင်းဆိုးမှာ ဂိမ်း၏ အဆင့်သတ်မှတ်ချက်နဲ့ ဂုဏ်သတင်းများ တိုးတက်လာသဖြင့် ဝင်ငွေလည်း ပိုဝင်လာနိုင်ပါသည်။
ရှန်းဟွာ၏ App Store က ဂိမ်း၏ မိုဘိုင်းဗားရှင်းကို အလွန် ထောက်ခံချက်ပေးထားသည်။
တစ်ချိန်တည်းမှာလည်း တရားဝင်ဂိမ်းပလက်ဖောင်း၏ ထောက်ခံချက်က ကစားသမားပေါင်းများစွာကို mini-client ဆီသို့ ပို့ဆောင်ပေးနေသည်။
ပထမတော့ တစ်လကို ယွမ် ၄ - ၅ သန်းလောက် ရလိမ့်မည်ဟု ရှန်းယန်ဂိမ်းက ခန့်မှန်းခဲ့သည်။ အခုလောက်ဆို အနည်းဆုံး ယွမ် ၆ သန်း ၇ သန်းလောက်အထိ တက်သွားလောက်ပြီဟု ဖေးချမ့် ခန်းမှန်းမိပါသည်။
ဖေးချမ် ခံစားချက်များက ရောနှောက်နေသည်...။
ရှန်းယန်ဂိမ်းက အဆင်ပြေနဲ့လျက်နဲ့ ဘာလို့ ဒီလိုမျိုးတွေ ဖြစ်လာခဲ့တာလဲ။ ဖေးချမ့် နားမလည်နိုင်တော့ပါ။
လျို့ကြီးကို ဖယ်ထုတ်ခဲ့တာပဲ မဟုတ်ဘူးလား။
လျို့ကြီးက ငါလိုအပ်တဲ့ ပါရမီရှင်များ ဖြစ်နေမလား။
သူ မသိတော့ပေ။ လျို့ကြီးက အလွန်လျင်မြန်စွာဖြင့် လစ်ထွက်သွားခဲ့သည်။ ယခင် ရှန်းယန်ဂိမ်းဘော့စ်နဲ့ ကုမ္ပဏီဝယ်ယူမှုကိစ္စကို မဆွေးနွေးနိုင်ခင်မှာပင် လျို့ကြီးက ထွက်ပြေးသွားပါပြီ။
အနှစ်ချုပ်ပြောရလျှင် ဆိုင်ခန်းအသစ်များနဲ့ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေတို့ကိုသာ ဖေးချမ့် အားကိုးရဖို့ မျှော်လင့်မိတော့သည်။
ဂိမ်းဖန်တီးမှုအခြေအနေအရဆို အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်လုပ်တော့မည်။ ဖေးချမ့် စိတ်အေးအေးမထားနိုင်သေးပါ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ အားနည်းနေသည့် သူနှလုံးသားက နောက်ထပ် ရိုက်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်တော့ပေ။
မကြာသေးခင်ကမှ သတင်းဆိုးတစ်ခုကို သူကြားခဲ့ရသေးသည်။ ဆရာချောင်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို နောက်တစ်ခေါက် ထပ်အောင်သွားပြန်ပါပြီ။
ဆရာချောင်းက ပထမတစ်ကြိမ် အောင်မြင်ပြီးနောက် ဂိမ်းကစားပုံကစားနည်းကို အနည်းနဲ့အများ နားလည်သွားတာ ဖြစ်နိုင်သည်။ ဒါ့ကြောင့်ပဲ ဒုတိယတစ်ခေါက်က အများကြီး ပိုမြန်ဆန်တာ ဖြစ်နိုင်ပါသည်။
ယခုတော့ ဖေးချမ့် ရွေးချယ်စရာမရှိတော့ဘဲ ဆရာချောင်းကို ပြန်လွှတ်လိုက်ရတော့မည်။
ဂိမ်းကို ထုတ်လုပ်ဖို့ အချိန်လည်း သိပ်မကြာတော့ပေ။ ဂိမ်း၏ ခက်ခဲမှုအဆင့်ကို ဒီ့ထက်ပိုပြီး မြှင့်လိုက်ပါက သူ အောင်နိုင်မှာ မဟုတ်ပါ။
ဖုတုလက်နက်ကို သုံးတာတောင် သူအကြာကြီး ကစားခဲ့ရသည်။ ထပ်ပြီး မနာကျင်ချင်တော့ပါ။
ထို့အပြင် ဆရာချောင်းက အလွန်စိတ်ရှည်သော ဂိမ်မာတစ်ယောက်ဖြစ်ပြီး စကေးလည်း အနည်းငယ် ရှိပါသည်။ ဂိမ်းကို တစ်ရက် ၈ နာရီလောက် ကစားနေသူလည်းဖြစ်၏။ သူအောင်မြင်နိုင်မယ်ဆိုတာ မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။
သာမန်ကစားသမားတွေကတော့ သူ့လောက် ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
ထို့ကြောင့် ဂိမ်းက သာမန်ကစားသမားတွေကိုတော့ ကစားချင်စိတ်ပျောက်အောင် လုပ်နိုင်လိမ့်မည်ဟု ဖေးချမ့် ယုံကြည်ပါသည်။ ဆရာချောင်းကတော့ အောင်ချင်အောင်နိုင်လိမ့်မည်။
တစ်နည်းအားဖြင့် ဆရာချောင်းတောင် ဒီဂိမ်းကို ကစားစဥ် အခက်အခဲအများကြီးကြုံတွေ့ခဲ့ရလျှင် သာမန်ကစားသမားတွေ ခံနိုင်ရည်ရှိနိုင်ခြေက နည်းပါးပါသည်။
