အနက်ရောင်သူရဲကောင်းရောက်လာပြန်ပြီ......
Vol. 40 Ch. 548
ဝုန်းးးး
ပဲ့ထိန်းကျည်တစ်တောင့်ကဲ့သို့ ပစ်လွှတ်လိုက်သောအနက်ရောင်လှံသည် လီလော့၏ခန္ဓာကိုယ်ကို ငွေရောင်သစ်ပင်အူတိုင်တွင် တံစို့ထိုးထားသလို ကပ်တွယ်နေစေသည်။
"ဟမ်?"
လီလော့၏ ခန္ဓာကိုယ် ရုတ်တရက် မှေးမိန်ပျောက်ကွယ်သွားသဖြင့် အနက်ရောင် သူရဲကောင်း အံ့အားသင့်သွားသည်။
"ဒါ..ပုံရိပ်ယောင်လား.? ကြွက်ကလေးတွေကစွမ်းသားပဲ....."
အခန်းတစ်ခုလုံးကို တုန်လှုပ်စေသော ပေါက်ကွဲသံများ ထွက်လာပြီး အနက်ရောင်သူရဲကောင်းက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြန်သည်။
ဝုန်းးးးးးး
ပုံရိပ်ယောင်များ ပျက်ပျယ်သွားကာ လူနှစ်ယောက်နောက်သို့လွင့်စင်ပြီး သစ်ပင်နှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်ကုန်သည်။
လီလော့နှင့်လုမင်.....
လီလော့ သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ အနက်ရောင်သူရဲကောင်း၏တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းလှသည်။ ကြိုတင်သတိထားမှုကြောင့် ပုံရိပ်ယောင်များကိုမဖန်တီးထားလျှင် အခုနေလောက်ဆို လီလော့လည်း လူသားတုတ်ထိုးဖြစ်နေလောက်ပြီ.....
"ကျေးဇူးတင်ပါတယ်" ဟု ချောင်းဆိုးနေရင်းကနေ လုမင်ကိုလှမ်းပြောလိုက်သည်။
လုမင်သည် သူမ၏ သေးသွယ်သော ဓားကို လက်ထဲတွင် ကိုင်ထားပြီး အနက်ရောင် သူရဲကောင်းနှင့် ရင်ဆိုင်ခဲ့သည်။
"ရပါတယ်.... ဒီကောင်က ဘာဖြစ်နေတာလဲ...ဘာလို့ဒီနေရာမှာ တခြားလူတွေ ရှိနေရတာလဲ"
"အကြီးအကဲလင်းယွီ ပြောခဲ့သလိုပါပဲ၊ မဟူရာလေပြင်းအင်ပါယာရဲ့ ကပ်ဘေးက လူတွေကြောင့် ဖြစ်လာတယ်ဆိုတာမှန်နေလောက်ပြီ..... ငါ့ရဲ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒီအနက်ရောင်သူရဲကောင်းက အဲဒီ စိတ်ညစ်စရာအဖွဲ့အစည်းတွေထဲကတစ်ယောက်ပဲ သူတို့က မိုးကြိုးသစ်ပင်ကို ဖျက်ဆီးခဲ့တဲ့သူတွေဖြစ်နိုင်တယ်.... ”
" ဒီလူ ဘယ်လိုလုပ်ပြီး ကမ္ဘာခြားသက်ရှိတွေကို ကူညီနိုင်ရတာလဲ"
လုမင်က ထိတ်လန့်စွာ မေးလိုက်သည်။
ကမ္ဘာခြားသက်ရှိများကြောင့်ဖြစ်ပေါ်နေသော ဘေးဒုက္ခများကို သူမ မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရဖူးသည်။
"နင်က ငါ့ကိုမေးတော့...ငါကဘယ်သူ့ကိုသွားမေးရမှာလဲ...."
လီလော့က ရေရွတ်လိုက်သည်။
" ကြွက်စုတ်လေး.... ငါ မင်းကိုမှတ်မိတယ်..... မြစ်စောင့်မြို့မှာတုန်းက မင်းကို မသတ်နိုင်ခဲ့ဘူး...အခုမင်း ငါ့ရှေ့ရောက်လာပြန်ပြီ...."
အနက်ရောင်သူရဲကောင်းက လက်သီးဆုပ်ပြီး လှံကို ပြန်လည်ဆင့်ခေါ်လိုက်သည်။
"အော်...ဒါဆို ခင်ဗျားပဲပေါ့..."
ဤပုဂ္ဂိုလ်၏ အော်ရာကိုရင်းနှီးနေပြီးသားမို့ မြစ်စောင့်မြို့တွင် တွေ့ခဲ့သူမှန်း လီလော့ သိနေပြီးသားပင်.....
