← Chapters

လရောင်ဝှက်၏ စွမ်းအား

Vol. 24 Ch. 353

လရောင်ဝှက်၏ စွမ်းအား

Vol. 24 Ch. 353

“သတ်”

နောက်ဆုံးမှာတော့ ကျင့်ကြံသူအချို့က ဆက်လက်သည်းမခံနိုင်တော့ဘဲ လက်ဟန်ချိတ်စည်းများကို ထုတ်ဖော်ကာ ဆူဇီမိုကို တိုက်ခိုက်လိုက်ကြ၏။

ရွှစ်..

ခြစ်ခြစ်တောက် ပူနေသော မီးလုံးတစ်လုံးက ပျံသန်းလာ၏။

ချွင်.. ချွင်..

ဓါးသံများက ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော စိတ်ဝိညာဉ်အလင်းများက တဖျတ်ဖျတ်လက်လာ၏။ တိုက်ခန်းတစ်ခုလုံးသည် ဓါးချီများနှင့် ပြည့်နှက်သွားပြီး သူတို့အကုန်လုံးက ဆူဇီမိုတစ်ယောက်တည်းကိုသာလျှင် ချိန်ရွယ်ထားလေသည်။

ထိုကဲ့သို့သော ပြင်းထန်ရက်စက်သည့် တိုက်ခိုက်မှုအောက်၌ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ဆိုလျှင်တောင် သေရပေမည်။

မီးလုံးကြီးက ပျံသန်းလာစဉ် လေထုသည် အပူရှိန်ဟပ်၍ တဖျောက်ဖျောက် မြည်နေ၏။

ဝုန်း..

ရုတ်တရတ် ဆူဇီမိုသည် သူ့လက်ဝါးကို ဖြန့်လိုက်သောအခါ လျှပ်စီးစလေးများက သူ့လက်တွင် ရစ်သိုင်းလာ၏။ သူက ဝင်ရောက်လာသော မီးလုံးကြီးကို လက်ဖြင့် ဆွဲယူလိုက်၏။

သူ့လက်က ဘာမှဖြစ်မသွားပေ။

ထိုအဆင့်မှာရှိသော စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆူဇီမိုကို မခြိမ်းခြောက်နို်ငပေ။ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်လောက် ပါလာမှာကိုသာ သူစိုးရိမ်လေသည်။

ထို့နောက် လူတိုင်း၏ အမြင်အာရုံက ဝါးတားတားဖြစ်သွား၏။

ဆူဇီမိုသည် နဂိုရှိနေသော နေရာကနေ ပျောက်ကွယ်သွားလေပြီ။

ဘုန်း.. ဘုန်း.. ဘုန်း..

လူအုပ်ကြီးအတွင်းတွင် သွေးခင်းသောလမ်းက ပေါ်လာ၏။ လူများသည် ပြင်းထန်ကြီးမားသောအားတစ်ခုနှင့် ပစ်ဆောင့်ခြင်းခံလိုက်ရပြီး သွေးမြူများအဖြစ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲကုန်၏။

သူတို့ထဲမှ တချို့မှာ ကျောက်နံရံနှင့် ပစ်တိုက်မိပြီး အရိုးများကျိုးကြေကာ နဖူးမှခြေဖျားထိ သွေးအလိမ်းလိမ်း ဖြစ်ကုန်၏။

တချို့ကတော့ ဘာမှ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် နေရာမှာတင် ချက်ချင်း အသက်ထွက်ကုန်ကြ၏။

အဲ့ဒါက မြန်လွန်းလေသည်။

မျက်စိတစ်မှိတ်မှာပင် ဆူဇီမိုက လူအုပ်ကြီးထဲ ရောက်နေလေပြီ။

သူတို့က တိုက်ခန်းတစ်ခုထဲမှာ ရှိနေကြသောကြောင့် ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်ကို ကောင်းကောင်းအသုံးချနိုင်ကာ အထွတ်အထိပ်အခြေအနေကို ရောက်ရှိနေ၏။

