မင်း ငါ့ကို ရှာနေတာလား
Vol. 24 Ch. 356
ပကဝိစိတ်ဝိညာဉ်လက်နက်နှစ်လက်၊ မရီးဒါန်ဖွင့် ဆေးသုံးလုံးနှင့် ထိပ်တန်းအဆင့် လက်နက်များစွာ.. ကျင့်ကြံသူများကို စိတ်လွတ်သွားစေဖို့ လုံလောက်တာထက်တောင် ပိုနေသေးလေသည်။
“ငါတို့ တိုက်ကြမယ်ဆိုရင် တချို့တလေကတော့ သူ့မြားချက်အောက်မှာ သေရမှာပဲ.. သေမယ့်ထဲမှာ ငါပါမသွားဘူးဆိုရင် ပကတိစိတ်ဝိညာဉ်လက်နက်နဲ့ မရီးဒါန်ဖွင့်ဆေးလုံးတွေ ရနိုင်ဖို့ ငါ့မှာအခွင့်ရှိတယ်”
“ငါတို့ ရာနဲ့ချီပြီး တိုက်ခိုက်ကြမယ်ဆိုရင် အဲ့လေးက သူပစ်နိုင် မြားဆယ်ချောင်းပေါ့၊ ဘယ်လောက်များများ သူသတ်နိုင်မှာမို့လဲ”
ကျင့်ကြံသူများသည် လောဘတက်ပြီး စိတ်ရိုင်းများ ၀င်လာကြ၏။
အမှောင်ထဲတွင် ပုန်းကွယ်နေသော ပိန်ကပ်ကပ်နှင့် ကျင့်ကြံသူတစ်ယောက်သည် ဆူဇီမိုကို အငြိုးတကြီးနှင့် စိုက်ကြည့်နေ၏။
တိုက်ခန်းထဲတွင် သတ်လိုဖြတ်လိုစိတ်များက စတင်ပျံ့နှံ့လာ၏။
“သတ်ကွာ!”
လူအုပ်ကြီးထဲရှိ တစ်ယောက်က အော်ဟစ်ပြီး စစ်မီးစမွှေးလိုက်၏။
ဆူဇီမိုက အသံလာရာဆီသို့ လှည့်တောင်မကြည့်ဘဲ မြားတစ်စင်း ပစ်လွှတ်လိုက်၏။ လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသော မဟာရှကျင့်ကြံသူတစ်ယောက်သည် ချက်ချင်းပင် အသတ်ခံလိုက်ရ၏။
များစွာသော ဓါးပျံများသည် လေထုကို ဖြတ်သန်းလာ၏။ စိတ်ဝိညာဉ် တိုက်ခိုက်မှုများစွာကလည်း ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ခန်းမတစ်ခုလုံး စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နှက်သွား၏။
ဆူဇီမိုက နောက်လဲမဆုတ်၊ ရှောင်လဲမရှောင်ပေ။ သူ့မျက်လုံးက ၀င်းလက်သွားပြီး သိုလှောင်အိတ်ကို လက်ဖြင့်ပုတ်လိုက်သောအခါ ဓါးပျံ ၁၈လက်က ချက်ချင်း ထွက်ပေါ်လာလေသည်။
ဓါးများက တုန်ခါလာပြီး စိတ်ဝိညာဉ်အလင်းများက တောက်ပလာကာ ပျံသန်းသွား၏။ လေထဲတွင် ဓါလမ်းကြောင်းများက ကျန်ခဲ့ပြီး ၀င်္ကပါအလင်းအိမ်ပုံစံတစ်ခု စတင်ဖြစ်တည်လာ၏။
ဓါးပျံဆယ်ရှစ်လက်က ဓါးဖျားများ အပြင်ဘက်သို့ ချိန်ရွယ်လျက် အတူတကွ စုစည်းသွားပြီး ဧရာမဓါးစက်ကြီးတစ်ခုသဏ္ဌာန် ဖြစ်တည်လာ၏။ ဓါးချီ ဆယ့်ရှစ်ရောင်ခြည်က အတူပေါင်းစည်း၍ အလွန်တရာ ပူပြင်းတောက်လောင်နေသော နေရောင်ခြည်ကဲ့သို့ ဖြာထွက်တောက်ပလာ၏။
အဲ့ဒါက ဖယောင်းမီးဓါး၀င်္ကပါပင် ဖြစ်လေသည်။
ချွမ် ချွမ် ချွမ်!
