ကြိုတင်ပြင်ဆင်ခြင်းမရှိ၊ စိုးရိမ်ခြင်းမရှိ
Vol. 37 Ch. 541
လူတော်တော်များများသည် ရဲ့လင်းချန် အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ယခင်က သူတို့သည် ရဲ့လင်းချန်၏ ကျော်ကြားမှုကို ကြားပြီးနောက် သူသည် မြင့်မားထည်ဝါသော ပုဂ္ဂိုလ် တစ်ယောက်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယနေ့ သူ့ကို လူချင်း တွေ့ပြီးနောက် သူတို့ လုံးတ စိတ်ပျက်ကာ သူတို့ရင်ထဲမှ မြင့်မားသော ပုံရိပ်က မှေးမှိန်သွားသည်။ ထို့အပြင် ရဲ့လင်းချန်၏ အစောပိုင်းက ညှာတာမှုမရှိသော မခံချင်အောင် ထိကပါး ရိကပါး ပြောသော စကားများက လူအများ၏ ဒေါသကို ဆွသွားခဲ့သည်။
လီချုံး၏ ရာထူးတိုးခြင်း ပြီးသွားပြီးနောက် ကျန်ရှိသော ရာထူးတိုးခြင်းများကို ဆက်လက် လုပ်ဆောင်လေသည်။
“ဝေ့ဟူ၊ အနိမ့်တန်းအဆင့် ကြီးကြပ်သူအဆင့်ကနေ အလယ်အလတ်အဆင့် ကြီးကြပ်သူအဆင့်ကို ရာထူးတိုး ပါတယ်”
တူညီသော ဖြစ်စဉ်က ထပ်မံ၍ ဖြစ်ပွားလာပြီး အလယ်အလတ်အဆင့် ကြီးကြပ်သူ တစ်ယောက်က ဝေ့ဟူနှင့် ယှဉ်ပြိုင်လေသည်။
ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် ထိုဖြစ်စဉ်ကြောင့် သဘောတွေ့နေကြသော်လည်း ရဲ့လင်းချန်အတွက်မူ ယင်းက ပျင်းစရာ ကောင်းလွန်းလှသဖြင့် ရဲရဲတင်းတင်း သမ်းဝေလေသည်။
သူ၏ အပြုအမူက သူ့ဘေးပတ်လည်မှ လူများထံမှ အထင်သေးသော အကြည့်များကို ရရှိလာစေသည်။
“ဟားဟား အဲ့ကောင်ကို ကြည့်စမ်းပါဦး”
လင်းထျန်းရှုံးသည် ရဲ့လင်းချန်ကိုကြည့်၍ ခနဲ့တဲ့တဲ့ ပြုံး၍ ခေါင်းခါလေသည်။
“အဘိုးကြီးလင်း၊ အဲ့လူငယ်လေးက လူတွေပြောနေသလို တကယ်ပဲ သန်မာရဲ့လား”
ချင်ပိုင်ချွမ်းက မျက်မှောင်ကြုတ်ထားလွန်းသဖြင့် သူ့နဖူးကြောများပင် အထင်းသား ပေါ်လာနေ၏။ ပျင်းရိ လေးကန်နေသော ရဲ့လင်းချန်ကို ကြည့်ပြီး သူ ခေါင်းခါမိကာ မျက်လုံး၌ မယုံသင်္ကာ ဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်း အရိပ်အယောင်တို့ ပေါ်လွင်လာသည်။
ရဲ့လင်းချန်၏ နာမည်ကို သူ ပထမဆုံး စကြားဖူးသည့် အချိန်မှာ လွန်ခဲ့သော လများက အထူး လေ့ကျင့်ရေးချိန် အတွင်း၌ ဖြစ်သည်။ သူ စိတ်ဝင်စားမိသည့် အကြောင်းရင်းမှာ ရဲ့လင်းချန်က ဖန့်ဟုန်၏ အသင်းကို ထင်ပေါ်နေအောင် လုပ်နိုင်၍ ဖြစ်သည်။
