← Chapters

တစ်ပိုင်းမူစိတ်ဝိညာဉ်လက်နက်

Vol. 24 Ch. 352

တစ်ပိုင်းမူစိတ်ဝိညာဉ်လက်နက်

Vol. 24 Ch. 352

လိုဏ်ဂူခန်းဝါထဲတွင်.. ရှေးကျသောအော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး သူတို့မြင်လိုက်ကြရသည့်အရာမှာ ဘယ်ဆီဘယ်ဝယ်ကို ဦးတည်နေမှန်း မသိရသော မှောင်မည်းနေသည့် ဥမင်လိုဏ်ခေါင်း ငါးခုပင် ဖြစ်လေသည်။

ခန်းဝါထဲသို့ ရောက်လာကြသော ကျင့်ကြံသူများက ရပ်တန့်လိုက်ပြီး ချီတုံချတုံ ဖြစ်ကုန်ကြ၏။

ဥမင်ငါးခုက ပုံစံချင်း တူညီနေကြပြီး ဘယ်တစ်ခုထဲမှာ မရီးဒါန်ဖွင့်ဆေးလုံးများ သို့မဟုတ် ရတနာများက ရှိနေမလဲဆိုတာကို သူတို့မသိနိုင်ကြပေ။ သူတို့၏ ကံကို စမ်းကြည့်ရုံသာ။

မှားယွင်းသောဥမင်ထဲကိုသာ သူတို့ဝင်မိသွားလျှင် သူတို့က ဘာမှမရဘဲ ပြန်လာရဖို့ ရှိလေသည်။

အခွင့်အရေးက တစ်ခုသာ..

များစွာသော ကျင့်ကြံသူများသည် ခဏမျှ ချီတုံချတုံ ဖြစ်နေကြပြီး‌နောက် ဥမင်တစ်ခုစီကို ရွေးချယ်ကာ ပြေးဝင်သွားကြ၏။

မဟာယွီကျင့်ကြံသူများက သေသပ်ညီညာစွာ ချီတက်ပြီး ဝင်ရောက်လိုက်ကြ၏။ တစ်ချက်ကြည့်ရုံနှင့် သူတို့က သံမဏိသွေးစစ်သည်များဖြစ်ကြောင်း သိနို်ငလေသည်။

“ငါတို့ ငါးဖွဲ့ခွဲပြီး ဝင်ကြမယ်.. ဘာမှ မတွေ့တဲ့အဖွဲ့က ဒီနေရာကို ချက်ချင်းပြန်လာရမယ်” မဟာယွီမင်းသား၏ အသံက ထွက်လာ၏။

“နားလည်ပါပြီ”

မဟာယွီကျင့်ကြံသူများက သံပြိုင်ဖြေလိုက်ကြ၏။

ကျိယောင်ရွှယ်နှင့် အခြားသူများက ဆူဇီမိုကို အလိုလိုကြည့်လိုက်ကြ၏။ မသိလိုက်မသိဘာသာနှင့်ပင် သူတို့က သူတို့အဖွဲ၏ ခေါင်းဆောင်အဖြစ် ဆူဇီမိုကို သတ်မှတ်ထားလိုက်ကြပြီးဖြစ်လေသည်။

မဟာယွီအင်ပါယာလို သူတို့က လူခွဲပြီး ဝင်ကြမည်ဆိုလျှင် ရတနာများကို ရှာတွေ့နိုင်ဖို့ သေချာမည် ဖြစ်လေသည်။

သို့သော်လည်း သူတို့မှာလူက ဆယ့်တစ်ယောက်သာရှိလေသည်။ လူစုခွဲလိုက်သည်နှင့် သူတို့၏ တိုက်ခိုက်ရည်က အားနည်းသွားမည်ဖြစ်ပြီး ရုတ်ရုတ်သဲသဲ တိုက်ပွဲများကြားတွင် သူတို့က အလွယ်တကူ သတ်ခံရနိုင်လေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်က ထင်ဟပ်လာပြီး သူက အလေးအနက် ပြောလိုက်၏။

“ငါတို့လူခွဲမယ်.. ဘယ်ဘက်က ဒုတိယဥမင်ထဲကို ငါတစ်ယောက်ထဲသွားမယ်.. မင်းတို့ဆယ်ယောက်က ဥမင်တစ်ခုကို ရွေးပြီးဝင်ကြ”

သူက တစ်ယောက်တည်းဖြစ်နေရင်တောင် မထိမခိုက် ထွက်ပြေးနိုင်သည်ဟု ဆူဇီမိုက သူ့ကိုယ်သူ ယုံကြည်လေသည်။