မဟာယွီကျင့်ကြံသူတစ်ယောက်ကနေ ဆူဇီမို၏ ဘယ်ဘက်ကနေ ဓါးဖြင့်လှမ်းခုတ်ပိုင်းလိုက်၏။ ဆူဇီမိုက ဘေးတိုက်ရွှေ့ရှောင်ပြီး လက်သီးဖြင့် ပြန်ထိုးလိုက်သောအခါ ထိုသူ၏ရင်အုပ်ပေါ်ကို ချက်ချင်းကျရောက်သွားလေသည်။

ဂျွတ်..

ထိုလူ၏ ရင်အုပ်က ချိုင့်ဝင်သွားပြီး အရိုးကျိုးသံများကို ကြားလိုက်ရ၏။

ထိုလူ၏ မျက်လုံးများက မှိန်ဖျော့သွားကာ တန်းသေသွားလေသည်။

ရုတ်တရတ် ဆူဇီမိုက အသည်းအသန် နောက်ခုန်ဆုတ်လိုက်၏။ သူ့ခွန်အားကို နောက်ကျောဆီပို့ကာ ပေါက်ကွဲရုန်းအားနှင့် နောက်လှန်ချလိုက်၏။

သူ့နောက်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်က လွင့်စင်ထွက်သွားပြီး လေထဲမှာတင် သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။

ဆူဇီမို၏ ခြေလှမ်းများက ဆက်တိုက်ပြောင်းလဲနေပြီး နောက်ထပ် ဘေးတိုက်ထပ်ရွှေ့လိုက်၏။ ရှေ့သို့တက်ပြီး ကျင့်ကြံသူတစ်ယောက်ကို ဒူးဖြင့်တိုက်ချလိုက်၏။

တောင်တန်းအားပြု၊ မျှော်လင့်ချက်မျောက်ဝံလက်သီးချိတ်စည်းနှင့် နတ်မြင်းချေမှုန်းခြင်းတို့သည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ခြင်းတိုက်ကွက်များဖြစ်လေသည်။

ဆူဇီမိုဖြတ်သွားသည့်နေရာတစ်လျှောက် လူအုပ်ကြီးက ကျွမ်းထိုးမှောက်ခုံနှင့် သေသည့်လူသေ၊ ဒဏ်ရာရသည့်လူရကာ ဖရိုဖရဲ ကျန်ရစ်ခဲ့၏။ သူသည် ဘယ်သို့ညာသို့ အလွန်အားကောင်းသောအော်ရာနှင့် ခုန်ကူးနေပြီး မည်သူမျှ သူ့ကို မတားဆီးနိုင်သေးပေ။

ရုတ်တရတ်..

ဝရုန်းသုန်းကား တိုက်ပွဲမြေပြင်အတွင်း.. ဆူဇီမို၏ စိတ်ထဲတွင် အန္တရာယ်သတိပေးချက်က ဖျတ်ကနဲ ပေါ်လာ၏။

သူ့ဦးခေါင်းနောက်ကျောဘက်မှ ရေးတေးတေး အသံလေးတစ်သံက ထွက်လာ၏။ ဆူဇီမိုသာ သူ၏ နားဒွာရကို မရှင်းလင်းထားဘူးဆိုလျှင် ထိုအသံကို ကြားရလိမ့်မည် မဟုတ်ပေ။

သူသည် နှစ်ခါစဉ်းစားမနေဘဲ ဆန်းကြယ်တောင်ပျံများကို ထုတ်ခတ်ကာ လေထဲသို့ ပျံတက်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်၏။

ရွှစ်.. ရွှစ်.. ရွှစ်..

