ဆူဇီမို၏ အသက်သွေးကြော (သို့) အညှာ
Vol. 24 Ch. 346
ရွှစ်.. ရွှစ်.. ရွှစ်..
ကြယ်တွေကြွေနေသလို ဓါးပျံများက တစ်လက်ပြီးတစ်လက် လူအုပ်ကြီးကိုဖြတ်၍ ဟိုမှဒီမှ ကူးလူးယှက်ဖြာ ပျံသန်းနေကြပြီး စိတ်ဝိညာဉ်တိုက်ကွက်များ ရိုက်ခတ်ထိတွေ့သည့်အသံများကလည်း ဆက်တိုက်ထွက်ပေါ်နေ၏။ တိုက်ပွဲမြေတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေလေပြီ။
မဟာကျိုးအင်ပါယာက ခဏတာ အသက်ရှုချောင်၍ ယာယီအသာစီးရနေခဲ့ခြင်းမှာ ဆူဇီမိုက ရှေ့သို့ထွက်ပြီး သွမ့်မင်တကို သတ်ဖြတ်ကာ မဟာရှန်အင်ပါယာမှ ကျင့်ကြံသူအများစု၏ အာရုံကို ဆွဲဆောင်သွားသောကြောင့် ဖြစ်လေသည်။
တစ်ကယ်တမ်းမှာတော့.. သွေးကင်းခြေများတွေထံမှ ထွက်ပြေး၍ ခရီးအတန်ကြာ ပြေးလွှာပြီးနောက် ကျိယောင်ရွှယ်နှ့င် အခြားသူများသည် မောပန်းနုန်းချိနေကြပြီဖြစ်လေသည်။
မဟာရှအင်ပါယာကပါ ဝင်ပါလာသောအခါ ကျိယောင်ရွှယ်နှင့် အခြားသူများသည် သေရေးရှင်ရေး အနေအထားသို့ ရောက်သွားလေပြီ။
မဟာရှအင်ပါယာမှ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကျင့်ကြံသူ၊ ကောယီသည် ဆန်းကြယ်တောင်ထွတ်မှ ကျိချန်းရှန်ကို မလွတ်တမ်း စိုက်ကြည့်နေ၏။
ဘာပဲပြောပြော.. ကျိချန်းရှန်က မရီးဒါန်ငါးခု အခြေတည်အဆင့်ကျင့်ကြံသူဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးမျိုးကိုလည်း တတ်မြောက်ထားသေး၏။ သူ၏ ပေါ့ပါးဖျတ်လတ်မှုနှင့် ဓါးသိုင်းကောင်းပုံတို့ကြောင့် အတော်လေး ကိုင်တွယ်ရခက်မည့် လူတစ်ယောက်ပင်။
ကောယီတိုက်ခိုက်လိုက်သည်နှင့် စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများက တစ်ပြိုင်တည်း အိတ်သွန်ဖာမှောက် ထွက်ပေါ်လာ၏။ သူက တိုက်ခိုက်မှုကို အမြင့်ဆုံးအရှိန်အဟုန်ဖြင့် စတင်ပြီး ကျိချန်းရှန်ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ရန် ကြံစည်လိုက်၏။
ရွှစ်..
လေထုကိုဖြတ်၍ အလင်းတန်းတစ်ခုက ပျံသန်းလာပြီး လေထဲတွင်ရှိသော ကျိချန်းရှန်ဆီသို့ ထိုးဖောက်ဖို့ လာနေ၏။
ကောယီသည် ကျွမ်းကျင်ဓါးသမားတစ်ယောက်ဖြစ်ပြီး အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ၏ ဓါးပျံက အလွန်တရာ လျှင်မြန်ပြီး ဆန်းကြယ်ဓါးသိုင်းကို လေ့ကျင့်ထားသော ကျိချန်းရှန်ထက် အောက်ကျမနေပေ။
ကျိချန်းရှန်၏ အမူအယာက ပြောင်းလဲသွား၏။
သူသာ သူ၏ အကောင်းဆုံး အခြေအနေမှာ ရှိနေလျှင် ဆန်းကြယ်တောင်ပံကိုသုံးပြီး ဤတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လောက်၏။
သို့သော်လည်း ဓါးချီ၏ ထက်ရှမှုကို သူအာရုံခံမိသည့်အချိန်တွင် ရှောင်တိမ်းဖို့က နောက်ကျသွားလေပြီ။ သူသည် ဝတ်ရုံစကို လှုပ်ခါ၍ ဓါးပျံတစ်လက်ကို ဆင့်ခေါ်ထုတ်ကာ ဝင်ရောက်လာသော ဓါးပျံကို ခုခံဖို့ လုပ်လိုက်၏။
ချွမ်း..