ကျိယောင်ရွှယ်တို့ ဆယ်ယောက်တွင် အများစုက မရီးဒါန်ငါးခု အခြေတည်အဆင့်များဖြစ်ပြီး ကျိချန်းရှန်က မရီးဒါန်ခြောက်ခု ဖြစ်လေသည်။ နောက်ပြီး သူတို့နှင့်အတူ ညဝိညာဉ်ကလည်း ပါလာမည်ဖြစ်သောကြောင့် တော်တန်ရုံ အန္တရာယ်ကိုတော့ သူတို့ကြောက်စရာ မလိုတော့ပေ။

ဆူရှောင်းနင်က မျက်လုံးကိုမှိတ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံကာ ရုတ်တရတ် ပြောလိုက်၏။

“ညာဘက်က လေးခုမြောက်မင်ကို ဝင်ကြမယ်”

ခရီးစဉ်တစ်လျှောက်တွင် ဆူရှောင်းနင်သည် စကားပြောခဲသလို အကြံများလည်း မပေးတတ်ပေ။ သူမ၏ ရုတ်တရတ် ဆုံးဖြတ်ချက်က လူတို်ငးကို အံ့အားသင့်သွားစေ၏။

ကျိယောင်ရွှယ်က ခဏမျှ ချင့်ချိန်ပြီးနောက် ခေါင်းညိတ်လိုက်၏။

“ရှောင်းနင်ပြောတဲ့အတိုင်း သွားကြတာပေါ့.. ငါတို့ထဲမှ သူက တစ်ဦးထဲသော နတ်ဆေးဆရာမပဲ”

သူမက ခဏမျှ ရပ်တန့်ပြီး ဆူဇီမိုဘက်ကို လှည့်ကြည့်ကာ စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

“ဇီမို.. ဂရုစိုက်ဦး”

“မပူပါနဲ့.. တတ်နိုင်သမျှ ငါမင်းတို့ကို စောစောလာရှာမယ်”

ထိုသို့ပြောပြီး သူက ညဝိညာဉ်၏ ခေါင်းကိုပုတ်ကာ ဒုတိယဥမင်ထဲသို့ ရိပ်ကနဲ ပြေးဝင်သွား၏။

ကျိယောင်ရွှယ်နှင့် အခြားသူများကလည်း စတုတ္ထမြောက်ဥမင်ထဲသို့ ပြေးဝင်လိုက်ကြ၏။

ဥမင်က ငါးခုရှိသည်ဆိုလျှင်တောင် ဥမင်တစ်ခုဆီသို့ ဝင်ရောက်ခဲ့သည့် ကျင့်ကြံသူအရေအတွက်က နှစ်ရာအထက် ရှိလေသည်။

ဆန်းကြယ်တောင်ပံများကိုထုတ်၍ ဆူဇီမို၏ အခြားကျင့်ကြံသူအုပ်စုများကို သိပ်မကြာမီ ဖြတ်ကျော်လိုက်၏။

“ဘုန်း.. ဘုန်း.. ဘုန်း..”

ရှေ့တွင် ကျယ်လောင်သောအသံများကို ကြားလိုက်ရလေသည်။

ဆူဇီမို ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ ဥမင်၏ အဆုံး၌ ကျောက်တိုက်ခန်းတစ်ခန်းရှိသည်ကို မြင်လိုက်ရ၏။ အရင်ဆုံးရောက်လာသော ကျင့်ကြံသူများက အတူတကွ ပူးပေါင်းပြီး တံခါးကို ဖျက်ဆီးဖို့ ကြိုးစားနေကြ၏။

သို့သော်လည်း ကျောက်တံခါးက အလွန်တရာ ထူထဲပြီး သတ္တုရောင်လို လက်နေ၏။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တာတောင် အဲ့ဒါက ဆွေးမြည့်ခြင်းမရှိ ခိုင်မာနေ၏။

များစွာသောစိတ်ဝိညာဉ်တိုက်ခိုက်မှုများ၊ လက်နက်များနှင့် ထိတွေ့ပြီးနောက် ကျောက်တံခါးက အဆက်မပြတ်တုန်ခါပြီး ဖုန်မှုန့်နှင့် သဲများက ကျလာ၏။ သို့သော်လည်း အဲ့ဒါကတော့ ပြိုမကျနိုင်သေးပေ။

ဝေါ..

ဝုန်း.. ဝုန်း.. ဝုန်း..

