← Chapters

အယောင်ဆောင် မောင်နှမ သံယောဇဉ်

Vol. 18 Ch. 269

အယောင်ဆောင် မောင်နှမ သံယောဇဉ်

Vol. 18 Ch. 269

ယွီအင်တာနက်ကဖေး၊ ဟန်တုံးတက္ကသိုလ်ဆိုင်ခွဲ...

စားပွဲထိုး ကော်ဖီ သုံးခွက် လာချပေး၏။

လင်းချန်အပြင် ဖေးချမ်၏ မျက်နှာချင်းဆိုင်တွင် နောက်ထပ်လူတစ်ယောက် ထိုင်နေသေး၏။ သူမက အသက် ၂၇ နှစ် ၂၈ နှစ်ခန့် ရှိသည့် အမျိုးသမီးတစ်ယောက်ဖြစ်ကာ လင်းဝမ်နဲ့ ရုပ်တူပါသည်။ သို့သော် သူမက ပိုပြီး ရင့်ကျက်သည့်ပုံပေါက်၏။ ခေါင်းဆောင်တစ်ယောက်လို အရှိန်အဝါမျိုး ရနေသည်။

သူမက လင်းဝမ်၏ အစ်မ လင်းယုဖြစ်ကြောင်းကို သိရဖို့ လင်းချန် မိတ်ဆက် ပေးစရာတောင် မလိုပေ။ ရှန်းဟွာဆဲလ်ဖုန်း လုပ်ငန်းကို ဦးဆောင်နေသူဖြစ်သည်။

မိသားစု နောက်ခံက လူတစ်ယောက်၏ လုပ်ငန်းတိုးတက်မှုကို အတိုင်းအတာတစ်ခုအထိ အဆုံးအဖြတ်ပေးနိုင်သည်ဟု ဆိုနိုင်ပါသည်။

လက်ထောက်ရှင်းကလည်း လင်းယုနဲ့ အသက်တူတူနီးပါးရှိသည်။ သို့သော် သူမက ဒီလို မြင့်မြတ်သည့် မိသားစုနောက်ခံမှ လာခဲ့သူမဟုတ်ပေ။ သူမ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ အလွန်ဆုံး ကုမ္ပဏီဥက္ကဌတစ်ယောက်၏ လက်ထောက်တစ်ယောက်သာ ဖြစ်နိုင်သည်။

လင်းချန်ကတော့ အတော်လေး တက်ကြွနေပြီး အရင်တုန်းကအတိုင်းပဲဖြစ်ပါသည်။

တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပေးပြီးနောက် ဖေးချမ့်နဲ့ လင်းယုတို့ ယဥ်ကျေးမှုအရ စကားတချို့ ဖလှယ်ကြသည်။ ထို့နောက် ထိုင်ခုံကိုယ်စီတွင် ပြန်ထိုင်လိုက်ကြပါသည်။

"ဘော့စ်ဖေး မတွေ့တာကြာပြီဗျာ"

လင်းချန်က ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေးက တော်တော်ကောင်းတဲ့ စားသောက်ဆိုင်တစ်ခု ပိုင်ထားတယ်လို့ အာ့ဝမ်ပြောတာကြားမိတယ်။ ချွမ်းမင် Review ပေါ်မှာလည်း အတော်လေး ရေပန်းစားပြီး အဆင့်သတ်မှတ်ချက်လည်း မြင့်တယ်။ အခုဆို ကျင်းကျိုးမြို့ရဲ့ ရေပန်းအစားဆုံး အဆင့်မြင့် စားသောက်ဆိုင်ကြီး ဖြစ်နေပြီ။ ကျွန်တော်တို့လည်း မကြာခင် လာမြည်စမ်းကြည့်ပါဦးမယ်။ စိတ်မပူပါနဲ့ ဘော့စ်ဖေး၊ ကျွန်တော် တကာခံမှာပါဗျာ"

