← Chapters

အဆိပ်ဂိုဏ်း

Vol. 24 Ch. 357

အဆိပ်ဂိုဏ်း

Vol. 24 Ch. 357

ပိန်ကပ်ကပ်လူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုက ဖျတ်ခနဲပေါ်လာ၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး သူ့လက်ဝါးကို မြှောက်ရင်း သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်ချီများကို အရူးအမူး လှည့်ပတ်လိုက်၏။ သူ့ဝတ်ရုံအောက်တွင် တောက်ပနေသော မရီးဒါန်ခြောက်ခုက ထွက်ပေါ်လာလေသည်။

သူ့ထံမှ သွေးနီရောင်အမှုန်များက လွင့်ပျံလာပြီး လတ်ဆတ်မွှေးပျံသော ရနံ့တစ်ခုက ပျံ့နှံ့သွား၏။

ဆူဇီမိုသည် သူ့ဦးခေါင်းက ချာချာလည်လာသည်ဟု ခံစားလိုက်ရပြီး ရင်ထိတ်သွား၏။ သူက မျိုးဆက်သွေးကို နှိုးဆွပြီး လျှင်မြန်စွာ လှည့်ပတ်လိုက်သောအခါ ချာချာလည်နေသော ခံစားချက်က ချက်ချင်းပျောက်သွား၏။

တစ်ချိန်တည်းမှာပင် သူ့စိတ်အာရုံထဲ သတိပေးချက်က ပေါ်လာသောကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘောလုံးတစ်လုံးလို ကွေးညွှတ်လိုက်၏။

သူဆောင့်ကြောင့်ထိုင်လိုက်သည့်အချိန်မှာပင် အေးစက်စက်အလင်းစက်လေးက သူ့ခေါင်းပေါ်ကနေ ဖြတ်သန်းသွား၏။

အကုန်လုံးကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အဲ့ဒါက သွေးနီရောင်အမှုန့်များထဲတွင် ကွယ်ဝှက်၍ ရောပါလာသော မည်းနက်နေသည့် သံမဏိအပ်ကလေးများဖြစ်ပြီး ဘယ်လိုမှ ထောက်လှမ်းလို့ မရနိုင်ပေ။

တစ်ကယ်တော့ သွေးနီရောင်အမှုန့်များကပင် တော်တော်လေး အဆိပ်ပြင်းပြီး အဲ့ဒါကို ရှူမိသည့် ကျင့်ကြံသူအများစုက အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက ဘယ်လိုပင် သန်မာအားကောင်းပြီး ကြောက်စရာကောင်းနေပါစေ.. ထိုအမှုန့်များကို ရှူမိသည်နှင့် သူ၏ခေါင်းက ချာချာလည်အောင်မူးပြီး မကြာမီ ထိုသူက အသိစိတ်လွတ်သွားပေလိမ့်မည်။

ထိုအချိန်တွင် သွေးနီရောင်အမှုန်များကြား ကွယ်ဝှက်၍ ပါလာသော သံမဏိအပ်က တစ်ဖက်လူ၏ ဦးခေါင်းထဲကို စိုက်ဝင်သွားလိမ့်မည် ဖြစ်လေသည်။

အဲ့ဒါက ပိန်ကပ်ကပ်လူ၏ သတ်ဖြတ်ကွက်ပင် ဖြစ်လေသည်။

သူ၏ သွေးနီရောင်အမှုန့်မျှနှင့် ဆူဇီမိုကို ထိခိုက်အနာတရဖြစ်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း သူခန့်မှန်းမိပြီးသားပင်။

သို့သော်လည်း သူမထင်ထားမိသည်မှာ ဆူဇီမိုက အလွန်လျှင်မြန်စွာ သတိပြန်ဝင်ပြီး ဆောင့်ကြောင့်ထိုင်ချ၍ သူ့သတ်ဖြတ်ကွက်ကို ရှောင်ရှားလိုက်တာပင်။

တစ်ချီမျှ ဖလှယ်ရုံမျှနှင့် သေလောက်သည့်ခြိမ်းခြောက်မှုများက ပါလာပြီဖြစ်၏။

ဆောင့်ကြောင့်ထိုင်ချပြီးသည်နှင့် ဆူဇီမို၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်နှင့် တောက်ပလာပြီး ကိုယ်ဟန်အနေအထား ပြင်လိုက်၏။ သူက သစ်သီးတစ်လုံးကို ကမ်းလှမ်းပေးသည့်အလား ဒူးကိုညွှတ်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်၏။

