အပျက်အဆီးနယ်မြေ၏ သဲလွန်စ
Vol. 24 Ch. 349
ရှေးဟောင်းတိုက်ပွဲမြေ၏ နယ်စပ်တွင်..
စိတ်ဝိညာဉ်အလင်းတစ်ခုက လေထုကို အလွန်တရာ လျှင်မြန်သောနှုန်းနှင့် ဖြတ်သန်းနေ၏။
သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ကျင့်ကြံသူဆယ်ယောက်နှင့် သားရဲတစ်ကောင်ကို တင်ဆောင်လာသော စိတ်ဝိညာဉ်ယာဉ်ပျံတစ်စီးကို ခပ်ရေးရေး မြင်နိုင်လေသည်။
ယာဉ်ပျံ၏ ဦးစွန်းတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က မတ်တပ်ရပ်ပြီး ဦးတည်ရာကို ထိန်းချုပ်နေ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုပင်..
စိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် ဒဏ်ရာရကျင့်ကြံသူများက သူတို့၏ ဒဏ်ရာများကို ပတ်တီးများစည်းပြီး ဝတ်စုံအသစ်များ ထုတ်လဲဝတ်ထားကြ၏။ သူတို့ပုံစံကတော့ ဖြူလျော့နွမ်းလျနေကြ၏။
လူတိုင်းသည် ရှေ့ဆုံးရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကိုကြည့်ပြီး စိတ်ခံစားချက်မျိုးစုံနှင့် အတွေးနက်နေကြ၏။
ထိုလူကြောင့်သာမဟုတ်လျှင် အခုလောက်ဆို သူတို့အားလုံးက သေနေလောက်လေပြီ။
အခုဆို သူတို့က ဓါးပျံစီးနင်းဖို့တောင် အားအင်များ မကျန်ရှိကြတော့ပေ။
သို့သော်လည်း ဆူဇီမိုကတော့ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူသုံးယောက်ကို တိုက်ခိုက်သတ်ဖြတ်ပြီးတာတောင် စိတ်ဝိညာဉ်ပျံကို ထိန်းချုပ်ဖို့ စွမ်းအင်ကျန်နေသေး၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက လူတိုင်းကို အံ့သြတုန်လှုပ်သွားစေ၏။
ကျွင်းဟောက်၏ မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်များ ထင်ဟပ်နေ၏။
သိပ်မကြာမီ တောင်ခြေတစ်ခုတွင် စိတ်ဝိညာဉ်ယာဉ်ပျံကို ရပ်တန့်လိုက်၏။
မြေပုံအရ.. ဤတောင်ခြေ၌ လိုဏ်ဂူတစ်ခုကို သူတို့ ရှာတွေ့လိုက်ကြ၏။ လိုဏ်ဂူအတွင်းပို်ငးက အတော်လေးကျယ်ဝန်းပြီး ယာယီအားဖြင့်တော့ သူတို့ကောင်းကောင်းနားနေလို့ ရလေသည်။
