ဒူးထောက်ခြင်း
Vol. 39 Ch. 592
နေ့လည်ခင်းဖြစ်ရာ နေရောင်အပြင်းဆုံးအချိန်အခါလည်း ဖြစ်သည်။ မြောက်လေတစ်ချက်တစ်ချက်သည် လူတိုင်း၏ဆံပင်များအား လွင့်သွားစေတတ်၏။
ရွှီချင်းသည် စိမ်းသက်သောနယ်မြေတွင် ရပ်ကာ ချင်းချိုးကဲ့သို့ပင် ဖုန်းဟိုင်ဒေသငယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူက အကြည့်ကို ပြန်သိမ်းကာ အနီးပတ်လည်အား အကဲခတ်လိုက်၏။
ဤသည်ကား သူ၏ပင်ကိုယ်သဘာဝဖြစ်သည်။ သူသည် မရင်းနှီးသောနေရာဒေသများသို့ သွားသည့်အချိန်တိုင်း ပတ်ဝန်းကျင်နှင့်ဦးဆုံးအသားကျရန် လုပ်ဆောင်လေ့ရှိသည်။
သူ့ရှေ့တွင် မြင်နေရသည်ကား သဲနှင့်ကျောက်တုံးများဖြင့် ရောနှောနေသော မီးခိုးနက်ရောင်နယ်မြေတစ်ခုလည်း ဖြစ်သည်။ အဝေးတွင် တောင်တန်းများသည် အနိမ့်အမြင့်စုံလင်ပြီး မည်သည့်အစိမ်းရောင်တစ်ခုတစ်လေမှ မတွေ့ရပါ။ တစ်ချို့နေရာများတွင်တော့ တစ်ဝက်တစ်ပျက်အရည်ပျော်သွားပြီဖြစ်သော နှင်းပွင့်နှင်းဖတ်များအား မြင်တွေ့နိုင်သည်။
အမှန်တကယ်အားဖြင့် ဤကမ္ဘာကြီးတွင် ယခုကဲ့သို့မြင်ကွင်းမျိုးက ထူးဆန်းသည်တော့ မဟုတ်ပါ။ မည်သို့ဆိုစေ သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့အကြား ကွာဟာချက်မှာလည်း သူတို့၏သွေးများသည် ကောင်းကင်နက်မျိုးနွယ်သွေးများနှင့် ရောနှောနေခြင်းမှလွဲ၍ ယေဘုယျအားဖြင့် နည်းပါးလှသည်။
ရွှီချင်းက ပတ်ဝန်းကျင်ကို အကဲခတ်နေသောအချိန်တွင် ခေါင်းဆောင်သည် သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်အား လှမ်းကြည့်ကာ သူ့စကားများကို ခေါင်းညိတ်တုန့်ပြန်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်၏မျက်လုံးများမှ လေးစားအထင်ကြီးမှုများ ပိုမိုပြင်းထန်လာသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ထပ်မံ၍ စကားပြောသောအခါ ပို၍ပင် သူ၏စိတ်ရင်းအမှန်ကို ပြသရန် ကြိုးစား၏။
“အရှင်နှစ်ပါးရဲ့ အကူအညီကြောင့်ပါပဲ။ မဟုတ်ရင် ကျုပ်တို့ယဉ်တန်းဟာ သေချာပေါက် ဘေးလွတ်မှာ မဟုတ်ဘူး။ အရှင်နှစ်ပါးအနေနဲ့ ကျုပ်တို့ထွဋ်ခေါင်နိုင်ငံကိုလာပြီးတော့ ကျုပ်တို့ရဲ့ ဧည့်ဝတ်ကျေမှုကို လက်ခံဖို့ တောင်းဆိုပါတယ်။”
