← Chapters

ရှုံးနိမ့်ကာထွက်ခွာကြခြင်း

Vol. 24 Ch. 348

ရှုံးနိမ့်ကာထွက်ခွာကြခြင်း

Vol. 24 Ch. 348

ပြင်းထန်သော သွေးရနံ့က လေထုထဲတွင် ပြည့်သွားပြီး လူတစ်ယောက်ကို နေမထိထိုင်မသာ ဖြစ်သွားစေနိုင်၏။

ညဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲမြေတစ်ခုလုံးက ရပ်တန့်သွားကြ၏။

နဖူးမှခြေဖျားထိ သွေးများနီရဲနေသော မဟာရှကျင့်ကြံငါးယောက်ကို ကျွင်းဟောက်သည် မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားပုံရကာ ကြောင်စီစီဖြစ်နေ၏။

ရုတ်တရတ်..

ညဝိညာဉ်က တဖြည်းဖြည်းလှည့်လိုက်ပြီး ၎င်း၏ အေးစက်စက်အကြည့်က ကျွင်းဟောက်ပေါ်သို့ ကျရောက်လာ၏။

ကျွင်းဟောက်တစ်ယောက် ချက်ချင်းအသက်ရှုရပ်သွား၏။ ထိုခဏတွင် မမြင်ရသောလက်ကြီးတစ်ဖက်က သူ့နုလုံးကို ဆွဲညှစ်ထားသလို ခံစားလိုက်ရ၏။

ညဝိညာဉ်သည် ဖြည်းဖြည်းချင်း လျှောက်လာပြီး ကျွင်းဟောက်ရှေ့သို့ ရောက်လာ၏။

ယခုလောလောဆယ်တွင် ကျွင်းဟောက်၏ စိတ်က ဗလာကျင်းနေပြီး ခြေလက်များက အေးစက်နေ၏။ သူက လုံးဝ လှုပ်လို့တောင် မရတော့ပေ။

ညဝိညာဉ်၏ ခန္ဓာကိုယ်က ကျွင်းဟောက်ထက် ပိုမြင့်ပြီး ၎င်းက အပေါ်စီးကနေ သူ့ကို ငုံ့ကြည့်နေ၏။ ၎င်း၏ မျက်လုံးထဲတွင် အေးစက်စက် သတ်ဖြတ်လိုစိတ်က ပေါ်နေပြီး ကြောက်မက်ဖွယ်ရာ ၎င်း၏ အမြီးက အနောက်ဘက်တွင် တစ္ဆေတစ်ကောင်လို လှုပ်ရမ်းနေ၏။

ညဝိညာဉ်နှင့် ရင်ဆိုင်ရချိန်တွင် ကျွင်းဟောက်သည် အချိန်မရွေး နင်းခြေခံရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်လို သူ့ကိုယ်သူ အလွန်တရာ သေးနုပ်သိမ်ငယ်သည်ဟု ခံစားလာရ၏။

ကြောက်ရွံ့တုန်လှုပ်စွာနှင့် သူ့ပါးပြင်မှ ချွေးအေးများက စတင်လိမ့်ဆင်းလာ၏။

သူ့လက်များက အထိန်းအကွပ်မဲ့စွာ တုန်ယင်လာ၏။

ကျင်းဟောက်သည် လက်သီးကို တင်းကျပ်နေအောင်ဆုပ်၊ အံကိုကြိတ်ကာ သူ့ရင်ထဲက ကြောက်ရွံ့မှုကို ဖိနှိမ်ဖို့ ကြိုးစားလိုက်၏။ အံ့သြဖို့ကောင်းသည်မှာ ထိုသို့လုပ်မှပင် သူ့လက်များက ပို၍ပြင်းထန်စွာ တုန်ယင်လာ၏။

“ညဝိညာဉ်.. ပြန်လာခဲ့”

