တုန်လှုပ်ချောက်ချားသွားသော လူအုပ်ကြီး
Vol. 24 Ch. 355
လူတစ်ယောက်က ထိုသို့ ပြောရုံမျှနှင့် ဖရိုဖရဲ တိုက်ပွဲအတွင်းရှိ ရာနှင့်ချီသော ကျင့်ကြံသူများသည် ရပ်တန့်သွားကြလိမ့်မည် မဟုတ်ပေ။
လူအုပ်ကြီးထဲတွင် ဓါးပျံများကို ဆင့်ခေါ်ထုတ်ပြီး လက်ဟန်ချိတ်စည်းများကို ပုံဖော်နေကြသော ကျင့်ကြံသူအချို့ ရှိနေသေး၏။
ရွှစ်.. ရွှစ်.. ရွှစ်..
ကျယ်လောင်သော လေတိုးသံက ထွက်ပေါ်လာပြီး အလင်းစက်အချို့က အလွန်တရာ လျှင်မြန်စွာ ဖျတ်ကနဲ လက်သွား၏။
စောစောက လှုပ်ရှားနေသော ကျင့်ကြံသူများဆီသို့ မြားများက ရောက်ချလာ၏။
ဖောက်! ဖောက်! ဖောက်!
ခပ်ဆတ်ဆတ် အသံအချို့နှင့်အတူ သွေးများက ဖြာထွက်လာ၏။ စောစောက ကျင့်ကြံသူများသည် သူတို့၏ ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို အခုမှ ဖော်ထုတ်ကာစသာ ရှိသေးသည်.. သူတို့၏ ဦးခေါင်းများက ပေါက်ထွက်၍ နေရာမှာတင် တန်းသေကုန်ကြ၏။
“အဲ့ဒါ ဘယ်သူလဲကွ!”
လူအုပ်ကြီးသည် ဒေါကန်သွားကြပြီး အော်ဟစ်သံများက ဆူညံစွာ ထွက်ပေါ်လာ၏။
ရွှစ်..!
အစိမ်းရောင် အရိပ်တစ်ခုက လျှပ်စီးလို အမြန်နှုန်းဖြင့် ရိပ်ကနဲ ဖြတ်ပြေးလာ၏။ သူသည် လူအုပ်ကြီး၏ ခေါင်းများပေါ်ကနေ ဖြတ်ကျော်လာပြီး ကျိယောင်ရွှယ်နှင့် အခြားသူများရှေ့တွင် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။
“မင်းပဲလား!”
ဆူဇီမိုကို မြင်သောအခါ မဟာယွီမင်းသား၏ မျက်နှာက မှုန်ကုပ်သွား၏။ သို့သော်လည်း နောက်ခဏ၌ သူသည် စိတ်ထဲကနေ ကျိတ်ပျော်သွား၏။
ဤအခြေအနေ၌ မည်သူမဆို သေရပေမည်။
ဤပျော့တိပျော့ဖတ်ပုံစံနှင့် အစိမ်းရောင်၀တ် ကျင့်ကြံသူက ဤအနေအနေကနေ ရုန်းထွက်နိုင်လိမ့်မည်ဟု မဟာယွီမင်းသား မယုံပေ။
သူတို့ဘက်မှာ မရီးဒါန်ဖွင့် အခြေတည်အဆင့် ကျင့်ကြံသူပေါင်း ရာနှင့်ချီရှိလေသည်။ ဤအခြေအနေမျိုးမှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်ပင်လျှင် မထိမခိုက် ကိုယ်လွတ်ရုန်းထွက်နိုင်ဖို့ မလွယ်ပေ။
ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျိယောင်ရွှယ်နှင့် အခြားသူများ ထိခိုက်ဒဏ်ရာ မရှိသည်ကို မြင်ရမှသာ စိတ်သက်သာရာ ရသွားလေသည်။
“ဇီမို သတိထား! ဟိုဘက်မှာ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် အနည်းဆုံး ဆယ့်လေးငါးယောက်လောက် ရှိတယ်!”
ကျိယောင်ရွှယ်က အနားကပ်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
ထို့နောက် စိတ်ဝိညာဉ်လက်နက်တိုက်ကနေ ပြေးလိုက်လာကြသော ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်လာကြပြီး ဆူဇီမိုကို မကျေမချမ်း သတိထား၍ စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြ၏။
သူတို့ကြားထဲတွင် မဟာယွီကျင့်ကြံသူတစ်ယောက်က ဆူဇီမိုကို လက်ညိုးထိုးပြီး မောဟိုက်နေသံနှင့် ပြောလိုက်၏။
“အရှင်မင်းသား.. အဲ့လူက စိတ်ဝိညာဉ်လက်နက်တိုက်ထဲကနေ ပကတိစိတ်ဝိညာဉ်လက်နက် တစ်လက်ကို ယူသွားတဲ့သူ.. အခုသူ့လက်ထဲကလေးက အဲ့ဒါပဲ!”