လေထဲတွင် ဓါးပျံနှစ်လက်က ရုပ်လုံးပေါ်လာပြီး ထက်ရှမှုခြင်း ဖလှယ်ကာ.. ဓါးသွားတစ်ခုနှင့်တစ်ခု လျှောတိုက်ပွတ်ဆွဲသွားသောကြောင့် သွေးပျက်ဖွယ်ရာ တခြစ်ခြစ်အသံက ထွက်ပေါ်လာပြီး မီးပွားများက ဖွားကနဲ ထွက်ပေါ်လာ၏။
ကျိချန်းရှန်၏ ဓါပျံက ထိပ်တန်းအဆင့်ဖြစ်၏။
သို့သော်လည်း ကျင့်ကြံမှုအဆင့်တွင် သူသည် ကောယီထက်အားနည်းလေသည်။ ယခုသူက မောပန်းနွမ်းလျသော အခြေအနေမှာပါ ရောက်နေသောကြောင့် ကောယီနှင့် ယှဉ်ပြိုင်ရာတွင် အရေးနိမ့်နေသည်မှာ သဘာဝကျလေသည်။
ကောယီ၏ ဓါးပျံကလည်း နည်းနည်းထူးဆန်းနေ၏။ သာမန်ဓါးပျံများနှင့်မတူဘဲ အဲ့ဒါက သုံးမြှောင်သွားပုံစံဖြစ်လေသည်။
ထိုသုံးမြှောင်သွားဓါးတွင် အပေါက်နှစ်ပေါက် ပါရှိပြီး ဓါးပျံတို့၊ ဆေဘာတို့လို လက်နက်များကို ဖမ်းထိန်းထားနိုင်လေသည်။
ယခုအခါ ကျိချန်းရှန်၏ ဓါးပျံက ကောယီ၏ သုံးမြှောင်သွားဓါးတွင် ညှပ်နေပြီး အပြင်းအထန် တုန်ခါ၍ မရုန်းထွက်နိုင် ဖြစ်နေ၏။
“ဟဲဟဲ”
ကောယီက အေးစက်စက် သရော်ရယ်လိုက်၏။ သူ၏ အဝတ်စအောက်တွင် မရီးဒါန်ခြောက်ခုက ဝိုးတဝါး မြင်ရလောက်အောင် ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များက မြစ်တစ်စင်းကဲ့သို့ လျှင်မြန်စွာ စီးဆင်းလာ၏။
ထန်းကနဲ မြည်သံနှင့်အတူ ကျိချန်းရှန်၏ ထိပ်တန်းအဆင့်ဓါးပျံက ကန်ထွက်သွားပြီး မလှမ်းမကမ်း မြေပြင်ပေါ်သို့ ကျသွား၏။
သုံးမြှောင်သွားဓါးကတော့ အရှိန်အဟုန်နှင့် ဆက်လက်ပျံသန်းလာ၏။
ကျိချန်းရှန်က အလောတကြီးနှင့် ဆန်းကြယ်တောင်ပံများကို အလျှင်စလို ခတ်ပြီး ဘေးတိုက်ရွှေ့၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သော်လည်း သူက နောက်ကျသွားလေပြီ။
ဒုတ်ကနဲ မြည်သံနှင့်အတူ သူ့ပုခုံးတွင် နက်ရှိုင်းသည့်ဒဏ်ရာက ပေါ်လာပြီး အရိုးများက ပေါ်လာကာ သွေးများက ရေပန်းကဲ့သို့ ထွက်လာ၏။ သူ၏ ဆန်းကြယ်တောင်ပံများကိုလည်း ဓါးပျံက ထိုးဖောက်သွားသောကြောင့် ကြေမွပျက်ပြယ်သွား၏။
ဘုန်း..
