မဟာယွီအင်ပါယာ
Vol. 24 Ch. 351
ဆူဇီမိုနှင့် တခြားသူများသည် မြေပုံပေါ်တွင် အမှတ်အသားပြထားသော ရှေးဟောင်းအပျက်အစီးနေရာဆီသို့ ဦးတည်ထွက်ခွာလိုက်ကြ၏။
သွားရာလမ်းတစ်လျှောက်တွင် သူတို့က ငှက်များ၊ တောကောင်များနှင့် ရှေးခေတ်သက်ရှိများက တိုက်ခိုက်ခဲ့ကြသေး၏။ ကံကောင်းထောက်မစွာနှင့် သုံးရက်ကြာပြီးနောက် သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အစပ်နားသို့ ရောက်လာကြ၏။
မတ်စောက်သောတောင်တစ်တောင်၏ အခြေတွင် များစွာသောကျင့်ကြံသူများက စုဝေးနေကြ၏။ သူတို့အားလုံးသည် မတူကွဲပြားသော အဝတ်အစားများကို ဝတ်ဆင်ထားကြသောကြောင့် ဂိုဏ်းအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးအမျိုးမှ လာကြသည်မှာ သိသာလေသည်။
“ဒီလိုဏ်ဂူခန်းဝါက ချိတ်စည်းက အားတော်တော်ပျော့လာပြီ.. ညတောင်မရောက်လောက်ဘူး.. ငါတို့အဲ့ဒါကို ဖယ်နိုင်တော့မယ်”
“ဒါပေါ့.. ငါတို့ဒီမှာ အကြာကြီးစောင့်ခဲ့ရတာ အလကားမဖြစ်တော့ဘူးပေါ့”
တချို့အဖွဲ့များက လူအယောက်သုံးလေးဆယ်ရှိပြီး နှစ်ယောက်သုံးယောက်သာရှိသော အဖွဲ့ငယ်လေးများလည်း ရှိလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လူပေါင်းရာချီကို မြင်နေရပြီး တချို့က အာကျယ်အာကျယ်၊ တချို့က တိုးတိုး တိုးတိုးနှင့် စကားများ တွတ်ထိုးပြောဆိုနေကြ၏။
ဆူဇီမိုတို့အုပ်စုအပြင် အဲ့နေရာကို အခြားသောကျင့်ကြံသူများကလည်း လာရောက်စုဝေးနေကြပြီး လူအုပ်ကြီးက တဖြည်းဖြည်း တိုးပွားများပြားလာနေ၏။
အခြားသောကျင့်ကြံသူများမှတစ်ဆင့် ဆူဇီမိုတို့သိရသည်မှာ.. ယခင်က ရှေးဟောင်းအပျက်အဆီးနယ်မြေကို အဖုံးအကွယ် အစီအရင်များက အထပ်ထပ်ဖုံးအုပ်ထားသည်ဟုပင်။ ထို့ကြောင့် ယခင်က ရှေးဟောင်းတိုက်ပွဲမြေသို့ လာရောက်ခဲ့သည် ကျင့်ကြံသူများက ဤနေရာကို ရှာတွေ့နိုင်ခြင်းမရှိခဲ့ပဲ အခုထိ အရာမယွင်းဘဲ ကျန်ရှိနေခြင်းပင်။
အချိန်ကြာလာသည်နှင့်အမျှ အဖုံးအကွယ်အစီအရင်များက ဆက်လက်ထိန်းမထားနိုင်တော့ဘဲ ပျက်ပြယ်စပြုလာပြီး အပျက်အစီးနယ်မြေ၏ အရိပ်အယောင်ကို ပြသလာခဲ့၏။ ထိုသို့ဖြင့် ဤနေရာကို ရှာဖွေတွေ့ရှိသော ကျင့်ကြံသူအရေအတွက်က များပြားလာခြင်း ဖြစ်လေသည်။
သို့သော်လည်း အပျက်အစီးနယ်မြေ၏ ပတ်ပတ်လည်တွင် မည်သူမျှ မဖယ်ရှားနိုင်သော ချိတ်စည်းအမျိုးအစားတစ်ခု ကျန်ရှိနေတုန်းဖြစ်၏။ အဲ့ဒါကိုတော့ ၎င်းဘာသာ၎င်း ပျက်ပြယ်သည့်အထိ သူတို့စောင့်ရပေမည်။