ရုတ်တရတ် မိန်းကလေးတစ်ယောက်၏ အသံက ထွက်ပေါ်လာလေသည်။

ညဝိညာဉ်က ခဏမျှရပ်တန့်ပြီး ကျွင်းဟောက်ကို မထီတရီ ကြည့်လိုက်၏။ အဲ့ဒီမှာ သတိပေးမှုအရိပ်အယောင်နှင့် ၎င်း၏ မျက်လုံးများထဲတွင် အထင်သေးမှုတစွန်းတစက ထင်ဟပ်နေ၏။

ထို့နောက် ညဝိညာဉ်က တဖြည်းဖြည်းလှည့်ပြီး မိန်းကလေး၏ ဘေးနားသို့ ပြန်သွား၏။

ထိုကြောက်စရာကောင်းသည့် သတ္တဝါ ထွက်ခွာသွားမှပင် ကျွင်းဟောက်သည် ငရဲဂိတ်တံခါးမှ ပြန်လှည့်လာရသလို ခံစားလိုက်ရ၏။ သူ့အဝတ်များက ချွေးများဖြင့် ရွှဲနေပြီဖြစ်ပြီး တစ်ကိုယ်လုံး အားအင်ချိနဲ့ကာ လဲပြိုကျတော့မတတ် ဖြစ်နေ၏။

သူက အကြောက်မပြေသေးဘဲ ညဝိညာဉ်ကို လှမ်းကြည့်လိုက်၏။

ထိုပြင်းထန်ကြမ်းကြုတ်သော သားရဲက ယခုအခါ မိန်းကလေး၏ ဘေးတွင် ကျိုးနွံနာခံစွာ ဝပ်တွားနေ၏။ မိန်းကလေးက သူ့ခေါင်းကို လက်ဖြင့်တောင် ပုတ်နေသေး၏။

မိန်းကလေး၏ အသံက ထွက်လာ၏။

“ကျေးဇူးတင်ပါတယ် ညဝိညာဉ်ရေ.. ဒါပေမယ့် နင် တခြားသူတွေကို လန့်အောင် လျှောက်မလုပ်ရဘူးနော်.. နင် နာခံတတ်ရမယ်”

ညဝိညာဉ်က အသိအမှတ်ပြုလက်ခံသည့်အလား မာန်တစ်ချက်ဖီလိုက်၏။

ထို့နောက် မိန်းကလေးက ကျွင်းဟောက်ဘက်သို့ လှည့်ပြီး တောင်းပန်သလို ပြုံးပြလိုက်၏။

“စီနီယာအစ်ကိုကျွင်း တောင်းပန်ပါတယ်နော်.. ညဝိညာဉ်က အဲ့လိုပဲရှင့်.. စိတ်ထဲမထားပါနဲ့နော်”

“ရပါတယ် ရပါတယ်”

ကျွင်းဟောက်က အလိုလို ပြန်ဖြေလိုက်မိ၏။

စောစောတုန်းက ညဝိညာဉ်ခေါ်သော ထိုသားရဲထံမှ သတ်ဖြတ်လိုစိတ်ကို အမှန်တစ်ကယ် သူအာရုံခံမိခဲ့၏။

မိန်းကလေးကသာ ထိုသတ္တဝါကို ပြန်မခေါ်ခဲ့လျှင် အခုလောက်ဆို သူသေရင်တောင် သေနေလောက်လေပြီ။

မိန်းကလေးက ခစ်ကနဲ ရယ်ပြီး ဆက်ပြောလိုက်၏။

“စောစောက သတိပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်.. စီနီယာအစ်ကိုကျွင်း”

“အဲ့ဒါက ရပါတယ်.. ဟ ဟ ဟ..”