ဆူဇီမို၏ ခြေဖဝါးဘေးမှ အပြာရောင်အလင်းတန်းတစ်ခုက ဖြတ်ပြေးသွားပြီး ညှီစို့စို့အနံ့က ထွက်ပေါ်လာ၏။

နွားဆံပင်မွေးလောက်ရှိသော အပ်ကလေးများပင် ဖြစ်လေသည်။

“အာ.. အဆိပ်လူးထားတာလား”

ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်၏။

အဲ့ဒါက သာမန်အဆိပ်သာဆိုလျှင် ဆူဇီမိုက ကြောက်ရွံ့နေမှာ မဟုတ်ပေ။

သွေးကင်းခြေများဘုရင်၏ သွေးများ သူ့ကို ပေကျံသွားတုန်းကတောင် သူ၏အာရုံခံသတိစိတ်က သူ့ကို သတိမပေးခဲ့ပေ။

သို့သော်လည်း ဒီအပြာရောင်အပ်ကလေးများနှင့်မှ သူ့အာရုံခံသတိစိတ်က သူ့ကို သတိလာပေးနေ၏။

သူ့မျိုးဆက်သွေးကပင် တောင့်မခံနိုင်လောက်အောင် ဒီအဆိပ်က ပြင်းထန်ခြင်း သို့မဟုတ် အလွန်နာမည်ကြီးအဆိပ်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်လေသည်။

ဆူဇီမို၏ အတွေးမဆုံးသေးခင်မှာပင် အဆိပ်အပ်ကလေးများက လူအုပ်ကြီးထဲ ဝင်သွားပြီး မရှောင်နိုင်သော ကျင့်ကြံသူအချို့ကို စိုက်မိသွား၏။

သူတို့၏ အမူအယာများက ပြောင်းလဲသွားပြီး သူတို့၏ နဖူးများက ချက်ချင်း ညိုမဲလာ၏။ ခြေသုံးလေးလှမ်းအတွင်းမှာပင် သူတို့သည် နဖူးမှခြေဖျားထိ မည်းနက်သွားပြီး မြေပြင်ပေါ် လဲကျကာ သေဆုံးကုန်ကြ၏။

ဖြစ်စဉ်တစ်ခုလုံးက အသက်သုံးရှိုက်စာတောင် မကြာခဲ့ပေ။

“ပြင်းလိုက်တဲ့ အဆိပ်ကွာ”

ဆူဇီမိုသည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး တရားခံကိုရှာမတွေ့သောကြောင့် မျက်မှောင်ကြုတ်လိုက်၏။

“မှင်တက်စမ်း”

သူသည် ရုတ်တရတ် လက်ကိုဆန့်ထုတ်ပြီး သူ့လက်ဖဝါးထဲတွင် မိုးကြိုးလျှပ်စီးလုံးတစ်လုံးကို စုဖွဲ့လိုက်၏။ ထိုလျှပ်စီးလုံးက လူတိုင်း၏ ရှေ့တွင် တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် ပေါက်ကွဲထွက်သွား၏။

လွန်စွာကျယ်လောင်သော မိုးကြိုးပစ်ချလိုက်သည့်အသံကြီးက တိုက်ခန်းထဲတွင် နားကွဲမတတ် ဟိန်းထွက်သွား၏။

ဗလာနယ်မိုးကြိုးအတတ်မှ မိုးကြိုးတိုက်ကွက်က မိုးကြိုး၏ ပေါက်ကွဲစွမ်းအားကိုသုံးပြီး ကျင့်ကြံသူများ၏ အာရုံငါးပါးကို ယာယီ ဖြတ်တောက်ပစ်နိုင်လေသည်။

ကျိယောင်ရွှယ်နှင့် အခြားသူများကို စိုးရိမ်လာသောကြောင့် ဆူဇီမိုသည် ဤတိုက်ခန်းထဲရှိ ကျင့်ကြံသူများနှင့် အချိန်မဖြုန်းလိုတော့ပေ။ နောက်ပြီး လူအုပ်ကြားထဲမှာ ပုန်းလျှိုးနေသော မြွေပွေးတစ်ကောင်ကလည်း ရှိနေသေး၏။

မှင်တက်ခြင်း၏ အထောက်အကူနှင့် သူသည် တိုက်ခန်းထဲကနေ လှစ်ကနဲပြေးထွက်ပြီး သူဝင်လာရာ ဥမင်လမ်းကြောင်းဆီ ပြေးသွားလိုက်၏။

“လိုက်.. မီအောင်လိုက်..”