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ ကျိချန်းရှန်သည် အံကိုကြိတ်ပြီး ညည်းတွားလိုက်၏။ နာကျင်မှုဖြင့် ချွေးအေးများက ထွက်လာ၏။
“စီနီယာအစ်ကိုကျိ”
ဖက်တီးလေးနှင့် အခြားသူများက အော်လိုက်၏။
ဝှီး..
သုံးမြှောင့်သွားဓါးက တစ်ဖန်ပြန်လှည့်လာကာ ကျိချန်းရှန်၏ ဦးခေါင်းကို ချိန်ရွယ်၍ ပြေးဝင်လာ၏။
“အား”
ဖက်တီးလေးက ဒေါသတကြီး အော်ဟစ်ပြီး သူ့ဘေးက ကျင့်ကြံသူများကို ခါချကာ ပြေးထွက်သွား၏။ သူ၏ ဧရာမပုဆိန်ကြီးကို သုံးမြှောင်သွားဓါးဆီသို့ ပြင်းထန်စွာ လွှဲရမ်းလိုက်၏။
ခွမ်း..
သုံးမြှောင်သွားဓါးက လင်းလက်တောက်ပနေပြီး တုန်ခါကာ ဧရာမပုဆိန်ကြီးကို ချက်ချင်း ရိုက်ခတ်ထုတ်လိုက်၏။
ဖက်တီးလေးက မရီးဒါန်သုံးခု အခြေတည်အဆင့်သာ ရှိသေးပြီး ကောယီထက် အဆင့်သုံးဆင့်တောင် နိမ့်ကျနေ၏။ သူနှင့် ကောယီ၏ ခွန်အားက အကွာကြီးပင်။ သူ၏ ကိုယ်ကာယကို ကောင်းကောင်းလေ့ကျင့်ထားခဲ့မှုကြောင့်သာ မဟုတ်လျှင် ပုဆိန်ကြီးက သူ့လက်ထဲကနေ လွင့်ထွက်သွားလောက်လေပြီ။
ထိုသို့ဆိုလျှင်တောင် တုန်ခါအားကြောင့် ဖက်တီးလေး၏ လက်ဖဝါးက ဆုတ်ပြဲကာ သွေးများစီးကျလာ၏။
ရွှက်..
ကျိချန်းရှန်ရှေ့သို့ အဆောင်အနည်းငယ်က ပြုတ်ကျလာပြီး ရုတ်တရတ် ကြေမွသွားကာ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ထိုကာကွယ်ရေးအဆောင်များကို လှမ်းပစ်ချလိုက်သူက လမ့်ရိုပင် ဖြစ်လေသည်။
ချပ်.. ချပ်.. ချပ်..
သုံးမြှောင်သွားဓါးက အကာအရံအလွှာကို ဆက်တိုက်ထိုးဖောက်ဖို့ ကြိုးစားပြီးမှ ရပ်တန့်သွား၏။
ကျိချန်းရှန်က ထိုအခွင့်အရေးကို အသုံးချကာ နေရာကနေ ချက်ချင်းဆုတ်ခွာပြီး အန္တရာယ်ကနေ ရုန်းထွက်နိုင်လိုက်၏။
“ကျမမှာ အဆောင်တွေ မကျန်တော့ဘူး”
လမ့်ရိုက တိုးတိုးပြောလိုက်၏။
ဆူရှောင်းနင်ကလွဲလျှင် မဟာကျိုး၏ ကျန်ကျင့်ကြံသူများအားလုံးသည် ဒဏ်ရာများ ရရှိထားကြ၏။ မဟာရှအဖွဲ့က ဝိုင်းရံတိုက်ခိုက်မှုအောက်၌ သူတို့က သူတို့၏ အကန့်အသတ်ကို ရောက်ရှိနေကြလေပြီ။
ရုတ်တရတ် မလှမ်းမကမ်းမှ ပဲ့တင်သံထွက်ပေါ်လာသော အသံသုံးချက်ကို သူတို့ကြားလိုက်ရ၏။
များစွာသော ကျင့်ကြံသူများသည် အသံထွက်ပေါ်လာရာဆီသို့ အလိုအလျောက် ကြည့်လိုက်မိကြ၏။ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျန်းယုသည် ဆူဇီမို၏ ခုတ်ပိုင်းခြင်းကို ခံရပြီးနောက် လေထဲကနေ ပြုတ်ကျလာနေလေသည်။
ဟာ..