ပကတိစိတ်ဝိညာဉ်လက်နက်…
ထိုစကားကို ကြားပြီး.. များစွာသော ကျင့်ကြံသူများ၏ မျက်လုံးများက ၀င်းလက်သွားကာ ဆူဇီမို၏ လက်ထဲကလေးကို လောဘမီး ၀င်း၀င်းတောက်ကာ ကြည့်လိုက်ကြ၏။
“မိုက်လိုက်တာကွာ.. မရီးဒါန်ဖွင့်ဆေးလုံးတွေနဲ့ ပကတိစိတ်ဝိညာဉ်လက်နက်တစ်လက်”
မဟာယွီမင်းသားက လက်ခုပ်တီးပြီး ပြုံးလိုက်၏။ သူ့အပြုံးက မကောင်းဆိုးရွားဆန်နေပြီး သူ့အသံက အေးတိအေးစက်နှင့် ကြောက်စရာကောင်းနေ၏။
“မဟာကျိုးအင်ပါယာကကောင်တွေ ဘယ်နှစ်ကောင် အသက်ရှင်နိုင်မလဲ ကြည့်ရသေးတာပေါ့”
“ဟန်ကျလိုက်တာကွာ”
ဆူဇီမိုက မထီတရီ ပြုံးလိုက်၏။
“ငါကလဲ မင်းတို့ကောင်တွေကို ဘယ်နှစ်ကောင်ထိ သတ်နိုင်မလဲ စမ်းကြည့်ချင်နေတာ”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမို၏ မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပလာ၏။ မသိလိုက်မသိဘာသာနှင့်ပင် သူ့လက်ထဲသို့ မြားတံရှည်တစ်ချောင်းကို ရောက်နေပြီဖြစ်ပြီး လေးပေါ်တွင် ဆွဲတင်လိုက်၏။
လရောင်ဝှက်လေးက လင်းလက်တောက်ပလာ၏။
ရွှစ်..
မြားတံက လေထုကို ဖြိုခွဲပြီး မဟာယွီမင်းသား၏ ဦးခေါင်းဆီသို့ ပျံသန်းလာ၏။
“မကောင်းတော့ဘူး”
“အရှင်မင်းသား သတိထား”
အခြေတည်အဆင့် ကျင့်ကြံသူရာချီနှင့် ရင်ဆိုင်နေရချိန်တွင် ဆူဇီမိုက အကြောက်အလန့်မရှိ စတင်တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
သူက တော်တော်ရဲတာပဲ..
ပိုလို့တောင် ကြောက်ဖို့ကောင်းသည်မှာ ထိုမြားက အရမ်းကိုမြန်နေပြီး စွမ်းအားအပြည့်နှင့် ရှောင်တိမ်းလို့ မရနိုင်ပေ။
မဟာယွီမင်းသား၏ မျက်နှာက သွေးဆုတ်သွား၏။
မဟာယွီအစောင့်တစ်ယောက်က မဟာယွီမင်းသားရဲ့ရှေ့ကို ခုန်တက်လိုက်ပြီး ဧရာမဒိုင်းကာကြီးကိုလွှဲကာ မြေကြီးပေါ် ဝုန်းကနဲ စိုက်ချလိုက်၏။
ချွမ်း..
ဒို်ငးကာပေါ်တွင် အဝိုင်းပေါက်တစ်ပေါက် ပေါ်လာ၏။
မြားက ဒိုင်းကာရော လူခေါင်းကိုရောပါဖောက်ထွက်သွားပြီးနောက် မဟာယွီမင်းသား၏ ရင်အုပ်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားပြီးမှ ရပ်တန့်သွားကာ မြေကြီးပေါ် ပြုတ်ကျသွား၏။
ခွမ်း..
မဟာယွီမင်းသား၏ ရင်အုပ်ပေါ်ရှိ နုလုံးကာကြေးမုံပေါ်တွင် အက်ကွဲကြောင်းများစွာက ပေါ်လာ၏။
ရွှစ်..
မဟာယွီမင်းသား ကောင်းကောင်းမတုံ့ပြန်နိုင်သေးခင်မှာပင် နောက်ထပ်လေခွင်းသံက ထွက်လာ၏။
ဒုတိယမြား..
