ရွှမ်ထျန်းမြို့တော်
Vol. 24 Ch. 359
ကျိယောင်ရွှယ် ထွက်သွားပြီး မကြာမီ.. ဆူဇီမိုက လိုဏ်ဂူခန်းဝါပတ်လည်ရှိ အစီအရင်ဝင်္ကပါကို ပြင်ဆင်နေစဉ် ညဝိညာဉ်က ရှောင်းနင်ကို စောင့်ကြပ်၍ ရောက်ချလာ၏။
“ဘာဖြစ်လို့လဲ”
ရှောင်းနင်က စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေသလို စကားပြောဖို့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူက မေးလိုက်၏။
သူမသည် ခဏမျှ တုံ့ဆို်ငးနေပြီးမှ ရှေးဟောင်းဆေးမီးဖိုကြီးကိုထုတ်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ကိုလေး.. ဘာလို့လဲ မသိဘူး၊ ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်လာကထဲက ဒီဆေးမီးဖိုထဲကနေ အပူလှိုင်းတစ်ခု ထွက်နေတယ်”
ဆူဇီမိုက ဆေးမီးဖိုကိုယူပြီး ထိကြည့်လိုက်၏။
သိပ်ပြီး သိသာမထင်ရှားသော်လည်း ဆေးမီးဖိုက အမှန်တစ်ကယ်ကို ပူနွေးနေလေသည်။
မဟာကျိုးမြို့တော်ထဲမှာတုန်းက အစစ်အမှန်မီးစွမ်းအင်းဂိုဏ်းမှ လူများနှင့် ရန်ပွဲဖြစ်စေခဲ့သော ဆေးမီးဖိုပင် ဖြစ်လေသည်။
ထိုဆေးမီးဖိုကို ရပြီးကတည်းက ဆူရှောင်းနင်သည် အလွယ်တကူ အာရုံစူးစိုက်နိုင်ပြီး သူမ၏ ဆေးလုံးဖော်စပ်မှု အရည်အသွေးကို အထွတ်အထိပ်ကို ရောက်လာခဲ့၏။
ဤဆေးမီးဖိုမှာ အလွန်တရာ အင်အားကြီးမားသည့် နောက်ခံရှိနိုင်ကြောင်း အရင်ကတည်းက ဆူဇီမို ခန့်မှန်းမိပြီးသားဖြစ်၏။
ရှောင်းနင်ထံ ဆေးမီးဖိုကို ပြန်ပေးလိုက်ပြီး မေးလိုက်၏။
“အပူထွက်တာအပြင် အဲ့မှာ နောက်ထပ် ထူးဆန်းတာ ရှိသေးလား”
“ထူးဆန်းတာ...”
ဆူရှောင်းနင်က ခဏကြာ စဉ်းစားနေပြီးနောက် ပြန်ဖြေလိုက်၏။
“ပြီးခဲ့တဲ့ ရက်တွေက ကျမ ကောင်းကောင်းအိပ်မပျော်ဘူး.. တစ်ခုခုက ကျမနဲ့ ဆက်သွယ်ဖို့ မသိမသာ ကြိုးစားနေသလိုပဲ.. အဲ့ဒါကိုရော ထည့်ပြောလို့ရလား”
ဆူဇီမို ရင်ထိတ်သွားပြီး မေးလိုက်၏။
“နင့်ကို ဘယ်ဘက်အရပ်ကနေ ဆက်သွယ်ဖို့ ကြိုးစားနေတာလဲဆိုတာကိုရော အာရုံခံမိလား”
“ဟိုဘက်”
ဆူရှောင်းနင်က တောင်ဘက်ကို လက်ညိုးထိုးပြီး အခိုင်အမာကို ပြောလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြပြီးအစီအစဉ်တစ်ခု ဆွဲလိုက်၏။
ဘာပဲဖြစ်ဖြစ် သူက ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲကို သွားကြည့်ဖို့ စီစဉ်ထားပြီးဖြစ်၏။ သွားရမည့်အတူတူ ရှောင်းနင်ညွှန်ပြသော ဦးတည်ဘက်အတိုင်းသွားကြည့်ရပေမည်။ ထိုရှေးဟောင်းမီးဖို၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား သူသိချင်မိလေသည်။
