နည်းပြချုပ် ငါးယောက် လှုပ်ရှားခြင်း
Vol. 37 Ch. 544
တစ်ဒါဇင်ကျော်သော စစ်သည်တော်များက အရှိန်အဟုန်အပြည့်ဖြင့် မကောင်းဆိုးဝါးထံသို့ ပြိုင်တူ ပြေးတက် သွားကြသည်။
လီချုံးနှင့် ကျန့်ယွီတို့က အရင်ဆုံး ရောက်သွားကြသည်။ သူတို့၏ လက်သီးပတ်လည်၌ တောင်များနှင့် ကျောက်ဆောင်များကို အက်ကွဲစေနိုင်သည့် အတွင်းအား မြူတစ်ချို့ ပေါ်ထွက်နေသည်။
လီချုံး၊ အမြင့်တန်းအဆင့် ကြီးကြပ်သူ။
ကျန့်ယွီ၊ အမြင့်တန်းအဆင့် ကြီးကြပ်သူ။
ထို့အပြင် သူတို့၏ တိုက်ပွဲဝင်ခွန်အားက စစ်သည်တော်ဌာနထဲ၌ အကောင်းဆုံး ဖြစ်လေသည်။
ယခင်က သူတို့ လုံးဝ မပူးပေါင်းဖူးသော်လည်း အချင်းချင်း နားလည်မှု ရှိသဖြင့် ပြောစရာမလိုဘဲ အလိုလို ပူးတွဲ တိုက်ခိုက်နိုင်သည်။ တစ်ယောက်က ဘယ်ဘက်မှ တက်သွားပြီး နောက်တစ်ယောက်က ညာဘက်မှ တက်လေသည်။ သူတို့၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လွင်နေပြီး တစ်ယောက်ကို တစ်ယောက် ကောင်းမွန်စွာ တွဲညှိပေးနိုင်သည်။
“ယား”
ကျန့်ယွီက ညာသံပေး၍ မကောင်းဆိုးဝါး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်လေသည်။
သူ၏ အရပ်ကြောင့် မကောင်းဆိုးဝါး၏ ခေါင်းကို မထိုးမိဘဲ ဝမ်းဗိုက်ကိုသာ ထိုးမိလေသည်။ ဝမ်းဗိုက်သည်လည်း အလွန် အရေးပါသော နေရာ ဖြစ်သည်။
လီချုံး၏ တိုက်ခိုက်မှုသည်လည်း တစ်ချိန်တည်း ကျရောက်လာ၏။ သူသည် လွှားခနဲ ခုန်၍ လေတိုးသံနှင့်အတူ မကောင်းဆိုးဝါး၏ လည်ပင်းမှစ၍ အောက်အထိ ဆက်တိုက် ကန်ကျောက် တိုက်ခိုက်လိုက်သည်။
လူတိုင်း အသက်ပင် မရှူနိုင်ဘဲ တိုက်ပွဲအား စိတ်ဝင်တစား ကြည့်နေကြသည်။
သိုင်းပညာရှင်များ ဖြစ်သောကြောင့် လီချုံးနှင့် ကျန့်ယွီတို့၏ တိုက်ကွက်မှ ကြောက်စရာကောင်းမှုကို မြင်နိုင် ကြလေသည်။
သို့သော် မကောင်းဆိုးဝါးသည် တိုက်ခိုက်ခံရပြီးသာ မာန်ဖီ၍ လက်ကို မြှောက်လာသည်။
“သေပေတော့”
ကျန့်ယွီက အထင်သေးသော မျက်လုံးများဖြင့် ပျက်ရယ်ပြုလိုက်သည်။
မကောင်းဆိုးဝါးသည် မကောင်းဆိုးဝါးသာ ဖြစ်သည်။ ၎င်း၌ အသိဉာဏ် မရှိသလို တိုက်ခိုက်ရန်သာ သိလေသည်။
“ဝုန်း”
ထိုအသံနှင့်အတူ ကျန့်ယွီနှင့် လီချုံးတို့၏ တိုက်ခိုက်မှုက ပြိုင်တူ ကျရောက်သွားသော်လည်း သူတို့ နှစ်ယောက်လုံး မကောင်းဆိုးဝါး၏ မြဲမြံစွာ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
ထို့အပြင် သူတို့ လုံးဝ မလှုပ်နိုင်ချေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူတိုင်း ပြိုင်တူ ရေရွတ်မိသည်။ ချင်ပိုင်ချွမ်းနှင့် အခြားနည်းပြများတောင်မှ အမူအရာ ပြောင်းလဲသွားပြီး မျက်နှာ မည်းမှောင်သွားသည်။
“ဒါ … ဒါ”
ကျန့်ယွီ၏ မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာသည်။ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်က အလွန် မာကျောသဖြင့် သူ ကျောက်တုံးကို ထိုးမိသည်ဟုပင် ခံစားလိုက်ရသည်။ သူ အားကုန် ထိုးနှက်ခဲ့သော်လည်း ဘာအားမှ မပါသကဲ့သို့ မကောင်းဆိုးဝါးအား ဖြုံပင် မဖြုံစေခဲ့ပေ။
လီချုံးသည်လည်း အလွန် ခြောက်ခြားနေ၏။ သူ ချက်ချင်း နောက်ဆုတ်ချင်ခဲ့သော်လည်း သူ့ခြေထောက်အား မကောင်းဆိုးဝါးအား ဖမ်းချုပ်ထားသည်ကို သတိထားမိသွားပြီး လုံးဝ မလွတ်နိုင်တော့ချေ။