“ပြီးတော့ ကျုပ်ရဲ့မွေးရပ်မြေ အင်မော်တယ်ဆယ်ပါးအူခွေသစ်ပင်ဟာ တာအိုသစ်သီးတွေ သီးတော့မယ့်အချိန်ကို ရောက်နေပါပြီ။ နောက်လနည်းနည်းကြာရင် နိမိတ်တချို့ပြလာပြီးတော့ ပိုပြီးတောင် စည်ကားလာဦးမှာပါပဲ။ ဒါဟာ အထက်တန်းမျိုးနွယ်နဲ့မယှဉ်နိုင်ပေမဲ့ သန့်စင်ရေလှိုင်းဒေသကြီးထဲက အံ့ဖွယ်တစ်ခုဖြစ်နေဆဲပါပဲ။”
“ခင်ဗျားတို့လိုနေတဲ့ပစ္စည်းတွေကိုလည်း ကျုပ်တို့အရှင်က သေချာပေါက် ရှာဖွေပေးမှာပါ။”
သန့်စင်ရေလှိုင်းမျိုးနွယ်လူငယ်က စကားပြောပြီးသည်နှင့် ခြေလှမ်းအနည်းငယ်ဆုတ်ကာ ရွှီချင်းနှင့် ခေါင်းဆောင်တို့အား လေးစားစွာဦးညွှတ်သည်။
ရွှီချင်း တိတ်ဆိတ်နေဆဲဖြစ်ကာ ခေါင်းဆောင်အား တစ်ချက်ကြည့်သည်။
ခေါင်းဆောင်က မျက်မှောင်ကျုံ့ကာ သူ့ရှေ့က လူငယ်အား အဓိပ္ပာယ်ပါစွာ ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
“ဒီလိုလည်း ဖြစ်တာပဲ…”
လူငယ်သည် ထိုစကားကို ကြားသည်နှင့် သူ့အမူအရာသည် ဝါးသာအားရဖြစ်သွား၏။ သူက ယဉ်တန်းအား ရှေ့သို့ ဆက်သွားရန် အချက်ပြလိုက်သည်။
မကြာမီ ကြာပွတ်ရိုက်သံများထွက်ပေါ်လာကာ ယဉ်တန်းလည်း ရှေ့သို့ ခရီးဆက်၏။
ခေါင်းဆောင်နှင့် ရွှီချင်းတို့လည်း ထပ်၍ပုန်းနေခြင်း မရှိတော့ပါ။ သူတို့သည် ခြေလေးချောင်းသားရဲပေါ်တွင် ထိုင်ကာ နေရောင်များကို ကာကွယ်ရန် အနက်ရောင်ဝတ်ရုံများကို ဝတ်ထားကြသည်။
ချင်းချိုးသည်ကား အစေခံကဲ့သို့ နေထိုင်ရသည်။ သူမသည် သူတို့နှစ်ယောက်နောက်တွင် ခေါင်းငုံ့ထိုင်နေကာ သူမ၏သတ်ဖြတ်လိုသောစိတ်ဆန္ဒများအား အတင်းချိုးနှိမ်နေရ၏။
သန့်စင်ရေလှိုင်းမျိုးနွယ်သည် လူသားတို့နယ်မြေ၌ တည်နေရာပြောင်းအစီအရင်အား သုံးစွဲခွင့်မရှိရာ ခရီးသွားရန် အချိန်ကြာမြင့်လှသည်။ သို့သော်လည်း သည်နေရာတွင်တော့ ကွဲပြားသည်။ မကြာမီ သူတို့သည် သန့်စင်ရေလှိုင်းမျိုးနွယ်တို့၏ တည်နေရာပြောင်းအစီအရင်ထံသို့ ရောက်လာကြသည်။
ထွဋ်ခေါင်နိုင်ငံမှ ယဉ်တန်းသည်လည်း တည်နေရာပြောင်းအစီအရင်ထဲသို့ အလျင်အမြန် ဝင်လိုက်ကြ၏။ တည်နေရာပြောင်းအစီအရင် အသက်ဝင်လာသည်တွင် ခြေလေးချောင်းသားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားကြ၏။ ယဉ်တန်းတစ်ခုလုံး အရှေ့ဘက်ဖုန်ဆိုးမြေဒေသငယ်သို့ တည်နေရာပြောင်းရန် တစ်နာရီခန့် ကြာမြင့်၏။
ထိုနေရာသည်ပင် အင်မော်တယ်ဆယ်ပါးအူခွေတည်ရှိသောနေရာ ဖြစ်သည်။ ထိုနေရာသည် နိုင်ငံငယ် ၃၆နိုင်ငံတို့ တည်ရှိရာနေရာလည်း ဖြစ်သည်။
