နတ်ဘုရားရုပ်ထု (ခ)
Vol. 40 Ch. 594
“အထက်တန်းမျိုးနွယ်ကို နှုတ်ဆက်ပါတယ်”
သူ့စိတ်ထဲ ရှုပ်ထွေးနေသည်။ ဤသည်က အိပ်မက်ကဲ့သို့ပင်။
“ရွှီချင်းနောက်မှ ချင်းချိုးသည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။ တစ်ချိန်ထဲတွင်ပင် သူမ၏ရင်တွင်းမှ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်ဟု ခံစားရသည်။ သူမ ရှေ့မှ ၎င်းကောင်းကင်နက်မျိုးနွယ်သည် အလွန်မြင့်မားသော အဆင့်အတန်းရှိကြောင်း နားလည်သွားသည်။
‘ငါ သူ့ကို သတ်လိုက်ရင်’
ချင်းချိုး သူမ ခေါင်းကို ငုံ့လျက် ရင်ထဲမှ သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်လိုက်သည်။
လူတိုင်း ရင်ထဲ ဗြောင်းဆန်နေစဉ် ရွှီချင်း ရှေ့တိုးလိုက်သည်။ သူသည် ရှေ့တွင် ရှိနေသော ကောင်းကင်နက် ရုပ်ထုဆီ တစ်လှမ်းချင်း လှမ်းသွားပြီး ၎င်း၏ခေါင်းပေါ်တွင် ရပ်လိုက်သည်။ ထို့နောက် ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“မင်း ခန့်မှန်းတာ မှန်တယ်။ ငါက လုံးဝ ဟန်ဆောင်နေတာပဲ”
သူ့အသံ ထွက်လာသည်တွင် ပတ်ပတ်လည်မှ လူများသည် တစ်ဦးပြီး တစ်ဦး ခေါင်းငုံ့ လိုက်ကြသည်။
“ငါက သာမန်ကောင်းကင်နက်မျိုးနွယ်ဝင် အဖြစ် ဟန်ဆောင်နေတာပဲ”
သူ ပြောပြီးသည်တွင် သူ့ခန္ဓာကိုယ်ထဲရှိ လေးခုမြောက် နတ်နန်းတော်သည် တုန်ခါသွားပြီး သူ့အောက်မှ ကောင်းကင်နက်ရုပ်ထုသည် ထရပ်လာကာ ထိတ်လန့်ဖွယ် ဖိအားကို အရပ်လေးမျက်နှာသို့ ထုတ်လွှတ်လိုက်သည်။ အနက်ရောင်အလင်း ပျံနှံ့သွားသည်တွင် တိမ်များ လေများ ထန်သွားပြီး ကောင်းကင်အရောင် ပြောင်းလဲသွားသည်။
ခေါင်းဆောင်သည်လည်း ရှေ့တိုးလိုက်ပြီး ရုပ်ထုပေါ်သို့ တက်၍ ရွှီချင်းနောက်တွင် ရပ်လိုက်ကာ မြေပြင်ပေါ်သို့ မထီမဲ့မြင် ကြည့်လိုက်သည်။
ကောင်းကင်နက်ရုပ်ထုသည် လေထဲသို့ မြင့်လာပြီး အရှိန်အဝါကြီးစွာ ထုတ်ဖော်၏။
၎င်း၏ခေါင်းပေါ်ရှိ ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ ပုံရိပ်များသည် ဝေဝါးသွားပြီး သူတို့သည် မိုးကုတ်စက်ဝိုင်းအောက်ရှိ ညကောင်းကင်နှင့် ပေါင်းစပ်သွားကာ ဆန်းကြယ်သော အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေသည်။
မြေပြင်ပေါ်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်နေကြသည်။ ဘုရင်ကြီးသည် တွန့်ဆုတ်သော အမူအရာနှင့် ရှိနေသော်လည်း သူက ထပ်၍ ဦးညွတ်ရမည် ဖြစ်ကြောင်း နားလည်သည်။