လူတိုင်းက လိုဏ်ဂူထဲသို့ ဝင်သွားကြချိန်တွင် ဆူဇီမိုက ဝင်ပေါက်ကိုစောင့်ရင်း အစီအရင်ဝင်္ကပါအချို့ကို ခင်းကျင်းနေ၏။
လူတိုင်းက သူတို့၏ ဒဏ်ရာများက သွေးများတိတ်သွားကြပြီဖြစ်သော်လည်း သွေးရနံ့က အကင်းမသေသေးပေ။ ရှေးဟောင်းခေတ်က သက်ရှိများက အလွန်တရာ အာရုံခံကောင်းကြ၏။ ထိုကဲ့သို့ သွေးရနံ့လေးနှင့်ပင် သူတို့က သဲလွန်စရသွားနိုင်၏။
ထို့ကြောင့် ဆူဇီမိုသည် အသံများနှင့် အော်ရာများကို ပိုင်းခြားထားဖို့အတွက် လိုဏ်ဂူအဝတွင် ရိုးရိုးအစီအရင်များကို ချခင်းပြီးနောက် အပြင်ကနေ ဖုံးကွယ်ခြင်းအစီအရင်များကိုပါ ထပ်ပေါင်းလိုက်၏။ ထိုအခါမှသာ လုံခြုံစိတ်ချရပြီဟု သူခံစားရ၏။
အထောက်အကူပြု ဝင်္ကပါအစီအရင်များက ရိုးရှင်းလွယ်ကူတတ်၏။ ညမမှောင်ခင်မှာပင် ဆူဇီမိုသည် အကုန်လုံးကို ပြုလုပ်လို့ ပြီးစီးသွား၏။
ကျိယောင်ရွှယ်က အနားရောက်လာပြီး ပြောလိုက်လေသည်။
“ဇီမို.. ဒီည အပေါက်ဝမှာ အလှည့်ကျ စောင့်ကြတာပေါ့”
“ဟုတ်တယ်နောင်ကြီး.. ဒီညတော့ ခင်ဗျားသွားနားလိုက်ဦး.. ကျုပ်တို့ တစ်လှည့်စီ စောင့်ပေးမယ် ဘာမှမပူနဲ့” ဖက်တီးကို ရင်ဘတ်ကိုပုတ်ပြီး အခိုင်အမာ ပြောလိုက်၏။
ဖြစ်စဉ်တစ်လျှောက်လုံးတွင် သူတို့သည် ဆူဇီမိုကို အကူအညီ သိပ်မပေးနိုင်ခဲ့ကြသည့်အတွက် ရှက်ရွံ့သလို ခံစားနေရ၏။ ဆူဇီမို၏ ဝန်ထုပ်များကို သူတို့တတ်နိုင်သလောက် မျှဝေယူပေးချင်ကြလေသည်။
“မလိုတော့ဘူး.. ရတယ်”
ဆူဇီမိုက လက်ကာပြလိုက်၏။
“ကောင်းကောင်းနားပြီး မင်းတို့ခွန်အားတွေကို အမြန်ဆုံး ပြန်ပြည့်အောင်လုပ်ကြ.. ဒီမှာစောင့်ဖို့ကို ညဝိညာဉ်က တာဝန်ယူလိမ့်မယ်”
ညဝိညာဉ်ဟူသော အသံကိုကြားချိန်၌ လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများက ထင်ဟပ်သွား၏။
ထိုသတ္တဝါက ခဏလေးမျှသာ တိုက်ခိုက်ပြခဲ့သော်လည်း အဲ့ဒါက ကြောက်စရာ အရမ်းကောင်းလွန်း၏။
ဆူဇီမိုက သူတို့ကို ကြိုတင်တွက်ဆမရသော ခံစားချက်ကို ပေးသည်ဆိုလျှင် ညဝိညာဉ်က အကြောက်တရားကို ပေးစွမ်းနိုင်လေသည်။
. . .
ညအချိန်တွင်..
