← Chapters

ရန်စပိတ်ပင်တားဆီးခြင်း

Vol. 24 Ch. 360

ရန်စပိတ်ပင်တားဆီးခြင်း

Vol. 24 Ch. 360

ရွှမ်ထျန်းမြို့တော်၏ မြောက်ဘက်ဂိတ်တွင်..

ကောင်းကင်က တဖြည်းဖြည်းမှောင်လာနေပြီဖြစ်တာကြောင့် အခုဆို မြို့ဂိတ်တံခါးကို ဖြတ်မည့် ကျင့်ကြံသူများ ကုန်သလောက် ဖြစ်သွားလေပြီ။ ဒီလိုအချိန်မှာ မြို့ထဲကနေ ထွက်ခွာရဲသည့်သူများက ကိုယ့်အနေအထားကိုယ် မသိသည့် ရူးကြောင်ကြောင်ကောင်ဟုတ်လျှင်ဟုတ် မဟုတ်လျှင် သူတို့၏ ခွန်အားအပေါ် ယုံကြည်မှုရှိသော ပြိုင်ဘက်ကင်းပညာရှင်များ ဖြစ်ပေလိမ့်မည်။

ဆူဇီတို့အဖွဲ့ မြို့တံခါးရှေ့သို့ ရောက်လာသည့်အချိန်တွင် ကျင့်ကြံသူနှစ်ယောက်က မြင့်မားတုတ်ခိုင်သည့် ကျောက်တံခါးရွက်ကြီးများကို ဖြည်းဖြည်းချင်း တွန်းပိတ်နေကြ၏။

“တာအိုရောင်းရင်းတို့ နေကြပါဦး”

ဆူဇီမိုက အလောတကြီး လှမ်းအော်လိုက်၏။

သူက မြို့ထဲသို့ ဝင်ချင်လျှင် ဆန်းကြယ်တောင်ပံများကို ထုတ်လျှင်ထုတ် မဟုတ်လျှင် နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းနှင့် ဂိတ်တံခါးမပိတ်ခင် ဖြတ်ကျော်သွားရုံသာ။

သို့သော်လည်း ကျိချန်းရှန်နှင့် အခြားသူများက ထိုသို့ မလုပ်နိုင်တော့ပေ။

သူတို့သည် လမ်းတစ်လျှောက် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြရပြီး စိတ်ရောကိုယ်ပါ ခြေကုန်လက်ပန်းကျနေပြီဖြစ်လေသည်။ ဒဏ်ရာများကလည်း ရရှိထားသေးသောကြောင့် သူတို့သည် လမ်းတောင်မနည်းထိန်းလျှောက်နေရလေသည်။

ဆူဇီမိုပြောလိုက်သည့်အချိန်တွင် ကျောက်တံခါးက ခဏမျှ ရပ်တန့်သွားပြီး မြို့ဂိတ်တံခါးရှိ ကျင့်ကြံသူနှစ်ယောက်က မျက်မှောင်အနည်းငယ်ကြုတ်၍ သူ့ကို လှမ်းကြည့်လိုက်ကြ၏။

သူတို့အမြင်အရတော့ ဤလူခြောက်ယောက်အုပ်စုက ခြေကုန်လက်ပန်းကျနေကြလေပြီ။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ အစိမ်းရောင်ဝတ်ကျင့်ကြံသူကလွဲလျှင် ကျန်သူများအားလုံးက အခြေအနေ မကောင်းလှတော့ပေ။

နောက်ပြီး ဆူဇီမိုတို့အုပ်စုက သူတို့မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြနိုင်သည့် ဂိုဏ်းတံဆိပ်ပြား သို့မဟုတ် တခြားတစ်စုံတစ်ရာ ဘာကိုမှ ချိတ်ဆွဲထားခြင်း မရှိကြောင်း သူတို့ မြင်ရလေသည်။