မင်ယွမ်စားဖိုဆောင်ကို ပြောနေတာလား။ ဟမ်း... စကားထဲတောင် ထည့်မပြောပါနဲ့ကွာ။

ဖေးချမ့် ဝမ်းနည်းစွာဖြင့် ကော်ဖီ သောက်လိုက်သည်။ "စိတ်မကောင်းပေမယ့် အဲ့မှာ သုံးဆောင်ဖို့ဆိုရင် ၂၆ ရက်နေ့လောက်အထိ စောင့်ရမယ်ထင်တယ်။ ဒီအပတ် တနင်္ဂနွေနေ့ပေါ့။ အဲ့မတိုင်ခင် ဘိုကင်တွေ အကုန်ပြည့်နေပြီ။ ကျွန်တော်တောင် အဲ့မှာ စားချင်တိုင်း သွားစားလို့ မရတော့ဘူး"

"ဖွီး--"

လင်းချန် အော်ရယ်မိလုနီးပါး ဖြစ်သွားသည်။ "အဲ့လောက်တောင် နာမည်ကြီးနေတာလား။ တနင်္ဂနွေနေ့ မတိုင်ခင်အထိ ဘိုကင်ပြည့်နေတယ် ဟုတ်လား"

"မဟုတ်ဘူး။ ဒီအပတ် တနင်္ဂနွေနေ့အတွက် ကျွန်တော် ကြိုပြီး ဘိုကင်လုပ်ထားတာ။ တိတိကျကျ ပြောရရင်တော့ စားသောက်ဆိုင်က နောက်လလယ်လောက်အထိ ဘိုကင်ပြည့်နေပါပြီ" ဖေးချမ့် ပြန်ပြောလိုက်ပြီး ခံစားချက်များ ပိုဆိုးရွားသွားပါသည်။

လင်းချန် လေးစားသွားရသည်။ "တော်လိုက်တာ ဘော့စ်ဖေးရာ"

"ကျွန်တော်တို့ အရင်တစ်ခေါက် တွေ့ခဲ့တုန်းက ဒီစားသောက်ဆိုင်ကို မဖွင့်ရသေးမှန်း မှတ်မိပါသေးတယ်။ ၂ လလောက်ပဲ ရှိသေးတာကို စားသောက်ဆိုင်က ဒီလောက်တောင် ရေပန်းစားလာပြီလား။ ဘော့စ်ဖေး ခင်ဗျားက တစ်ခုခုတော့ တစ်ခုခုပဲ"

လင်းချန်က ဖေးချမ့်ကို ဖားနေခြင်းမဟုတ်ဘဲ တကယ်တမ်း အထင်ကြီးသွားခြင်း ဖြစ်ပါသည်။

စားသောက်ဆိုင်တစ်ခုကို အစားအသောက် စျေးကွက်ထဲ ဝင်ဆံ့နိုင်ဖို့ ငွေပုံပေးရုံနဲ့ မလုံလောက်ပေ။

လင်းချန်၏ ဘေးပတ်လည်တွင် ငွေပိုငွေလျှံများဖြင့် အပိုဝင်ငွေရလိုရငှား စားသောက်ဆိုင်များ ဖွင့်ထားကြသည့် ဘော့စ်ကြီးများစွာ ရှိသည်။ သို့သော်လည်း အများစုက ထိုစွန့်စားမှုများမှ အရှုံးသာ ပြန်ရခဲ့သည်။

ထို့အပြင် ဖေးချမ့်၏ စားသောက်ဆိုင်က စျေးနှုန်းမြင့်မားသည့် အဆင့်မြင့်စားသောက်ဆိုင်လည်း ဖြစ်သည်။ ဒီလိုစားသောက်ဆိုင်မျိုးတွေ အရှုံးပေါ်နိုင်ခြေက အများကြီးပိုမြင့်သည်။

