← Chapters

ဒွာရခုနှစ်မျိုး

Vol. 24 Ch. 350

ဒွာရခုနှစ်မျိုး

Vol. 24 Ch. 350

နှစ်ပေါင်းအတော်ကြာ ကျင့်ကြံလာပြီးနောက် ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ညဘက်တွင် ကျင့်ကြံသည်မှာ အလေ့အကျင့်တစ်ခုလို ဖြစ်နေလေပြီ။

သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် သာလွန်ကျွမ်းကျင်မှုကို ရရှိထားပြီးဖြစ်သောကြောင့် အခုအချိန်တွင် ဒွာရရှင်းလင်းခြင်းအပိုင်းကို လေ့ကျင့်နေခဲ့လေသည်။

ထိုဒွာရဆိုသည်မှာ လူတစ်ယောက်၏ ဦးခေါင်းပိုင်းတွင်ရှိသော အရာခုနှစ်ခုကို ဆိုလိုလေသည်။

မျိုးနွယ်အများစုတွင် သူတို့၏ ဦးခေါင်းများက လျှို့ဝှက်ဆန်းကြယ်ပြီး အရေးပါကာ ခန္ဓာကိုယ်၏ အဓိကအာရုံခံအစိတ်အပိုင်းများ တည်ရှိလေသည်။ သူတို့၏ ဦးခေါင်းပိုင်းက ပြင်းထန်စွာ ဒဏ်ရာရပျက်ဆီးသွားလျှင် ထိုသက်ရှိများက သေရဖို့ များလေသည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင်.. ဦးခေါင်းပိုင်းကို မလေ့ကျင့်ခင် ထိုသူက အရေ၊ အသား၊ အရွတ်၊ ခြင်ဆီနှင့် အင်္ဂါငါးခုကို အရင်လေ့ကျင့်ရပေမည်။ အဲ့ဒါသည် ဦးခေါင်းက ဘယ်လောက်အရေးပါကြောင်းပင်။

ဦးခေါင်းပိုင်းရှိ ဒွာရခုနှစ်မျိုးဆိုသည်မှာ မျက်စိနှစ်ဖက်၊ နားနှစ်ဖက်၊ နှာခေါင်း၊ ပါးစပ်နှင့် လျှာတို့ဖြစ်လေသည်။

အင်္ဂါငါးခုက ဟန်ချက်မညီလျှင် ဒွာရခုနှစ်ခုကလဲ ပွင့်လာမည် မဟုတ်ပေ။ ထို့ကြောင့် အင်္ဂါငါးခုကို သန့်စင်ပြီးမှသာလျှင် ဒွာရခုနှစ်ခုကို ရှင်းလင်းလို့ ရပေမည်။

အင်္ဂါများက ဒွာရခုနှစ်ခုကို လှုံ့ဆော်ပေးနိုင်သည်နှင့် ထိုဒွာရများမှတစ်ဆင့် သားရဲချီများက ဖြတ်စီးလာမည် ဖြစ်လေသည်။

အင်္ဂငါးခုနှင့် ဒွာရခုနှစ်ခုတွင်.. အသည်းက မျက်စိနှစ်ဖက်၊ ကျောက်ကပ်က နားနှစ်ဖက်၊ အဆုတ်က နှာခေါင်း၊ သရက်ရွက်က ပါးစပ်နှင့် နုလုံးက လျှာတို့ကို လှုံ့ဆော်ပေးမည် ဖြစ်လေသည်။

တစ်နည်းအားဖြင့် အင်္ဂငါးခု၏ အဆီအနှစ်ချီများက သူတို့၏ သက်ဆိုင်ရာ ဒွာရများကို ရှင်းလင်းပေးမည် ဖြစ်လေသည်။

သားရဲချီများက ဒွာရများမှတစ်ဆင့် စီးဆင်းလာပြီဆိုလျှင် ထိုသူက ဒွာရရှင်းလင်းခြင်းအပိုင်းတွင် စဦးအောင်မြင်မှုကို ရရှိမည်ဖြစ်ပြီး ထိုအဆင့်၌ ထိုသူသည် ပုံမှန်ထက်များစွာ ကျော်လွန်သော အမြင်အာရုံနှင့် အကြားအာရုံတို့ကို ရရှိလာမည် ဖြစ်လေသည်။