“ကြည့်ရတာတော့ ဒီလိုဏ်ဂူခန်းဝါက ရွှေအမြုတေတစ်ယောက် ချန်ခဲ့တာ ဖြစ်ရမယ်ကွ.. အထဲမှာ ဘယ်လိုရတနာတွေများ ရှိမလဲမသိဘူး”
“အဲ့ထဲမှာ မရီးဒါန်ဖွင့်ဆေးလုံးလေးတွေ ရှိဖို့တော့ မျှော်လင့်ရတာပဲ.. ဘာပဲဖြစ်ဖြစ်ပေါ့ အဲ့မှာ ထိပ်တန်းအဆင့်လက်နက်တွေ ရှိရင်လဲ ကောင်းတာပဲ”
“ပြောမရဘူး.. ပကတိအဆင့်လက်နက်တစ်လက်လောက်တောင် ရှိရင်ရှိနေမှာ”
“အင်း ဖြစ်နို်ငတယ် ဒီလိုဏ်ဂူခန်းဝါအပြင်က ချိတ်စည်းကိုကြည့်ရတာတော့ အဲ့ရွှေအမြုတေက ရှေးခေတ်တုန်းက ပါချည်ပါချဲ့တစ်ယောက် မဟုတ်လောက်ဘူး.. သူက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုလောက် ချန်ခဲ့တာ ဖြစ်ရင်လဲဖြစ်နိုင်တယ်”
ကျင့်ကြံသူအများစု ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရသည့် ရည်ရွယ်ချက်က မရီးဒါန်ဖွင့်ဆေးလုံးများကို သူတို့ရနိုင်ဖို့ ဖြစ်လေသည်။
မရီးဒါန်ဖွင့်ဆေးလုံးများက ရှေးခေတ်တုန်းက အလွန်ကျော်ကြားခဲ့သော ဆေးလုံးများဖြစ်ပြီး ထျန်ဟွမ်ကမ္ဘာရဲ့ ဒီဘက်ခေတ်မှာတော့ အဲ့ဒါကို ဖော်စပ်ထုတ်လုပ်နိုင်သော မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ၎င်း၏ ဆေးညွှန်းကလည်း ဆိတ်သုန်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ မရီးဒါန်ဆေးလုံးက အခြေတည်အဆင့်ကျင့်ကြံသူများအတွက်တော့ ရတနာတစ်ပါးပင် ဖြစ်လေသည်။
မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံး ပေါ်လာသည်နှင့် သွေးလွှမ်းတိုက်ပွဲတစ်ခုက ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုသည် ကျိယောင်ရွှယ်နှင့် အခြားသူများကို တောင်ခြေတစ်ခုသို့ ခေါ်သွားပြီး နေရာလွတ်တစ်နေရာတွင် အခြေချကာ ချိတ်စည်းပျက်ပြယ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြ၏။
ဆူဇီမိုက တောင်ကုန်းထိပ်ရှိ လိုဏ်ဂူခန်းဝါကို အတွေးနက်ကာ ကြည့်လိုက်၏။
ဖက်တီးလေးက သုံးသပ်လိုက်၏။
“ရွှေအမြုတေတစ်ယောက်ချန်ခဲ့တဲ့ လိုဏ်ဂူခန်းဝါတစ်ခုမှာ သိပ်ပြီးကောင်းကောင်းကန်းကန်း ရှိလိမ့်မယ်လို့ ကျုပ်တော့မထင်ပါဘူး.. ဂိုဏ်းတစ်ဂိုဏ်းရဲ့ အပျက်အဆီးနေရာဆိုရင်တော့ မရီးဒါန်ဖွင့်ဆေးလုံးတွေဘာတွေ တွေ့နိုင်တယ်”
“အဲ့လိုတော့ ပြောလို့မရဘူး”
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ရှေးဟောင်းတိုက်ပွဲမြေမှာ လွှမ်းမိုးခြယ်လှယ်ပြီး အမွေအနှစ်ခန်းဝါတစ်ခု ချန်ထားခဲ့နိုင်တဲ့သူက သာမန်ပုဂ္ဂိုလ်တော့ မဖြစ်နိုင်ဘူး.. နောက်ပြီး ဒီလောက်အချိန်တွေ ကြာမြင့်ခဲ့တာတောင် မပျက်ပြယ်သေးတဲ့ ချိတ်စည်းကိုကြည့်လေ.. အဲ့ထဲမှာ တန်ဖိုးကြီးရတနာတွေ ရှိတယ်ဆိုတာ ပြနေတာပဲမလား”