သို့သော်လည်း ၂ လဝန်းကျင်အတွင်းမှာ ဘော့စ်ဖေးက အမြတ်ရအောင်လုပ်နိုင်ခဲ့ပြီး Review ကောင်းများစွာကိုလည်း အရယူနိုင်ခဲ့သည်။ သူ့စားသောက်ဆိုင်က နောက်လအထိတောင် ဘိုကင်ပြည့်နေလေပြီ။ တကယ်ပဲ အထင်ကြီးဖို့ ကောင်းလွန်းပါသည်။

သို့သော်လည်း ထိုစကားကို ကြားသောအခါ ဖေးချမ့်တစ်ယောက် မနှစ်မြို့သော ခံစားချက်ကို ခံစားလိုက်ရသည်။ ဆရာချောင်း၏ သင်္ချိုင်းစာပေါ်က အားပေးစကားကို ဖတ်လိုက်ရသလိုပင်။ ဒီနေ့ည အမည်မဲ့စားသောက်ဆိုင်မှာ စားလို့မရတော့ကြောင်း ဖေးချမ့်ကပြောသဖြင့် လင်းချန် စိတ်မဆိုးပေ။

"ဟုတ်ပါပြီ ရောမကိုရောက်မှတော့ ရောမလို ကျင့်ကြံရမှာပေါ့။ ဒီလိုအဆင့်မြင့်စားသောက်ဆိုင်ကြီးမှာ စားရဖို့ ရက်နည်းနည်းလောက် စောင့်ရတာ ဘာအပန်းကြီးလို့လဲ။ ကျွန်တော် ကျင်းကျိုးမြို့မှာ ရက်နည်းနည်းလောက် ဆက်နေပြီး တနင်္ဂနွေနေ့အထိ စောင့်လိုက်ပါ့မယ်"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ကိစ္စမရှိပါဘူး။ ကျွန်တော် တကာခံပါ့မယ်"

လင်းချန်က ခေါင်းကို အမြန်ခါလိုက်ပါသည်။ "မဟုတ်တာ မဟုတ်တာ ဘော့စ်ဖေး။ ကျွန်တော် တကာခံပါ့မယ်"

ဖေးချမ့်ကလည်း ပြတ်သားသည်။ "ကျွန်တော် တကာခံမှ ဖြစ်မှာမို့လို့ပါဗျာ"

လင်းချန်အတွက် အခွင့်ထူးပေးတာ မဟုတ်ပေ။ ဘယ်လောက်ပဲစားစား စနစ်ရန်ပုံငွေထဲက ထုတ်ပေးရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အမှန်ပင်။ ငွေဖြုန်းနိုင်မည့် အခွင့်အရေးမှန်သမျှကို ဖေးချမ့် လက်လွှတ်မှာ မဟုတ်ပါ။ လင်းချန်သာ တကာခံလိုက်လျှင် ဖေးချမ့် ဘာအကျိုးအမြတ်ရတော့မှာလဲ။

အနှစ်ချုပ်ပြောရလျှင် ပမာဏ နှစ်ဆလောက် လက်လွှတ်လိုက်ရမည်ဖြစ်သည်။ လက်မခံနိုင်စရာပင်။

ဘော့စ်ဖေး ဆုံးဖြတ်ချက်ခိုင်မာနေပုံကို မြင်ပြီး လင်းချန်ထက်ပြီး မတိုက်တွန်းတော့ပါ။ ဒီတိုင်း ညစာတစ်ခုသာ ဖြစ်သဖြင့် အများကြီး မကုန်လောက်ပေ။

"နှစ်ယောက်သား ကျင်းကျိုးမြို့ကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။ လင်းဝမ်ကြောင့်များလား" ဖေးချမ့်က ဒီတိုင်း မေးလိုက်သည်။

လင်းယုနဲ့ လင်းချန်တို့ ကျင်းကျိုးမြို့ကို ရောက်လာတာ အရေးကြီးကိစ္စတစ်ခုခုကြောင့် ဖြစ်လိမ့်မည်ဟု ဖေးချမ့်ကောင်းကောင်း သိထားပါသည်။ လင်းဝမ်နဲ့ သက်ဆိုင်လိမ့်မည်ဟု ခန့်မှန်းမိ၏။