အရေ၊ အသား၊ အရွတ်၊ အရိုးနှင့် ခြင်ဆီတို့က အင်္ဂါငါးခုနှင့် ဟန်ချက်ညီသွားခဲ့ချိန်က ဆူဇီမို၏ ကိုယ်တွင်းတွင် ကောင်းကင်ဘုံစက်ဝန်းယန္တရားအသေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဒွာရခုနှစ်ကို ရှင်းလင်းပြီးသွားပြီဆိုလျှင် အရေ၊ အသား၊ အရွတ်၊ အရိုးနှင့်ခြင်ဆီ.. အင်္ဂါငါးခုနှင့်.. ဒွာရခုနှစ်ခုတို့သည် သုံးပွင့်ဆိုင် ဟန်ချက်ညီ အပြန်အလှန်လှုံ့ဆော်နိုင်မည်ဖြစ်ပြီး သူ့ကိုယ်တွင်းတွင် ပဓာနကောင်းကင်ဘုံစက်ဝန်းယန္တာရားတစ်ခုကို ဖြစ်ပေါ်လာစေမည် ဖြစ်လေသည်။

ထိုအခါမှသာ ဒွာရရှင်းလင်းခြင်းအပိုင်းတွင် သာလွန်အောင်မြင်မှုကို ရရှိမည် ဖြစ်လေသည်။

ထိုအဆင့်သို့ရောက်သည့်အခါ သားရဲအတွင်းအမြုတေကိုလည်း ဖွဲ့တည်လာနိုင်လိမ့်မည် ဖြစ်လေသည်။

ဆူဇီမိုသည် လိုဏ်ဂူအထက် တောင်စောင်းတစ်ခုသို့ ရောက်လာပြီး ပကတိအဆင့်သွေးသားအားဖြည့်ဆေးလုံးတစ်လုံးကို မျိုချလိုက်၏။ တင်ပျဉ်ခွေထိုင်၊ မျက်လုံးများကိုမှိတ်၊ ကြွယ်ဝသန့်စင်သော သားရဲချီများက သူ့ဝင်လေထွက်လေမှ ထိုးထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် စုစည်းလာ၏။

ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခင်က ဆူဇီမိုသည် ဒွါရခုနှစ်ခုအနက် လေးခုဖြစ်သော နားနှစ်ဖက်၊ လျှာနှင့် နှာခေါင်းတို့ကို ရှင်းလင်းထားပြီးဖြစ်၏။

ယခုအခါမှာတော့ သူသည် ပါးစပ်ကို ရှင်းလင်းဖို့ ကျင့်ကြံနေခြင်း ဖြစ်လေသည်။

ကောင်းကင်စိတ်ဝိညာဉ်ပုတ်သင်နှင့် အမြုတေဝါးမျိုဖားပြုတ်တို့ကဲ့သို့သော သားရဲတောကောင်များတွင် သူတို့၏လျှာများက သူတို့၏ အကောင်းဆုံးသတ်ဖြတ်ခြင်းလက်နက်များပင် ဖြစ်လေသည်။

ဆူဇီမိုက လူသားတစ်ယောက်ဖြစ်သောကြောင့် သူ၏ နား၊ နှာခေါင်းနှင့် လျှာတို့ကို လေ့ကျင့်ပြီးချိန်တွင် သူ၏ တိုက်ခိုက်ရည်တိုးတက်မှုက သိပ်ပြီးသိသာမလာပေ။

သို့သော် ပါးစပ်ဒွာရကတော့ မတူပေ။

ဆူဇီမိုသည် လျှို့ဝှက်အသံပညာရပ်တစ်ခုဖြစ်သော မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို လေ့ကျင့်ထားလေသည်။

