ပို၍ ပြင်းထန်လာသော အခြေအနေ (က)
Vol. 40 Ch. 596
ကဒ်ဘေးအင်မော်တယ်မျိုးနွယ်၏ မျိုးဆက်ဟု ပြောဆိုအော်ဟစ်နေသူမှာ နင်ယန်အပြင် တခြားသူ မဟုတ်ပါ။
နင်ယန်သည် အရံဓားကိုင်အကဲဖြတ်ခြင်း ပြီးကတည်းက ပျောက်သွားသည်ဟု ခေါင်းဆောင်ပြောသည်ကို ရွှီချင်း အမှတ်ရသည်။ ခေါင်းဆောင်သည် သူ့အား အတော်လေးကြာအောင် လိုက်ရှာသော်လည်း မတွေ့ခဲ့ပါ။
မူလအစီအစဉ်၌ သူတို့၏ခရီးစဉ်၌ နင်ယန်ကို ခေါ်ကာ အရေးကြီးသောအခိုက်အတန့်များ၌ အကာအကွယ်အဖြစ် အသုံးပြုရန် ဖြစ်သည်။
ယခု ကောင်လေးသည် အင်မော်တယ်ဆယ်ပါးအူခွေနယ်မြေသို့ လျှို့ဝှက်၍ ရောက်နေ၏။
‘သူပြောတဲ့ သွေးမျိုးဆက်နိုးထခြင်းဟာ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်နဲ့ ပတ်သက်နေမလား’
‘ဒါမှမဟုတ် အဲဒီသရုပ်လက္ခဏာဟာ အတုများလား။’
ရွှီချင်း အတွေးနက်နေသော်လည်း သူ့အမူအရာမှာ တည်ငြိမ်နေ၏။ သူက နင်ယန်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။
ချန်အားညိုသည်ကား နှုတ်ခမ်းကို ကွေးညွှတ်နေအောင် အဓိပ္ပာယ်ပါစွာ ပြုံးထားသည်။
ချင်းချိုးသည်ကား သူ့ကို မသိသလို ဟန်ဆောင်ထားဆဲ ဖြစ်သည်။
နင်ယန်၏စိတ်နှလုံးကား အနည်းငယ် တုန်ခါသွားသည်။ သည်ကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ဦးအား သူ မသိပါ။
အထူးသဖြင့် မျက်နှာတွင် အဓိပ္ပာယ်ပါသောအပြုံးတစ်ခုနှင့် ကောင်းကင်နက်မျိုးနွယ်ဝင်ကြောင့် သူ့ကျောရိုးတစ်လျှောက် အလိုအလျောက် အေးစိမ့်လာမှုတစ်ခုကို ခံစားရသည်။ ၎င်းသည် သူ့အား အလွန်အမင်း စိုးရိမ်ခြောက်ခြားစေ၏။
“ဒီကောင်းကင်နက်ကျင့်ကြံသူက ဘာလို့ ငါ့ကို ဒီလိုပြုံးနေရတာလဲ။”
နင်ယန်ကား စိုးရိမ်စိတ်ဝင်နေသည်။ သူ့အကြည့်သည် ချင်းချိုးအား ဖျက်ခနဲ ကျော်ဖြတ်သွားသည်။ တစ်ဘက်လူသည် မျက်နှာဖုံးမတပ်ထားသလို အဝတ်အစားမှာလည်း ပြောင်းလဲဝတ်ဆင်ထားပြီ ဖြစ်သော်လည်း သူမ၏အရှိန်အဝါမှာ မပြောင်းလဲပါ။ သူမ၏သရုပ်မှန်အား တစ်ချက်ကြည့်ရုံမျှဖြင့် သူသိသည်။
မည်သို့ဆိုစေ သူတို့နှစ်ဦးလုံးသည် ယင်ဟွမ်ပြည်နယ်မှ ဖြစ်ကာ ယခင်ကတည်းက ပြိုင်ဆိုင်ဖူးကြသည်။ ထို့ကြောင့် ချင်းချိုးနှင့်ပတ်သက်၍ သူသည် အတော်လေး လေ့လာထား၏။