နောက်ပိုင်းတွင် ရဲ့လင်းချန်သည် ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး တာဝန်များကို လျင်မြန်စွာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သူ ပို၍တောင်မှ စိတ်ဝင်စားလာခဲ့မိသည်။
သို့သော် သူ၏ အကျင့်စရိုက်က ကြားထားသည်နှင့် အလွန် ကွာခြားနေသည့်ပုံပင်။ သူ့တွင် အကျော်အမော် တစ်ယောက်၏ မည်သည့် အရိပ်အယောင်မှ မရှိနေချေ။
“အဘိုးကြီးလင်း၊ အဲ့ကောင်လေးက မင်းရဲ့ တရားမဝင် ကလေးတော့ မဟုတ်ဘူးမလား၊ မဟုတ်မှလွဲရော သူ တာဝန်တွေ ပြီးအောင် မင်း လျှို့ဝှက်ပြီး ကူညီနေခဲ့တာလား”
အမဲလိုက် သိမ်းငှက်အဖွဲ့၏ နည်းပြချုပ်က မနေနိုင်ဘဲ မေးလာသည်။
“စောင့်ကြည့်နေလိုက်ပါ”
လင်းထျန်းရှုံးက ပြုံးနေသည်။
“မင်းတို့ အံ့ဩသွားလိမ့်မယ်လို့ ငါ အာမခံတယ်”
အကြီးအကဲများသည် အချင်းချင်း ပြန်ကြည့်ပြီး မယုံဟန်ဖြင့် ခေါင်းခါနေကြသည်။
သိုင်းပညာရှင်တစ်ဦးသည် သိုင်းပညာ၌ အလွန် စိတ်ဝင်စားမှု ရှိသင့်ပေသည်။ ထို့အပြင် အခြားသူများ၏ တိုက်ပွဲများကို ကြည့်ရှုခြင်းမှတစ်ဆင့် တစ်ခုခု အကျိုးအမြတ် ရရှိနိုင်သည်။ သိုင်းပညာတစ်ဦးအတွက် ရဲ့လင်းချန်ကဲ့သို့ ပျင်းရိ၍ စိတ်ဝင်စားမှု ကင်းမဲ့နေရန် မဖြစ်နိုင်ပေ။
အရေးအကြီးဆုံး အချက်မှာ သိုင်းပညာရှင် တစ်ဦး၏ စိတ်ဓာတ်နှင့် စွမ်းအင်က သာမန်လူများနှင့် အလွန် ကွာခြားပေသည်။ ရဲ့လင်းချန်၏ စိတ်ဓာတ်က လုံးဝ ထင်းမနေချေ။
ရဲ့လင်းချန်သည် ယခင်အတိုင်း အခြားသူများ၏ အတွေးကို ဂရုစိုက်ခြင်း မရှိပေ။ လက်ရှိအချိန်၌ သူ၏ ဦးနှောက်သည် ဘာမှခံစားမရသော အခြေအနေမျိုး ဖြစ်နေပြီး စိတ်ကူးယဉ်နေလေသည်။
စင်မြင့်ပေါ်မှ ပြိုင်ပွဲသည် အခြားသူများအတွက် အလွန် စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း သူ့အတွက်မူ ဟွာချင် တက္ကသိုလ်မှ ပါမောက္ခတစ်ယောက်က မူလတန်းကျောင်းသားများ အပေါင်း၊ အနုတ်၊ အမြောက်နှင့် အစားကို ယှဉ်ပြိုင်၍ တွက်ချက်နေသည်ကို ကြည့်နေရသကဲ့သို့ ပျင်းစရာ ကောင်းလှသည်။
*ပျင်းစရာ ကောင်းလိုက်တာ၊ ဒါ သန်မာတဲ့လူ ဖြစ်ရတဲ့ ကံဆိုးခြင်းများလား*
ရဲ့လင်းချန်သည် မိမိကိုယ်ကိုယ် သနားစိတ်ဝင်ကာ အချိန်ဖြုန်းရန်အလို့ငှာ စနစ်ထဲသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အလေလိုက်နေသည်ထက် သူ၏ ကံကို စမ်းကြည့်သင့်ပေသည်။