ထန်း..
မဟာယွီအစောင့်နှစ်ယောက်က သူတို့၏ဆေဘာများကို ဆွဲထုတ်ကာ မြားကို ခုခံလိုက်ကြ၏။
ချွမ်း.. ချွမ်း..
သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာပြီး မီးပွားများက လွင့်ပျံလာ၏။
မဟာကျိုးအစာင့်နှစ်ယောက်သည် နောက်ပြန်လန်ကျသွားပြီး သူတို့၏ လက်ဖဝါးများက စုတ်ပြဲသွား၏။ နာကျင်စွာ အော်ဟစ်လိုက်ရင်း သူတို့၏ ဆေဘာများက သူတို့လက်ထဲကနေ လွင့်ထွက်သွားလေသည်။
ရွှစ်..
မြားက မဟာယွီမင်းသား၏ ရင်အုပ်ပေါ်ကို နောက်တစ်ဖန် ကျဆင်းလာပြန်၏။ အစောင့်နှစ်ယောက်၏ ဆေဘာကြောင့် မြား၏ အဟုန်က သိသိသာသာ လျော့ကျသွားသည်ဆိုလျှင်တောင် နုလုံးကာကြေးမုံကတော့ ကြွေမွကျသွားလေသည်။
ရွှစ်..
မဟာယွီမင်းသားကို အသက်ရှူခွင့်တောင် မပေးဘဲ နောက်ထပ်မြားလေခွင်းသံက ထွက်ပေါ်လာပြန်၏။
ရှေ့က မြားနှစ်စင်းက မဟာယွီမင်းသားကို ဒဏ်ရာမရစေနိုင်ခဲ့သော်လည်း သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေလေပြီ။
ထိုအခိုက်အတန့်၌ မဟာယွီမင်းသားက သူ့ဓါးပျံကို ထုတ်ပြီး လေထဲသို့ ပျံတက်ဖို့ ကြိုးစားလိုက်၏။
သေခြင်းတရား၏ အငွေ့အသက်ကို သူခံစားနေရလေပြီ။
လူတိုင်း၏ ရှေ့မှောက်မှာပင် လေထဲသို့ ခုန်တက်တော့မည်ဆဲဆဲ မဟာယွီမင်းသား၏ ရင်အုပ်ထဲကို အေးစက်စက်အလင်းက ဖောက်ဝင်သွား၏။ အဲ့ဒါက သူ့ကျောမှ ထွက်သွားပြီး အနီးနားရှိ ကျောက်နံရံပေါ်တွင် နစ်ဝင်ကာစိုက်သွား၏။
တုန်ခါနေသောမြားမှ သွေးများက တစ်စက်စက်ကျနေ၏။
မဟာယွီမင်းသား၏ မျက်လုံးက မှိန်ကျသွားပြီး သေဆုံးကာ မြေကြီးပေါ် လဲကျသွားလေသည်။
မြားက မဟာယွီမင်းသား၏ ကိုယ်ကို ထိုးဖောက်သွားရုံသာမက.. စွမ်းအားကြီးသော ထိတွေ့မှုက သူ့ကိုယ်တွင်းအင်္ဂါများကိုပါ စုတ်ပြတ်ထွက်သွားစေ၏။
မြားသုံးစင်းလွှတ်အပြီး၌ မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သေဆုံးသွားလေပြီ။
“ခွေးကောင်.. မင်း တော်တော်....”
မဟာယွီကျင့်ကြံသူတစ်ယောက်က မျက်လုံးများ နီရဲလာပြီး အစွမ်းကုန်ထုတ်၍ ရှေ့သို့ ပြေးတက်ဖို့ လုပ်လိုက်၏။
သို့သော်လည်း ဆူဇီမိုက ဘာမှပြောမနေဘဲ နောက်ထပ်မြားတစ်စင်းကို လွှတ်လိုက်၏။
ဝှစ်ကနဲ မြည်သံနှင့်အတူ ထိုလူက မြေကြီးပေါ် လဲကျသွား၏။ မြားက ထိုလူ၏ကိုယ်ကို ထိုးဖောက်ပြီးနောက် သူ့နောက်ရှိ နောက်ထပ်မဟာယွီကျင့်ကြံသူနှစ်ယောက်၏ ကိုယ်ကိုပါ ဆက်ပြီးဖောက်ဝင်သွား၏။
မြားတစ်စင်းနှင့် လူသုံးယောက် ကြွသွား၏။
“မင်း..”