“သူ့ဆီမှာ ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု ပါသွားတယ်.. ငါတို့ ဒီတိုင်း အသာတကြည် မပေးနိုင်ဘူး”

မှင်တက်ခြင်းမှ နိုးထလာသော ကျင့်ကြံသူများသည် အော်ဟစ်လိုက်ပြီး ဓါးပျံများကို ထုတ်စီးကာ ဥမင်တစ်လျှောက် ပြေးလိုက်လိုက်ကြ၏။

လူအုပ်ကြီးထဲတွင် အလွန်တရာသာမန်ဆန်သော ပိန်ကပ်ကပ်လူတစ်ယောက်က ဆူဇီမို၏ နောက်ကျောကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်က လက်သွားပြီး အခြားသူများနှင့် ရောယောင်လိုက်ပါလာ၏။

ဥမင်ထဲတွင် ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ဆက်တိုက်ထွက်ပေါ်လာ၏။

ဆူဇီမိုသည် စိတ်မရှည်နိုင်တော့ပေ။ သူသည် အခုလေးတင် ရလာခဲ့သော တစ်ပိုင်းမူလစိတ်ဝိညာဉ်လက်နက်ကို သတိရသွားကာ သိုလှောင်အိတ်ထဲကနေ လရောင်ဝှက်လေးကို ထုတ်ယူလိုက်၏။

လပြည့်ဝန်းတစ်ခုလို လေးနှင့်မြားကို ဆွဲတင်လိုက်၏။

လရောင်ဝှက်လေး၏ အပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ငါးခုက ပေါ်လာ၏။

ဝှစ်..

မြားသုံးစင်းကို တစ်ဆက်တည်း ပစ်လွှတ်လိုက်၏။ သို့သော် လေခွင်းသံကတော့ တစ်သံတည်းသား ထွက်လေသည်။

ရှေ့ဆုံးကနေ ပြေးလိုက်လာသော ကျင့်ကြံသူတစ်ယောက်သည် မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ ဆူဇီမို လေးတင်သည်ကို မြင်လိုက်ကတည်းက သူက ကာကွယ်ရေးအဆောင်တစ်ခုကို ချက်ချင်းချိုးဖျက်လိုက်ပြီဖြစ်လေသည်။

ဖောက်..

ခပ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။

ဖြစ်တည်ကာစ ကာကွယ်ရေးအဆောင်၏ အကာအရံအလွှာကို မြားတစ်စင်က ဖောက်ဝင်သွား၏။ ထိုလူ၏ ဦးခေါင်းက ထိုးဖောက်ခံလိုက်ရပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

သူ့နောက်က ကျင့်ကြံသူတစ်ယောက်ကလည်း လုံးဝမပြင်ဆင်ထားသောကြောင့် အရှိန်မကုန်သေးသော မြားထိမှန်ပြီး လေထဲကနေ ကားကနဲ ပြုတ်ကျသွား၏။

မဟာယွီကျင့်ကြံသူတစ်ယောက်က သူ၏ သိပ်သည်းလေးလံသော ချပ်ဝတ်အပေါ် ယုံကြည်မှုရှိပြီး ပြေးနေသော အရှိန်ကို မလျှော့ချဘဲ စိတ်ဝိညာဉ်ချီများကို အရူးအမူး လှည့်ပတ်၍ သူ့ချပ်ဝတ်တွင် စိတ်ဝိညာဉ်အလင်းသုံးခုကို တောက်ပလာစေ၏။

သာလွန်အဆင့် ခုခံရေးစိတ်ဝိညာဉ်လက်နက်ပင် ဖြစ်လေသည်။

ဖောက်..