သူ၏ ပျင်းရိလေးတွဲနေသော စိတ်နှလုံးသည် ချက်ချင်း တက်ကြွလာပြီး စိတ်လှုပ်ရှားမှုပင် ခံစားရလာသည်။
သူ ပထမဆုံး ကြည့်မိသည့် အရာမှာ သူ၏ ရေပန်းစားမှု အမှတ်ပင်။
မနေ့ညက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အပိုင်းက ရဲ့လင်းချန်ကို စိတ်မပျက်စေခဲ့ပါ။ ကြည့်ရှုသူနှုန်းက သုံးရာခိုင်နှုန်းအား ကျော်သွားခဲ့သည်။
၎င်းသည် အလွန် အံ့ဩစရာကောင်းသော ရလဒ်ဖြစ်ပြီး နိယာမ သဘောတရား အားလုံးနှင့် ဆန့်ကျင်နေသည်ဟုပင် ဆိုနိုင်ပေသည်။ ထို့အပြင် အင်တာနက်တခွင်၌ အားပါးတရ ချီးမွမ်းသော ဝေဖန်စာများနှင့် အသည်းအသန် ဆွေးနွေးပြောဆိုခြင်းများ ရှိနေသည်။
ထို့ကြောင့် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်က ၅,၂၉၈,၇၆၉ သို့ ရောက်ရှိသွားလေသည်။
ထို့နောက် ရဲ့လင်းချန်သည် ၁၀၀ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များကို ကြည့်လိုက်သည်။
ဇီဝဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီပညာ၊ ချီသန့်စင်ခြင်း၊ အနောက်တိုင်း ဆေးပညာ၊ ဓာတုဗေဒ၊ ဂျာမန် ဘာသာစကား၊ ဖက်ရှင် ဒီဇိုင်း၊ ရုရှားဘာသာစကား …
ကွဲပြားခြားနားသော ဗဟုသုတ နယ်ပယ်များစွာ ရှိပေသည်။
ရဲ့လင်းချန်သည် ရေပန်းစားမှု အမှတ်များကို စုဆောင်းထားချင်သည့်အတွက် အခြေခံအဆင့် စွမ်းရည်များကိုသာ အဆင့်မြှင့်ခဲ့သည်။ သို့သော် လက်ရှိ၌ အချိန်ဖြုန်းရန် သက်သက်သာ ဖြစ်သည်။
သူ့တွင် ရှိသော အံ့ဩစရာကောင်းသော စွမ်းရည်အချို့ကို ကြည့်ပြီး ရဲ့လင်းချန်၏ မျက်လုံးများ ဝင်းလက်လာသည်။ သူ လက်နှစ်ဖက်ကို ပွတ်လိုက်မိသည်။
သူသည် ကံကို စမ်းသပ်ရန်အတွက် အခြေခံအဆင့်သို့ စွမ်းရည်ကို အဆင့်မြှင့်ရန် ရေပန်းစားမှုအမှတ် တစ်သိန်းကို သုံးလိုက်သည်။
ရွှေရောင် အလင်းတန်းက ရဲ့လင်းချန်၏ မျက်စိရှေ့၌ လင်းလက်ကာ ၁၀၀ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များ အားလုံးပေါ်သို့ လျင်မြန်စွာ ဖြတ်သန်းနေသည်။ ရဲ့လင်းချန်သည် စိုးရိမ်စိတ်ကြောင့် မျက်စိ မှိတ်ထားမိပြီး မကြည့်ရဲချေ။
*ပြီးခါနီးပြီ*
ရဲ့လင်းချန် ရင်တဒိတ်ဒိတ် ခုန်နေသည်။ သူသည် ပင့်သက်ရှိုက်၍ မျက်ခွံကို အနည်းငယ် ပင့်တင်လိုက်သည်။
*သေစမ်း*