ရှေးဟောင်းတိုက်ပွဲမြေတွင် ထိပ်သီးအဖွဲ့အစည်းများမှ အမွေဆက်ခံသူများနှင့် တပည့်များသည် သူတို့မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားကြမှာ မဟုတ်ပေ။

သူတို့၏ အထောက်အထားတံဆိပ်ပြားများကို ထုတ်ဖော်ထားခြင်းအားဖြင့် သူတို့ကို ပြဿနာလာရှာမည့်သူများကို အရေးလုပ်ဖြေရှင်းနေရခြင်းမှ သက်သာသွားမည် ဖြစ်လေသည်။

မြို့ဂိတ်တံခါးတွင် စောင့်ကြပ်နေကြသော ကျင့်ကြံသူနှစ်ယောက်သည် ဆူဇီမိုတို့အုပ်စုလို မည်သည့်အထောက်အထားမှ မထုတ်ဖော်ထားသော လူများစွာကို တွေ့မြင်ခဲ့ကြဖူးလေပြီ။ သူတို့က ခြေသလုံးအိမ်တိုင် တစ်ကိုယ်တော် ကျင့်ကြံသူများ သို့မဟုတ် သာမန်ဂိုဏ်း၊ အဖွဲ့အစည်းများမှ တပည့်များ ဖြစ်ကြလေသည်။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်၍ လှောင်ပြုံး ပြုံးလိုက်ကြပြီး ဘာမှမကြားလိုက်ရသကဲ့သို့ ကျောက်တံခါးရွက်များကို ဆက်လက်ပိတ်လိုက်ကြ၏။

ရုတ်တရတ်..

လေထဲတွင် အဝတ်စခတ်သံများက တဖျတ်ဖျတ် ထွက်ပေါ်လာ၏။

သူတို့နှစ်ယောက် အလိုလို လှည့်ကြည့်လိုက်ပြီးနောက် သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

မသိလိုက်ခင်မှာပင် စောစောက ခပ်လှမ်းလှမ်းမှာ ရှိနေသော အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူတို့ရှေ့သို့ ရောက်ချလာပြီဖြစ်ပြီး ကျောက်တံခါးနှစ်ချပ်ကို လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်၏။

သူတို့နှစ်ယောက် ဘယ်လိုပင် တွန်းပါစေ.. ကျောက်တံခါးက လှုပ်တောင်မလှုပ်တော့ပေ။

အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဟန်မပျက် ရပ်နေပြီး သူတို့နှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်နေ၏။

“မင်း...”

သူတို့နှစ်ယောက်သည် တံတွေးမြိုချလိုက်ပြီး အထိတ်တလန့် ဖြစ်သွားကြ၏။

“မင်းတို့က ဘာလို့ တံခါးကို ဆက်ပိတ်နေကြတာလဲ”

ဆူဇီမိုက ရေခဲတမျှ အေးစက်သောအသံနှင့် ဖြည်းဖြည်းချင်း မေးလိုက်၏။

ညကမှောင်လာတော့မှာကို သူတို့ကို အပြင်ဘက်မှာ ထားခဲ့ခြင်းက သူတို့ကို သတ်လိုက်တာနှင့် အတူတူပင်။

ည၌ မရေအတွက်နိုင်သော ကြမ်းကြုတ်တောကောင်များ၊ ရှေးဟောင်းသက်ရှိများနှင့် ရင်ဆိုင်ရလျှင် ဆူဇီမိုက သူ့ကိုယ်သူ ကိုယ်လွတ်ရုန်းနိုင်သော်လည်း ကျန်သူများကတော့ သေချာပေါက် သေပေလိမ့်မည်။

“မင်း ဘာတွေလုပ်နေတာလဲ”

တစ်ယောက်က မာမာထန်ထန် မေးလိုက်၏။

ဆူဇီမိုက ပြန်မဖြေဘဲ သူ့လက်ကို လှုပ်ခါလိုက်၏။ ကျယ်လောင်သော တဒုန်းဒုန်းမြည်သံနှင့်အတူ ကျောက်တံခါးနှစ်ချပ်က ပြင်းထန်စွာ တုန်ခါပြီး ဖုန်မှုန့်များက တရှဲရှဲမြည်လာ၏။