ကျင့်ကြံသူများအားလုံး တုန်လှုပ်လန့်ဖျန့်သွားကြ၏။
သွမ့်မင်တ၏ သေဆုံးမှုတုန်းက သူ၏ နမော်နမဲ့နေမှုနှင့် ရန်သူကို အထင်သေးမှုကြောင့်ဟု ပြောနိုင်လေသည်။
သို့သော်လည်း ကျန်းယု၏ သေဆုံးမှုကတော့ ဆူဇီမိုဘယ်လောက်သန်မာကြောင်း သက်သေပင် ဖြစ်လေသည်။
မရီးဒါန်သုံးခု အခြေတည်အဆင့်တစ်ယောက်က မရီးဒါန်ခြောက်ခု အခြေတည်အဆင့်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခြင်းဆိုသည်မှာ အကြောင်းအခွင့် တိုက်ဆိုင်မှုတစ်ခုဟု ဘယ်လိုမှ မှတ်ယူလို့ မရတော့ပေ။
လေထဲရှိ ဆူဇီမိုသည် ပြောင်းလဲသွားသော အခြေအနေကို အာရုံခံမိလိုက်ပြီး ဖြည်းဖြည်းချင်းလှည့်ကာ တိုက်ပွဲကွင်းဆီသို့ အေးစက်စွာ ဝေ့ကြည့်လိုက်၏။
“မဟာရှကကောင်တွေ.. မင်းတို့ကတော့ သေချင်နေပြီပဲ”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက တောင်ပံများကိုခတ်၊ သွေးများလူးနေသော သွေးသောက်သူကို တရွတ်ဆွဲကာ မဟာရှကျင့်ကြံသူများဆီသို့ ပြေးဝင်လာနေပြီဖြစ်လေသည်။
လူအုပ်ကြီးက ချက်ချင်းဝရုန်းသုန်းကား ဖြစ်ကုန်ကြ၏။
မရီးဒါန်ခြောက်ခု အခြေတည်အဆင့်နှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ဆူဇီမို၏ အော်ရာက အလွန့်အလွန်ကို ထည်ဝါနေ၏။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်က မျက်စိနှင့် မြင်ရလောက်အောင်ကို ဖြာထွက်လာနေပြီး ဒေါမာန်အဟုန်က အရမ်းကိုဖြုန်ချင်စရာကောင်းနေ၏။ ဒီလိုလူမျိုးက ဘယ်သူက ရင်ဆိုင်ချင်ပါ့မလဲ။
သူ့မျက်လုံးများကိုတောင် ဘယ်သူမှ စေ့စေ့မကြည့်ရဲပေ။
ဘုန်း..
ဓါးပျံပေါ်တွင် ရပ်နေသော မဟာရှကျင့်ကြံသူတစ်ယောက်သည် အချိန်မီ မရှောင်လိုက်နိုင်ပေ။ ဆူဇီမိုက ရိုးရိုးလေး ပစ်တိုက်လိုက်တာပင်။ ထိုသူကတော့ အသံပင်မထွက်နိုင်ဘဲ လေထဲမှာတင် အသက်ပျောက်သွား၏။
မျက်စိတစ်မှိတ်မှာပင် ဆူဇီမိုက ကောယီရှေ့သို့ ရောက်လာ၏။
ရွှစ်..
သွေးသောက်သူက အထက်ကနေ ကျဆင်းလာ၏။ ဓါးသွားက လေထုကိုပင် ဆုတ်ဖြဲပစ်ချင်သည့်အလား.. အရှိန်အဟုန်အော်ရာက ရပ်တန့်ဖို့ရာ မစွမ်းသာပေ။
ကောယီက မျက်စိမျက်နှာပျက်နှင့် သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းပြီး သူ၏ သုံးမြှောင့်သွားဓါးကို ကပျာကယာထိန်းချုပ်ကာ ခုခံဖို့ ကြိုးစားလိုက်၏။
ထန်း..