နောက်ဆယ်ရက်ကျော်ကျော်အတွင်း.. ဆူဇီမိုသည် အစီအရင်ဝင်္ကပါကို ပြင်ဆင်ပြီးနောက် နောက်ဆုံးတိုက်ခန်းထဲမှာ တစ်ယောက်တည်း နှစ်ရက်လောက် နေလိုက်သေး၏။ ထို့နောက် လိုဏ်ဂူခန်းဝါထဲရှိ လူတို်ငးကို ခန်းမထဲသို့ လာရောက်ဖို့ ဆင့်ခေါ်လိုက်၏။
“ကျုပ်ကတော့ ဒီနေရာကနေထွက်ပြီး ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲကို သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်”
ဆူဇီမိုက ပြောပြီး ကျွင်းဟောက်ကို သာမန်ကာလျှံကာ တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုလူ၏ စိတ်ကို ဖတ်လို့မရပေ။
ကျိယောင်ရွှယ်နှင့် ဆူရှောင်းနင်တို့ကို ထိုကိစ္စကို သိထားပြီးဖြစ်တာကြောင့် အံ့သြမနေပေ။ သို့သော် အခြားသူများကတော့ အမျိုးမျိုး တုံ့ပြန်လိုက်ကြ၏။
စစ်ယုထန်က အရင်ဆုံးထပြီး ငြင်းပယ်လိုက်၏။
“ငါကတော့ မလိုက်ဘူး.. ရှေးဟောင်းတိုက်ပွဲမြေကို မလာခင်ကထဲက စီနီယာတွေက ငါ့ကို ကြိမ်ဖန်များစွာ သတိပေးခဲ့ပြီးသား၊ ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲကို လုံးဝ မသွားနဲ့တဲ့.. ငါကတော့ မင်းတို့နဲ့ လိုက်ပြီး မသေနိုင်ဘူး”
“ဆရာမို ဒီမှာ ကျုပ်တို့က နယ်မြေအားသာချက်လဲရှိတယ်၊ ဝင်္ကပါအကာအကွယ်လဲ ရထားပြီးသား၊ မရီးဒါန်ဖွင့်ဆေးလုံးတွေလဲ ရထားပြီးသားဆိုတော့ ဒီနေရာမှာ အေးဆေးကျင့်ကြံနေရုံပဲ.. ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲထိ သွားပြီး စွန့်စားဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်”
မဟာကျိုးအစောင့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။
“ညီကိုဇီမိုက အရမ်းသန်မာတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာပေါ့”
ကျွင်းဟောက်က သက်ပြင်းချ၍ မတ်တပ်ရပ်ပြီး စိတ်မကောင်းဟန်နှင့် ပြောလိုက်၏။
“ဒါပေမယ့်လဲ ဝမ်းနည်းဖို့ကောင်းတာက ကျုပ်ခွန်အားက အဲ့လောက်မရသေးဘူးဗျာ.. အဲ့ဒါမို့ ကျုပ် ခင်ဗျားနဲ့ မလိုက်နိုင်တော့ဘူး”
ဆူဇီမိုက ဟန်လုပ်ပြုံး၍ ကျွင်းဟောက်ကို တိတ်တဆိတ်ကြည့်ပြီးနောက် အခြားသူများဘက်သို့ လှည့်လိုက်၏။
ကျိချန်းရှန်က လေးနက်စွာ ပြောလိုက်၏။
“ဇီမို.. ငါ မင်းနဲ့ လိုက်မယ်”
“နောင်ကြီး ကျုပ်လဲလိုက်မယ်” ဖက်တီးလေးက ကပျာကယာ မတ်တပ်ထရပ်လိုက်၏။
လမ့်ရိုကလည်း ဆူဇီမိုကို ခေါင်းညိတ်ပြလိုက်၏။