များစွာသော သာလွန်အဆင့် ဓါးပျံများက ဖယောင်းမီးဓါး၀င်္ကပါကို လာရောက်ရိုက်ခတ်ပြီး တချွမ်ချွမ်မြည်ကာ ပြန်ကန်ထွက်ကုန်၏။ ထိုဓါးပျံများက ကျောက်နံရံကို သွားစိုက်ပြီး အဆက်မပြတ် တုန်ခါနေကြ၏။
“ဒီလူက ဓါး၀င်္ကပါသခင်ဟ!”
“ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်တောင်ဟ! သူ့သိုလှောင်အိတ်ထဲမှာ နောက်ထပ်ရတနာတွေ ရှိလောက်သေးတယ်!”
“သူ့ဓါး၀င်္ကပါက တော်တော်အားကြီးတယ်ဟ!”
ကျင့်ကြံသူများက အဆက်မပြတ် အော်ဟစ်လိုက်ကြ၏။
“သွား!”
ဆူဇီက ရှေ့သို့ ညွှန်လိုက်သောအခါ မျက်စိကျိန်းမတတ် လင်းလက်တောက်ပနေသော ဧရာမဓါးစက်ကြီးက လူအုပ်ကြီးထဲသို့ ဝုန်းကနဲ ပစ်၀င်သွား၏။ ဓါးများက အေးစက်စက်အလင်းဖြင့် တောက်ပနေပြီး အရိပ်များက နေရာတစ်ခုလုံးကို အုပ်မိုးသွား၏။ ထို့နောက် သွေးသံများ၊ အော်ဟစ်သံများက အတောမသတ် ထွက်လာလေတော့သည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု… စတင်လေပြီ!
သူက မရီးဒါန်သုံးခု အခြေတည်အဆင့်မှာ ရှိတုန်းကတည်းက ဆူဇီမို၏ ဖယောင်းမီး၀င်္ကပါက မရီးဒါန်ငါးခု အခြေတည်အဆင့်များကို သတ်ဖြတ်နိုင်လေသည်။
ယခုအခါ သူက စတုတ္ထမြောက်မရီးဒါန်ကို ဖွင့်ထားပြီး ဖြစ်တာကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ကြွယ်၀လာပြီး ဖယောင်းမီးဓါး၀င်္ကပါ၏ အစွမ်းက ပိုမိုအားကောင်းလာ၏။
ယခု သူ့ရှေ့ရှိ ကျင့်ကြံသူများသည် အမျိုးမျိုးသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ပါရမီရှင်များ ဖြစ်ကြသော်လည်း ဖယောင်းမီး၏ အစွမ်းကို မည်သူမျှ ခံနိုင်ရည် မရှိကြပေ။
“အ! အ! အားးးး!
စူးစူးဝါးဝါးအော်ဟစ်သံများက ထွက်ပေါ်လာလေသည်။
ရွှမ်း..
တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ လရောင်ဝှက်လေးကို သိမ်းပြီး ကြီးမားသည် သွေးနီရောင်ဆေဘာကြီးကို သိုလှောင်အိတ်ထဲကနေ ထုတ်ပြီး လက်ပြန်ခတ်ထုတ်လိုက်၏။
ချွမ်း! ချွမ်း! ချွမ်း!