ဤနေ့တွင် လူတိုင်းသည် အခြေအနေဆိုးများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသောကြောင့် သူ့တို့သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြလေပြီ။ ယခု သူတို့သည် အနားယူရပြီဆိုသောအခါ အများစုသည် အိပ်မောကျကုန်ကြပြီဖြစ်၏။
ညဝိညာဉ်က ထလာပြီး လိုဏ်ဂူအပြင်ဘက်သို့ တိတ်တဆိတ် ထွက်ခွာသွား၏။ သူက အမှောင်ထုထဲ ပျော်ဝင်သွားပြီး ပျေက်ကွယ်သွားလေသည်။
ဆူဇီမိုက ညဝိညာဉ်ကို မစိုးရိမ်မိပေ။
ညဝိညာဉ်၏ ခွန်အားက ယခုဆို အခြေတည်အဆင့် အထွတ်အထိပ်မှာ ရှိနေပြီဖြစ်၏။ နောက်ပြီး ယခုသူတို့ရောက်ရှိနေသည် ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်အစပ်မှာသာ ရှိသေးသောကြောင့် သူ့ကို ခြိမ်းခြောက်နိုင်သည့်သတ္တဝါ မရှိနိုင်ပေ။
လိုဏ်ဂူထဲမှာ တိတ်တဆိတ်ထိုင်ရင်း.. ဆူဇီမိုသည် နေ့ဘက်က ရရှိခဲ့သည်များကို ရှင်းလင်းခွဲခြားနေ၏။
သိုလှောင်အိတ်က စုစုပေါင်း ၆၀ ရှိ၏။
ထိုအိတ်များထဲတွင် ထိပ်တန်းအဆင့်လက်နက် တစ်ခုမှ မပါသော်လည်း သာလွန်အဆင့်လက်နက်များနှင့် ဆေးလုံးများ အတော်များများ ပါရှိလေသည်။
သူသည် ပကတိအဆင့်ဆေးလုံးအနည်းငယ်ကို ရွေးယူသိမ်းပြီး ကျန်အရာများကိုတော့ အကုန်ရောပေါင်းထားလိုက်၏။
အကုန်လုံးကို ရှင်းလင်းပြီးနောက်.. ဆူဇီမိုသည် မြေပုံအချို့ကို ထုတ်ယူကာ နှိုင်းယှဉ်တိုက်ကြည့်လိုက်၏။
မွှေးပျံ့သောရနံ့က လွှမ်းခြုံလာ၏။ သူ့ဘေးနားသို့ ကျိယောင်ရွှယ် ရောက်ရှိလာခြင်းပင်။
“ဘာလို့လဲ.. နင်အိပ်လို့ မရဘူးလား”
ဆူဇိမိုက စောင်းငဲ့ကြည့်ပြီး ညင်သာစွာ မေးလိုက်၏။
အမှောင်ထဲတွင် ကျိယောင်ရွှယ်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် တိုးတိုးပြောလိုက်၏။
“ဇီမို.. ဒီနေ့ကိစ္စတွေအတွက်.... နင့်ကို ကျေးဇူးတင်ပါတယ်”
“ရပါတယ်”
သူက ပြုံးလိုက်၏။
ဆူဇီမို၏ အပြုံးကို မြင်ရပြီးနောက် ကျိယောင်ရွှယ်သည် စိတ်ပေါ့ပါးသွားပြီး စူးစမ်းမေးမြန်းလိုက်၏။
“အဲ့မှာ နင်ဘာတွေ ကြည့်နေတာလဲ”
“နင်ရောက်လာတာနဲ့ အတော်ပဲ.. ရှေးဟောင်းအပျက်အဆီးနေရာတွေနဲ့ ပတ်သတ်ပြီး နင်ဘာသိလဲ” သူက မေးလိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေတွင် ကျင့်ကြံရခြင်းက အတိုင်းအတာတစ်ခုထိတော့ အကျိုးရှိလေသည်။ ထိုထက်ပိုအရေးကြီးသည်က မရီးဒါန်ဖွင့်ဆေးလုံးများ၊ အမွေအနှစ်ပညာရပ်များနှင့် အခြားသော ရတနာများကို အရယူနိုင်ဖို့ ဖြစ်လေသည်။
ထိုပစ္စည်းများအားလုံးက ရှေးဟောင်းတိုက်ပွဲမြေ၏ အပျက်အဆီးနယ်မြေများတွင်သာ ရရှိနိုင်လေသည်။
“ဟင့်အင်း”
ကျိယောင်ရွှယ်က ခေါင်းခါလိုက်၏။