သူတို့ ပြန်ပေါ်လာသည်နှင့် ရွှီချင်းက အနောက်ဘက်အရပ်သို့ လှမ်းကြည့်သည်။
ဤနေရာကား အတော်လေး အမှောင်ကျသည်။
နယ်မြေသည် သစ်ပင်ရှည်ကြီးများဖြင့် ခြုံလွှမ်းထားကာ ကောင်းကင်ယံသို့အထိ အူခွေများကဲ့သို့ တွန့်လိမ်ထိုးတက်နေကြသည်။ ထိုသစ်ပင်များက အကိုင်းအခက်များသည်လည်း ထီးပုံစံအသွင်ဖြင့် နွယ်ယှက်နေကြ၏။
၎င်းသည် ဧရာမကြီးမားကာ ဝေဟံ၏ထက်ဝက်ခန့်ကို ဖုံးအုပ်ထားကြ၏။
သစ်ပင်အကိုင်းအခက်များမှ ဖြစ်တည်လာသော ထီးပုံစံအမိုးကြီးသည် နေရောင်များကို ကွယ်ထားသောကြောင့် အလင်းအားနည်းမှု ဖြစ်လာခြင်းပင်။ တစ်ခုတည်းသော အလင်းအရင်းအမြစ်များမှာ နေရာအနှံ့၌ မြောလွင့်နေကြသော လူသားပုံစံမီးပုံးများဖြစ်သည်။
မြင်ကွင်းကား အံ့ဖွယ်ဖြစ်သည်။
မီးပုံးများဖြင့် ပြည့်နေသော နယ်မြေများထဲ၌ သိပ်သည်းသောတောအုပ်များအပြင် မြို့ငယ်အများအပြားလည်း ရှိနေကြသည်။ သူတို့မှာ သစ်ပင်ကြီးများအား ဗဟိုပြု၍ စက်ဝန်းပုံစံ ဝန်းရံဆောက်လုပ်ထားကြခြင်း ဖြစ်သည်။
မြို့ငယ်တိုင်းသည် ကိုယ်စီသတ်မှတ်အရောင်များ ရှိကြသည်။ တချို့မှာကား ရောနှောအရောင်များဖြစ်ကြ၏။
၎င်းတို့အားလုံးသည် မှော်ဆန်သောအငွေ့အသက်များအား ပေးသည်။ တစ်ချိန်တည်းတွင် သစ်ပင်ကြီးထံမှလာသော ဖိအားများသည် ရောက်လာသူတိုင်း၏စိတ်နှလုံးအား လှုပ်ခတ်စေနိုင်စွမ်းရှိနေပြန်သေးသည်။
“အရှင်တို့… ဒါက ကျုပ်တို့ထွဋ်ခေါင်နိုင်ငံတည်ရှိတဲ့ အင်မော်တယ်ဆယ်ပါးအူခွေနယ်မြေပါ။ ရှေ့က အဖြူရောင်မြို့ဟာ ကျုပ်တို့ ထွဋ်ခေါင်နိုင်ငံပါပဲ။”
“ကျုပ်က ဘုရင်ကို သတင်းပို့ထားပြီးပါပြီ။ သူတို့က ကျုပ်တို့ကို ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။ အရှင်တို့… ကြွကြပါ။”
သန့်စင်ရေလှိုင်းမျိုးနွယ်ကလူများ၏ အကြည့်များသည် အထင်ကြီးအားကျခြင်းများဖြင့် ပြည့်နေကြဆဲဖြစ်သည်။ သူတို့က ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ဦးဆောင်ကာ ခေါ်လာရင်း ပို၍ စိတ်အားထက်သန်စွာ ရှင်းပြသည်။
“အရှင်တို့… ဒီအင်မော်တယ်ဆယ်ပါးအူခွေနယ်မြေဟာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ နောက်ဆုံးသော သန့်စင်သွေးမျိုးဆက်တစ်ယောက် အင်မော်တယ်ဖြစ်ပြီး အသွင်ပြောင်းလာခဲ့တာလို့ ဆိုကြတယ်။ ဒါဟာ ရှေးခေတ်ကတည်းက တည်ရှိနေခဲ့တာပဲ။”