နောက်ထပ်မဟာယွီကျင့်ကြံသူတစ်ယောက်က ပါးစပ်ဟရုံရှိသေးသည်.. ဆူဇီမိုက နောက်မြားတစ်စင်းကို လွှတ်လိုက်၏။
ထိုလူက သတိရှိနေသောကြောင့် ကာကွယ်ရေးအဆောင်ကို ချက်ချင်းချိုးဖျက်လိုက်၏။
ဖောက်..
မြားက အကာအရံအလွှာကို ထိုးဖောက်သွား၏။ ထိုလူ၏ မျက်နှာတွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာပြီး မြေကြီးပေါ် လဲကျသေဆုံးသွားပြန်၏။
တစ်ခဏလေးအတွင်းမှာပင် မဟာယွီကျင့်ကြံသူများ အကုန်လုံးနီးပါးက ဆူဇီမို၏ မြားချက်များဖြင့် လဲကျသေဆုံးကုန်ကြ၏။
ဆူဇီမိုသည် ရှေ့ကနေ ရပ်နေရင်း သူ့ဘယ်လက်ထဲတွင် လရောင်ဝှက်လေးကို ကိုင်စွဲကာ သူ့ပတ်ဝန်းကျင်ကို အကဲခတ်ထောက်လှမ်းပြီး မထီတရီလေသံနှင့် ကြိမ်းမောင်းလိုက်၏။
“လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း.. အဲ့ကောင်အသေပဲ”
ကျင့်ကြံသူများအားလုံးသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက တဖျပ်ဖျပ်လှုပ်သွားပြီး ဆူဇီမို၏ သူတို့၏ အမြင်က တဖြည်းဖြည်း ပြောင်းလဲသွား၏။
ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက အပေါ်ယံမှာတော့ အားနည်းသည်ဟု ထင်ရလေသည်။ သို့သော်လည်း သူက ဧရာမလေးကြီးကို ကိုင်စွဲ၍ မတ်တပ်ရပ်နေရုံမျှနှင့် ရာနှင့်ချီသော ကျင့်ကြံသူများက မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။
“လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း အဲ့ကောင်အသေပဲ”
သူ့လေသံက တည်ငြိမ်နေသော်လည်း ပြန်လှန်မေးခွန်းထုတ်နိုင်စွမ်း မရှိပေ။
သူတို့အကုန် တစ်ပြိုင်နက်တည်း လှုပ်ရှားလျှင် ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက သူတို့အကုန်လုံးကို မသတ်နိုင်ကြောင်း သူတို့သိလေသည်။
သို့သော်လည်း မည်သူကမျှ အရင်စပြီး မလှုပ်ရှားရဲကြပေ။
ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က ထအော်လိုက်၏။
“အဲ့လူမှာ နောက်ထပ်ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိသေးတယ်.. အဲ့ဒါက သွေးရောင်ဆေဘာတစ်လက်ပဲ”
“အဲ့ဒါဟုတ်တယ်.. ငါတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ” နောက်တစ်ယောက်က ထပ်ပြောလိုက်၏။
ပကတိစိတ်ဝိညာဉ်လက်နက်နှစ်ခု..
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
“ဟမ့်”
ဆူဇီမို လှမ်းကြည့်လိုက်ပြီးနောက် စကားပြောသည့်သူများကို ချက်ချင်းမှတ်မိလိုက်၏။
မဟာရှနှင့် မဟာရှန်မှ ကျင့်ကြံသူများပင်..
ပြီးခဲ့သည့်ဆယ်ရက်က အင်ပါယာနှစ်ခုသည် ရှုံးနိမ့်သွားခဲ့ပြီး သူတို့ထဲမှ ကျင့်ကြံသူအချို့က ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ သူတို့က ယခုလူအုပ်ကြီးထဲမှာ ပုန်းလျှိုးနေကြခြင်း ဖြစ်လေသည်။
“တာအိုရောင်းရင်းတို့ ဒီမှာ ကျုပ်တို့က ရာချီရှိနေတာပဲ.. သူ့လက်ထဲကလေးက ဘယ်လောက်ထိ စွမ်းနိုင်မှာမို့လို့လဲ”
ထိုစကားများကို ကြားပြီးနောက် အစက ဇဝေဇဝါနှင့် နောက်ပြန်လှည့်ဖို့လုပ်နေကြသော ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်လာကာ သတ်ဖြတ်လိုစိတ်များနှင့် တစ်ဖန်ပြန်ပြည့်နှက်လာ၏။
လူအုပ်ကြီးက ဂနာမငြိမ်နိုင်ကြတော့ပေ။