အဲ့ဒါက မပြီးပြည့်စုံသောပုံစံမှာ ရှိနေသေးသော်လည်း ဆူဇီမို၏ ဝင်လေထွက်လေက ရှည်လာပြီး သူ့အဆုတ်က သန်မာလာ၏။ သူ၏ ပါးစပ်ဒွာရကို ရှင်းလင်းပြီးသည်နှင့် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားက နောက်တစ်ဆင့်သို့ ခုန်တက်တိုးပွားလာပေမည်။

အဲ့ဒါက တစ်ကယ့် သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်လာပြီး ဆူဇီမို၏ ဝှက်ဖဲတစ်ချပ်လည်း ဖြစ်လာပေမည်။

တောင်စောင်းတွင် သားရဲချီများက လေထဲသို့ တိုးဝင်ပြီး ကြောက်စရာကောင်းသောအော်ရာက ဖြာထွက်လာ၏။

တစ်ယောက်ယောက်သာ အနားမှာ ရှိနေမည်ဆိုလျှင်.. သိပ်သည်းထူထဲသော သားရဲချီများအလယ်တွင် ထိုင်နေသောလူတစ်ယောက်ကို ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားမည် ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်အစပ်တွင် ဆူဇီမိုနှင့် ညဝိညာဉ်တို့ကို ခြိမ်းခြောက်နိုင်သော သားရဲတောကောင်များ မရှိသလောက်ပင်။

သားရဲတောကောင်အများစုက အံ့မခန်း သားရဲချီများကို အာရုံခံမိသည်နှင့် ဤတောင်ကို ဝေးဝေးကနေ ရှောင်ကြပေမည်။

မနက်ခင်းသို့ရောက်သောအခါ ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ ရုန်းကြွနေသော သားရဲချီများက သူ့နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ကျုံ့ဝင်စီးသွား၏။

သူက မျက်စိကိုဖွင့်၍ ထကာ အကြောဆန့်လိုက်သောအခါ သူ့အရိုးများနှင့် အရွတ်များမှ ဖျိုးဖျိုးဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာ၏။

လိုဏ်ဂူသို့ ဆူဇီမိုပြန်ရောက်သောအခါ ကျိယောင်ရွှယ်နှင့် အခြားသူများက နိုးနေကြလေပြီ။

“လူတိုင်းကို ကျမပြောစရာရှိတယ်.. အခုကနေ နောက်ဆယ်ရက်နေရင် ကျမတို့ အပြင်ထွက်ကြမယ်” ကျိယောင်ရွှယ်က ရှေ့ထွက်ပြီး ပြောလိုက်၏။

“ကောင်းပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ကျင့်ကြံသူများသည် တွေ့ရာ စားစရာများကို ဆွဲယူစားသောက်ကာ အချိန်ကို အသုံးချ၍ ကျင့်ကြံဖို့ လုပ်လိုက်ကြ၏။

ဆူဇီမိုသည်လည်း ထို့အတူပင်။

မနေ့က ရှေးဟောင်းတိုက်ပွဲမြေသို့ သူဝင်ရောက်ခဲ့ချိန်တွင် သူ၏ စတုတ္ထမြောက်မရီးဒါန်က ဝိုးတဝါး နိုးကြွလာသည်ကို သူခံစားမိခဲ့၏။ နောက်ထပ်ရက်အနည်းငယ်ကြာလျှင် သူ၏ စတုတ္ထမြောက်မရီးဒါန်က လုံးဝပွင့်သွားဖို့ ရှိလေသည်။

ဤအချိန်များအတွင်း စစ်ယုထန်သည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်ကြည့်ပြီး ပြန်လာကာ အတည့်အတံလေသံနှင့် ပြောလိုက်၏။

“ဒီလိုဏ်ဂူက တစ်ကယ်ကို နတ်ဝှက်ထားတာပဲ.. ပြီးခဲ့တဲ့တစ်ညလုံး တောကောင်သံ၊ ငှက်သံ ဘာသံမှတောင် ငါတို့မကြားခဲ့ရဘူး”

ထိုစကားကို ကြားရချိန်တွင် လူအများစုက တုံ့ပြန်မှု သိပ်ပြီး မရှိကြသော်လည်း တချို့ကတော့ မျှော်မြင်တွေးတောကာ ဆူဇီမိုကို ကြည့်လိုက်ကြ၏။