သွေးသောက်သူကြောင့် ၀င်ရောက်လာသော ဓါးပျံများသည် ကျို့ပဲ့ကြေမွပြီး မြေပြင်ပေါ် ပြန့်ကျဲကျကုန်၏။
အခုချိန်၌ ထိပ်တန်းအဆင့် လက်နက်များသာလျှင် သွေးသောက်သူ၏ မာကြောထက်ရှမှုကို ခံနိုင်ရည်ရှိမည် ဖြစ်လေသည်။
ဝေါ..
ဝုန်း ဝုန်း ဝုန်း..
ဆူဇီမိုက သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ သူ့ကိုယ်တွင်းမှ ကြောက်စရာကောင်းသည့် အသံများက ထွက်လာ၏။
သူက လက်တစ်ဖက်နှင့် သွေးသောက်သူကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့် လူအုပ်ကြီးကို လက်ညိုးထိုးကာ အော်ပြောလိုက်၏။
“ဒါက ပကတိစိတ်ဝိညာဉ်လက်နက်ပဲ၊ ဘယ်သူကများ ဒီလက်နက်ကို အသက်ရှင်လျက် ယူနိုင်မလဲ ကြည့်ရသေးတာပေါ့!”
ဆူဇီမို၏ ကိုင်တွယ်ပုံကြောင့် များစွာသော ကျင့်ကြံသူများသည် လုံး၀ကြောင်အမ်း၍ တိတ်ဆိတ်ကြသွား၏။
“တိုက်!”
ဤအချိန်မှာပင် ကျိယောင်ရွှယ်က အမိန့်ပေးလိုက်၏။
ဆန်းကြယ်တောင်ထွတ်က လူတိုင်းသည် ဆက်တိုက်ဆင့်ကဲ့ တိုက်ခိုက်၍ ဆူဇီမိုကို ထောက်ကူပေးလိုက်ကြ၏။
ဘုန်း..
ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ရှေ့သို့ ခုန်၀င်သွား၏။ သူ့ခြေတစ်ဖက်က မြေကြီးကို ဆောင့်နင်းလိုက်သောကြောင့် ဆေးတိုက်တစ်ခုလုံးက တုန်ခါသွားပြီး အချိန်မရွေး ပြိုကျတော့မည်ကဲ့သို့ ဖြစ်လာ၏။
များစွာသော ကျင့်ကြံသူများသည် ဟန်ချက်ပျက်ယွင်းပြီး မြေကြီးပေါ် လဲကျကုန်၏။
ဆူဇီမိုက အားပါးတရ ရယ်မောလိုက်ပြီး သွေးသောက်သူကို ကိုင်စွဲကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် လူအုပ်ကြီးထဲသို့ ပစ်၀င်ချသွားပြီ ဖြစ်လေသည်။
ဓါးသွားကို ဘယ်ညာလွှဲရမ်း၍ ခုတ်ပိုင်းလိုက်သောအခါ ထိမိသူမှန်သမျှ မည်သူမှ အသက်မရှင်နိုင်ပေ။
သွေးသောက်သူသည် အစကတည်းက စွမ်းအားကြီးပြီးသားဖြစ်၏။ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့လို ခန္ဓာမီးဆေးကျင့်ကြံသူများပင်လျှင် သွေးသောက်သူ၏ အလေးချိန်ကို ကောင်းကောင်း မနိုင်ခြင်း မရှိပေ။
ဆူဇီမို၏ သန်မာသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော မျိုးဆက်သွေးတို့နှင့် ထပ်ပေါင်းလိုက်သောအခါ သွေးသောက်သူက လူအုပ်ကြီးထဲတွင် လူသတ်စက်တစ်ခုလို ဖြစ်လာ၏။
“မင်းတို့ကောင်တွေ ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့ကွာ ဟမ့်!”