လင်းချန်ကခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်"

"ကျွန်တော်တို့ အဖေက ဂရုမစိုက်တဲ့ပုံပေါ်ပေမယ့် တကယ်တမ်း အရမ်းစိတ်ပူနေတာ။ ကျွန်တော့်အစ်မနဲ့ ကျွန်တော်တို့ကို အရင်တစ်ခေါက်တုန်းက အကြောင်းအရင်းအတိုင်းပဲ ဒီကိုလွှတ်လိုက်တာလေဗျာ"

"ပြီးတော့ အရင်တစ်ခေါက်တုန်းကနဲ့ ယှဥ်ရင် ပြဿနာက ဖြေရှင်းဖို့ အများကြီး ပိုခက်သွားပြီ ထင်တယ်..."

ဖေးချမ့် "..."

အမှန်ပင်။ အခြေအနေက ပိုဆိုးသွားပါပြီ။

ဒီ့မတိုင်ခင်က လင်းဝမ်ကို ရှန်းယန်ဂိမ်းဆီ လွှတ်လိုက်ပြီး Bloody Battle Song ကို တာဝန်ယူခိုင်းလိုက်ခြင်းဖြင့် သေချာပေါက် ကျရှုံးလိမ့်မည်ဟု ဖေးချမ့် ထင်ခဲ့မိသည်။ ထို့ကြောင့် ဂိမ်းအတွက် အများကြီး ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ထိုငွေတွေအားလုံးအရှုံးပေါ်ကာ ဂိမ်းလည်း မအောင်မြင်ဖို့ မျှော်လင့်ခဲ့သည်။ ထိုအခါ လင်းဝမ်၏ ယုံကြည်ချက်များလည်း ပြိုလဲသွားလိမ့်မည်။ သူသိသလောက်တော့ သူမ ဂိမ်းလောကထဲက လက်လျှော့သွားပြီး သူမ မိသားစု လုပ်ငန်းကိုသာ ဆက်ခံဖို့ ပြန်သွားပါလိမ့်မည်။

ယုတ္တိရှိစွာပြောရလျှင် ထိုအစီအစဥ်က ပြီးပြည့်စုံနေခဲ့ပါသည်။

သို့သော်လည်း အခုတော့ လမ်းချော်သွားမှန်း သိသာနေပါပြီ။ Bloody Battle Song ၏ မိုဘိုင်းဗားရှင်းက အကြီးအကျယ် အောင်မြင်သွားသည်။ လင်းဝမ်က အရင်တုန်းကထက်တောင် ယုံကြည်ချက်တွေ ပိုပြည့်ဝသွားခဲ့သည်။ ဖေးချမ့် သူမကို နှင်ထုတ်လိုက်ရင်တောင် အောင်မြင်နိုင်မှာ မဟုတ်ပါ။

သူ ဘာလုပ်ရမလဲ။

ဖေးချမ့် ကော်ဖီတို တိတ်ဆိတ်စွာ ဆက်သောက်နေလိုက်ပါသည်။

ဝမ်းနည်းဖို့ ကောင်းလိုက်တာ။

လင်းချန်လည်း စိတ်ညစ်နေမှန်း သိသာပါသည်။ "လင်းဝမ်က အခုလောက်ဆို သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားနေလောက်ပြီ"

"ကျွန်တော့်အဖေနဲ့ အစ်မတို့က သူ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာ။ ကျွန်တော့် ဒုတိယအစ်ကို လင်းကျိုးနဲ့ ကျွန်တော်တို့ကတော့ အာ့ဝမ်ကို ထောက်ခံတယ်။ ဒါပေမယ့် အပြင်လောကမှာ အတွေ့အကြုံယူဖို့ သူ့ဆုံးဖြတ်ချက်ကို စိတ်ပိုင်းဆိုင်ရာအရပဲ အားပေးခဲ့တာပါ။ သူဂိမ်းလောကထဲမှာ ဒီလိုအောင်မြင်လာလိမ့်မယ်လို့ ထင်မထားဘူး"