သို့သော်လည်း ယခုတွင် ချင်းချိုး သည်နေရာတွင် မည်သည့်အတွက်ကြောင့် ရောက်နေသည်ကို သူ မသိလိုပါ။ ထိုအစား သူသည် စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ အကြောင်းကား သူ၏ရုပ်ရည်သွင်ပြင်ကိုလည်း ပြောင်းလဲထားခြင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း ၎င်းသည် သတိလစ်ဟင်းမှု မဟုတ်ပေ။ အကြောင်းပြချက်တချို့ကြောင့် သူသည် ရုပ်ရည်နှင့် အရှိန်အဝါကို အသေးစိတ်ပြောင်းလဲနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူသည် ဓမ္မရတနာတစ်ခုဖြင့် ရုပ်ဖျက်ဖုံးကွယ်ထားရသည်။ သို့သော်လည်း သူ သည်မတိုင်ခင် ဖမ်းဆီးခံရသောအခါ သူ၏ဓမ္မရတနာများအားလုံး အသိမ်းခံလိုက်ရပေသည်။
သူကား တတ်နိုင်သမျှ ခပ်မြန်မြန် ထွက်သွားလိုစိတ်သာ ရှိတော့သည်။ သူ့စိတ်နှလုံးထဲက လေးလံမှုသည် အချိန်နှင့်အမျှ ကြီးထွားလာနေ၏။
သူ မမှားပါ။ နင်ယန်သည် ခြေလှမ်းပင် မလှမ်းလိုက်ရသေးခင် ခေါင်းဆောင်က ရုတ်တရက် စကားပြောလိုက်သည်။
“ကဒ်ဘေးအင်မော်တယ်မျိုးနွယ်လား… စိတ်ဝင်စားစရာပဲ။ ငါ သူ့ကို လိုချင်တယ်။”
နင်ယန်သည် တကိုယ်လုံး ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။ သူ့အသက်ရှုသံသည် မြန်ဆန်လာကာ သူ့စိတ်နှလုံးမှာလည်း ပြင်းထန်စွာ တုန်ခါလာ၏။
‘သူက ငါ့သရုပ်မှန်ကို မြင်နိုင်တာလား။ ဒါက မဖြစ်နိုင်ဘူး။’
နင်ယန်ကား စိုးရိမ်စိတ်ဝင်ကား ကြောက်လန့်နေသည်။ သူ့စိတ်ထဲတွင် များစွသော ကောင်းကင်နက်မျိုးနွယ်များ၏ ကောလာဟလများ ပေါ်လာခဲ့သည်။
သို့သော်လည်း ယခုကိစ္စ၌ သူ့တွင် မည်သည့်ဆုံးဖြတ်ပိုင်ခွင့်မှ မရှိပါ။ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် ထိုစကားကို ကြားလျှင် တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်ကြသည်။ သူတို့က နင်ယန်အား ရွှီချင်းတို့ထံသို့ အလျင်အမြန် ခေါ်လာကာ နင်ယန်အား ချုပ်နှောင်ထားသော ကြိုးအား လေးစားသောအမူအရာဖြင့် ကမ်းပေးကြသည်။
ချန်အားညိုက ခေါင်းဆတ်ဆတ်ညိတ်ကာ ကြိုးကို ယူလိုက်သည်။ ကြိုးအား ဆွဲလိုက်သည်တွင် နင်ယန်သည် မည်သို့မျှ မတတ်နိုင်ဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာရ၏။
ကြောက်စရာကောင်းအောင် ပြုံးနေသော ချန်အားညိုကို ကြည့်ကာ နင်ယန်သည် အလျင်အမြန် ရိုကျိုးသောအမူအရာကို ပြုလုပ်လိုက်၏။