ဆူဇီမိုက လူအုပ်ကြီးထဲသို့ ပြေး၀င်သွားပြီးနောက် သူ့အာရုံကို မဟာရှနှင့် မဟာရှန်ကျင့်ကြံသူတွေ အပေါ်မှာ စူးစိုက်ထား၏။ သူ့ရှေ့က ဘယ်သူပဲဖြစ်ဖြစ် သူတစ်ချက်ရိုက်တာနှင့် လွင့်စင်ထွက်သွားသည်ချည်းသာ။
သွေးသောက်သူနှင့် ထိတွေ့မိသူတိုင်းက သေလျှင်သေ၊ မသေလျှင် အပြင်းအထန် ဒဏ်ရာရရှိသွားကြလေသည်။
မဟာရှနှင့် မဟာရှန်ကျင့်ကြံသူများသည် အစကတော့ လူအုပ်ကြီးထဲမှာ ပုန်းကွယ်နေကြ၏။ သို့သော်လည်း ဆူဇီမိုက တစ်ခဏအတွင်း သူတို့ကို ရှာတွေ့သွားပြီး ပွဲချင်းပြီး အသတ်ခံကြရကုန်၏။
တိုက်ပွဲမြေပြင်မှာ ခြေပြတ်လက်ပြတ်များက ပြန့်ကျဲ၍ သွေးများက ပန်းထွက်နေကြပြီး များစွာသော ကျင့်ကြံသူများသည် အရှက်တကွဲ အကျိုးနည်းနှင့် အရှုံးကြီးရှုံးကုန်ကြ၏။ တိုက်ခန်းတစ်ခုလုံးလိုလိုကလဲ သွေးများဖြင့် နီစွေးသွားလေတော့သည်။
မရီးဒါန်ခြောက်ခု ကျင့်ကြံသူများပင်လျှင် ဆူဇီမိုကို ဘာမှ မလုပ်နိုင်ပေ။
တစ်ဖက်သတ် အနိုင်ကျင့်နေသလိုပင်။
ထိုအချိန်တွင် ကျင့်ကြံသူများသည် တဖြည်းဖြည်း သဘောပေါက်လာကြ၏။ မရီးဒါန်ခုနှစ်ခု ကျင့်ကြံသူ သို့မဟုတ် ထျန်ဟွမ်ပြည်မကြီး၏ အသန်မာဆုံး အဖွဲ့အစည်းများမှ အမွေဆက်ခံသူ တစ်ယောက်ယောက်ကသာလျှင် ဆူဇီမိုကဲ့သို့သော လူများကို လှဲချနိုင်မည် ဖြစ်လေသည်။
လူတိုင်းသည် အော်ဟစ်ဆူညံပွက်လောရိုက်၊ တွန်းထိုး၍ ၀င်လာရာ ဥမင်လမ်းကြောင်းဆီသို့ အလုအယက် ပြန်ပြေးကြလေတော့သည်။
သို့သော် တိုက်ခန်း၏ ၀င်ပေါက်၀က ကြီးမားသော်လည်း အကန့်အသတ်ရှိသောကြောင့် များပြားလှသော ကျင့်ကြံသူများကို တစ်ခါတည်း ၀င်မဆံ့နိုင်ပေ။ ရာထောင်ချီသော ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ဖိညှပ်တွန်းတိုက်၍ ၀ရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။
ရုတ်တရတ်ဆိုသလို..
ဆူဇီမို၏ စိတ်အာရုံထဲတွင် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်၏။
ဟမ့်.. သူပဲလား!