ပိန်ကပ်ကပ်လူ၏ သတ်ဖြတ်ခြင်းတိုက်ကွက်ကို ရှောင်ရှားပြီးသည်နှင့် ဆူဇီမိုက တန်ပြန်သတ်ဖြတ်ကွက်ကို ဖော်ထုတ်လိုက်လေသည်။

ပိန်ကပ်ကပ်လူက မပြောင်းမလဲသော အမူအယာနှင့် ကိုယ်ကို နောက်ပြန်လှန်ချကာ ဆူဇီမို၏ လက်နှစ်ဖက်ကို ခြေဖြင့်လှမ်းခတ်လိုက်၏။

“ဟမ့်”

ဆူဇီမို မျက်မှောင်ကြုတ်လိုက်၏။

ပုံမှန်အားဖြင့်ဆိုလျှင် တစ်ဖက်ရန်သူက သူနှင့် အနီးကပ်ထိပ်တိုက်ဆိုင်တိုက်ဖို့ ရွေးချယ်ပါက သူက ကြောက်ရွံ့နေမည် မဟုတ်ပေ။

သူ၏ ကိုယ်ကာယအရ.. ပိန်ကပ်ကပ်နှင့်လူ၏ ခြေထောက်ကို တစ်ချက်တည်းနှင့် ရိုက်ချိုးနိုင်မည်ဟု ယုံကြည်မှုရှိလေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ပိန်ကပ်ကပ်နှင့်လူက ခြေကန်ချက်ထုတ်လိုက်ချိန်တွင် ဆူဇီမိုသည် စိတ်ထဲမအီမသာ ခံစားလိုက်ရ၏။

ရွှစ်..

ထိုလူ၏ ခြေထောက်က မရောက်လာသေးခင်မှာပင် ဆူဇီမိုက ဆန်းကြယ်တောင်ပံများကို ဖြန့်၍ လေထဲသို့ ခုန်တက်လိုက်၏။

ထိုလူ၏ ဖနောင့်မှ စိမ်းဖန့်ဖန့်ဓါးပါးလေးတစ်ချောင်းက ရုတ်တရတ် ပြူထွက်လာ၏။ ထိုဓါးသွားထိပ်ဖျားတွင် အဆိပ်လူးထားပြီး ညှီစို့စို့အနံ့က ထွက်နေ၏။

ဆူဇီမိုသာ စောစောက ပိန်ကပ်ကပ်လူ၏ ခြေထောက်ကို လက်သီးဖြင့်ထိုးလိုက်မည်ဆိုလျှင် သူက အဆိပ်မိ၍ သေချာပေါက် ကိုယ်ကျိုးနည်းတော့ပေမည်။

ထိုလူ၏ တစ်ကိုယ်လုံးက နဖူးမှ ခြေဖျားထိ အဆိပ်များဖြင့် ပြည့်နှက်နေပြီး လုံးဝမထိသင့်ပေ။

ရွှမ်း..

ဆူဇီမိုက လေထဲမှာပင် သိုလှောင်အိတ်ထဲကနေ သွေးသောက်သူကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ကနေ နတ်ဘုရားတစ်ပါးအလား ဆင်းသက်လာကာ မြောက်များလှစွာသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဟိန်းဟောက်လိုက်၏။ “သေစမ်း”

ရွှက်..

သွေးသောက်သူက လေထုကို ဖြိုခွင်းလာပြီး ကြီးမားသည့် သွေးအလင်းတန်းကြီးက ပေါ်လာ၏။

ပိန်ကပ်ကပ်လူ၏ အမြင်အာရုံကို သွေးအလင်းက လွှမ်းခြုံသွားပြီး အခြားအရာများကို ကောင်းကောင်းမမြင်နိုင်တော့ဘဲ တုန်လှုပ်ချောက်ချားသွား၏။

သူ့သိုလှောင်အိတ်ထဲက‌နေ သံမဏိဒိုင်းကာတစ်ခုကို အလောတကြီး ဆွဲထုတ်ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းကာ သူ့ခေါင်းထက်မှာ ဖြန့်ကာ ကာလိုက်၏။

ဘုန်း..