မြားက လေထုမှတစ်ဆင့် ထိုလူ၏ ချပ်ဝတ်ကို ချက်ချင်းထိုးဖောက်သွား၏။

ထိုလူ၏ နုလုံးကာကြေးမုံက ချက်ချင်းကြေမွသွားပြီး သူ့ရင်အုပ်တွင် သွေးသံရဲရဲအပေါက်ကြီးတစ်ပေါက် ဖြစ်သွားကာ သွေးများက ပန်းထွက်လာ၏။

ထိုလူက ရှေ့သို့ သုံးလေးလှမ်း လှမ်းပြီး မြေပြင်ပေါ်သို့ မျက်လုံးပြူးမျက်ဆံပြူးနှင့် ဟပ်ထိုးလဲကျသွား၏။

ထိုသည်ကိုကြည့်ပြီး ဆူဇီမိုတစ်ယောက် တိတ်တဆိတ် တုန်လှုပ်သွား၏။

လရောင်ဝှက်လေး၏ အဖျက်စွမ်းအားက သူထင်ထားသည်ထက်ပင် များစွာပိုကြောက်ဖို့ ကောင်းနေ၏။

ဆူဇီမို၏ နောက်ကို အသည်းအသန် လိုက်လာကြသူများ ချက်ချင်းအရှိန်ကို လျှော့ချလိုက်ကြ၏။ မည်သူမျှ ရှေ့ဆုံးကနေ မသွားချင်ကြတော့ပေ။

သူတို့ရှေ့က အစိမ်းရောင်ဝတ်ကျင့်ကြံသူကသာ နောက်ပြန်လှည့်ပြီး မြားသုံးလေးစင်း ပစ်လွှတ်လိုက်မည်ဆိုလျှင် ဥမင်ထဲတွင် လူများက ပြည့်ညှပ်နေသောကြောင့် ရှောင်တိမ်းဖို့မလွယ်ကူဘဲ သေကုန်ကြပေမည်။

သူတို့တတွေ ချီတုံချတုံ ကြန့်ကြာနေစဉ်မှာပင် ဆူဇီမိုက သူတို့နှင့် ဝေးသထက်ဝေးသွားလေပြီ။

လိုဏ်ဂူခန်းဝါ၏ အဝင်ဝခန်းမသို့ရောက်သောအခါ ဆူဇီမိုသည် ကျိယောင်ရွှယ်နှင့် အခြားသူများကို မတွေ့ရပေ။ ထို့အစား ကျင့်ကြံသူအတော်များများသည် အခြားသော ဥမင်များမှ ထွက်လာကြပြီး စတုတ္ထမြောက်ဥမင်ထဲသို့ ဝင်သွားကြသည်ကို တွေ့လိုက်ရလေသည်။

အဲ့ဒါက ကျိယောင်ရွှယ်တို့အဖွဲ့ ဝင်သွားခဲ့သော ဥမင်ပင် ဖြစ်လေသည်။

“ငါကြားတာတော့ အဲ့ဥမင်ထဲမှာ ဆေးတိုက်တစ်တိုက်ရှိတယ်တဲ့.. အဲ့မှာ မရီးဒါန်ဖွင့်ဆေးလုံးတွေ ပေါ်လာတယ်ပြောတာပဲ”

“အဲ့ဒါဆို မြန်မြန်လုပ်လေ.. ငါတို့ နောက်ကျနေတော့မှာပဲ”

ထိုစကားသံများကို ကြားသောအခါ ဆူဇီမိုသည် ရင်ထိတ်သွား၏။

“ဂါး”

ရုတ်တရတ် ဥမင်၏ အနက်ပိုင်းထဲမှ ကြောက်စရာကောင်းသည့် မာန်ဖီဟိန်းဟောက်သံကြီးက ပဲ့တင်ထပ်ထွက်လာ၏။

“ညဝိညာဉ်အသံဟ”

ဆူဇီမိုသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ.. စတုတ္ထမြောက်ဥမင်ထဲသို့ ပြေးဝင်ချသွားတော့၏။

All Chapters