“နတ်သားတော်ကို နှုတ်ဆက်ပါတယ်”
ထို့နောက် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် တညီတညွတ်ထဲ ဦးညွတ်လိုက်ကြ ပြန်သည်။
ထိုအခိုက်အတန့်တွင် မင်းသားမျက်လုံးများမှ ကြည်ညိုလေးစားမှုများ ထွက်ပေါ်နေပြီး သူ့အသံက အကျယ်ဆုံး ဖြစ်သည်။
သူသည် သန့်စင်ရေလှိုင်းမျိုးနွယ်မှ ဖြစ်ပြီး ၎င်းမျိုးနွယ်သည် တစ်ချိန်က လူသားမျိုးနွယ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤမင်းသားတွင်လည်း လူသားကဲ့သို့ သဘာဝ ရှိသည်။ မေးမြန်းပြီးနောက် ယုံကြည်မှု ခိုင်မာသွားသည်တွင် သာမန်ထက်ပို၍ ပြတ်ပြတ်သားသား လုပ်တတ်သည်မှာ လူသား သဘာဝ ဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏အရိုအသေပေးမှု အောက်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့က ထွက်ခွာမသွားပေ။ သူတို့သည် ထွဋ်ခေါင်နိုင်ငံတွင်းသို့ ဝင်ရောက်ရန် ဘုရင်၏ဖိတ်ခေါ်ခြင်းကို ခံရသည်။ သူတို့အတွေးများကို ထွဋ်ခေါင်နိုင်ငံအား ရှင်းပြရန် မလိုအပ်သလို ထွဋ်ခေါင်နိုင်ငံသည်လည်း မေးခွန်းမထုတ်ဝံ့ပေ။
သို့သော် သူတို့ မြို့ထဲ ဝင်လာသည်တွင် ခေါင်းဆောင်က အစစ်အမှန်အင်မော်တယ်အူခွေဆယ်ခု နယ်မြေ အကြောင်း မေးလိုက်ပြီး တာအိုသစ်သီးများ ရင့်မှည့်ရန် ကိုးရက် လိုသေးကြောင်း သိလိုက်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် ထွဋ်ခေါင်နိုင်ငံ နန်းတော်ထဲသို့ ဝင်လိုက်သည်။ ကောင်းကင်နက်ရုပ်ထုကမူ နန်းတော်အထက်တွင် ဝဲပျံနေပြီး ပတ်ပတ်လည် စောင့်ကြပ်နေသည်။
ချင်းချိုးကိုမူ ခေါင်းဆောင်၏တောင်းဆိုချက်အတိုင်း အစေခံ ဝတ်စုံ ဝတ်ဆင်ပေးထားပြီး ဤအတောအတွင်း အမျိုးသမီးအစေခံ ဖြစ်လာသည်။
ချင်းချိုးသည် အံကြိတ်လျက် လက်ခံရန်သာ တတ်နိုင်သည်။
ကောင်းကင်နက်မျိုးနွယ်၏နတ်သားတော် ရောက်ရှိလာသည် ဟူသော သတင်းသည် ဖုံးကွယ်ရန် မဖြစ်နိုင်ဘဲ ၎င်း၏ဂယက်က အလွန် ကြီးမားလှသည်။ များမကြာမီ ၃၆ မြို့စလုံးက ထိုအကြောင်းကို ကြားသိလိုက်ကြသည်။ သူတို့အားလုံးသည် ထိတ်လန့်သွားပြီး အလိုလို သံသယ ဝင်မိသွားကြသည်။
သုံးရက် ကုန်ဆုံးသွားသည်။
ထိုသုံးရက်အတွင်း ရွှီချင်းက ကောင်းကင်နက်ရုပ်ထုကို လေ့လာရန် အဓိက အာရုံစိုက်ထားသည်။ ခေါင်းဆောင်သည်လည်း သူ့ကို ရုပ်ထု ဒူးထောက်သည့် ကိစ္စကို မေးသည်။