ရုတ်တရတ်.. သူတို့၏ ဦးခေါင်းထက်တွင် ကြောက်စရာလန့်စရာပုံစံနှင့် ဆူနာမီနှင့် မိုးကြိုးများ ရောနှောနေသည့်အသံကို ကြားလိုက်ရ၏။

ထို့နောက် ပုံရိပ်တစ်ခုက သူတို့၏ ဦးခေါင်းများကနေ ဖြတ်ပျံသွားပြီး ကျောက်တံခါးကို ပြင်းထန်စွာ တိုက်ချလိုက်၏။

“ဘုန်း”

နားပင်းမတတ်အသံကြီးက ထွက်ပေါ်လာ၏။

ကြောက်လန့်တကြား အကြည့်များအောက်မှာပင် ထူထဲသောကျောက်တံခါးကြီးက ကြေမွပြိုကျသွား၏။

ဟာ..

လူတိုင်း ပင့်သက်ကို ရှိုက်လိုက်ရ၏။

အဲ့ဒါလူရော ဟုတ်ရဲ့လား..

ကျောက်တံခါးကြီးကို ပစ်တိုက်ချပြီးနောက် ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိ တိုက်ခန်းထဲသို့ ဝင်ရောက်လိုက်၏။

အဲ့ဒါက စိတ်ဝိညာဉ်လက်နက်တိုက်တစ်ခုပင် ဖြစ်လေသည်။

ကျောက်တိုက်ခန်းက အတော်လေးကျယ်ဝန်းပြီး မျက်နှာကျက်တွင် လက်မောင်းတလုံးလောက် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေ၏။ အဲ့ဒါက မျက်နှာကျက်တစ်လျှောက်ဖြတ်သွားပြီး တဖြည်းဖြည်းမှောင်လာနေသာ အပြင်ဘက်ကောင်းကင်ကိုပင် မြင်နေရ၏။

တိုက်ခန်းထဲတွင် စိတ်ဝိညာဉ်လက်နက်များစွာ ရှိလေသည်။ အတော်များများက ဓါးပျံများဖြစ်သော်လည်း ချပ်ဝတ်များ၊ ဒိုင်းကာများနှင့် အခြားသောခုခံကာကွယ်ရေး စိတ်ဝိညာဉ်လက်နက်များလည်း ရှိလေသည်။ အဲ့ဒါတွေက အိုဟောင်းနေသော ကျောက်စင်များပေါ်တွင် ပြန်ကျဲ့နေကြလေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် လက်နက်ပေါင်းရာချီကို မြင်နိုင်လေသည်။

ပြေးဝင်လာကြသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ်လက်နက်များကို မြင်သောအခါ သူတို့၏ မျက်လုံးများက လောဘရမ္မက်ဖြင့် တောက်လောင်နီရဲလာကြ၏။

“ယူကြဟေ့”

ကျင့်ကြံသူများသည် တုံ့ဆိုင်းခြင်းမရှိ ကျောက်စင်များပေါ်မှ စိတ်ဝိညာဉ်လက်နက်များကို စတင်လုယက်တိုက်ခိုက်ကြလေတော့သည်။

“သာလွန်အဆင့်လက်နက်သုံးခု”

“ဟဟဟ.. ဒါက ထိပ်တန်းအဆင့်ဓါးပျံဟ.. ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေသေးတာပဲ”

ဆူဇီမိုက တည်ငြိမ်နေပြီး အလောတန်ရှိမနေပေ။ သူ့မျက်လုံးများက ကြည်လင်နေပြီး ကျောက်စင်များပေါ်မှ စိတ်ဝိညာဉ်လက်နက်များကို ဝေ့ကြည့်လိုက်၏။

ပြောရမည်ဆိုလျှင် ထိုစိတ်ဝိညာဉ်လက်နက်များကို သူစိတ်ဝင်စားမှု သိပ်မရှိလှပေ။

အဲ့ဒါတွေက ပကတိအဆင့် သို့မဟုတ် ဒဏ္ဍာရီလာ မူလစိတ်ဝိညာဉ်လက်နက်များမှ မဟုတ်ဘူးဆိုလျှင်ပေါ့။

သို့သော်လည်း ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်အစပ်တွင်ရှိသော လိုဏ်ဂူတိုက်ခန်းတစ်ခုမှာ ထိုလက်နက်များကို မြင်နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။

ရုတ်တရတ်..