ကြည့်လိုက်မိသည်နှင့် ရဲ့လင်းချန်၏ အသက်ရှူသံက မြန်ဆန်လာပြီး အော်ဟစ်လုနီးပါး ဖြစ်သွားလေသည်။
*ချီသန့်စင်ခြင်းလား*
*လခွမ်း၊ သောက်ကျိုးနည်း …*
ရဲ့လင်းချန်သည် ရွှေရောင် အလင်းတန်း ရပ်နေသော စွမ်းရည်ကို ကြည့်နေမိသည်။
*ဒါ တကယ်ပဲ ချီသန့်စင်ခြင်းပဲ*
*သောက်ကျိုးနည်း အံ့ဩဖို့ ကောင်းလိုက်တာ*
ထိုစွမ်းရည် မယုံနိုင်လောက်အောင် အလွန်အမင်း သန်မာလှသည်။ ချီသန့်စင်ခြင်း၏ သိသာသော အကျိုး သက်ရောက်မှုများက အခြားစွမ်းရည်များလောက် ပြောစမှတ် မတွင်သော်လည်း ယင်းက လူတစ်ယောက်၏ ရုပ်ခန္ဓာအား ပြောင်းလဲစေပြီး ခန္ဓာကိုယ်အား အားဖြစ်စေသည်။
ချီသန့်စင်ခြင်းကြောင့် ရဲ့လင်းချန်၏ အာရုံငါးပါးနှင့် ကိုယ်တွင်းအင်္ဂါများအား သိသိသာသာ တိုးတက်လာခဲ့သည်။
အမှန်အတိုင်း ပြောရလျင် သူ၏ စွမ်းရည်များ အားလုံးထဲ၌ သူ အလိုချင်ဆုံးမှာ ချီသန့်စင်ခြင်း ဖြစ်သည်။ အကယ်၍ အဆင့်မြှင့်တင်ခြင်းသာ အောင်မြင်သွားပါက တုန်လှုပ်စရာ ကောင်းလာလောက်သည်။
သို့သော် သူ၏ မူလ ရည်ရွယ်ချက်မှာ အချိန်ဖြုန်းရန်အတွက် ကံကို စမ်းခြင်းသာ ဖြစ်သည်။ သူသည် ဘာကြိုတင် ပြင်ဆင်ခြင်းမှ မရှိဘဲ ချီသန့်စင်ခြင်းအား ရရှိလာခဲ့သည်။
*ကြိုတင်ပြင်ဆင်ခြင်းမရှိ၊ စိုးရိမ်ခြင်းမရှိဘဲ မင်းက ငါ့ကမ္ဘာထဲကို ပေါ်လာခဲ့ပါလား*
ရဲ့လင်းချန် သီချင်းအော်ဆိုချင်စိတ် ပေါက်လာသည်။
သူ၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်၌ ရွှေရောင် အလင်းနှင့်အတူ ချီသန့်စင်ခြင်းအား စွမ်းရည်သစ် တစ်ခုက အစားထိုးသွားလေသည်။
*ကျင့်ကြံခြင်း*
*အဲ့လောက် တဲ့တိုးဆန်မှ ဖြစ်မှာလား၊ ဒီလောက် အံ့ဩဖို့ ကောင်းနေမှ ဖြစ်မှာလား*
ရဲ့လင်းချန် ရင်ခုန်သွားပြီး ပါးစပ်က နားရွက် တက်ချိတ်မတတ် ဖြစ်သွားသည်။
*ဒါ ကျင့်ကြံခြင်းပဲ၊ ပါရမီရှင်က နောင်ကို နတ်ဘုရား ဖြစ်လာတော့မှာပါလား*
[ကျင့်ကြံခြင်း အခြေခံအဆင့်: မိုးမြေ၏ စိတ်ဝိညာဉ် စွမ်းအင်နှင့် ပထမဆုံး တစ်သားတည်း ဖြစ်လာခြင်း၊ ယင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အသုံးချနိုင်သည်။]
၎င်းသည် အလွန် ရိုးရှင်းသော အညွှန်းတစ်ခု ဖြစ်သော်လည်း အံ့ဩစရာများနှင့် ပြည့်နှက်နေသည်။ ၎င်း၏ စွမ်းအားက အထိန်းအကွပ် ကင်းမဲ့လှသည်။
ကျင့်ကြံခြင်း ပေါ်လာသည်နှင့် ရဲ့လင်းချန်၏ ခန္ဓာကိုယ်တွင်းမှ ချီဓာတ်သည် စတင် ပြောင်းလဲလာ၏။