ကျွင်းဟောက်က ခြောက်ကပ်ကပ် ရယ်လိုက်၏။

သူ့အပြုံးက ဘယ်လောက်တောင် တောင့်တင်းနေလိုက်မလဲ မှန်မကြည့်ဘဲနှင့်တောင် သူခန့်မှန်းလို့ ရလေသည်။

သူသည် နည်းနည်းတော့ စိတ်သက်သာရာ ရသွား၏။

သူသည် စောစောက သူ့သရုပ်သကန်ကို အချိန်အတန်ခင် မသိစေလိုသေးသည့်အတွက် ဟန်လုပ်ပြီး သတိပေးလိုက်ခြင်းသာဖြစ်၏။ ကြည့်ရတာတော့ သူ၏ ထိုအပြုအမူကြောင့် ဆူရှောင်းနင်က သူ့ကို ယုံကြည်သွားသလိုပင်။

ထိုသို့ဆိုလျှင်တောင် ကျွင်းဟောက်သည် ဆူရှောင်းနင်အပေါ် အငြိုးဆက်မထားရဲတော့ပေ။

သူမ၏ ဘေးက သားရဲက ကြောက်စရာကောင်းလွန်းနေ၏။

ထိုသားရဲက သူမဟုတ်တာ လုပ်ထားသည်ကို သတိထားမိသွားလို့များ သူ့အပေါ်ရန်လိုနေတာလားဟု ကျွင်းဟောက်သည် သံသယဝင်လာ၏။

သောက်တိရစ္ဆာန်ကွာ..

စိတ်ထဲကနေ သူကျိန်ဆဲလိုက်၏။

. . .

တိုက်ပွဲမြေတွင်..

သွေးသောက်သူက သွေးနီရောင်တောက်ပ၍ ကောင်းကင်ထက်ကနေ ကျဆင်းလာပြီး ကြည့်မှန်ကြီးပေါ်သို့ ဘုန်းကနဲ ကျရောက်သွားကာ ကြီးမားသော အက်ကွဲရာကြီးကို ဖြစ်ပေါ်လာစေ၏။

ချပ် ချပ် ချပ်..

မျက်စိတစ်မှိတ်မှာပင် အက်ကွဲရာက လျှင်မြန်စွာ ကျယ်ပြန်သွားကာ ကြည့်မှန်ကြီးက ကြေမွပျက်ဆီးသွားလေသည်။

ကောယီသည် သွေးချောင်းဆိုးပြီး ကောင်းကင်ထက်ကနေ ပြုတ်ကျလာ၏။ သူက ညဝိညာဉ်ကို ကြောက်လန့်တကြား မျက်လုံးမျက်ဆံပြူးနှင့် ကြည့်လိုက်၏။

ညဝိညာဉ်က မဟာရှကျင့်ကြံသူငါးယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သောကြောင့် သူက သူ့အသက်ကို ဆုံးရှုံးရပေတော့မည်။

ထို့နောက် ချက်ချင်းပင် ဆူဇီမိုသည် ကောယီ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။

ဤသို့ဖြင့် မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူ သုံး‌ယောက်စလုံးက သေဆုံးသွားလေတော့သည်။

မဟာရှနှင့် မဟာရှန်မှ ကျင့်ကြံသူများသည် ချက်ချင်းပင် စိတ်ဓါတ်ပျက်ပြား ရှုံးနိမ့်ကုန်ကြပြီး အဘက်ဘက်သို့ အော်ဟစ်ကာ ထွက်ပြေးကုန်ကြတော့၏။

ဆူဇီမိုက ဆန်းကြယ်တောင်ပံများနှင့် လေထဲတွင် ဖြတ်သန်းကာ ထွက်ပြေးသွားသူများကို လိုက်လံသတ်ဖြတ်လိုက်၏။ လူအတော်များများကို ဆက်တိုက်သတ်ဖြတ်ပြီးမှသာ သူသည် လက်လျှော့လိုက်၏။

အင်ပါယာနှစ်ခုမှ ကျင့်ကြံသူများသည် အဘက်ဘက်သို့ ဖြန့်ခွဲ၍ ထွက်ပြေးကြသောကြောင့် သူ့အနေနှင့် သူတို့အကုန်လုံးကို လိုက်လံချေမှုန်းဖို့က မဖြစ်နိုင်ပေ။

နောက်ပြီး သူတို့ကို ဆက်လက်အမဲလိုက်နေလျှင် အချိန်ကို ဖြုန်းတီးရာ ကျလေသည်။ သူတို့ရောက်နေသည်က ရှေးဟောင်းတိုက်ပွဲမြေဖြစ်ပြီး ညက မှောင်လာနေလေပြီ။ ဆူဇီမိုမှာ တခြားစိုးရိမ်စရာများ ရှိနေသေး၏။