ဒိုင်းကာပေါ်သို့ သွေးအလင်းတန်းကြီးက သည်းထန်စွာ ကျဆင်းသွားပြီး ကျယ်လောင်သည့် ဟိန်းသံကြီးက ထွက်ပေါ်လာ၏။

ဒိုင်းကာက ချက်ချင်း ကြေမွသွား၏။

ဒုတ်ကနဲ မြည်သံနှင့်အတူ.. ဒိုင်းကာကွဲစတစ်ခုက ပိန်ကပ်ကပ်လူ၏ ဝမ်းဗိုက်ကို ထုတ်ချင်းပေါက်မတတ် သွားစိုက်ကာ သွေးများက ဒလဟော ထွက်လာ၏။

ပိန်ကပ်ကပ်လူသည် ဒယီးဒယိုင်နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် မြေကြီးပေါ် လဲကျသွား၏။ သူက ဖြူလျော့နေသော မျက်နှာနှင့် ချဉ်းကပ်လာသော ဆူဇီမိုကို ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ခါးသက်သက် အရိပ်အယောင်က ဖြတ်ပြေးသွားပြီးနောက် မကောင်းဆိုးဝါးဆန်ဆန် ရယ်ချလိုက်၏။

“မင်းငါ့ကို သတ်လို့ မရပါဘူး.. ငါက အဆိပ်ဂိုဏ်းကပဲ”

“အဆိပ်ဂိုဏ်းလား”

ပိန်ကပ်ကပ်လူရှေ့သို့ ရောက်လာပြီဖြစ်သော ဆူဇီမိုက အေးတိအေးစက်နှင့် ငုံ့ကြည့်လိုက်၏။

ဆူဇီမို၏ တုံ့ပြန်ပုံကို မြင်ရပြီးနောက် ပိန်ကပ်ကပ်လူက သရော်တော်တော်ရယ်လိုက်၏။

“မင်းပုံစံကြည့်ရတာ အဆိပ်ဂိုဏ်းကိုတောင် ကြားဖူးတဲ့ပုံ မရဘူး”

ဆူဇီမိုက မထီတရီ ပြန်ဖြေလိုက်၏။

“မင်းပြောတာမှန်တယ်”

“ဟက်..”

ပိန်ကပ်ကပ်လူက မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်၏။

“အဆိပ်ဂိုဏ်းက မိစ္ဆာဒိဋ္ဌိဝါဒီ ငါးခုထဲက တစ်ခုပဲ.. ငါတို့ကို ဆန့်ကျင်မိရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းခံစားနိုင်မှာ မဟုတ်ဘူး.. ငါမင်းကို သတိပေးလိုက်မယ်.. ငါက အဆိပ်ဂိုဏ်းမှာ အားအနည်းဆုံးတပည့်တစ်ယောက်ပဲ.. မဟုတ်ရင် မင်းငါ့ကို ရှေးဟောင်းတိုက်ပွဲမြေရဲ့ အစွန်မှာ မြင်တွေ့ရစရာ အကြောင်းမရှိဘူး”

ထျန်ဟွမ်ပြည်မကြီးမှာ ထိပ်သီးအဖွဲ့အစည်းကြီးကိုးခု ရှိသည်ဟု နတ်ဆိုးမကျိက ဆူဇီမိုကို ပြောခဲ့ဖူးလေသည်။ အင်မော်တယ်, ဗုဒ္ဓဝါဒီနှင့် မိစ္ဆာဂိုဏ်းတို့မှာ သူတို့ထဲမှ သုံးခုသာ ဖြစ်လေသည်။

ထိုအဖွဲ့အစည်းကိုးခုထဲတွင် ပုံမှန်နှင့်မတူ ကွဲထွက်နေသော အုပ်စုများလည်း ရှိလေသည်။

အင်မော်တယ်ကိုးဂိုဏ်း၊ သားရဲမျိုးနွယ်ရှစ်စု၊ မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း၊ ဗုဒ္ဓဝါဒီကျောင်းတော်ခြောက်ကျောင်း.. အဲ့ဒါတွေပြီးလျှင် မိစ္ဆာဒီဋ္ဌိဝါဒီငါးဝါဒီ လာလေသည်။