“ရှေးဟောင်းတိုက်ပွဲမြေရဲ့ အစွန်အစပ်နားမှာရှိတဲ့ အပျက်အဆီးနယ်မြေအများစုက အရင်လူတွေ ရှာတွေ့ပြီးလို့ ဘာမှမကျန်လောက်တော့ဘူး”
“ဒီနေရာကို တစ်ချက်ကြည့်ကြည့်”
ဆူဇီမိုက မြေပုံအချို့ကို ဖြန့်ပြီး ကျိယောင်ရွှယ်ရှေ့တွင် ချပေးပြီး အနီစက်တစ်နေရာကို လက်ညိုးထိုးပြလိုက်၏။
“ဒီနေရာက မြေပုံအတော်များများမှာ ပါနေတယ်.. အဲ့ဒါက မဟာရှန်နဲ့ မဟာရှအင်ပါယာတို့ ရှာတွေ့ထားတဲ့ ရှေးဟောင်းအပျက်အဆီးနေရာတစ်ခု ဖြစ်လောက်တယ်”
“ဟုတ်သားပဲ’
ကျိယောင်ရွှယ်က မြေပုံအချို့ကို တိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
သူမသည် အနည်းငယ် စိတ်ပါသွားသော်လည်း သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများကတော့ ရှိနေ၏။
“ငါတို့က အခုလောလောဆယ် အင်အားချိနဲ့နေပြီ.. ဒီအပျက်အဆီးနယ်မြေက အဖွဲ့အတော်များများကို ဆွဲဆောင်မိမှာပဲ.. အဲ့မှာ ရက်စက်ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်”
“အမှန်ပဲ”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ရှေးဟောင်းတိုက်ပွဲမြေရဲ့ အစွန်အစပ်ကို အင်အားကြီးဂိုဏ်းတွေနဲ့ ထိပ်သီးကျင့်ကြံသူတွေ မလာကြပါဘူး.. နောက်ပြီး ငါတို့က မဟာရှနဲ့ မဟာရှန်အင်ပါယာတို့ရဲ့ အင်အားကို ဖျက်ဆီးပြီးသွားပြီဆိုတော့ အဲ့မှာ အန္တရာယ် သိပ်မရှိလောက်တော့ပါဘူး”
“ဒါဆို ငါတို့ ဘယ်အချိန်ထွက်ကြမလဲ” ကျိယောင်ရွှယ်က မေးလိုက်၏။
“နောက်ဆယ်ရက်နေရင်ပေါ့”
ဆူဇီမိုက လေးလေးနက်နက် ပြောလိုက်လေသည်။
“ဆယ်ရက်အတွင်းမှာ မင်းရဲ့ ဒဏ်ရာတွေကိုကျက်အောင်လုပ်ပြီး ကျင့်ကြံမှုအဆင့်ကိုလဲ တည်ငြိမ်အောင်လုပ်ထားပါ.. အကုန်လုံး ပုံမှန်ပြန်ဖြစ်တာနဲ့ ငါတို့ထွက်ကြမယ်”
သူတို့နှစ်ယောက်သည် အချိန်အနည်းငယ်ကြာအောင် စကားပြောကြပြီးနောက် ဆူဇီမို၏ ဖျောင်းဖျမှုကြောင့် ကျိယောင်ရွှယ်က အနားယူဖို့ ပြန်သွားလေသည်။
သူက လူအုပ်ကြီးထဲရှိ ကျွင်းဟောက်ကို လှမ်းကြည့်လိုက်၏။
ကျွင်းဟောက်က သိပ်ပြီး မူမမှန်သည်ကို သူသတိထားမိနေ၏။ သို့သော်လည်း ခိုင်မာသည့် သက်သေအထောက်အထား မရှိဘဲ အနည်းငယ် မူမမှန်နေရုံမျှနှင့် ထိုငနဲကို သူသတ်လို့ မရပေ။
သို့သော်လည်း မဟာရှအင်ပါယာမှ ဂုဏ်အဆင့်အတန်းမြင့်မားသည့် သူလျှိုတစ်ယောက် သူတို့အဖွဲ့ထဲတွင် ရှိနေသည်ကိုတော့ အခိုင်အမာ သူပြောနိုင်လေသည်။
သူ့အကြည့်ကို ပြန်ရုတ်ပြီး ညင်သာစွာ ပြုံးလိုက်၏။
အဲ့သူလျှိုက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ကစပြီး အရမ်းကာရော ပြုမူရဲတော့မည်တော့ မဟုတ်ပေ။
ပကတိခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် ထိုလှည့်ကွက်လေးများက ဟာသတစ်ခုထက် မပိုတော့ပေ။
ညနက်သောအခါ..