ဆေဘာနှင့် ဓါးတို့က ရိုက်ခတ်သွားပြီး သုံးမြှောင့်သွားဓါး၏ အပေါက်က သွေးသောက်သူကို ဖမ်းထိန်းလိုက်၏။
ကောယီက မျက်လုံးက ဝင်းလက်သွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်လိုက်၏။ သူ၏ မရီးဒါန်ခြောက်ခုက အကန့်အသတ်မဲ့ စိတ်ဝိညာဉ်အလင်းများနှင့် တောက်ပလာပြီး သူ့ဒါန်ထျန်ကတော့ တစစ်စစ်နှင့် နာကျင်လာ၏။
ငါသာ ဒီသွေးသောက်သူကို ပြန်ကန်ထွက်အောင် တွန်းထုတ်နိုင်ရင် ဆူဇီမိုက ဘာမှ မဟုတ်တော့ဘူး..
ကောယီအမြင်မှာတော့.. ဆူဇီမို၏ တိုက်ခိုက်ရည်က အရမ်းကို ကြောက်စရာကောင်းနေရခြင်းမှာ ဒီပကတိစိတ်ဝိညာဉ်လက်နက်ကြောင့်ပင်။
“လွတ်ထွက်စမ်းကွာ”
ကောယီက ဟိန်းဟောက်လိုက်၏။
“လွတ်ထွက်ရမယ် ဟုတ်စ”
ဆူဇီမိုက လှောင်ရယ်ပြီး သူ့မျိုးဆက်သွေးကို ရုန်းကြွစေလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များက လှည့်ပတ်စီးဝင်သွားပြီး ဆေဘာပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်ငါးခုက နတ်ဘုရားဆန်ဆန် သွေးရောင်အလင်းဖြင့် မျက်စိကျိန်းစပ်ရလောက်အောင် တောက်ပလာ၏။
ခလန်.. ခလန်..
သွေးသောက်သူ၏ ဖိနှိမ်မှုအောက်တွင် သုံးမြှောင်သွားဓါး၏ စိတ်ဝိညာဉ်အလင်းက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။ အဲ့ဒါက အချိန်မရွေး ကြေမွပျက်ဆီးတော့မည်ကဲ့သို့ပင်။
“ကျိုးကြေလိုက်စမ်း”
ဆူဇီမိုက ဟိန်းဟောက်၍ သူ့လက်ကို လှုပ်ခါလိုက်သောအခါ ဆေဘာက တုန်ယင်သွား၏။
ချပ်..ချပ်..
သုံးမြှောင်သွားဓါးပေါ်တွင် အက်ကွဲရာများ ပေါ်လာပြီးနောက် နေရာမှာတင် ကြေမွကျသွား၏။
ကောယီသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အသည်းအသန် နောက်ဆုတ်လိုက်၏။ သူ့အကြည့်က အနီးနားရှိ မဟာကျိုးမှ ကျင့်ကြံသူတစ်ယောက်အပေါ် ရောက်သွား၏။
ထိုသည်ကို ကျွင်းဟောက် မြင်သောအခါ သူ၏သူငယ်အိမ်များက တင်းကျပ်သွား၏။
သူတို့၏ အစီအစဉ်က မအောင်မြင်တော့ပေ။
ဆူဇီမိုက သူထင်ထားထက်ကို အများကြီး ပိုကြောက်စရာကောင်းနေ၏။
ထိုလူသာ မသေသေးလျှင် သူတို့က ကြီးကြီးမားမား ထိခိုက်နစ်နာ ဆုံးရှုံးရပေတော့မည်။
သူတို့က ထွက်ပြေးလွတ်မြောက်ခဲ့လျှင်တောင် သူတို့၏ အင်အားက အလွန်တရာ ချိနဲ့သွားမည်ဖြစ်ပြီး ရှေးဟောင်းတိုက်ပွဲမြေတွင် ရတနာများအတွက် အခြားသောအဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နို်ငတော့မည် မဟုတ်ပေ။
ဆူဇီမိုက သန်မာသည်ဆိုလျှင်တောင် သူ့မှာအားနည်းချက်တစ်ခုတော့ ရှိရမည်ဟု ကျွင်းဟောက်ယုံကြည်လေသည်။
သူသာ ဆူဇီမို၏ အသက်သွေးကြောကို ရှာဖွေနိုင်လျှင် ကိစ္စများက လွယ်ကူလာပေလိမ့်မည်။
သူက မျက်စိကို မှေးကျဉ်းရင်း.. ဘေးဘက်ရှိ ဆူရှောင်းနင်ကို မြင်လိုက်သောအခါ သူ့မျက်လုံးများက တောက်ပသွား၏။