"ဘာပဲဖြစ်ဖြစ် ဂိမ်းလောကကြီးက အရမ်း ရက်စက်တယ်။ အာ့ဝမ်ကလည်း စိတ်ကူးယဥ်ဆန်လွန်းတဲ့လူလေ။ အဲ့တာကြောင့် လင်းကျိုးနဲ့ ကျွန်တော်တို့က သူ့ကို စိတ်ပိုင်းဆိုင်ရာအရပဲ အားပေးခဲ့တာ။ ကြီးကြီးမားမား ကျရှုံးမှုတွေနဲ့ သူကြုံရလိမ့်မယ်လို့ ထင်ခဲ့တာ။ သူလျှောက်မယ့်လမ်းက ဘယ်လောက် ကြမ်းတမ်းသလဲဆိုတာကိုမြင်ပြီး သူ့သဘောနဲ့သူ ပြန်လာစေချင်တာ"

ဖေးချမ့် အသံတိတ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။

ဟုတ်တယ် ငါလည်း အဲ့လိုပဲထင်ခဲ့တာ ဒါပေမယ့် လင်းဝမ်ရဲ့ တစ်မိသားစုလုံးက သူ့ကို ကျရှုံးလိမ့်မယ်လို့ ထင်ထားတာလို့ ဆိုလိုတာပဲ မဟုတ်ဘူးလား။

လင်းကျိုးနဲ့ လင်းချန်တို့က လင်းဝမ်ကို အားပေးခဲ့ကြသည်။ သို့သော်လည်း သူမ၏ အိပ်မက်နောက်ကို လိုက်ဖို့သာ အားပေးခဲ့ကြခြင်း ဖြစ်သည်။ သူမ အောင်မြင်လိမ့်မည်ဟု မထင်ခဲ့ပါ။

လင်းချန်က ဆက်ပြော၏။ "အဲ့တာကြောင့် Bloody Battle Song မိုဘိုင်းဗားရှင်းက အောင်မြင်သွားတာ ကျွန်တော်တို့ကို တုန်လှုပ်သွားစေတယ်ဗျာ"

"သူ့ဂိမ်းကို App Store မှာ ထောက်ခံချက် နေရာကမ်းလှမ်းလိုက်ရုံနဲ့ ရှန်းဟွာက အကျိုးအမြတ်တွေ ရလာလိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး"

"လင်းဝမ်က လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ကျွန်တော်တို့ လင်းမိသားစုအုပ်စုဆီကို Bloody Battle Song ရဲ့ အချက်အလက်တွေ အများကြီး ပို့လာတယ်။ ဂိမ်မာတွေရဲ့ ကောမန့်တွေ၊ တရားဝင်ဂိမ်းပလက်ဖောင်းရဲ့ ထောက်ခံချက်၊ ငွေကြေးအချက်အလက်နဲ့ စတာတွေပေါ့။ ကျွန်တော်တို့ အစ်မကိုတောင် အထူးတလည် ပြောသွားသေးတယ်"

"ရှန်းဟွာ App Store က အမြတ် ၁၀ ရာခိုင်နှုန်းပဲ ရတယ်ဆိုပေမယ့် အဲ့ငွေတွေက အာ့ဝမ်ရဲ့ ကြိုးစားမှုကြောင့်ပဲလေ။ သူက အရမ်းဂုဏ်ယူနေတာ"

"အဲ့လိုနဲ့ ကျွန်တော်တို့ အဖေက ပိုစိတ်ဆိုးသွားပြီး ကျွန်တော့်ကို ဖြေရှင်းချက်ရှာဖို့ အမြန်ပြောတယ်"

ဖေးချမ့် "..."