နောက်ဆုံးမှာတော့ မဟာရှနှင့် မဟာရှန်တို့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခြင်းဖြင့် အင်ပါယာသုံးခုအကြား တိုက်ပွဲက ပြီးဆုံးသွား၏။

မဟာကျိုးအင်ပါယာက အနိုင်ရရှိခဲ့လျှင်တောင် သူတို့သည်လည်း သိပ်ပြီး အခြေနေကောင်းလှသည်တော့ မဟုတ်ပေ။

အစက ကျိယောင်ရွှယ်ကို ကာကွယ်စောင့်ရှောက်နေသော မဟာကျိုးအစောင့်လေးယောက်တွင် နှစ်ယောက်က တိုက်ပွဲတွင် ကျသွား၏။

ယခုအခါ သူတို့အဖွဲ့တွင် လူ ၁၁ယောက်သာ ကျန်ရှိလေတော့သည်။ ဆူဇီမိုနှင့် သူ့ညီမ၊ ကျိချန်းရှန်၊ လမ့်ရို၊ ဖက်တီးလေး၊ ကျိယောင်ရွှယ်နှင့် မဟာကျိုးအစောင့်နှစ်ယောက်၊ အဇူရာနှင်းမြူလွှာဂိုဏ်းက ကျွင်းဟောက်၊ တောင်ပိုင်းတောင်တန်းဂိုဏ်းက ရှစ်ကျန့်နှင့် ရောင်ဝါလင်းလက်တိမ်နန်းတော်က စစ်ယုထန်တို့ ဖြစ်လေသည်။

တစ်ကယ်တော့ ညဝိညာဉ်လည်း ကျန်သေးလေသည်။

သူတို့ ၁၁ယောက်တွင် ဆူဇီမို၊ ဆူရှောင်းနင်၊ ကျိယောင်ရွှယ်နှင့် ကျွင်းဟောက်တို့ကလွဲလျှင် ကျန်ခုနှစ်ယောက်မှာ ဒဏ်ရာအနာတရများ ရရှိထားကြ၏။

ဆူဇီမိုက အသံနှိမ့်ပြီး ပြောလိုက်၏။

“အားလုံးပဲ ပြင်စရာရှိတာပြင်.. ဒီကနေ အမြန်ဆုံး ထွက်ကြမယ်”

“မင်းကတော့ ပြောအားရှိတာပေါ့.. ငါတို့က ဘယ်လိုသွားရမှာလဲ”

စစ်ယုထန်က ညည်းတွားလိုက်၏။

“ငါတို့အကုန်လုံးက ဒဏ်ရာတွေနဲ့.. နေရာတိုင်းက တဆစ်ဆစ်ကိုက်ပြီး နုန်းချိနေကြပြီ.. ငါတို့က ဘယ်လိုလုပ်ပြီး ဓါးပျံစီးနင်းနိုင်တော့မှာလဲ”

ဆူဇီမိုက သူ့ကို လှမ်းကြည့်လိုက်၏။

သူ့ရှေ့မှလူ၏ ပြုမူလှုပ်ရှားပုံနည်းလမ်းများကို ပြန်လည်အမှတ်ရသွားပြီး စစ်ယုထန်သည် တုန်လှုပ်ချောက်ချားသွားကာ ပါးစပ်ကို ပိတ်လိုက်၏။

ကျိယောင်ရွှယ်က ညင်သာစွာ မေးလိုက်၏။

“ဇီမို.. ငါတို့ ဒီမှာ ခဏနားလို့ရမလား”

“မရဘူး”

ဆူဇီမိုက ခေါင်းခါလိုက်၏။

“ဒီတိုက်ပွဲမှာ သေသွားတဲ့လူက မနည်းဘူး.. သွေးနံ့တွေက ပျံ့နေပြီ.. ရှေးကျတဲ့သက်ရှိတဲ့ ဒီနေရာကို ရောက်လာဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး”