တစ်နည်းအားဖြင့်ပြောရလျှင် အဆိပ်ဂိုဏ်းသည် ထျန်ဟွမ်ပြည်မကြီး၏ ထိပ်သီးဂိုဏ်းများထဲမှ တစ်ဂိုဏ်းပင်။

ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့ မဟာထိပ်သီးအဖွဲ့အစည်းများမှ အမွေခံတပည့်များကို ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်တွင် တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ပိန်ကပ်ကပ်နှင့်လူပြောသည်က ဟုတ်ပုံရလေသည်။

သူ၏ ကျင့်ကြံမှုအဆင့်က သိပ်မမြင့်တာတောင် သူ၏ နည်းလမ်းများက အလွန်တရာမကောင်းဆိုးဝါးဆန်ပြီး သူ့တစ်ကိုယ်လုံးက အဆိပ်များနှင့် ပြည့်နေလေသည်။ ဆူဇီမိုသာ သတိတစ်ချက်လွတ်ခဲ့လျှင် အခုလောက်ဆို သေနေနိုင်လေသည်။

“မိစ္ဆာဒိဋ္ဌိဝါဒီ ငါးဝါဒီဟုတ်စ.. အဲ့တော့ ဘာဖြစ်လဲ”

ဆူဇီမိုက မထီတရီ မေးလိုက်၏။

ပိန်ကပ်ကပ်နှင့်လူ၏ အမူအယာက ပြောင်းလဲသွား၏။

ဆူဇီမို၏ တည်ငြိမ်နေ‌သော လေသံမှ သတ်ဖြတ်လိုစိတ်ကို သူခံစားမိလာ၏။

“အင်မော်တယ်ဂိုဏ်းက လူဆိုလဲ ငါသတ်ချင်ရင် သတ်မှာပဲ”

ဆူဇီမိုက အေးစက်စက် ရယ်မောပြီး သူ့ဆေဘာကို လွှဲလိုက်၏။

ပိန်ကပ်ကပ်လူက ကြောက်လန့်တကြား ဟစ်ကြွေးလိုက်၏။

“မင်းငါ့ကိုသတ်ရင်.. မင်းတို့အကုန်လုံး သေရလိမ့်မယ်”

ထိုသို့ပြောပြီးသည်နှင့် ပိန်ကပ်ကပ်လူ၏ ဦးခေါင်းကြီးက လေထဲသို့ မြောက်တက်သွားပြီး သွေးများက ပန်းထွက်လာ၏။

တခဏချင်းမှာပင်.. ဆေးတိုက်ထဲ၌ ပုံထပ်နေသော အလောင်းများနှင့် ကြောက်လန့်တကြား အလုအယက် ထွက်ပြေးနေကြသော ကျင့်ကြံသူများ၏ နောက်ကျောပြင်များကိုသာ မြင်ရလေတော့သည်။

ကျိယောင်ရွှယ်နှင့် အခြားသူများသည် နောက်ထပ်ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲ၍ စွမ်းအင်အမြောက်အများ ကုန်ဆုံးသွားကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားတက်ကြွမှုကို မြင်နေရ၏။

ဤတိုက်ပွဲက သူတို့အတွက် အကျိုးအမြတ် ကြီးလေသည်။

ရာနှင့်ချီသော သိုလှောင်အိတ်များအပြင် မရီးဒါန်ဖွင့်ဆေးလုံးသုံးလုံး..

ကျိယောင်ရွှယ်က ပြုံး၍ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ဆူဇီမိုကို ကမ်းပေးလိုက်၏။

“ရော့ ဇီမို.. ဒီထဲမှာ မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးရှိတယ်.. တစ်လုံးယူလိုက်၊ ဒီဆေးလုံးတွေကို ရှောင်းနင်က ရှာတွေ့ခဲ့တာဆို‌တော့ သူကလဲ တစ်လုံးရသင့်တယ်.. ကျန်တဲ့တစ်လုံးကိုတော့ တာအိုရောင်းရင်းကျိချန်းရှန်ကို ပေးလိုက်မယ်.. ဒီခွဲဝေမှုကို ဘယ်သူ့မှ မကန့်ကွက်လောက်ဘူးမှတ်လား”