ချက်ချင်းပင် ကျင့်ကြံသူနှစ်ယောက်သည် ထိတ်လန့်သွားကြပြီး သူတို့၏ လက်များက ထုံကျင်လာကာ တံခါးကို အလိုလို လက်လွှတ်လိုက်မိကြ၏။ သူတိုသည် ဒယီးဒယိုင်နှင့် နောက်ပြန်ဆုတ်သွားပြီး မြေကြီးပေါ် လဲကျလုမတတ် ဖြစ်သွား၏။

“လူပါးဝလိုက်တာကွာ”

သူတို့က အော်ဟစ်၍ သိုလှောင်အိတ်ထဲကနေ ဓါးပျံများကို ဆွဲထုတ်လိုက်ကြ၏။ သူတို့သည် သတိကြီးကြီးနှင့် ဆူဇီမိုကို စူးစူးရဲရဲ စိုက်ကြည့်ပြီး အချိန်မရွေးတိုက်ခိုက်တော့မည်ဟန် ပြင်လိုက်၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲခြင်းမရှိဘဲ လက်သီးကိုဆုပ်လိုက်၏။

ထိုအချိန်တွင် ကျိချန်းရှန်နှင့် အခြားသူများသည် မြို့ဂိတ်တံခါးသို့ ရောက်လာကြပြီဖြစ်ပြီး သူတို့က ဖြူလျော့၍ မောပန်းနေကြ၏။

“ဇီမို.. ထားလိုက်ပါတော့ကွာ၊ ငါတို့က ဒီနေရာအကြောင်း သိရသေးတာ မဟုတ်ဘူး.. ပြဿနာမတက်အောင် နေကြရအောင်.. နောက်ပြီး ငါတို့လဲ အခု မြို့ထဲ ရောက်လာပြီပဲ”

အချိန်အနည်းငယ်ကြာ အတူနေလာကြပြီးနောက် ကျိချန်းရှန်နှင့် အခြားသူများသည် ဆူဇီမို၏ စိတ်နေစရိုက်ကို အတန်အသင့် နားလည်လာကြ၏။

ဆူဇီမိုက ထိုကျင့်ကြံသူနှစ်ယောက်ကို ဂရုမစိုက်သလို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်၏။

ထိုသူနှစ်ယောက်သည် ရင်ထဲထိတ်သွားကြ၏။

ဆူဇီမို၏ အကြည့်မှတစ်ဆင့် ပြင်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ်ကို သူတို့ခံစားမိလေသည်။

သတ်ဖြတ်ဖို့အတွက် နည်းနည်းလေးမှ ဝန်လေးမနေမည့် လူစားမျိုးပင်။

သူတို့နှစ်ယောက်သည် ဆူဇီမိုတို့အုပ်စု ထွက်သွားတာကို ဒီတိုင်းကြည့်နေပြီး ထပ်မတားရဲတော့ပေ။

ကျိချန်းရှန်နှင့် အခြားသူများသည် မမျှော်လင့်ထားဘဲ ပြဿနာတစ်စုံတစ်ရာများ ပေါ်လာဦးမလားဟူသည့် စိတ်နှင့် တစ်ချိန်လုံး စိုးထိတ်နေကြ၏။

ဂိတ်တံခါးကို စောင့်ကြပ်နေကြသော ကျင့်ကြံသူနှစ်ယောက်က သူတို့ကို အသာတကြည် ဖြတ်သန်းခွင့်ပေးလိုက်သောအခါမှသာ ကျိချန်းရှန်နှင့် အခြားသူများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

ရွှမ်ထျန်းမြို့တော်ထဲတွင် ကျင့်ကြံသူအရေအတွက် အတော်များများ ရှိကြပြီး လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ရှေးဟောင်းအဆောက်အဦများ ရှိကာ နေရာထိုင်ခင်းအများစုက ကျင့်ကြံသူများနှင့် ပြည့်နေလေပြီ။