“ရာစုနှစ်တိုင်းမှာ သစ်ပင်တွေဟာ သစ်သီးတွေသီးတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က မီကာကျောက်တုံးတွေ သယ်ပို့နေရတာပဲ။”
“ဒီသစ်သီးတွေဟာ ဆန်းကြယ်တယ်။ သူတို့ဟာ အရမ်းရှားပါးတဲ့ သန့်စင်ဖော်ရာမှာသုံးတဲ့ အမယ်ပစ္စည်းတစ်မျိုးပဲ။”
ရထားလုံးသည် ရှေ့ကို ဆက်သွားလျှင် အဖြူရောင်မြို့တစ်မြို့သည် အားလုံး၏မြင်ကွင်းထဲ၌ ပိုမိုကြည်လင်ပြတ်သားလာတော့သည်။
မြို့သည် သေးငယ်သော်လည်း အတော်လေးရှည်လျားသည်။ ၎င်းသည် ချီရွဲ့ထုံမှ ပင်မမြို့တစ်မြို့နှင့် အရွယ်အစားအတူတူခန့်ရှိသည်။
ထိုအခိုက်တွင် မြို့အပြင်၌ ကျင့်ကြံသူအများအပြား ရောက်နှင့်ပြီး ဖြစ်သည်။
အရေအတွက်အားဖြင့် ကျင့်ကြံသူရာကျော်ရှိကာ ၎င်းတို့အထဲ၌ အမြုတေဖွဲ့စည်းခြင်းများနှင့် ဝိညာဉ်သူငယ်ကျင့်ကြံသူများ ပါဝင်သည်။ ဘုရင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးသည်ကား အလွန်သန်မာကာ သူ၏နောက်မှ လျှို့ဝှက်ဝိညာဉ်သိုက်သုံးခုသည် ကြောက်မက်ဖွယ်ရာလှုပ်ခတ်မှုများအား ထုတ်ဖော်နေ၏။
ထိုမြင်ကွင်းကို ကြည့်ကာ ချင်းချိုးမှာ အသက်ရှုနှုန်း ပိုမိုမြန်ဆန်လာပြီး သူမ၏စိတ်ခံစားချက်မှာလည်း ပိုမိုလေးလံလာခဲ့သည်။ သူမ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်း အန်မတန်နည်းလာကြောင်း သိလိုက်ရ၏။
ရွှီချင်းနှင့် ခေါင်းဆောင်တို့မှာကား မည်သည့်ခံစားချက်မှ ထုတ်ဖော်ပြသခြင်းမရှိပါ။ ထိုအခိုကတွင် လူငယ်သည် သူ၏မွေးရပ်မြေမြို့အား နောင်တရသောအမူအရာ၊ ရင်းနှီးသော ခံစားချက်များဖြင့် ကြည့်နေသည်။ သူက ရှေ့ကို ကြည့်ကာ လေးစားသောအမူအရာဖြင့် စကားစပြောလိုက်သည်။
“အရှင်တို့… ကျုပ်ရဲ့မွေးရပ်မြေမြို့က တာအိုသစ်သီးတွေဟာ တန်ဖိုးကြီးလွန်းတော့ အကြိမ်တိုင်း သစ်သီးတွေသီးတဲ့အချိန်မှာ မကောင်းတဲ့အပြင်လူတွေ နည်းမျိုးစုံသုံးပြီးတော့ ဒီနေရာထဲကို ခိုးဝင်ဖို့ ကြိုးစားကြလေ့ရှိတယ်။”
“အထူးသဖြင့် လူသားမျိုးနွယ်တွေပဲ… အရင်တုန်းက သူတို့ဟာ လူသားမဟုတ်မျိုးနွယ်တွေအနေနဲ့ ရုပ်ဖျက်ပြီးတော့ လာရောင်းဝယ်ကြတယ်။ တစ်ခါတစ်လေ သူတို့က ကျုပ်တို့သန့်စင်ရေလှိုင်းမျိုးနွယ်အနေနဲ့တောင်မှ ဟန်ဆောင်ကြသေးတယ်။”
“ကျုပ်တို့ မြို့ ၃၆မြို့မှာ မှတ်တမ်းရှိတယ်။ သူတို့ဟာ သန့်စင်ရေလှိုင်းမျိုးနွယ်အနေနဲ့ အကြိမ်ပေါင်း ၉၀၀ လောက် ရုပ်ဖျက်ခိုးဝင်ဖူးပြီးတော့ တခြားနည်းလမ်းတွေနဲ့ အကြိမ်ရေ ၇၀၀ လောက် ဝင်လာဖူးတယ်။ သစ်သီးတွေရဖို့ ဒီနယ်ခြားမျိုးနွယ်တွေဟာ နည်းလမ်းမျိုးစုံသုံးကြတယ်။”