ဟုတ်တယ်။ ငါလည်း ဒေါသထွက်နေတာပဲ။

လင်းဝမ်တစ်ယောက် သူမ မိသားစုရှေ့မှာ ဘယ်လောက် ဝံ့ကြွားပြနေမလဲ ဖေးချမ့် မှန်းဆကြည့်နိုင်ပါသည်။

တစ်ချိန်တုန်းက သူမကို ဂိမ်းလောကထဲတွင် နာမည်တစ်ခု ရလာလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။ သူမ ကွမ်ကျိုးမှ ထွက်လာပြီး ကျင်းကျိုးမြို့ကို တစ်ယောက်တည်းလာခဲ့ကာ အချိန်အကြာကြီး အသံတိတ် သည်းခံနေခဲ့သည်။

ယခုတော့ တရားဝင်ပလက်ဖောင်းကတောင် ချီးကျူးရသည့် ရေပန်းစားဂိမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ ဒါက သူမ၏ အစွမ်းအစကို သက်သေပြလိုက်ခြင်းပင်။

သူမ ကြွားတာ ရပ်နိုင်ပါတော့မလား။

အခုချိန်ကစပြီး လင်းဝမ်တစ်ယောက် ဂိမ်းလောကထဲမှာ ပိုကြိုးစားတော့မှာ သေချာသည်။ သူမ အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို ဆက်ခံနိုင်ခြေက အများကြီး ပိုလျော့နည်းသွားပါပြီ။

ထိုအတွေးဖြင့် ဖေးချမ့်တစ်ယောက် ခံပြင်းသွားပါသည်။

သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လင်းဝမ်ကို လှမ်းကြည့်လိုက်၏။ သူ့ရင်ထဲတွင် ကျိန်ဆဲမှုများဖြင့် ပြည့်နှက်နေပါသည်။

လင်းဝမ်ကို ထောက်ခံချက်နေရာတွေ ပေးလိုက်တာ ခင်ဗျားပဲလေ။ အဲ့တာကြောင့်သာမဟုတ်ရင် Bloody Battle Song ကို သူ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလိုက်မှာ မဟုတ်ဘူး။ ဂိမ်းကလည်း ဒီလောက်ထိ ရေပန်းစားလာမှာ မဟုတ်ဘူး။

အဲ့တာ ဒီပြဿနာအတွက် ၉၀ ရာခိုင်နှုန်းက ခင်ဗျားအပြစ်ပဲ။

အမှန်ပင်။ ဘော့စ်ဖေး ဒီစကားတွေကို စိတ်ထဲမှာသာ တွေးနိုင်ပါသည်။ ထုတ်မပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက ခံလိုက်ရသူများဖြစ်ကြသည်။ အကုန်လုံးတူတူ ချောက်ကမ်းပါးစွန်းက ပြုတ်ကျနေကြသည်။ နှင်းပြိုသောအခါ ဘယ်နှင်းပွင့်ကမှ အပြစ်မကင်းပါ။

တိတိကျကျ ပြောရလျှင် ဘော့စ်ဖေးလည်း အမှားတွေ အများကြီး လုပ်ခဲ့ပါသည်။

ထိုအတွေးကြောင့် ဖေးချမ့် သက်ပြင်းချလိုက်သည်။ သူ့အမှားတွေကို ပြန်ပေးဆပ်ဖို့ နည်းလမ်း တစ်ခုခု ရှာရတော့မည်။

ဖေးချမ့်က မေးကြည့်လိုက်၏။ "အဲ့တော့ ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုသဘောရလဲ"

တစ်ချိန်လုံး စကားဝင်မပြောသည့် လင်းယုက နောက်ဆုံးတော့ တစ်ခုခု ဝင်ပြောလိုက်ပါသည်။ "ကျွန်မ အတွေးကတော့ မပြောင်းဘူး။ အာ့ဝမ် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာဖို့ပဲ မျှော်လင့်တယ်"