ရှစ်ကျန့်က ပုခုံးတွန့်ပြီး ကြောင်တောင်တောင်ပြုံးလိုက်၏။
“ငါလဲ မင်းတို့နဲ့ လိုက်မယ်”
တစ်ချို့က ထရပ်ပြီး ဆူဇီမိုကို မသွားဖို့ ဘယ်လောက်အန္တရာယ်များကြောင်း ပြောလိုက်ကြသော်လည်း ဆူဇီမိုက လက်သီးဆုပ်ပြလိုက်၏။
“စေတနာနဲ့ သတိပေးကြတာ ကျေးဇူးတင်ပါတယ် ရောင်းရင်းတို့.. ဒါပေမယ့်လဲ ကျုပ်က သေချာပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ”
တစ်ကယ်တော့ ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲသို့ ရောက်လေလေ.. အန္တရာယ်က ပိုကြီးလာလေဖြစ်ကြောင်း ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း သိထားကြလေသည်။
သို့သော်လည်း အန္တရာယ်နှင့် အခွင့်အလမ်းက အတူယှဉ်တွဲနေလေသည်။
နောက်ပြီး ကျိချန်းရှန်နှင့် အခြားသူများအတွက် နောက်ထပ်အရေးကြီးသော အကြောင်းတစ်ရပ် ရှိနေသေးလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခင် တောင်ထွတ်သခင်နှစ်ယောက်ဖြစ်သော လျှို့ဟွေ့နှင့် ရွှမ်ယီတို့က သူတို့ကို တခြားဥမင်လမ်းကြောင်းတစ်ခုကို ရှာဖွေပြီး မဟာကျိုးအင်ပါယာနှင့် ထျန်ဟွမ်မြောက်ပိုင်းဒေသမှ ထွက်ခွာဖို့ အရိပ်အမြွက် ပြောခဲ့လေသည်။
သိပ်မကြာမီ ကျိချန်းရှန်၊ လမ့်ရို၊ ဖက်တီးလေး၊ ရှောင်းနင်၊ ရှစ်ကျန့်နှင့် ညဝိညာဉ်တို့သည် ဆူဇီမို၏ နောက်သို့ ရောက်လာကြ၏။ သူတို့ ၁၁ယောက်အဖွဲ့တွင် ကျိယောင်ရွှယ်၊ မဟာကျိုးအစောင့်နှစ်ယောက်၊ ကျွင်းဟောက်နှင့် ရှစ်ကျန့်တို့က ကျန်ရစ်ကာနေခဲ့ကြမည်ဖြစ်၏။
“အပြင်ဘက်က အစီအရင်ဝင်္ကပါကို ကျုပ်ပြင်ပေးထားပြီးပြီ.. ဒီထဲမှာ တိုက်ခန်းတွေကလဲ အလုံအလောက်ရှိနေတာဆိုတော့ ခင်ဗျားတို့တွေ လူခွဲပြီး ကျင့်ကြံကြပေါ့”
ဆူဇီမိုက ကျိယောင်ရွှယ်ကို အဓိပ္ပါယ်ပါပါကြည့်ပြီးနောက် ရှောင်းနင်နှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားတော့၏။
ဆူဇီမိုနှင့် အခြားသူများ ထွက်သွားပြီးနောက် ကျိယောင်ရွှယ်က စိတ်ပျက်လက်ပျက်ပုံစံနှင့် ပြောလိုက်၏။
“ဒီနေ့ကစပြီး ငါတံခါးပိတ်ကျင့်ကြံတော့မယ်.. ငါ့ရဲ့တိုက်ခန်းထဲကို ဘယ်သူမှ မလာပါနဲ့”
ထိုသို့ပြောပြီးသည်နှင့် သူမသည် ငါးခုမြောက်ဥမင်၏ အဆုံးရှိ တိုက်ခန်းဆီသို့ လျှောက်လှမ်းဝင်သွားလေသည်။
ကျွင်းဟောက်က ကျိယောင်ရွှယ်၏ နောက်ကျောကို ငေးကြည့်နေရင်း.. သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းက လက်သွားကာ လှောင်ပြုံးပြုံးလိုက်၏။
. . .