အချိန်ကြာလာသည်နှင့်အမျှ လိုဏ်ဂူအပြင်ဘက်ရှိ ချိတ်စည်း၏အော်ရာက အားနည်းလာပြီး ကျင့်ကြံသူအရေအတွက်များက များပြားလာ၏။
အားလုံးက အခုနေမှာ အဆင်ပြေနေကြသေးသော်လည်း.. တောင်ခြေတွင် ဖိအား၊ တင်းမာမှုက တဖြည်းဖြည်း တရိပ်ရိပ်တက်လာနေ၏။
သူတို့ စကားများရန်မဖြစ်ကြသေးသည်မှာ ရတနာများကို မမြင်ကြရသေးသောကြောင့် ဖြစ်လေသည်။
ရုတ်တရတ်.. လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး လမ်းဖယ်ပေးလိုက်ကြ၏။ အေးတိအေးစက် အမူအယာများနှင့် နက်မှောင်သောသတ္တုချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းဝင်လာကြလေသည်။
“အဲ့ဒါ မဟာယွီအင်ပါယာက လူတွေပဲ.. သူတို့ကို သတိထား”
ကျိယောင်ရွှယ်က တီးတိုးပြောလိုက်၏။
“သူတို့ရဲ့ခေါင်းဆောင်က မဟာယွီမင်းသားဖြစ်လိမ့်မယ်”
ကျိယောင်ရွှယ် ပြောလိုက်သည့်အချိန်မှာပင် မဟာယွီမင်းသားက တစ်ခုခုကို အာရုံခံမိလိုက်သလို လှည့်ကြည့်လိုက်၏။ ဆူဇီမိုတို့ အုပ်စုကို မြင်သောအခါ သူ့မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။
“မင်းတို့ကျန်တဲ့လူက ဒါအကုန်ပဲလား.. အခုမှ ဆယ်ရက်ပဲရှိသေးတယ် ကြည့်ရတာတော့ မဟာကျိုးအင်ပါယာက တော်တော်လေး ထိခိုက်ဆုံးရှုံးခဲ့ရပုံပဲ”
မဟာယွီမင်းသားက ဟက်ကနဲ ရယ်လိုက်၏။
“မင်းတို့ကို ငါစေတနာနဲ့ အကြံပေးလိုက်မယ်.. ချောင်တစ်ချောင်မှာ သွားပုန်းနေကြစမ်းပါကွာ.. အဲ့ဒါဆိုရင်တော့ မဟာကျိုးကို မင်းတို့အသက်ရှင်လျက် ပြန်နိုင်လောက်တယ် .. မဟုတ်ရင်တော့... ဟဲဟဲ”
“ပူပေးစရာ မလိုပါဘူး” ကျိယောင်ရွှယ်၏ လေသံက တည်ငြိမ်နေ၏။
ကျိယောင်ရွှယ်ကို မြင်လိုက်ရသောအခါ မဟာယွီမင်းသား၏ မျက်လုံးက ဝင်းလက်သွားလေသည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသည့်အရိပ်က ဖြတ်သွားပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်ချလိုက်၏။
“အချောလေး.. ငါမင်းကို ဘယ်လိုခေါ်ရမလဲ”
ထို့နောက် သူလှမ်းကြည့်လိုက်ရင်း လမ့်ရိုနှင့် ဆူရှောင်းနင်တို့ကို မြင်သောအခါ သူ့မျက်လုံးထဲရှိ မကောင်းဆိုးဝါးဆန်ဆန်အလင်းက ပိုမိုသိပ်သည်းလာ၏။
“မဆိုးပါဘူး.. မဆိုးပါဘူးလေ”
မဟာယွီမင်းသားက သူ့လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း ရယ်မောလိုက်၏။
“ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ မင်းတို့မှာ ကိုယ်ပိုင်အလှကိုယ်စီ ရှိကြတာပဲ.. ငါတော့ သဘောကျတယ်ဟေ့.. ဟဟား”
“မိုက်ရိုင်းလိုက်တာ”
ကျွင်းဟောက်က ဝုန်းကနဲ ထရပ်ပြီး သုန်မှုန်နေသောအမူအယာနှင့် အော်လိုက်၏။
“ဒါက မဟာကျိုးမင်းသမီးကွ.. မင်းဘယ်လိုတောင် ညစ်ညစ်ညမ်းညမ်း ပြောနေရတာလဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ကျွင်းဟောက်က မခံမရပ်နိုင်သည့်ပုံစံနှင့် ထပြောခြင်းဖြစ်သော်လည်း သူပြောမှပင် ကျိယောင်ရွှယ်၏ သရုပ်သကန်ကို အများသိသွားကြလေပြီ။
“ေသြာ်.. ဒါကြောင့်ကိုး”
မဟာယွီမင်းသားက အားပါးတရ ရယ်မော၍ ကျိယောင်ရွှယ်၏ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ဟုတ်တာပေါ့.. တော်ဝင်မင်းသမီးတစ်ပါးပဲ ဒီလိုအော်ရာမျိုးကို ပိုင်ဆိုင်နိုင်မှာ”
ဘာကြောင့်ရယ်မသိ.. မဟာယွီမင်းသားနှင့် အကြည့်ချင်းဆုံချိန်တွင် ကျိယောင်ရွှယ်၏ ခေါင်းက ချာချာလည်လာသည်ဟု ခံစားလိုက်ရပြီး သူမက အသိစိတ်လွတ်သလို ဖြစ်လာ၏။
ရုတ်တရတ်..
ကျိယောင်ရွှယ်၏ ရှေ့ကို ပုံရိပ်တစ်ခုက ရောက်လာပြီး မဟာယွီမင်းသား၏ အကြည့်ကို ပိတ်ဆို့လိုက်၏။
ကျိယောင်ရွှယ်သည် သူမ၏ ဦးခေါင်းကိုခါပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မှပင် သူမ၏ မျက်လုံးများက ပြန်လည်ကြည်လင်လာ၏။
မဟာယွီမင်းသား၏ မျက်လုံးများထဲတွင် နှမြောတွန့်တို မချင့်မရဲဖြစ်မှုက ပေါ်လာ၏။
ဆူဇီမိုက မထီတရီ ပြောလိုက်၏။
“တစ်ခွန်းပဲပြောမယ်.. ပြဿနာမရှာချင်စမ်းနဲ့”
မဟာယွီမင်းသားက မျက်မှောင်ကြုတ်ပြီး စာပေသမားလိုလို အစိမ်းရောင်ဝတ်ထားသည့် ကျင့်ကြံသူကို ကြည့်လိုက်၏။ သူ့မျက်စိကို မှေးကျဉ်းလိုက်ပြီး အေးစက်စက် အမိန့်ပေးလိုက်၏။
“ထွက်သွားစမ်း”
သူကြည့်နေရင်းနှင့် ဆူဇီမို၏ အော်ရာက ရုတ်တရတ် ပြောင်းလဲသွား၏။
ဆူဇီမိုထံမှ ပြင်းထန်အားကောင်းသော သွေးရနံ့က ဖြာထွက်လာသလို သူ့ရင်ထဲ တလျှပ်လျှပ် ဖြစ်လာ၏။
မဟာယွီမင်းသား၏ မျက်လုံးထဲတွင် ထိုပျော့တိပျော့ဖတ် စာပေသမားက ရုတ်တရတ်.. ဖိနှိမ်ချုပ်ချယ်နိုင်သောအော်ရာနှင့် အလောင်းတောင်များကိုကျော် သွေးသမုဒ္ဒရာများကို ဖြတ်လာသော.. ငရဲမှတက်လာသည့် စွမ်းအားကြီးနတ်ဆိုးမိစ္ဆာတစ်ကောင်လို ဖြစ်လာ၏။
ဆူဇီမို၏ အကြည့်နှင့်ဆုံချိန်တွင် သူ့နုလုံးက အပြင်ဘက်သို့ ပေါက်ထွက်တော့မည့်အလား တဒိန်းဒိန်းခုန်လာ၏။
ချွမ်.. ချွမ်..