“စကားမစပ် အရှင်တို့… ရှေးခေတ်အခါကနေ အခုအချိန်အထိ သူတို့ဟာ အကြိမ်ရေ ၃၀လောက် ကောင်းကင်နက်မျိုးနွယ်အနေနဲ့ ရုပ်ဖျက်ပြီးတော့ ကျုပ်တို့ အင်မော်တယ်အူခွေနယ်မြေ ၃၆မြို့သို့ ရောက်လာဖူးတာ ခင်ဗျားတို့ သိပါသလား။”
သန့်စင်ရေလှိုင်းမျိုးနွယ်က လူငယ်သည် တစ်ချက်ပြုံးလိုက်ကာ ကျောက်စိမ်းပေလွှာတစ်ချပ်အား ကြိတ်ချေလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွားကာ သူ ပြန်ပေါ်လာသောအခါ ထွဋ်ခေါင်နိုင်ငံအပြင်ဘက်ရှိ ဘုရင်၏အရှေ့သို့ ရောက်သွားပြီး ဖြစ်သည်။
သူ့အပြုံးသည် မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူ၏မျက်နှာတွင်ကား ယခု ပြင်းထန်သော လှောင်ပြောင်ခြင်းများဖြင့် အစားထိုးထားသည်။ သူသည် ထိုနေရာတွင်ရပ်ကာ ရွှီချင်းတို့အား ပြုံးလျှက်ကြည့်ပြီး ဖြေးလေးစွာ ပြောသည်။
“အထက်တန်းမျိုးနွယ်က အရှင်တို့… ကျုပ်တို့ ထွဋ်ခေါင်နိုင်ငံကနေ ကြိုဆိုပါတယ်။ ဒါနဲ့ ခင်ဗျားတို့က လူသားတွေလား… တခြားမျိုးနွယ်တွေကလား။”
“ကျုပ် ခင်ဗျားတို့ကို ပထမဆုံးအကြိမ် မြင်ကတည်းက တစ်ခုခုလွဲနေတယ်ဆိုတာ သိလိုက်တယ်။ ဒါက တိုက်ဆိုင်လွန်းတယ်။ ကောင်းကင်နက်မျိုးနွယ်ဟာ ခင်ဗျားတို့ လူသားနယ်မြေမှာ လှုပ်ရှားမှုရှိတယ်ဆိုတာ သိတယ်။ ပြီးတော့ ခင်ဗျားတို့ အလိုက်ခံနေရတဲ့အချိန်မှာ ကျုပ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့တယ်။”
“ခင်ဗျားတို့က ကျုပ်ကို လိမ်လည်ပြီးတော့ သန့်စင်ရေလှိုင်းနယ်မြေသို့ ခေါ်လာစေချင်တယ်။ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျုပ်က အထက်တန်းမျိုးနွယ်နဲ့တွေ့တဲ့အခါ သဘောတူရတာပေါ့။ လမ်းမှာ အချိုးအကွေ့တချို့ရှိတယ်ဆိုပေမဲ့ ကျုပ်ဟာ ခင်ဗျားတို့ကို နောက်ဆုံးမှာ လှည့်စားနိုင်ခဲ့တယ်လေ။”
“ဒီတစ်ခေါက်ခရီးက အလဟသမဖြစ်ဘူးပဲ။ အဖေ… ဒါက ကျုပ်အတွက် အကျိုးဆောင်မှုလို့ သတ်မှတ်နိုင်တယ်မလား။”
သန့်စင်ရေလှိုင်းမျိုးနွယ်က လူငယ်သည် ဝမ်းသာအားရ ပြုံးနေသည်။ သူ့ဘေးက တခြားသော သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည်လည်း ပြုံးလျှက် ရွှီချင်းနှင့် ခေါင်းဆောင်တို့အား လှောင်ပြောင်ဟန်ဖြင့် ကြည့်နေကြသည်။