"ဒီတစ်ခေါက် သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့တယ်ဆိုပေမယ့် ဒီကိစ္စမှာ ကံကောင်းသွားတယ်လို့ပဲ မြင်တယ်။ ဒီလောကကြီးက ဘယ်လောက် ရက်စက်မှန်း အာ့ဝမ် မမြင်သေးဘူးလို့ထင်တယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်စရာ အကြောင်း မရှိဘူး"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။

လုံးဝ မှန်တယ်။ သူအောင်မြင်သွားတဲ့ကိစ္စမှာ ကံကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်။ ငါလည်း အဲ့လို ထင်တာပဲ။

လင်းချန်က ထပ်ပြောလိုက်သည်။ "အဓိက ပြဿနာက အာ့ဝမ်က အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဘဝနဲ့ လာနေနေတာလေ။ ကျွန်တော့်အဖေက သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ အဲ့တာကြောင့် သူ့ကို ဖိအားပေးဖို့ အဖေက ကျွန်တော့်ကို အတင်းတွန်းပို့နေတာ။ ဘော့စ်ဖေး ကျွန်တော်က အခက်တွေ့နေတဲ့နေရာကလူပါဗျာ"

ဖေးချမ့် ခေတ္တတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ "ခင်ဗျားက Band တစ်ခုအတွက် ခေါင်းဆောင် အဆိုတော် ဖြစ်မလာလို့ နောင်တရခဲ့တယ်လို့ ပြောဖူးတယ်နော်။ အဲ့တာကြောင့် လင်းဝမ်ကို သူ့အိပ်မက်နောက် လိုက်တဲ့နေရာမှာ အားပေးခဲ့တာမလား"

လင်းချန်က ခေါင်းငြိမ့်၏။ "အမှန်ပဲ အဲ့လိုပါပဲ"

"ဒါပေမယ့် အာ့ဝမ်က သူ့အိပ်မက်ကို အကောင်အထည်ဖော်ပြီးပြီလေ။ အောင်မြင်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးပြီးသွားပြီ။ ကျွန်တော်ဆို ကျွန်တော့်အိပ်မက်ကို ရှင်သန်ခွင့်တောင် မပေးရသေးဘဲ အဖျက်ဆီးခံလိုက်ရတာ"

"အဲ့တာကြောင့် ကျွန်တော် စိတ်ပိုင်းဆိုင်ရာအရ ခံစားနေရပြီး သူ့ကို ဆန့်ကျင်နေရတာပေါ့"

ဖေးချမ့် "..."

အမှန်ပင်။ သူတို့ရဲ့ အတုအယောင် မောင်နှမ ဆက်ဆံရေးက ဥက္ကဌကြီး လင်း၏ ဖိအားပေးမှုကြောင့် ပြိုကွဲစပြုနေပါပြီ။

လင်းယုက ဆက်ပြောသည်။ "ဟုတ်ပါတယ်။ လင်းဝမ်က အခု ရှင့်ရဲ့ လူယုံတော်စစ်သူကြီးလို ဖြစ်နေတာ ကျွန်မသိပါတယ် ဘော့စ်ဖေး။ သူက အခု ရှင့်ရဲ့ အသစ်စက်စက် ဖွင့်လှစ်ထားတဲ့ ရှန်းယန်ဂိမ်းရဲ့ ဒါရိုက်တာတောင် ဖြစ်နေပြီပဲ။ သူ့ကို သွားခွင့်မပြုနိုင်တာ ကျွန်မ နားလည်ပါတယ်"

သူ့ကို သွားခွင့်မပြုနိုင်ဘူး ဟုတ်လား။ မဟုတ်ဘူး မဟုတ်ဘူး။ ဒီလိုဆို ငါလည်း ဥက္ကဌကြီး လင်းနဲ့ တစ်ဖက်တည်းပဲ သူ့ကို အမြန်ဆုံးထွက်သွားတာ မြင်ချင်နေတာကွ။

ဖေးချမ့်က ချက်ချင်း လက်မြှောက်လိုက်သည်။ "ဘော့စ်လင်း ခင်ဗျားက သဘောကောင်းလွန်းနေလို့ပါဗျာ"