လိုဏ်ဂူအပြင်ဘက်မှ အနက်ရောင်အရိပ်တစ်ခုက မည်သူ့ကိုမျှ သတိထားမိစေခြင်းမရှိဘဲ တိတ်တိတ်လေး အထဲသို့ ပြန်ဝင်လာ၏။
ဆူဇီမိုက အာရုံခံမိလိုက်ပြီး သူ့မျက်လုံးကိုဖွင့်၍ ညဝိညာဉ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ညဝိညာဉ်၏ ခန္ဓာကိုယ်မှ ရင်းနှီးနေသည်ထင်ရသော သွေးရနံ့တစ်စွန်းတစ်စ ထွက်ပေါ်နေသည်ကို သူအာရုံခံမိ၏။
အဲ့ဒါက သွေးကင်းခြေများဘုရင်၏ အော်ရာပင်..
ခြောက်နာရီအတွင်း ညဝိညာဉ်သည် အပြင်ထွက်၍ သွေးကင်းခြေများဘုရင်ကို သွားရောက်သုတ်သင်ပြီး ပြန်ရောက်လာ၏။
ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။ ညဝိညာဉ် ဘာကို တွေးတောနေသည်ကို သူခန့်မှန်းမိခဲ့လေသည်။
နေ့ဘက်တုန်းက ညဝိညာဉ်သည် ဆူရှောင်းနင်ကို ကာကွယ်နေရပြီး သိပ်ဝေးဝေးသို့ မခွာနိုင်ပေ။ သူက ထိုသွေးကင်းခြေများဘုရင်ကို သတ်ရမှ အာသာပြေမည့်ပုံပင်။
ယခုညသို့ရောက်သောအခါ ဆူဇီမိုက ဤနေရာကို ကင်းစောင့်ပေးနေသောကြောင့် ညဝိညာဉ်က သွေးကင်းခြေများကို သွားသတ်ပြီး တန်းပြန်လာခဲ့၏။
ဆူဇီမိုက ခေါင်းမော့၍ ညဝိညာဉ်ကို ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ဦးကြားမှာ ပြောစရာမလိုသော အပြန်အလှန်နားလည်မှု ရှိလေသည်။ ယခုအခါ ညဝိညာဉ်က ပြန်ရောက်လာပြီး လိုဏ်ဂူကို စောင့်နေပြီဖြစ်သောကြောင့် ဆူဇီမိုက နေရာကနေ ထလာခဲ့၏။
လိုဏ်ဂူထဲမှ ဆူဇီမို ထွက်လိုက်သည်နှင့် တောကောင်များနှင့် ငှက်များ၏ ဟိန်းဟောက်မြည်သံများကို သူကြားလိုက်ရ၏။ ကမ္ဘာက တုန်ခါ၊ သစ်ပင်များက လှုပ်ရမ်းပြီး မြက်ပင်များက ယိမ်းနွဲ့နေ၏။ အလွန်ကြောက်စရာကောင်းသည့်သက်ရှိများက အဲ့ဒီမှာ ရှိနေသလိုပင်။
လိုဏ်ဂူအတွင်းဘက်နှင့် အပြင်ဘက်က လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုပင်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်ကို ရောက်နေသော်လည်း ဆူဇီမိုက နည်းနည်းလေးတောင် ကြောက်လန့်မနေပေ။ ထို့အစား သူက အနည်းငယ် စိတ်လှုပ်ရှားတက်ကြွပြီး သူ့သွေးများက ပူနွေးလာ၏။
ညအချိန်တွင် တောကို သားရဲများက ပိုင်ဆိုင်လေသည်။
သို့သော် အဲ့ဒါကို ဆူဇီမိုလည်းပဲ ပိုင်ဆိုင်လေသည်။
ဘာပဲပြောပြော ဆူဇီမိုကလည်းပဲ.. သားရဲတစ်ပိုင်းပင် ဖြစ်လေသည်။