ကန်းလန်ရိုးမမှာ တစ်နှစ်နေလာပြီးနောက်.. ဆူဇီမိုသည် တောတွင်းနိယာမတွေကို ကောင်းကောင်းသိထား၏။

ဒီရှေးဟောင်းတိုက်ပွဲမြေက ကန်းလန်ရိုးမထက် ဆယ်ဆမကတောင် ပိုမိုကြမ်းကြုတ်သေးလေသည်။

ထိုစကားကိုကြားသောအခါ လူတိုင်း၏ နုလုံးသည် ဒုတ်ကနဲ ခုန်သွားပြီး သူတို့ရောက်ရောက်ချင်း သွေးကင်းခြေများတွေနဲ့ ရင်ဆိုင်ခဲ့ရပုံကို ပြန်လည်အမှတ်ရလာကာ ကြောက်လန့်သွားကြ၏။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“အခုဆို မိုးက ချုပ်တော့မယ်.. ညမှောင်လို့မှ ငါတို့ အထိုင်ချဖို့ နေရာတစ်နေရာ မရှာနိုင်ဘူးဆိုရင် ရှေးဟောင်းသက်ရှိတွေက ငါတို့ကို ဝိုင်းပတ်ကြလိမ့်မယ်”

“အဲ့ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ”

ညအမှောင် တိုးဝင်လာနေသည်ကို ကြည့်ပြီး ကျင့်ကြံသူများသည် မအီမသာ ခံစားလာရကာ ကြောက်လန့်လာကြ၏။ မည်သူမှာမှ အကြံကောင်းကောင်း မရှိကြပေ။

ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် ဆူဇီမိုက စတင်၍ လှုပ်ရှားကာ အင်ပါယာနှစ်ခုမှ ကျဆုံးသွားသူများ၏ သိုလှောင်အိတ်များကို လိုက်ကောက်လေတော့၏။

သူသည် သိုလှောင်အိတ်တိုင်းကို တစ်ချက်ဖွင့်ပြီး ရှာကြည့်၏။

“ဟမ်း စောစောကတော့ သူပဲ အလောတကြီး ထွက်ဖို့ပြောနေတယ်.. အခုတော့ သူပဲ ပစ္စည်းတွေကို လိုက်ကောက်နေပြီ” စစ်ယုထန်က မကျေမနပ်နှင့် ရေရွတ်လိုက်၏။

ဖက်တီးလေးက အေးစက်စွာ ပြောလိုက်၏။

“စစ်ယုထန်.. ငါ့နောင်ကြီးကြောင့်သာ မဟုတ်ရင် မင်းသေပြီးတာ ကြာနေလောက်ပြီဆိုတာ မမေ့နဲ့ဦး”

ကျိယောင်ရွှယ်ကလည်း ခေါင်းညိတ်လိုက်၏။

“အဲဒီသိုလှောင်အိတ်တွေက ဇီမိုပဲ ရသင့်တယ်”

သူမသည် ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။

“နောက်ပြီး သူ့ကြည့်ရတာ တစ်ခုခုကို ရှာနေတဲ့ပုံပဲ”

ထိုအချိန်မှာပင် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ကြော့ရှင်းသိမ့်မွေ့သော စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုကို သိုလှောင်အိတ်တစ်အိတ်ထဲကနေ ဆွဲထုတ်ကာ အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။ ထိုယာဉ်ပျံက ချက်ချင်း ပြန့်ကားသွားပြီး လူတိုင်း၏ ရှေ့မှောက်တွင် မျောလွင့်နေ၏။

“သွားကြမယ်ဟေ့.. ဒီယာဉ်ပျံနဲ့ ငါတို့ ဒီနေရာကနေ ထွက်ကြမယ်” ဆူဇီမိုက လက်ဝေ့ပြလိုက်၏။

ယာဉ်ပျံကို မြင်သောအခါ လူတိုင်းသည် နားလည်သဘောပေါက်သွားကြပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ ပုခုံးပေါ်က ကျောက်တုံးကြီး ပြုတ်ကျသွားသလို ဆူဇီမိုကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြ၏။

All Chapters