ထိုနေရာမှ ထွက်လာပြီးနောက် ဆူဇီမိုသည် မြေပုံကို စစ်ဆေးကြည့်ရှုကာ လူတိုင်းကို တောင်ဘက်သို့ ခေါ်ဆောင်သွားလေသည်။
ဆူဇီမိုနှင့် ညဝိညာဉ်ပါရှိနေသောကြောင့် ခရီးစဉ်က အများအားဖြင့်တော့ ဘေးကင်းလုံခြုံလေသည်။
သို့သော်လည်း အနက်ပိုင်းထဲသို့ သူတို့ စွန့်စားသွားလာရင်း.. ဆူဇီမိုပင်လျှင် တဖြည်းဖြည်း ဖိအားဝင်လာလေသည်။
သူတို့ရင်ဆိုင်ကြုံတွေ့ရသော ကြမ်းကြုတ်တောကောင်များ၏ ခွန်အားက ပိုပိုပြီး သန်မာလာသလို.. တချို့ကျင့်ကြံသူများကလည်း သူတို့ကို ချုံခိုချောင်းမြောင်း၍ တိုက်ခိုက်တတ်ကြ၏။ ဆူဇီမိုကလွဲလျှင်လူတိုင်းနီးပါး ဒဏ်ရာရှိထားကြလေပြီ။
ကျင့်ကြံမှုအဆင့်က အတူတူပင် ဖြစ်သော်လည်း ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲမှာ တွေ့ရသော မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူများက အစွန်အစပ်မှာ တွေ့ရသော ကျင့်ကြံသူများထက် များစွာပိုမိုသန်မာလေသည်။
ဆူဇီမိုအပေါ် ဖိအားက ပိုပိုတိုးလာ၏။
ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်မှာတုန်းက သူတို့ခြောက်ယောက်စလုံး၏ အသက်ကို သူတာဝန်ယူနိုင်လေသည်။
အခုအခါမှာတော့ အများဆုံးနှစ်ယောက်သာလျှင် သူတာဝန်ယူနိုင်လေတော့သည်။
သူတို့သည် ဆယ်ရက်ဆက်တိုက် ခရီးနှင်နေကြပြီး ရံဖန်ရံခါမှသာ ခဏလောက်နား၍ ကျင့်ကြံကြလေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်က အရင်ကထက် သိသိသာသာ တိုးတက်လာတာ မရှိသော်လည်း ဤဆယ်ရက်တာကာလအတွင်း သေဘေးနှင့် ကပ်သီသော ပြင်းထန်သည့် တိုက်ပွဲများကို ဆင်နွှဲခဲ့ရသောကြောင့် ကျိချန်းရှန်နှင့် အခြားသူများ၏ ခွန်အားနှင့် အတွေ့အကြုံရင့်ကျက်မှုက သိသိသာသာ တိုးတက်လာ၏။
အဲ့ဒါက တံခါးပိတ်ကျင့်ကြံခြင်းဖြင့် ဘယ်တော့မှ မရရှိနိုင်သော ပြောင်းလဲတိုးတက်မှုများပင် ဖြစ်လေသည်။
ဆယ်ရက်ကြာပြီးနောက်.. ညနေစောင်းအချိန်တွင် သူတို့၏ ရှေ့တည့်တည့်၌ ရှေးဟောင်းမြို့တော်တစ်ခုကို တွေ့လိုက်ကြရ၏။
မြေပုံမှာ ဖော်ပြထားသည်မှာ ထိုနေရာက ရွှမ်ထျန်းမြို့တော်ဟု ခေါ်သော စုရပ်တစ်ခု ဖြစ်လေသည်။
လူတိုင်းစိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။
ဆယ်ရက်တာ ခရီးနှင်ပြီးနောက် သူတို့က ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အားအင်ကုန်ခမ်း နွမ်းလျနေကြလေပြီ။ ပင်ပန်းနွမ်းလျသည့် လက္ခဏာမရှိဘဲ စွမ်းအားပြည့်လျှံနေပုံရသော ဆူဇီမိုကလွဲလျှင်.. အခြားသူများသည် ဒဏ်ရာများကိုယ်စီနှင့် သူတို့ခန္ဓာကိုယ်၏ အကန့်အသတ်ကို ရောက်ရှိနေကြလေပြီ။
ညမမှောင်ခင်မှာ နားနေဖို့ နေရာတစ်ခု မရှာနိုင်ဘူးဆိုလျှင် ညက သူတို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေတော့မည်။
လမ်းတစ်လျှောက်တွင် ဆူဇီမိုအပေါ် ကျိချန်းရှန်နှင့် အခြားသူများ၏ အမြင်က တဖြည်းဖြည်းပြောင်းလဲလာပြီး ပိုပို၍ အထင်ကြီးလေးစားလာ၏။
ရှေးဟောင်းတိုက်ပွဲမြေ၏ အစွန်မှာတုန်းကဖြစ်စေ၊ အတွင်းအနက်ပိုင်းထဲမှာဖြစ်စေ.. မည်သူမှ ဆူဇီမို၏ ခွန်အားအကန့်အသတ်ကို မဖတ်နိုင်ကြပေ။
သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးထဲတွင် အကန့်အသတ်မဲ့ စွမ်းအင်များကို သိုလှောင်ထားပုံရပြီး သူ၏ အားမာန်တက်ကြွမှုနှင့် အပေအတေခံနိုင်ရည်က ကြောက်စရာလန့်စရာပင်။
သူတို့သိထားကြသည်မှာ ဆူဇီမိုကြောင့်သာ မဟုတ်လျှင် ရွှမ်ထျန်းမြို့တော်ကို မမြင်ရခင်မှာပင် သူတို့က နှစ်ခါ၊ သုံးခါပြန်လောက် သေနေလောက်လေပြီ။