နောက်ရက်များတွင် ဆူဇီမိုသည် ညဘက်ရောက်လျှင် အပြင်ထွက်ပြီး သူ့ပါးစပ်ဒွာရကို ရှင်းလင်းဖို့ လေ့ကျင့်လေသည်။ နေ့ဘက်မှာတော့ သူသည် လိုဏ်ဂူထဲ၌နေ၍ စိတ်ဝိညာဉ်ချီများကို စုပ်ယူကာ သူ၏ စတုတ္ထမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေ၏။

ခုနှစ်ရက်မြောက်နေ့တွင် ဆူဇီမို၏ ကိုယ်တွင်းမှ ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။

ဝုန်း..

သူ့အစိမ်းရောင်ဝတ်ရုံအောက်တွင် စတုတ္ထမြောက်မရီးဒါန်က တောက်ပစွာ အရောင်လက်နေပြီး သလင်းကျောက်လို ကြည်လင်နေ၏။ ထိုအထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များက အရူးအမူး လှည့်ပတ်စီးဆင်းနေပြီး ဆူနာမီလှိုင်းသံများ ထွက်ပေါ်နေ၏။

ယခုအခါ သူသည် မရီးဒါန်လေးခု အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားလေပြီ။

ရှစ်ရက်မြောက်နေ့တွင် ဆူရှောင်းနင်သည် နောက်ပိုင်းအခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

ကိုးရက်မြောက်နေ့တွင် လမ့်ရိုနှင့် ဖက်တီးလေးတို့သည်လည်း သူတို့၏ စတုတ္ထမြောက်မရီးဒါန်ကို ဖွင့်နိုင်ခဲ့ကြ၏။

ဆယ်ရက်မြောက်နေ့တွင် ကျိချန်းရှန်သည် သူ၏ ဆဋ္ဌမမြောက်မရီးဒါန်ကို ဖွင့်နိုင်ခဲ့၏။

မရီးဒါန်သည် လေးခုမြောက်မှ စတင်ပြီး နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်ဖို့ ပိုပို ခက်ခဲလာ၏။ များစွာသော ကျင့်ကြံသူများသည့် မရီးဒါန်သုံးခု အခြေတည်အဆင့်မှာပင် ရှေ့မတက်နိုင်တော့ဘဲ သူတို့ဘဝတစ်လျှောက်လုံး ကျင့်ကြံမှုရပ်တန့်သွားကြ၏။

မရီးဒါန်ငါးခုအခြေတည်များထဲတွင်မှ ကျိချန်းရှန်က အရင်ဆုံး အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်မှာ အကြောင်းရင်းတချို့ ရှိလေသည်။

တစ်စိတ်တစ်ဒေသအနေနှင့် သူက လုံးလောက်သည့် အရင်းအမြစ်များကို စုဆောင်းထားပြီး ခိုင်မာသည့်အခြေကို တည်ဆောက်ထားနိုင်ခဲ့သောကြောင့်ပင်။

နောက်တစ်ခုကတော့ ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သော.. ဆန်းကြယ်အခြေတည်ဆောက်ခြင်းပင် ဖြစ်လေသည်။

ဆယ်ရက်ကြာပြီးနောက် ဆူဇီမိုတို့အုပ်စု၏ ခွန်အားက သိသိသာသာ တိုးတက်လာခဲ၏။

ဤသို့ဖြင့် ရှေးဟောင်းအပျက်အဆီးနယ်မြေသို့ သွားရောက်ဖို့ သူတို့အုပ်စုသည် ယုံကြည်မှုရှိလာ၏။

လူတိုင်းအဆင်သင့်ဖြစ်နေကြပြီကိုကြည့်ပြီး.. ဆူဇီမိုက လက်ကိုဝေ့ရမ်း၍ အစီအရင်များကို ပျက်ပြယ်စေကာ အလေးအနက် ကြေညာလိုက်၏။

“သွားကြမယ်ဟေ့”

All Chapters