မဟာယွီမင်းသား၏ ရှေ့သို့ အစောင့်နှစ်ယောက်က တက်လာပြီး သူတို့၏ခါးမှ ထက်ရှသောဓါးများကိုထုတ်ကာ အထိတ်တလန့် သတိကြီးကြီးနှင့် ဆူဇီမိုကို စိုက်ကြည့်နေ၏။
ထိုအချိန်တွင် သူတို့ရပ်နေကြသောမြေပြင်က ရုတ်တရတ် လှုပ်ခါလာပြီး ရှေးခေတ်အော်ရာက ပျက်ပြယ်လာကာ တောင်ကုန်း၏ အလယ်တွင် လိုဏ်ဂူခန်းဝါတစ်လုံးက ထင်းထင်းပေါ်လာ၏။ ကျင့်ကြံသူများ၏ မျက်လုံးက ဝင်းလက်သွားကြ၏။
ချိတ်စည်းက ပျက်ပြယ်သွားလေပြီ။
ရွှစ်.. ရွှစ်.. ရွှစ်..
များစွာသောကျင့်ကြံသူများသည် သူတို့၏ ဓါးပျံများကို ဆင့်ခေါ်ထုတ်ကာ လေထဲသို့ ပျံတက်လိုက်ကြ၏။ လိုဏ်ဂူခန်းဝါသို့ ပျံသန်းသွားကြသော ကျင့်ကြံသူတစ်ထောင်ကျော်ရှိပြီး သိပ်သည်းပြည့်ညှပ်နေကြ၏။
ခန်းဝါထဲသို့ အရင်ဆုံး ဝင်ရောက်နိုင်သည့်သူများက ရတနာများကို အခြားသူများထက် အရင်ရဖို့ အခွင့်ရှိလေသည်။
ဆူဇီမိုသည် သူ့အကြည့်ကို ပြန်ရုတ်ပြီး သူ့ရင်ထဲက သတ်ဖြတ်လိုစိတ်ကို ဖိနှိမ်လိုက်၏။ သူက ကျိယောင်ရွှယ်နှင့် အခြားသူများဘက်သို့ လှည့်ပြီး လက်ပြလိုက်၏။
“သွားကြမယ်ဟေ့”
မဟာယွီမင်းသားက မုန်းတီးစွာကြည့်ပြီး အေးစက်စက် အမိန့်ပေးလိုက်၏။
“ရတနာတွေအတွက် အရင်တိုက်ကြတာပေါ့.. ပြီးကျမှ ငါတို့အဲ့ကောင်ကို ကိုင်တွယ်ကြမယ်”
ဘုန်း..
ခန်းဝါဆီသို့ အရင်ရောက်သွားကြသူများက ဝင်ပေါက်တံခါးကို ရိုက်ချိုးလိုက်ကြ၏။
တထောင်းထောင်းထလာသော ဖုန်လုံးများကြားမှ လူတိုင်းက အထဲသို့ အလုအယက် တိုးဝင်လိုက်ကြ၏။