သူ့အကြည့်က ကြီးမားနက်မှောင်နေသည့် လေးတစ်လက်အပေါ် ရောက်သွား၏။

ထောင့်တစ်နေရာတွင်ချထားသော ထိုလေးက အလွန်တရာ သာမန်ဆန်နေပြီး ပေါ်လွင်ထင်ရှားမှု ရှိမနေပေ။

သို့သော်လည်း အပြင်ဘက်တွင် ညက မှောင်လာပြီဖြစ်ပြီး ကောင်းကင်တွင် ငွေလက ထွက်ပေါ်လာပြီဖြစ်၏။ နူးညံ့အေးမြသော ငွေလရောင်က မျက်နှာကျက်ရှိ အဟကွဲကြောင်းမှ ယိုဖိတ်လာပြီး ကြီးမားနက်မှောင်နေသည့် ထိုလေးပေါ်သို့ ကျရောက်လာ၏။

လရောင်အလင်းက လေးကိုင်းပေါ်ကို ကျလာပြီး မြင်လိုက်ရသည်မှာ ထိုလေးပေါ်တွင် ဖုန်တစ်စက်မျှ ရှိမနေပေ။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

ရွှစ်..

ဖျတ်ကနဲ လှုပ်ရှားပြီး သူသည် ထိုထောင့်သို့ ရောက်ရှိသွား၏။ သူသည် ကြီးမားသည့် ထိုလေးကြီးကို မ,ယူလိုက်ပြီး အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။

ဘန်း..

လေးက လှုပ်ခါသွားပြီး တုန်ခါထွက်ပေါ်လာသောအသံက လူတစ်ယောက်၏ စိတ်ကို ချောက်ချားသွားစေနိုင်၏။

ဧရာမလေးကိုင်းကြီးပေါ်တွင် စိတ်ဝိညာဉ်အလင်းငါးခုက တောက်ပလာ၏။

စိတ်ဝိညာဉ်အင်းကွက်ငါးခု.. ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်..

ဆူဇီမို ဘဝင်ခိုက်သွား၏။

လေးကိုင်းပေါ်တွင် ရေးထွင်းထား‌သော စားလုံးအချို့ရှိနေ၏။

လရောင်ဝှက်လေး..

ဆူဇီမို၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။

ထိုစာလုံး၏ဘေးတွင် မှိတ်တုတ်တုတ်လင်းနေသော ခပ်ရေးရေး စိတ်ဝိညာဉ်အင်းကွက်တစ်ခုက ရှိနေသေး၏။

“ဒါက...”

မူလစိတ်ဝိညာဉ်အင်းကွက်..

ဆူဇီမိုသည် တုန်လှုပ်သွား၏။

တိုက်ခန်း၏ မျက်နှာကျက်တွင် အက်ကွဲအဟကြောင်းကြီးက ဘာကြောင့်ရှိနေသလဲဆိုတာ နောက်ဆုံး သူနားလည်သွား၏။

ထိုအက်ကွဲကြောင်းကြီးက လရောင်ဝင်ရောက်လာစေဖို့ ဖြစ်လေသည်။ ညစဉ်ညတိုင်း လရောက်က ဧရာမလေးကြီးအပေါ် ကျဆင်းပြီး ၎င်းကို အားဖြည့်ပေးနေမည် ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေတွင် စိတ်ဝိညာဉ်ချီများက ပေါကြွယ်ဝ၏။ ဤခန်းဝါပိုင်ရှင်က ထိုသို့ပြုလုပ်ခဲ့ရသည်မှာ အကြောင်းရင်းက တစ်ခုတည်းသာလျှင် ရှိလေသည်။

သူက လ၏အမြုတေအဆီအနှစ်နှင့် ရှေးဟောင်းစိတ်ဝိညာဉ်ချီတို့ကို အသုံးချပြီး မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ဖန်တီးနေခြင်း ဖြစ်လေသည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ ထိုမူလစိတ်ဝိညာဉ်အင်းကွက်က အပြည့်အဝ မဖြစ်တည်သေးဘဲ တစ်ဝက်တစ်ပျက်ပုံစံမှာသာ ရှိနေသေးလေသည်။

လရောင်ဝှက်လေးကို တစ်ပိုင်းမူလစိတ်ဝိညာဉ်လက်နက်ဟုသာ ခေါ်လို့ရပေမည်။

ရုတ်တရတ်.. ဆူဇီမိုသည် တောက်လောင်နေသော အကြည့်များက သူ့ကျောကို ထိုးဖောက်လာပြီး အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၏။

တိုက်ခန်းအတွင်း ရုတ်တရတ် လုံးဝငြိမ်သက်သွားကြ၏။

လရောင်ဝှက်လေးမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်အလင်းငါးခုကို အခြားသောကျင့်ကြံသူများ သတိထားမိသွားကြလေပြီ။

ပကတိစိတ်ဝိညဉ်လက်နက်..

ရွှေအမြုတေများတောင် နှာခေါင်းသွေးလျှံလောက်သော ရတနာတစ်ခု..

မည်သူမှ စကားမပြောနိုင်ကြဘဲ သူတို့၏ အသက်ရှုသံက လေးလံပြင်းထန်လာကြ၏။

All Chapters