သူတို့ လမ်းတလျှောက် ပြောလာသည်တွင် ရွှီချင်းသည် ခရမ်းလအကြောင်း တိမ်ချန်ထားခဲ့ပြီး အနီရောင်လ အငွေ့အသက် အကြောင်းကိုသာ ထုတ်ပြောခဲ့သည်။
“ငါမှာလည်း အနီရောင်လရဲ့ အရှိန်အဝါ ရှိတယ်။ ဒါက မဟုတ်သေးဘူး။ ဘာလို့ ဒီပစ္စည်းက ငါ့ကို ဒူးမထောက်တာလဲ။ ငါ့ရဲ့ ယုံကြည်မှုက ရောယှက်နေပြီးတော့ ငါ့ရဲ့ သွေးမျိုးဆက်က ကစဉ့်ကလျား ဖြစ်နေတယ်လို့တောင် ပြောရတယ်။ ဒါက အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ”
ခေါင်းဆောင် အနည်းငယ် မရွှင်မလန်း ဖြစ်သွားသည်။
ရွှီချင်း ထိုအကြောင်း တွေးလိုက်ပြီး နတ်မိမယ် ကျစ်ရွှမ် သူ့ကိုယ်ပေါ်တွင် ဆွဲပေးလိုက်သော ရုပ်ဖျက်အဆောင် အကြောင်း သူ့ကို ပြောပြလိုက်သည်။
ခေါင်းဆောင်သည် မနာလိုသော အမူအရာ ရှိနေပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ကူကယ်ရာမဲ့စွာနှင့် မက်မွန်သီးတစ်လုံး ထုတ်စားလိုက်သည်။
ခန်းမ အပြင်ဘက်တွင် ဘုရင်သည် သူ့သားကို လွှတ်၍ သူတို့ကို လာရောက်လည်ပတ်ရန် လေးစားစွာ ဖိတ်သည်။
“အရှင်နတ်သားတော်… ၃၆ မြို့က အရှင့်အတွက် ပွဲတစ်ခု ကျင်းပဖို့ ရိုးသားစွာ တောင်းဆိုပါတယ်”
“အရှင်နတ်သားတော်က ဒါကို စိတ်မဝင်စားဘူး”
ခန်းမထဲတွင် ခေါင်းဆောင်က ရွှီချင်းအစား ပြောလိုက်သည်။
ထိုစကား ကြားသောအခါ ဘုရင် ခေါင်းငုံ့လိုက်သည်။ သူ့အမူအရာ ပြောင်းလဲသွားသည်ကို မည်သူမျှ မမြင်နိုင်ပေ။ သူက လေးစားစွာနှင့် ဆက်ပြောသည်။
“ကျနော် အလျင်လိုသွားပါတယ်။ တခြားမြို့တွေကို ချက်ချင်း သတင်းပို့လိုက်ပါမယ်။ ဒါ့အပြင် ထွဋ်ခေါင်နိုင်ငံရဲ့ နတ်ဆရာလည်း ပြန်လည်ရောက်ရှိနေပြီး အရှင်နဲ့ တွေ့ဖို့ တောင်းဆိုထားပါတယ်”
“မတွေ့ဘူး”
ခေါင်းဆောင် ဆက်ပြောသည်။
ဘုရင်သည် သူ၏ခေါင်းကို ဆက်ငုံ့ထားသည်။ အချိန်များစွာ ထိုနေရာတွင် ရပ်နေပြီးနောက် သူက ဆက်ပြောသည်။
“ကျနော့်သား မူယဲ့က အရှင့်ကို အမျက်ထွက်စေခဲ့ပါတယ်။ ကျနော် သူ့ကို ပြင်းပြင်းထန်ထန် အပြစ် ပေးပြီးပါပြီ။ အရှင်မှာ တခြား ညွှန်ကြားစရာများ ရှိပါသေးလား”
ခေါင်းဆောင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုစကားလုံးများတွင် တခြား အဓိပ္ပါယ်များ ပါနေသည်ကို သိနေသောကြောင့် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်း တည်ငြိမ်နေသည်။ သူသည် ဘုရင်ဘေးတွင် ဒူးထောက်နေသော မင်းသားကို ကြည့်လိုက်သည်။
“မူယဲ့.. မင်းက တစ်ခါက ကောင်းကင်နက်မျိုးနွယ်ရဲ့ ကောင်းချီးအပ်နှင်းမှုကို ရချင်တယ်လို့ ပြောဖူးတယ်”