"အရင်တစ်ခေါက်က ဟိုကောင်မလေး လာကယ်သွားတယ်.... ဒီတစ်ကြိမ် မင်း သိပ်ကံကောင်းမှာ မဟုတ်ဘူး" ဟု အနက်ရောင်သူရဲကောင်းက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
ဟာရီကိန်းမုန်တိုင်းလို ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေကို တွန်းထုတ်ပြီး သူ့ရဲ့စွမ်းအားကို ပြန်ပြီး အားဖြည့်လိုက်သည်။
ခွန်အား ကွာဟမှုက ကြီးမားလွန်းလှသည်။
"ဟူးးးလီလော့...နင့်နောက်ကိုလိုက်လာပြီးကတည်းက ဒုက္ခရောက်မယ်ဆိုတာ ငါသိတယ်။"
လုမင်က ဝိဉာဉ်မှန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ညည်းငြူနေသည်။
ဆရာသခင်အဆင့်လောက်နှင့် မြေနတ်ဆိုးခန္ဓာအဆင့်ကိုမည်သို့ရင်ဆိုင်မည်နည်း.....
"မကြောက်နဲ့...."
လီလော့က တည်ငြိမ်စွာပြောလိုက်သည်။ သူတို့ရှေ့က အနက်ရောင်သူရဲကောင်းဟာ မြေနတ်ဆိုးခန္ဓာအဆင့်ဖြစ်သော်လည်း မကျော်လွှားနိုင်စရာ အကြောင်းမရှိပေ။
သူ့လက်ကောက်ဝတ်ပေါ်က ကြက်သွေးရောင်လက်ကောက်ကို ငုံ့ကြည့်လိုက်သည်။ အရေးပေါ်အခြေအနေများအတွက် အချိန်အကြာကြီး ကိုင်ထားပြီးနောက် အသုံးပြုရန် အချိန်တန်ပါပြီ။
လီလော့၏ ခပ်အေးအေးအပြုအမူကြောင့်လုမင် အံ့သြနေမိသည်။
"သူရူးနေတာလား? ဒါမှမဟုတ် သူ့မှာ ဝှက်ဖဲရှိနေသေးတာလား....."
"မင်းငါ့ကိုမခြိမ်းခြောက်နိုင်ဘူး"
အနက်ရောင်သူရဲကောင်းက လှောင်ပြောင်လိုက်ပြီး သူ၏အနက်ရောင်လှံတံသည် ဒေါသကြီးသော နဂါးတစ်ကောင်သဖွယ် ဟိန်းဟောက်သံထုတ်လွှတ်နေသည်။
ဤတစ်ကြိမ်တွင်၊ လှံသည် ပြဒါးရည်များကဲ့သို့ ၎င်းတို့ဆီ လျင်မြန်စွာ ကူးခတ်ပျံသန်းလာနေသည်ါ
ဤအဆင့်တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် လီလော့တို့တွင် နည်းလမ်းမရှိသင့်ပေ။
လုမင်က သူမ၏ ဝိညာဉ်မှန်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး လီလော့ကလည်း အနီရောင်လက်ကောက်ပေါ် လက်တင်ကာ ပဲ့တင်ထပ်သံပူပေါင်းများကို ဖောက်ခွဲရန်အသင့်ပြင်ထားသည်။
ဝုန်းးးး
နှစ်ယောက်သား လှုပ်ရှားဖို့ ပြင်လိုက်စဉ်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ လျှပ်စီးကြောင်းတွေက အပေါ်စီးကနေ ထွက်ပေါ်လာပြီး လှံကိုမြေပြင်ပေါ်ရိုက်ချလိုက်လေသည်။
လီလော့နှင့်လုမင်တို့ တအံ့တသြ မျက်တောင်ခတ်လိုက်မိသည်။
သစ်ပင်မှဆူးပင်များ လျင်မြန်စွာကြီးထွားလာပြီး အနက်ရောင် သူရဲကောင်းကို ချိန်ရွယ်ထားသည်။
"ဒါ..." လုမင် အံ့ဩသွားသည်။
"သစ်ပင်က ငါတို့ကို ကယ်နေတာပဲ...ခုနက ကုသပေးလိုက်တာကသူ့ကိုခွန်အားအချို့ပြန်ရစေတဲ့ပုံပဲ....."