ယခင် ချီသန့်စင်ခြင်းသည် အစီအစဉ်တကျ မဟုတ်ဘဲ စိတ်ဝိညာဉ် စွမ်းအင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူခြင်းသာ ဖြစ်သည်။ ယခုအခါတွင်မူ စိတ်ဝိညာဉ် စွမ်းအင်အားလုံးက ချက်ချင်း စုဝေးလာပြီး သူ၏ ခန္ဓာကိုယ်တွင်းမှ သွေးကြောတိုင်းသို့ စီးဆင်းသွားပြီး ခန္ဓာကိုယ်တွင်းမှ ဆဲလ်တိုင်းကို သန့်စင်ပေးလေသည်။
ဤနည်းလမ်းက အတွင်းအား နည်းလမ်းနှင့် တူညီသော်လည်း ခြားနားချက်မှာ စိတ်ဝိညာဉ် စွမ်းအင်ကို ပိုင်ဆိုင်ရုံတင် မကဘဲ သူ့ခန္ဓာကိုယ်တွင်းမှ စိတ်ဝိညာဉ် စွမ်းအင်နှင့် တစ်သားတည်း ဖြစ်လာနိုင်ခြင်းပင်။
ရဲ့လင်းချန် အသာ ပြုံးလိုက်မိသည်။ ဘေးပတ်လည်မှ စိတ်ဝိညာဉ် စွမ်းအင်အားလုံးက သူ့နှင့် ပေါင်းစပ်နေသည်ကို ခံစားမိသည်။ နောင်အနာဂတ်၌ မြင့်မားသော အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ပြီး စိတ်ဝိညာဉ် စွမ်းအင်ကို အသာလေး ထုတ်လွှတ်နိုင်ပေမည်။ ထိုသို့သော အံ့ဩဖွယ်ကောင်းသော အရာက မသေမျိုးတစ်ယောက်၏ နည်းလမ်းများပင်။
“အဘိုးကြီးလင်း၊ အဲ့ကောင်လေး အဆင်ပြေတယ်ဆိုတာ သေချာလား”
ချင်ပိုင်ချွမ်း မေးလိုက်သည်။
လင်းထျန်းရှုံး အလိုလို လှမ်းကြည့်လိုက်မိသောအခါ ရဲ့လင်းချန်က ပြီတီတီ ပြုံးနေပြီး တစ်ခဏမျှ စိတ်လွှတ်သလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ အင်တင်တင်ဖြင့် ပြန်ဖြေလိုက်သည်။
“ပြေလောက်ပါတယ် … ငါ ထင်တာပဲ … သူ ဘာမှတော့ မဖြစ်ပါဘူး၊ ဟုတ်တယ်မလား”
“စင်မြင့်ပေါ်မှာ ဘာဖြစ်နေသလဲ ဆိုတာကို စိတ်မဝင်စားလို့ သူ့ဘာသာသူ အပျင်းပြေအောင် လုပ်နေတာလား မသိဘူး”
“ဟုတ်တယ်၊ သူက ဘယ်လိုတောင် ရူးတာလဲ”
စင်မြင့်ပေါ်၌ အကြီးအကဲ တစ်ယောက်ချင်းစီသည် ရဲ့လင်းချန်၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လက်ရှိ၌ သူတို့အားလုံးတွင် ခံစားချက်မျိုးစုံ ရောထွေးနေပြီး နောက်ဆုံး၌ သက်ပြင်းချလေသည်။
တစ်ခဏကြာသော် ရဲ့လင်းချန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်ကို သူတို့ သတိထားမိသည်။ သူ့အပြုံးက အေးခဲသွားပြီး မျက်နှာက ဖြူလိုက်၊ ပြာလိုက် ဖြစ်လာကာ နှုတ်ခမ်းထောင့်က တွန့်လာသည်။
ထို့နောက် ရဲ့လင်းချန်သည် ဘာကိုမှ လှည့်မကြည့်ဘဲ ထွက်ပြေးလေ၏။
…