မြို့ထဲသို့ ဆူဇီမိုတို့အုပ်စု လျှောက်လှမ်းဝင်ရောက်လာသောအခါ ကျင့်ကြံသူအတော်များများ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။

“ဟိုခြောက်ယောက်အုပ်စုမှာ နောက်ပိုင်း-အခြေတည်အဆင့်တောင် ပါတယ်ဟ.. သူတို့က ရွှမ်ထျန်းမြို့ထိရောက်အောင် ဘယ်လိုများ လာခဲ့ကြလဲ မသိဘူး”

“သူတို့က မြို့ထဲရောက်လာတော့ရော ဘာလုပ်လို့ရမှာလဲ.. ငါထင်တယ် သူတို့ခြောက်ယောက်က သုံးရက်တောင် မခံလောက်ဘူး”

“ရွှမ်ထျန်းမြို့က ဖော်ရွေတဲ့နေရာမှ မဟုတ်တာ.. တောင့်တင်းတဲ့ နောက်ခံတစ်ခုမရှိရင် သူတို့က စဉ်းတီတုံးပေါ်က ငါးတွေလို အသတ်ခံရမှာပဲ”

ထိုကျင့်ကြံသူများ ဆွေးနွေးနေကြစဉ်မှာပင် မြို့ရိုးပေါ်ကနေ ကျင့်ကြံသူဆယ်ယောက်ကျော်က ဆင်းချလာ၏။ သူတို့၏ ခေါင်းဆောင်က အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့်ဖြစ်ပြီး အမွေးအမှင်များနှင့် ရင်ဘတ်ကို ဖွင့်ဟထားကာ ပြင်းထန်စူးရဲသောအကြည့်ကို ပိုင်ဆိုင်ထားလေသည်။

“ခုနှစ်ရာရီတောင် ကျော်နေပြီကို အခုထိ မြို့တံခါးတွေကို မပိတ်ရသေးဘူး.. ဘာလဲ မင်းတို့နှစ်ကောင် အသက်မရှင်ချင်တော့ဘူးလား”

ဗလတောင့်တောင့်ကျင့်ကြံသူ၏ အသံက ကြမ်းတမ်းခက်ထန်ပြီး သူပုန်၊ ဓါးပြတစ်ယောက်နှင့် တူလေသည်။

ဆူဇီမိုတို့အုပ်စုက အဲ့နားမှာသာ ရှိသေးလေသည်။

ထိုအသံကို ကြားသောအခါ ကျိချန်းရှန်နှင့် အခြားသူများသည် ကြောင်အသွားပြီး ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကြ၏။

ဤမြင်ကွင်းကိုကြည့်ပြီး ကျင့်ကြံသူတစ်ယောက်က နှုတ်ခမ်းကိုစေ့ကာ ခေါင်းခါပြုံးလိုက်၏။

“သုံးရက်တွေဘာတွေ လုပ်မနေနဲ့တော့.. သူရောက်လာပြီဆိုမှတော့ အဲ့ခြောက်ယောက်က အခုထွက်သွားလို့ မရတော့ဘူး”

“အမှန်ပဲ.. ဟိုလူတွေက နဂိုထဲက ခရီးကြမ်းကို ဖြတ်လာပြီး ဒဏ်ရာတွေနဲ့ဆိုမှတော့ လမ်းဆုံးပြီပေါ့.. သူက အဲ့ဒါမျိုးဆို လက်လွတ်ခံမှာ မဟုတ်ဘူး.. အကုန်သတ်ပစ်လိမ့်မယ်”