လီလော့ ဝမ်းပန်းတသာအော်လိုက်ပြီး ကြက်သွေးရောင်လက်ကောက်ကို လက်လွှတ်လိုက်သည်။
ရုန်းရင်းဆန်ခတ်ဝင်ရောက်လာသော မိုးကြိုး သစ်ပင်သည် မမျှော်လင့်ထားသော အကျိုးကျေးဇူးတစ်ခုဖြစ်သည်။
ဝုန်းးးး
မိုးကြိုးသစ်ပင်က လျှပ်စီးကြောင်းများဖြင့် တိုက်ခိုက်နေသောကြောင့်အနက်ရောင် သူရဲကောင်းသည် လျှပ်စီးကြောင်းကို စုပ်ယူကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲစေသည့် ပဲ့တင်ထပ်သ့စွမ်းအားလှိုင်းများကို ဖန်တီးကာ ခံစစ်အနေအထားဖြင့်ခုခံနေရသည်။
" ဟမ့်... မိုးကြိုးသစ်ပင် မင်းက ကြမ်းချင်ယောင်ဆောင်နေတာပဲ.... မင်းသာ စွမ်းအားပြည့်နေရင် ငါဒီမှာနေဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကျန်နေတဲ့ စွမ်းအားနည်းနည်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်ရင် သိပ်ကိုနုံအလွန်းတာပဲ..... "
သူ့ရဲ့လှံကို လှုပ်ခါတိုင်း၊ စွမ်းအားလှိုင်းအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး မကြာခင်မှာ လျှပ်စီးကြောင်းတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိလာသည်။
"မင်းရဲ့စွမ်းအားတွေ ကုန်သွားပြီ !..မင်းအလှည့်ပြီးရင် ကြွက်တွေကို ငါချေမှုန်းမယ်...ကြီးမြတ်သောအရှင်ရဲ့စွမ်းအားကိုဘယ်သူအံတုနိူင်မှာလဲ....."
ငွေရောင်သစ်ပင်အူတိုင်သည် စွမ်းအားအချို့ကို ညှစ်ထုတ်နေပုံရသည်။သစ်ပင်မှအဆူးများကလည်း တလက်လက်တောက်ပလာသည်။
"လီလော့...မိုးကြိုးသစ်ပင်က သိပ်ကြာကြာမထိန်းနိုင်တော့ဘူး။ ငါတို့ကူညီနိုင်မလား"
လုမင်က အလောတကြီး မေးလိုက်သည်။
"အနက်ရောင်သူရဲကောင်းက သူ့ရဲ့ စွမ်းအင်အားလုံးကိုတိုက်ခိုက်တဲ့နေရာမှာမသုံးထားဘူး.... သူက ငါတို့အတွက် သီးသန့်ချန်ထားသေးတယ်.... ငါတို့က မဆင်မခြင် လှုပ်ရှားလိုက်မယ်ဆို သူ့အကွက်ထဲဝင်သွားလိမ့်မယ်...."
လီလော့ ခဏလောက်တွေးပြီး လေးကို ဆွဲထုတ်လိုက်သည်။
သူသည် အလင်းမြှားတစ်စင်းကို အနက်ရောင်သူရဲကောင်းဆီ ပစ်လွှတ်လိုက်သည်။
ဒင်!
မြှားချက်က အလင်းမှုန်များအဖြစ်ပျံ့ကြဲသွားသော်လည်း အနက်ရောင်သူရဲကောင်း၏ချပ်ဝတ်ပေါ်တွင် ခြစ်ရာပင်မထင်ခဲ့ပေ။
ထိုသူသည် အင်မတန်သန်မာသည့်အပြင် အနက်ရောင်ချပ်ဝတ်ကလည်း ပေါ့သေးသေးမဟုတ်ပေ။ဤသည်မှာ ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပင်......
ဒါပေမယ့် ထိုလူပြောသလိုပဲ မိုးကြိုး သစ်ပင်သည် ဤနေရာတွင် စွမ်းအင်ကုန်သွားကာ ၎င်း၏တိုက်ခိုက်မှုများ အားနည်းလာသည်။
လီလော့ စဉ်းစားရကြပ်နေချိန်တွင် သူတို့ဘေးက မြေပြင် ရုတ်တရက် အက်ကွဲလာပြီး ကြမ်းတမ်းသော သစ်သားမြှားတစ်စင်းပေါ်ထွက်လာသည်။
၎င်းသည် ဟောင်းနွမ်းနေပုံရပြီး ရိုးရှင်းသော်လည်း အလွန်သန့်စင်သည်။ မြှား အတွင်းပိုင်းတွင် အလွန်သန့်စင်သော လျှပ်စီးကြောင်းများ ရှိနေကြောင်း ခံစားနိုင်သည်။
"အထဲမှာရှိနေတဲ့စွမ်းအားက အံ့သြစရာပဲ"
လုမင် အံ့သြသွားသည်။ လျှပ်စီးပဲ့တင်ထပ်သံ အသုံးပြုသူတစ်ဦးအနေဖြင့်၊ သူမသည် ဤမြှားအကြောင်း လီလော့ထက်ပင်ပိုသိနေသည်။
လီလော့က မြှားကိုဝမ်းသာအားရ လှမ်းယူလိုက်သည်။ မိုးကြိုးသစ်ပင်သည် အနက်ရောင်သူရဲကောင်းကိုအဆုံးသတ်ရန် ထိုကဲ့သို့သောအရာကိုထုတ်ပေးနေပြီ.....
ဉာဏ်ကောင်းလိုက်တဲ့သစ်ပင်.......