“အရှင်ကို နှုတ်ခွန်းဆက်ပါတယ်။”
“ကဒ်ဘေးအင်မော်တယ်မျိုးနွယ်ရဲ့ အူခွေတွေက ဘယ်လိုအရသာရှိလဲ သိချင်တယ်။”
ခေါင်းဆောင်က နင်ယန်အား ကြည့်ကာ လျှာကို သပ်သည်။
နင်ယန်၏စိတ်သည် လှိုင်းထန်သွားကာ သူ့အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲသွား၏။ သူက နောက်ဆုတ်မည်ပြုသော်လည်း ချည်ထားသော ကြိုးကြောင့် နောက်ဆုတ်မရပါ။ သူသည် တစ်ကိုယ်လုံးတုန်ယင်သွားကာ ကြောက်လန့်တကြား ပြောသည်။
“အရှင်… ဟာသမပြောပါနဲ့။ ကျုပ် အသားနဲ့ ကလီစာတွေက အရသာမရှိပါဘူး။”
ချင်းချိုး တိတ်တခိုး သက်ပြင်းချသည်။ မူလက သူမသည် နင်ယန်အား သဘောကျခြင်း၊ မကျခြင်း မရှိပါ။ သူတို့သည် သူစိမ်းများသာဖြစ်သော်လည်း ယခုကား တခြားမျိုးနွယ်နယ်မြေတွင် သူမနှင့် နင်ယန်တို့သည်သာ လူသားများ ဖြစ်ကြကာ တခြားမှီခိုအားထားစရာ မရှိကြပါ။ ယခု နင်ယန်သည် စားသုံးခံရတော့မည့် အန္တရာယ်နှင့် ကြုံနေသည်ကို တွေ့မြင်လျှင် စိတ်မကောင်းခြင်း၊ အားလျော့ခြင်း စသော ခံစားချက်မျိုးစုံတို့သည် သူမ၏စိတ်နှလုံးအား ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
ချင်းချိုး၏အမူအရာကို သတိထားမိသည်တွင် ရွှီချင်းက ခေါင်းဆောင်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီကဒ်ဘေးအင်မော်တယ်ကို မင်း ဘာလို့ လိုချင်တာလဲ။ သူတို့ရဲ့အူခွေကို မင်း စိတ်ဝင်စားနေတာလား။”
“အရှင်နတ်သားတော်… ဒီလိုမဟုတ်ပါဘူး။”
ခေါင်းဆောင်က ရွှီချင်းအား ဦးညွှတ်ကာ လေးစားစွာ ပြောသည်။
နင်ယန်မှာ ထိုစကားကို ကြားလျှင် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ သို့သော်လည်း ခေါင်းဆောင်က အလျင်အမြန် ဆက်ပြောသည်။
“မကြာသေးခင်က ကျုပ် သွေးမျိုးဆက်သန့်စင်ဆေးလုံးကို လေ့လာနေခဲ့ပါတယ်။ ကျုပ်က မျိုးနွယ်အများစုရဲ့သွေးနဲ့ စမ်းကြည့်ပြီးသွားပေမဲ့ ကဒ်ဘေးအင်မော်တယ်မျိုးနွယ်တော့ မပါသေးဘူး။ ဒါကြောင့် ကျုပ်က သူ့ကို ခေါ်သွားပြီး သန့်စင်ချင်လို့ပါ။”
ထိုသို့ပြောရင်း ခေါင်းဆောင်သည် နင်ယန်အား ပို၍ ရက်စက်စဉ်းလဲစွာ ကြည့်သည်။ သူ့မျက်လုံးသည် မျှော်လင့်ချက်များဖြင့် ဝင်းလက်နေကာ နင်ယန်အား ဆေးလုံးတစ်လုံးကို ကြည့်သည့်အလား ကြည့်နေ၏။ သူက နှာခမ်းကိုပင် သပ်လိုက်သေးသည်။