“အဲ့လူက ဘယ်သူလဲ” တစ်ယောက်က မေးလိုက်၏။

“သူက သားရဲစီးဓါးပြလေးယောက်ရဲ့ ညာလက်ရုံးလေ.. ချုံဝမ်လီတဲ့.. အရမ်းရက်စက်တယ် အမြဲတမ်းသွေးဆာနေတာ.. ရွှမ်ထျန်းမြို့ရဲ့ မြောက်ဘက်ဂိတ်မှာ သူ့ကို ရန်စရဲတဲ့သူ သိပ်မရှိဘူး”

“သားရဲစီးဓါးပြလေးယောက်... ဟင်း”

ထိုစကားကိုကြားသောအခါ များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြပြီး သူတို့ပါးစပ်များကိုပိတ်ကာ တိတ်တိတ်လေး ပင့်သက်ရှိုက်လိုက်ကြ၏။

မြို့ဂိတ်တံခါးတွင်..

ကျင့်ကြံသူနှစ်ယောက်ကို အရမ်းကို ကြောက်လန့်သွားကြပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ ဆူဇီမိုတို့အုပ်စုကို ကပျာကယာ လက်ညိုးထိုးလိုက်ကြ၏။

“အဲ့ဒါ သူတို့ကြောင့်.. ကျတော်တို့က ဒီမှာ တံခါးပိတ်နေတာကို သူတို့ခြောက်ယောက်က အတင်းထိုးဝင်လာကြတာ”

“ဟမ့်”

ချုံဝမ်လီက ဆူဇီမိုတို့အုပ်စုဘက်ကို လှည့်ကြည့်ပြီး သူ့မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းက လက်သွား၏။

ဆူဇီမိုတို့အုပ်စုက ခရီးပန်းလာကြပြီး အားနည်းနေကြောင်း လူတိုင်းပြောနိုင်ကြလေသည်။ ထိုကဲ့သို့သော အခွင့်အရေးကို ချုံဝမ်လီက လက်လွှတ်စရာ အကြောင်းမရှိပေ။

တစ်ချက်ကြည့်ရုံမျှနှင့် သူတို့၏ အားနည်းချက်ကို သူတန်းသိလေသည်။

“ဟိုရှေ့က ခြောက်ယောက် နေဦး.. အဲ့မှာ ရပ်နေ”

ချုံဝမ်လီက ကြိမ်းမောင်းလိုက်ပြီး ကျင့်ကြံသူဆယ်ယောက်ကျော်နှင့်အတူ ဆူဇီမိုတို့ရှိရာသို့ ဒေါနှင့်မောနှင့် လျှောက်လာကြ၏။

ကျိချန်းရှန်နှင့် အခြားသူများသည်စိတ်ထဲကနေ ကြိတ်၍ သက်ပြင်းချလိုက်ပြီး ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြ၏။

အစတုန်းကတော့ ဆူဇီမိုသည် ရှေ့ဆုံးကနေ လျှောက်နေ၏။ အခု သူလှည့်ကြည့်လိုက်သောအခါ သူက နောက်ဆုံး ဖြစ်နေလေပြီ။

ဆူဇီမိုက ရှေ့သို့တက်မလို့ လုပ်နေစဉ်မှာပင် ကျိချန်းရှန်က သူ့ကို လှမ်းဆွဲကာ တိုးတိုးပြောလိုက်၏။

“ဇီမို.. စိတ်လိုက်မာန်ပါ မလုပ်နဲ့.. ဒီလူက ဘာလိုချင်တာလဲ အရင်ကြည့်ရအောင်.. ငါတို့ တိုက်ခိုက်စရာမလိုဘဲ ပြီးသွားရင် ပိုကောင်းတာပေါ့ ဟုတ်တယ်မလား”

“ဟုတ်တယ်နောင်ကြီး.. ကြည့်ရတာတော့ ဒီလူက နောက်ခံအင်အား တော်တော်လေးတောင့်ပုံပဲ.. ငါတို့သူ့ကို ရှောင်ရအောင်” ဖက်တီးလေးက တိုးတိုးပြောရင်း သူ့နဖူးမှ ချွေးများက တစ်ပေါက်ပေါက် ကျလာလေသည်။

All Chapters