ဝိညာဉ်သိုက်အဆင့်ဘုရင်သည်ကား ရယ်မောရင်း သူ၏သားကို သဘောကျစွာ ကြည့်သည်။
ထိုရုတ်တရက်အပြောင်းအလဲမြင်ကွင်းက ချင်းချိုးအား အံ့အားသင့်စေသည်။ သူမက မျက်မှောင်ကျုံ့ကာ သူမရှေ့က ကောင်းကင်နက်မျိုးနွယ်နှစ်ဦးအား စိုက်ကြည့်နေသည်။
သူတို့နှစ်ဦးမှာ ကောင်းကင်နက်မျိုးနွယ်ဝင်များဖြစ်သည်ဟု သူမက တွေးထင်ခဲ့သည်။ ယခု ရုတ်တရက် အခြေအနေအပြောင်းအလဲတွင် သူမ အံ့အားသင့်သွားရ၏။
သို့သော်လည်း ကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ယောက်မှာ မည်သည့်အမူအရာမှ မပြောင်းလဲသည်ကို သူမ သတိထားမိသည်။ ထို့ကြောင့် သူမ၏စိတ်နှလုံးက လှုပ်ရှားလာပြန်၏။
ချင်းချိုး မမှားပါ။ ရွှီချင်း၏အမူအရာက မည်သို့မှ မပြောင်းလဲချေ။
ခေါင်းဆောင်၏အမူအရာကား သုန်မှုန်နေသော်လည်း အလွန်အကျွံ တင်းမာခြင်းတော့ မရှိပါ။ သူက ထွဋ်ခေါင်နိုင်ငံမှ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များအား ကြည့်ကာ အေးစက်သောလေသံဖြင့် တစ်လုံးချင်းပြောသည်။
“သန့်စင်ရေလှိုင်းမျိုးနွယ်က အတော်လေး အတင့်ရဲပါလား။ မင်းတို့ နိုင်ငံအကြံပေးဆရာကို ခေါ်လိုက်စမ်း။”
ခေါင်းဆောင်က ထိုသို့ပြောလျှင် ထွဋ်ခေါင်နိုင်ငံက သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် နှာခေါင်းရှုံ့ကြ၏။ ဘုရင်က မျက်မှောင်ကျုံ့သည်။ ရွှီချင်းတို့အား လှည့်စားခဲ့သည်ဆိုသော မင်းသားသည်ကား ထိုစကားကိုကြားလျှင် ဟားတိုက်ရယ်မော၏။
“အရှင်တို့… ခင်ဗျားတို့က နည်းနည်းမေ့တတ်ရင်ကော… ခုနကပဲ ပြောလိုက်တယ်မလား။ ရှေးပဝေသနီကတည်းက ကောင်းကင်နက်မျိုးနွယ်အနေနဲ့ ဟန်ဆောင်လိမ်ညာပြီး ရောက်လာတဲ့အဖြစ်အပျက် ၃၆ ခုရှိတယ်ဆိုတာ။ ကျုပ်တို့က ဘယ်လို ကြိုသိတယ်ထင်လဲ။ ခင်ဗျားတို့က ဟန်ဆောင်နေတုန်းအခိုက်အတန့်ဆိုတော့ ခင်ဗျားတို့ရဲ့ အစစ်အမှန်အရောင်ကို ဖော်ထုတ်ပေးရမှာပေါ့။”
“နဂိုကတော့ လမ်းခရီးကတည်းက ခင်မင်မှုကို ထောက်ထားပြီးတော့ မျက်နှာသာနည်းနည်းပေးမလို့ပါပဲ။ အခုတော့ ထားလိုက်ပါတော့။”
လူငယ်က လှောင်ပြောင်စနောက်သော အမူအရာဖြင့် စကားပြောကာ လက်ဝှေ့ယမ်းလိုက်သည်။ သူ့နောက်မှ အဖြူရောင်မြို့သည် တုန်ခါသွားကာ မြို့တွင်းမှ အနက်ရောင်ရုပ်တုကြီးတစ်ခု လေထဲသို့ ပျံတက်လာသည်။