ဆူဇီမိုက ကျောက်စိမ်းပုလင်းကိုယူပြီး ဖွင့်ကြည့်လိုက်၏။

ခါးသက်သက် ဆေးရနံ့က ထွက်ပေါ်လာပြီး သူ့မရီးဒါန်များထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို ရုန်းကြွလာစေ၏။

မရီးဒါန်ဖွင့်ဆေးလုံး၏ အဆင့်များက သိပ်မမြင့်လှပေ။ တစ်လုံးက အဆင့်နိမ့်ဖြစ်ပြီး နှစ်လုံးက အလယ်အလတ်အဆင့် ဖြစ်လေသည်။

ဆူဇီမိုက ကျောက်စိမ်းပုလင်းကို ပြန်ကမ်းပေးရင်း ပြောလိုက်၏။

“လောလောဆယ်ပြန်ယူထားလိုက်ဦး.. အဲ့ကိစ္စကို ငါတို့နောက်မှ ပြောကြတာပေါ့.. အရင်ဆုံး ငါတို့ရထားတာတွေကို သိမ်းဆည်းပြီး ဒီကနေ ထွက်ကြမယ်”

“အင်း”

ကျိယောင်ရွှယ်က ခေါင်းညိတ်လိုက်၏။

သိပ်မကြာမီ သူတို့သည် အကုန်လုံးကို သိမ်းဆည်းရှင်းလင်းကာ ဆူဇီမိုနှင့်အတူ ဆေးတိုက်ထဲကနေ ထွက်၍ လိုဏ်ဂူခန်းဝါ၏ ခန်းမနေရာသို့ ပြန်ရောက်လာကြ၏။

ဆူဇီမိုက ဥမင်ငါးခုကို ကြည့်ပြီး ချင့်ချိန်တွက်ဆလိုက်၏။

“ဟိုဥမင်နှစ်ခုက စိတ်ဝိညာဉ်လက်နက်တိုက်နဲ့ နတ်ဆေးတိုက်ဆီကို ရောက်တာဆိုရင်.. ကျန်တဲ့သုံးခုက စိတ်ဝိညာဉ်ပညာရပ်၊ အဆောင်လက်ဖွဲ့နဲ့ လျှို့ဝှက်အစီအရင်ဝင်္ကပါကျမ်းစာတွေဆီကို ရောက်မှာပေါ့”

“ဟုတ်သားပဲ.. အဲ့လို ဖြစ်လောက်တယ်” ကျိချန်းရှန်က ခေါင်းညိတ်ထောက်ခံလိုက်၏။

ကျိယောင်ရွှယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“အဲ့လိုသာဆိုရင်.. အဲ့ထဲက ရတနာတွေက တခြားကျင့်ကြံသူတွေ အပြောင်ရှင်းသွားလို့ ကုန်ရောပေါ့”

“တစ်ချက်လောက်တော့ သွားကြည့်ရတာပေါ့”

ဆူဇီမိုကပြောပြီး ရှေ့ကနေ ထွက်သွား၏။

သူထင်ထားသည့်အတိုင်းပင် အခြားဥမင်သုံးခု၏ အဆုံး၌ စိတ်ဝိညာဉ်ပညာရပ်တိုက်၊ အဆောင်လက်ဖွဲ့တိုက်နှင့် အစီအရင်ဝင်္ကပါကျမ်းစာတိုက်တို့ ရှိလေသည်။

စိတ်ဝိညာဉ်ပညာရပ်တိုက်နှင့် အဆောင်လက်ဖွဲ့တိုက်တို့က အခြားသော ကျင့်ကြံသူများ အပြောင်ရှင်းသွားကြလေပြီ။

သို့သော်လည်း ဝင်္ကပါတိုက်ကတော့ ခြေရာလက်ရာမပျက် ရှိနေသေး၏။

ဝင်္ကပါတိုက်၏ ဝင်ပေါက်ဝ၌ ရှေးဟောင်းဝင်္ကပါတစ်ခု ခင်းကျင်းထားပြီး အဲ့ဒါက ပျက်ပြယ်မည့် လက္ခဏာ မရှိပေ။

All Chapters