ရွှီချင်း ပြောပြီးပြီးချင်းတွင် သန့်စင်ရေလှိုင်းမျိုးနွယ် လူငယ်သည် ချက်ချင်း ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများသည် ကြည်ညိုလေးစားမှုများ ထုတ်ဖော်လျက် လေးနက်စွာ သုံးကြိမ်တိုင်တိုင် ဒူးထောက် အရိုအသေပေးလိုက်သည်။
ထွဋ်ခေါင်နိုင်ငံ့ဘုရင်သည် သူ့ခေါင်းကို ငုံ့ထားဆဲ ဖြစ်ပြီး မည်သည့် စိတ်ခံစားမှုမှ ထုတ်မပြပေ။
“အံ့ဖွယ်ကောင်းကင်မိစ္ဆာလဆေးလုံးနဲ့ အင်မော်တယ်အူခွေတာအိုသစ်သီး ၁သိန်း”
ရွှီချင်းသည် လေမဖြုန်းတော့ဘဲ ကောင်းချီးအတွက် လိုအပ်သော ပစ္စည်းနှစ်ခုကို တိုက်ရိုက် ပြောလိုက်သည်။
သူသည် ဟန်ဆောင်နေခြင်း ဖြစ်သော်လည်း အလွန် ဟန်များသွားလျှင် မထိန်းချုပ်နိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို ကောင်းကောင်း သဘောပေါက်ထားသည်။
သူက မည်သူ့ကိုမှ လျှော့မတွက်နိုင်ပေ။ မင်းသားတစ်ယောက်ပင် ထိုကဲ့သို့သော အကြံဉာဏ်ရှိပါလျှင် သူ့ရှေ့တွင် ရှိနေသော ဘုရင်မဆိုထားနှင့် ထွဋ်ခေါင်နိုင်ငံမှ ကျင့်ကြံသူများဆိုလျှင် အဘယ်ရှိအံ့နည်း။
သူ လိုအပ်သော အရာများကို ထိုကဲ့သို့ နည်းလမ်းနှင့် ထုတ်ပြောပြီးနောက် ပို၍ စဉ်းစား ချင့်ချိန်မှုများ မတိုင်မီ သူ၏အကြိမ်ကြိမ် ငြင်းဆိုမှုများနှင့် ဆက်စပ်လိုက်လျှင် ၎င်းသည် ရွှီချင်း မျှော်လင့်ထားသော ရလဒ် အတိအကျ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသည် မည်သည့်အရာကိုမဆို မျက်စိမှိတ် မငြင်းရန် တစေလက်က သူ့ကို သင်ကြားထားသောကြောင့် ဖြစ်သည်။ သူက အဖြေမှားတစ်ခု ပေးရမည်။ သို့မှသာ ပိုပြီး ယုံကြည်ဖွယ် ဖြစ်သည်။
ထို့ကြောင့် သူ့အသံ ထွက်ပေါ်လာပြီး ဘုရင်က မသိမသာ မျက်မှောင် ကြုတ်သွားသည်တွင် ရွှီချင်း တည်ငြိမ်စွာ ပြောသည်။
“မူယဲ့ ရှေ့တိုးခဲ့”
ဘုရင် ထိတ်လန့်သွားသည်။ သူ့ဘေးမှ လူငယ်သည် ထိုစကား ကြားသောအခါ အသက်ရှူသံ မြန်ဆန်လာပြီး သူ့အကြည့်များက ပို၍ပင် ကြည်ညိုလေးစားမှုများ ပြည့်လာသည်။ သူသည် မတ်တပ်ရပ်၍ ခန်းမထဲသို့ လေးစားစွာ လျှောက်လာပြီး ရွှီချင်း ရှေ့တွင် ဒူးထောက်လျက် ကျယ်လောင်စွာ ပြောသည်။
“နတ်သားတော်”
ရွှီချင်း ညာဘက်လက် မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ စတုတ္ထမြောက် နတ်နန်းတော် တုန်ခါသွားပြီး ခရမ်းလမှ ဖြစ်တည်လာသော အထူးဓါတ်နှော မီးခိုးတန်းတစ်ခုသည် သူ၏လက်ညှိုးတွင် စုစည်းသွားပြီး မင်းသားနဖူးကို တို့ထိလိုက်သည်။