ရုပ်တုသည် ပေ ၃၀၀ခန့် မြင့်မားကာ ကောင်းကင်နက်မျိုးနွယ်၏ ရုပ်ရည်သွင်ပြင်ရှိသည်။
၎င်းသည် ချပ်ဝတ်အပြည့်အစုံဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို ရှေ့တွင်ပိုက်ထားသည်။ သူ့နဖူးတွင်လည်း လတံဆိပ်တစ်ခု ရေးထွင်းထားကာ အားကောင်းသောအငွေ့အသက်များ ထုတ်လွှတ်နေသည်။
“ကျုပ်တို့က ကောင်းကင်နက်ရုပ်တုကို ဒီလူကို စစ်ဆေးဖို့ တောင်းဆိုပါတယ်။”
မင်းသားသည် ကောက်ကျစ်သောအမူအရာတစ်ချက် ထုတ်ဖော်လိုက်ကာ ခေါင်းဆောင်အား လက်ညိုးထားပြသည်။
သူ၏လက်ညိုးထိုးလိုက်သည်နှင့် ဧရာမကောင်းကင်နက်ရုပ်တုကြီးသည် တုန်ခါသွားကာ စူးရှသောအလင်းများ ထုတ်လွှတ်၏။ ၎င်းသည် ခေါင်းကို ဖြေးလေးစွာ လှည့်ကာ ခေါင်းဆောင်အား တင်းမာစွာ ကြည့်သည်။
အကြည့်တစ်ချက်ဖြင့် ခေါင်းဆောင်၏ခန္ဓာကိုယ် တုန်ခါသွားပြီး ရုပ်တု၏ပါးစပ်မှ မိုးခြိမ်းမတတ်အသံများ ထွက်ပေါ်လာတော့သည်။
“သူ့ယုံကြည်မှုဟာ ရောထွေးနေပြီးတော့ မျိုးနွယ်ဟာလည်း ပရမ်းပတာဖြစ်နေတယ်။ သူဟာ ကောင်းကင်နက်မျိုးနွယ် မဟုတ်ဘူး။”
ရုပ်တု၏အသံ ထွက်ပေါ်လာသည်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။ မင်းသားကလည်း ဟားတိုက်ရယ်မောလိုက်ကာ သူ့မျက်လုံးများထဲက အထင်အမြင်သေးခြင်းမှာလည်း ပိုမိုအားကောင်းလာတော့သည်။
“မင်းတို့က ခေါင်းမာနေတုန်းလား…”
“ပြီးတော့… မင်း…”
“ကျုပ်တို့က ကောင်းကင်နက်ရုပ်တုကို ဒီလူအပေါ် စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။”
မင်းသားက ရွှီချင်းကို အထင်သေးစွာ လက်ညိုးထိုးပြသည်။
ထိုအခိုက်တွင် ဧရာမကောင်းကင်နက်ရုပ်တုက ရွှီချင်းအား တစ်ချက်လှမ်းကြည့်သည်။ သို့သော်လည်း အကြည့်တစ်ချက်တွင် အားလုံး အံ့အားသင့်ရအောင် ထိုရုပ်တုကြီးသည် ပြင်းထန်စွာ တုန်ခါသွား၏။
ထိုတုန်ခါမှုသည် အလွန်ပြင်းထန်၏။ ၎င်းထံမှ အနက်ရောင်အလင်းများပင် ထုတ်လွှတ်ကာ လေထုကို မတည်မငြိမ်ဖြစ်စေ၏။
၎င်းဖြတ်သန်းသွားသည့်လေထုတိုင်းသည် ပျက်ယွင်းတွန့်လိမ်သွားရ၏။
သန့်စင်ရေလှိုင်းမျိုးနွယ်များ အထိတ်တလန့်ဖြစ်နေစဉ်မှာပင် ရုပ်တုသည် ခြေလှမ်းကျယ်ကြီးဖြင့် ရွှီချင်းရှေ့သို့ ရောက်လာကာ ဒူးထောက်ချလိုက်တော့သည်။
သူ့မျက်နှာတွင် ကိုးကွယ်ယုံကြည်မှုများ ဖြစ်ပေါ်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“သခင့်ကို ကြိုဆိုပါတယ်။”