သူသည် မျက်စိကို မှေးကျဉ်းလိုက်ရင်း ချက်ချင်းပင် သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။
ဖျတ်ကနဲဆို ဆူဇီမိုသည် ၀ပ်ချ၍ မြေကြီးပေါ်တွင် မြွေတစ်ကောင်လို လျှောထိုးသွားကာ ပျောက်ကွယ်သွား၏။
ဆူဇီမို ပျောက်ကွယ်သွားရာ နေရာသို့ အပြာရောင် အလင်းတန်းတစ်ခုက ရောက်လာပြီး လူအုပ်ကြီးထဲသို့ ဆက်၀င်သွား၏။
အသက်နှစ်ရှိုက်စာ ကြာပြီးနောက် လူအုပ်ကြီးထဲရှိ ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ မျက်နှာများသည် ညိုမည်းလာကာ မြေကြီးပေါ်လဲကျ သေဆုံးကုန်ကြ၏။
၀ရုန်းသုန်းကား တိုက်ပွဲမြေပြင်၌ လူဆယ်ယောက်လောက် ထပ်သေသွားခြင်းက သိပ်ပြီးထူးခြားမနေပေ။ ထိုအလောင်းများသည် အသည်းအသန် ပြေးလွှားနေကြသော လူအုပ်ကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားပြီး မည်သူကမှ အာရုံစိုက်မနေကြပေ။
ထောင့်တစ်ထောင့်တွင် ပိန်ကပ်ကပ်လူသည် လူတွေကြားထဲ ကွယ်လျှိုးနေ၏။ သူက ကိုယ်လွတ်ရုန်း ပြေးလွှားနေသည်ဟု ထင်ရသော်လည်း သူအကြည့်က တစ်ခုခုကို ရှာဖွေနေသလို လူအုပ်ကြီးထဲကို ရောက်နေ၏။
“သူ သေသွားတာလား”
ပိန်ကပ်ကပ်လူသည် ဇဝေဇဝါနှင့် စိတ်ရှုပ်ထွေးကာ တီးတိုးရေရွတ်လိုက်၏။
စောစောက သူတိုက်ခိုက်ပြီးသည်နှင့် လူအုပ်ကြီးက သူ့မြင်ကွင်းကို ကွယ်သွားခဲ့၏။ အစိမ်းရောင်၀တ် ကျင့်ကြံသူက လဲကျသွားသည်ကို သူမြင်လိုက်ရသည်ထင်၏။
ပုံမှန်အားဖြင့်ဆိုလျှင် ဝိညာဉ်နုတ်အပ်နှင့် အစိုက်ခံရသည်နှင့် ထိုလူက သေရပေမည်။
သို့သော်လည်း အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အလောင်းကို မတွေ့ရသေးသည့်အတွက် ပိန်ကပ်ကပ်လူက ဆက်တိုက်ရှာဖွေနေမိ၏။
“သူ့ခန္ဓာကိုယ်က လူအုပ်ကြီးနဲ့ ညှပ်ပါသွားတာများလား”
တစ်ခုခုလွဲနေပြီကို ခံစားမိလိုက်ပြီး ပိန်ကပ်ကပ်လူသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်၏။
မလှမ်းမကမ်းတွင် အစိမ်းရောင်၀တ် ပုံရိပ်တစ်ခုသည် ၀ရုန်းသုန်းကား ပြေးလွှားနေကြသော လူအုပ်ကြားထဲ မြေပြင်တွင် ခြေလက်လေးဖက်ကိုသုံး၍ အလွန်တရာ လျှင်မြန်စွာ လျှောထိုးချဉ်းကပ်လာနေ၏။
ပိန်ကပ်ကပ်နှင့်လူက အတွေးနှင့် မျက်မှောင်ကြုတ်နေစဉ်မှာပင် သူအမြင်အာရုံက ဝါးကနဲ ဖြစ်သွားပြီး သူ့ရှေ့မြေပြင်ကနေ အစိမ်းရောင်၀တ် ပုံရိပ်တစ်ခုက ထရပ်ကာ သူ့မြင်ကွင်းကို ပိတ်ဆို့လိုက်၏။
“မင်း ငါ့ကို ရှာနေတာလား”
လူတစ်ယောက်ကို လိပ်ပြာလွင့်သွားစေလောက်သည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသော အေးစက်စက်အသံတစ်သံက ပိန်ကပ်ကပ်လူ၏ နားထဲတိုး၀င်လာလေသည်။