နင်ယန် စိတ်လှုပ်ရှားသွားသည်။ သူသည် ခုနကမှ စိတ်သက်သာရာရသွားသော်လည်း ခေါင်းဆောင်၏ပြောစကားကို ကြားသည်တွင် ပို၍ပင် ခြောက်ခြားလာတော့သည်။ သူ့စိတ်နှင့်ခန္ဓာသည် အဆုံးမရှိသော ကြောက်လန့်မှုများ ကူးစက်လာပြီး မျက်ရည်များသည်ပင် အလိုအလျောက် ကျဆင်းလာတော့သည်။
“အရှင်… ကျုပ်ရဲ့မျိုးနွယ်ဝင်တွေ နေတဲ့နေရာတွေ ကျုပ် သိထားပါတယ်။ သူတို့ရဲ့ သွေးမျိုးဆက်ဟာ ပိုပြီး သိပ်သည်းပြီးတော့ အရည်အသွေးမြင့်ပါတယ်။ ကျုပ်က သူတို့ကိုသုံးပြီး အလဲအလှယ်လုပ်လို့ရမလား။”
ခေါင်းဆောင်က သူ၏မေးကို ပွတ်ကာ မခိုးမခန့် ပြုံးသည်။ သူက မည်သည့်စကားမှ မဆိုဘဲ နင်ယန်၏တစ်ကိုယ်လုံးကို အသေအချာ ကြည့်နေ၏။
နင်ယန်မှာ ပို၍ပင် ကြောက်လန့်လာကာ သူ့မျက်လုံးများထဲ၌ စိတ်အားငယ်ခြင်းများ ဖြစ်ပေါ်လာသည်။
ရွှီချင်းသည် ခေါင်းဆောင်နှင့် နင်ယန်တို့အား အရေးမလုပ်တော့ပါ။ သူက ကောင်းကင်ကို ကြည့်ကာ တောအုပ်ထဲသို့ လှမ်းကြည့်၏။
ဤနေရာက သစ်သီးကိုးဆယ်ရာနှုန်းခန့်မှာ မခူးဆွတ်ရသေးသည်ကို သူတွေ့ရ၏။ ထို့အပြင် သစ်သီးများသည် အရွယ်အစားလည်း မတူညီကြပါ။ သူတို့က တစ်ရက်တည်းနှင့် ရင့်လာမည့်ပုံလည်း မပေါ်ပေ။
ထို့ကြောင့် သူက ဘေးနားတွင် လေးစားသည့်အမူအရာနှင့် ရပ်နေသော မူယဲ့အား ပြောလိုက်သည်။
“ဒီသစ်သီးတွေ မနက်ဖြန်လောက်ကို ရင့်လောက်မလား။”
မူယဲ့ တွန့်ဆုတ်နေသည်။ အနည်းငယ် တွေးတောပြီးနောက် သူက အသံတိုးတိုးဖြင့် ပြောသည်။
“အရှင်… အချိန်က မနက်ဖြန်လောက်ကို ဖြစ်မယ်။ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေအရတော့ တာအိုသစ်သီးတွေ ရင့်တဲ့အချိန်ဟာ ယေဘုယျအားဖြင့်ပဲ ဖြစ်ပြီးတော့ အတိအကျမရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ မနက်ဖြန် မရင့်ရင်တောင် ခုနစ်ရက်အတွင်း ရင့်မှာပါ။”
ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သန့်စင်ရေလှိုင်းမျိုးနွယ်တွင် အချိန်ကြာကြာ မနေလိုပေ။ တစ်ခုခု မထင်မှတ်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်၏။ သို့သော်လည်း သူက လက်ဗလာဖြင့်လည်း ထွက်မသွားလိုပေ။
“ငါ ခုနစ်ရက်လောက် တောင့်ခံနိုင်လောက်တယ်။”
ရွှီချင်း တီးတိုးရေရွက်လိုက်သည်။ ထို့နောက် သူ နောက်လှည့်ကာ ထွဋ်ခေါင်နိုင်ငံဘက်သို့ လှမ်းသွားလိုက်တော့သည်။