"လင်းဝမ်ရဲ့ အလားအလာကို ရှန်းဟွာကော်ပိုရေးရှင်းမှာ ပျိုးထောင်တာ ပိုကောင်းပါတယ်၊။ ကျွန်တော် အဲ့လောက် တစ်ကိုယ်ကောင်းမဆန်ပါဘူးဗျာ"

"ကျေးဇူးပြုပြီး အခွင့်အရေးရတာနဲ့ မြန်မြန်သာ ခေါ်သွားပါတော့"

လင်းယု အပျော်လွန်သွားလေသည်။ "ဘော့စ်ဖေး ဒီလိုထင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ပြဿနာတစ်ခုတော့ ရှိသေးတယ်လေ။ အာ့ဝမ်က အရမ်းခေါင်းမာတာ။ သူ့အပေါ် အရမ်းကြီး တင်းကြပ်လိုက်ရင် အကျိုးဆက်တွေ ရှိလာနိုင်တယ်။ ဘော့စ်ဖေး ဖြေရှင်းချက်တစ်ခုခု စဥ်းစားပေးဖို့ လိုမယ်ထင်တယ်"

ဖေးချမ့်က ကော်ဖီသောက်လိုက်ပြီး တိတ်ဆိတ်သွားသည်။ လင်းယုနဲ့ သူမအဖေတို့ လင်းဝမ်ကို စိတ်ပျက်နေမှန်း ဖေးချမ့်ပြောနိုင်သည်။

ဒီပြဿနာက ငါ့ကိုလည်းထိတယ်ဟ လင်းဝမ်ကို အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို ဆက်ခံဖို့ ဖြောင်းဖြနိုင်ရင် လုပ်ပြီးတာဖြင့် ကြာပေါ့ ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်ကို လာရှာဖို့တောင် စောင့်နေပါ့မလား။

ဖေးချမ့်က ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "ရိုးရိုးသားသား ပြောရရင် ကျွန်တော်ည်း ဒီကိစ္စ ဘယ်လိုကူညီပေးရမှန်း မသိတော့ဘူး။ ကျွန်တော် ဘာမှ အကူအညီဖြစ်မယ် မထင်ဘူး"

လင်းချန်က အမြန်ဖြတ်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေးလို ပါရမီရှင်မျိုးက ဖြေရှင်းချက်တစ်ခုခုရှာနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ပြီးတော့ အာ့ဝမ်က ဘော့စ်ဖေးကို အပြည့်အဝ ယုံကြည်ထားတာပဲကို။ ကျွန်တော်တို့ထက် ဘော့စ်ဖေးလုပ်တာ ပိုပြီး အောင်မြင်နိုင်ခြေရှိတယ်"

"ဘော့စ်ဖေး စိတ်မပူပါနဲ့။ ဒီကိစ္စမှာ ဘော့စ်ဖေး တစ်ယောက်တည်းမဟုတ်ဘူး။ လိုအပ်တာ ရှိရင် ရှန်းဟွာကော်ပိုရေးရှင်းက သေချာပေါက် နောက်ကွယ်မှာ ရှိနေမှာပါ"

"ဒါကို အောင်မြင်သွားတာနဲ့ သေသေချာချာ ကျေးဇူးဆပ်မှာပါ"

ဟမ် ငါ့ကို သေချာ ကျေးဇူးပြန်ဆပ်မယ် ဟုတ်လား။ စနစ်ရန်ပုံငွေတွေကို ပြန်ထုတ်ဖို့ ကူညီပေးကြမှာ မို့လို့လား။

သူတို့နှစ်ယောက် ဘယ်လောက် အားကိုးနေကြသလဲဆိုတာကို မြင်ပြီး ဖေးချမ့်တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆိုလည်း ကျွန်တော် တစ်ခုခု စဥ်းစားပါရစေဦး"

All Chapters