ထိချက် အပြီးတွင် မင်းသားတစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းအဆင့် ပေါက်ကွဲ သွားသည်။ ခရမ်းရောင်အလင်း အရိပ်အယောင်များ သူ့မျက်လုံးထဲ တောက်ပသွားပြီး အနီရောင်လနှင့် လုံးဝ နီးစပ်သော အရှိန်အဝါ တစ်ခုသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်သည်။
မြင့်မြတ်သော အငွေ့အသက်တစ်ခုပင် သူ့ဆီမှ ထွက်ပေါ်နေသည်။ ရွှီချင်းကို ကြည့်သော သူ့အကြည့်တို့က ကြည်ညိုလေးစားခြင်း မဟုတ်တော့ဘဲ ကိုးကွယ်ခြင်း ဖြစ်လာသည်။ သူသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဝပ်တွားလိုက်ပြီး အရိုအသေ ပေးလိုက်သည်။
“သခင်”
ထိုမြင်ကွင်းသည် ဘုရင့်စိတ်ထဲ ထိတ်လန့်ကာ ဂယက်ထ သွားစေပြန်သည်။ သူ့အမူအရာသည် လျင်မြန်စွာ ပြောင်းလဲနေပြီး အသက်ရှူသံ မြန်လာသည်။
သူ၏ကျင့်ကြံခြင်း အခြေခံနှင့် ရွှီချင်းကို ထွင်းဖောက် မမြင်နိုင်သော်လည်း သူ့သားကိုမူ ထွင်းဖောက် မြင်နိုင်သည်။ ထိုအခိုက်အတန့်တွင် သူ့သား ခန္ဓာကိုယ်ပေါ်မှ ကောင်းကင်နက်မျိုးနွယ် အရှိန်အဝါနှင့် သူ၏စိတ်စွမ်းအား ပြောင်းလဲသွားသည်ကို ရှင်းလင်းစွာ အာရုံ ခံမိသည်။
ထိုအရှိန်အဝါသည် သူ့အသွေးအသားနှင့် ကျင့်ကြံခြင်း အခြေခံထဲ ပေါင်းစပ်သွားသည်။ ၎င်းသည် ကောင်းချီးရသွားသော သူ့ကို ကောင်းကင်နက်မျိုးနွယ်၏စွမ်းရည် တစိတ်တပိုင်းကိုလည်း အသုံးပြုသွားနိုင်စေသည်။
၎င်းသည် ကောင်းကင်နက်မျိုးနွယ် ကောင်းချီးပေးခံရသော ပြည်ထောင်ထဲရှိ ဘုရင်၏ မြင့်မြတ်သော သားတော်များ၊ မြို့စားများနှင့် အတိအကျ တစ်ပုံစံထဲ ဖြစ်သည်။
သန့်စင်ရေလှိုင်းမျိုးနွယ်ထဲတွင် ရုပ်ထုရှိသော နေရာများသည် အလွန် အရေးပါသည်။ ၎င်းအရှိန်အဝါသည် သူတို့၏ရုပ်ထုနှင့် အထောက်အထားများသည် ယခုနှင့် လုံးဝ ကွဲပြားသွားပြီ ဖြစ်ကြောင်း ကိုယ်စားပြုသည်။
သူ့ရင်ထဲ လှိုင်းထန်နေသည့် ကြားတွင် ဘုရင်သည် ရွှီချင်းကို ကြည့်သည်။ ရွှီချင်းသည်လည်း သူ့ကို ကြည့်သည်။
ရွှီချင်း စကားမပြောတော့ပေ။ သူ၏လုပ်ဆောင်ချက်များနှင့် ရပ်တည်ချက်ကို ဖော်ပြလိုက်သည်။
ယခင် ငြင်းပယ်မှု အနည်းငယ်သည် ဟန်မျှသာဖြစ်ပြီး ၎င်းသည် သဘောတူညီမှု တစ်ခု မဟုတ်ဘဲ ညွှန်ကြားချက် တစ်ခု ဖြစ်သည်။
ထိုသည်က ကောင်းကင်နက်မျိုးနွယ်၏ ခိုင်မာသော အထောက်အထားဖြစ်သည်။
ထို့ပြင် ၎င်းသည် သာမန်ထက် မပိုပေ။