သို့သော်လည်း ဖေးချမ့် ယုံကြည်ချက် အလွန်အကဲ မပြည့်ဝရဲပေ။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေကို အကြွင်းမဲ့အရှုံးပေါ်ဖို့ မမျှော်လင့်ထားပါ။ ငွေအများကြီးမရဖို့သာ မျှော်လင့်ထားမိသည်။
ဂိမ်းက ဝင်ငွေနည်းနည်းလောက်ပဲ ရပြီး ယွီအင်တာနက်ကဖေးဆိုင်ခွဲသစ်တချို့နဲ့ လေဆန်ပို့ဆောင်ရေးရုံးတစ်သုတ်လောက် ထပ်ဖွင့်ကာ အပိုငွေတွေအားလုံးကို ဖြုန်းနိုင်ရင် ဖေးချမ့်တစ်ယောက် ကောင်းကင်ဘုံကို ကျေးဇူးတင်မိပါမည်။
ဖေးချမ့်က ကောမန့်များကို ဖတ်ရင်း TPDb မိုဘိုင်းဗားရှင်းတစ်ခုလောက် ဖန်တီးဖို့လည်း တွေးနေမိသည်။ သူ့ဖုန်းနဲ့ အမြဲတမ်း ဝက်ဘ်ဆိုက်တစ်ခုထဲ ဝင်ကြည့်နေရတာ အဆင်မပြေလှပါ။
ဆဲလ်ဖုန်း Browser ထဲက ဝင်းဒိုးကို ပိတ်လိုက်ပြီး ဖေးချမ့် တခြားတစ်ခုခုကို စဥ်းစားလိုက်မိသည်။
Netizen တချို့က ထန်းတာ့၏ တခြား လုပ်ငန်းများအကြောင်းကို ဝက်ဘ်ဆိုက်မှ တဆင့် သိကုန်ကြပြီ။ လူတိုင်း TPDb ထဲကို ဝင်ကြည့်နိုင်သည်။ တစ်ချိန်တည်းမှာပဲ တခြား မီဒီယာနဲ့ ဝက်ဘ်ဆိုက်များမှ ဂိမ်မာတွေ၏ အဆင့်သတ်မှတ်ချက်များကိုလည်း ထုတ်ယူနိုင်သည်။ ဝက်ဘ်ဆိုက်ထဲဝင်ပြီးနောက် ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကဲ့သို့ ရေပန်းမစားသေးသည့် လုပ်ငန်းများရှိနေသေးမှန်း တချို့ဂိမ်မာတွေ သိကုန်ကြပါသည်။
ဝက်ဘ်ဆိုက်တစ်ခုလုံးကို 'ထန်းတာ့ပရောဂျက်ဒေတာဘေ့စ်' ဟု အမည် ခေါ်ဆိုထားသည်။ ဝက်ဘ်ဆိုက်ပေါ်က လုပ်ငန်းအားလုံးမှာ ထန်းတာ့နဲ့ ပတ်သက်နေသည်ဟု အရိပ်အမြွက်ပေးလိုက်ခြင်းပင်။ အသုံးပြုသူများစွာက ယွီအင်တာနက်ကဖေးနဲ့ မင်ယွမ်စားဖိုဆောင်တို့မှာ ထန်းတာ့နဲ့ ဆက်နွယ်နေမှန်း သိလိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြရပါသည်။
သို့သော်လည်း ထိုကောမန့်များက စံနှုန်း ဖြစ်မလာဘဲ ဘယ်လိုတုန့်ပြန်ချက်ကိုမှလည်း မရနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် TPDb က အသေးစား အဆင့်မှာပဲ ရှိနေသေးသောကြောင့်ဖြစ်သည်။ လူအများစုက ဒီဝက်ဘ်ဆိုက်ပေါ်က အဆင့်သတ်မှတ်ချက်တွေအကြောင်း ပြောကြမှာ မဟုတ်ပေ။
မင်ယွမ်စားဖိုဆောာင်၊ ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေး လုပ်ငန်းအားလုံးကလည်း ကျင်းကျိုးမြို့အတွင်းသာ အကန့်အသတ် ရှိသည်။ တခြား နယ်မြေများသို့ မတိုးချဲ့ရသေးပါ။ ထို့ကြောင့် TPDb ၏ လွှမ်းမိုးနိုင်မှုကို အကန့်အသတ် ရှိစေသည်။
ထန်းတာ့လို ကုမ္ပဏီမျိုးက အရန်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံတာ သာမန်ပဲ ဖြစ်သည်။ ရိုးရိုးသားသားဆိုရလျှင် ဘာမှ အံ့သြစရာ မရှိပါ။
ဖေးချမ့် ဆဲလ်ဖုန်း Browser ကိုပိတ်လိုက်ပြီး အနားယူဖို့ ပြင်ဆင်လိုက်ပါသည်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းအား အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်မည့်အချိန်ကို စောင့်နေမည်။
ထို့နောက် အကျည်းတန်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲရနိုင်ခြေ ရှိသည်။
သူ့ဖုန်းကို ချပြီး မျက်စိပိတ်လိုက်စဥ်မှာပဲဲ မက်ဆေ့တစ်စောင် ဝင်လာခဲ့သည်။ လင်းချန်း ထံမှ ဖြစ်ကာ ကျင်းကျိုးမြို့ကိုရောက်နေပြီး ဖေးချမ့်နဲ့ စကားပြောဖို့ ဆုံချင်သည်ဟု ပို့လာခြင်း ဖြစ်သည်။