“ဒီမကောင်းဆိုးဝါးက သန်မာလွန်းတယ်”
လီချုံး၏ အသံက တုန်ယင်နေ၏။
ပြေးဝင် တိုက်ခိုက်ရန် ပြင်ထားသည့် စစ်သည်တော်များသည်လည်း မှင်တက်သွားကြသည်။ သူတို့သည် နေရာမှာပင် တောင့်တင်းနေပြီး မလှုပ်နိုင်တော့ချေ။
ထို့နောက် လီချုံးနှင့် ကျန့်ယွီတို့သည် ကြက်ပေါက်များကဲ့သို့ အမခံလိုက်ရသည်။ ထို့နောက်တွင်မူ သူတို့သည် မကောင်းဆိုးဝါး၏ ပစ်ပေါက်ခြင်း ခံလိုက်ရလေသည်။ ၎င်းခွန်အားက ကြီးမားလွန်းသဖြင့် ဘေးပတ်လည်မှ စစ်သည်တော်များပင် လွင့်ကုန်ကြသည်။
ကျန့်ယွီ၏ ခန္ဓာကိုယ်က နံရံနှင့် ဝင်ဆောင့်မိကာ နံရံ၌ လူပုံစံ ချိုင့်ခွက် ပေါ်လာသည်။ နံရံ၌ အက်ရာပေါ်လာပြီးနောက် သူသည် မြေကြီးပေါ် ပြန်ပြုတ်ကျကာ သွေးအန်လေတော့သည်။
“ဒါက ဘယ်လိုလုပ် အဲ့လောက် သန်မာနေတာလဲ”
သူသည် မကောင်းဆိုးဝါးကို စိုက်ကြည့်ပြီး စိတ်ထဲ၌ ဗလာကျင်းနေသည်။
*ဘယ်လိုလုပ် ရဲ့လင်းချန်က တာဝန်ကို ပြီးအောင် လုပ်နိုင်ခဲ့တာလဲ*
“ဒုန်း ဒုန်း ဒုန်း”
မကောင်းဆိုးဝါးသည် ရှေ့သို့ ဆက်တိုးလာပြီး လူတိုင်းကို ဟိန်းဟောက်လေသည်။
“ငါတို့ ဘာလုပ်ကြမလဲ၊ ဒါကြီးက သန်မာလွန်းနေတယ်”
“ပူးပေါင်းမယ်၊ ငါတို့ အတူတူ တိုက်ခိုက်ကြမယ်”
“လူများရင် ခွန်အားသာတာပဲ၊ အားလုံး တိုက်ကြမယ်ဟေ့”
လူတိုင်း တံတွေးမျိုချမိသော်လည်း သိုင်းပညာရှင်များ ဖြစ်သောကြောင့် သွေးဆာနေကြဆဲပင်။ လူအများသည် စိတ်ကိုတင်း၍ မကောင်းဆိုးဝါးထံ ပြေးတက်သွားသည်။
“ဘုန်း ဘုန်း”
မကောင်းဆိုးဝါးသည် လမ်း၌ ရှိသော အရာတိုင်းကို နင်းချေသည့် တင့်ကားသဖွယ် ဖြစ်နေ၏။ စစ်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ်ကာ မြေကြီးပေါ် ပြုတ်ကျပြီးနောက် ပြန်ထရ ခက်နေကြသည်။
အပေါ်ယံ၌ သေစေနိုင်သော ဒဏ်ရာများ မရှိသော်လည်း ထိုမကောင်းဆိုးဝါး၏ ခွန်အားက ကြီးမားလွန်းသဖြင့် ဖိအား တစ်ခုတည်းကပင် လူသားတစ်ယောက်၏ ကိုယ်တွင်းအင်္ဂါကို ချေဖွရန် လုံလောက်နေလေသည်။ သိုင်းပညာရှင်များ ဖြစ်သောကြောင့် သူတို့၏ ကိုယ်ခန္ဓာက အနည်းငယ် ပိုသန်မာနေသဖြင့် ကံကောင်းသွားခဲ့သည်။ သာမန်လူဆိုလျင် အရိုက်ခံရသည်နှင့် ချက်ချင်း သေဆုံးသွားလောက်သည်။
မကောင်းဆိုးဝါး တစ်ကောင်က စစ်သည်တော်ဌာနတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေပြီး ၎င်း၏ အော်ဟစ်သံကို နေရာတိုင်းမှ ကြားနေရသည်။
ထိုမကောင်းဆိုးဝါးနျင့် ရင်ဆိုင်ရသောအခါ မြင့်မြတ်သော စစ်သည်တော်များသည် သိုးပေါက်များကဲ့သို့ ကယ်ရာ မဲ့နေသည်။ ၎င်းတို့ အသာလေး ဖိနှိပ်ခံနေရသည့် တစ်ဖက်စောင်းနင်း အခြေအနေ ဖြစ်နေလေသည်။
“ဂါး”
ထိုစဉ် မကောင်းဆိုးဝါးသည် ကြမ်းကြုတ်စွာ မာန်ဖီလာ၏။ ၎င်းက အရှေ့မှ စစ်သည်တော် တစ်ယောက်ကို ကောက်မ၍ ထိုစစ်သည်တော်၏ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲတော့မလို လုပ်လာသည်။
ထိုစစ်သည်တော်၏ မျက်နှာက နီရဲလာပြီး အော်ဟစ်လေသည်။
“တိရစ္ဆာန်ကောင် ရပ်လိုက်စမ်း”
ချင်ပိုင်ချွမ်းက မာမာထန်ထန် အော်ငေါက်လိုက်သည်။ သူသည် လေထဲသို့ လွှားခနဲ ခုန်ပျံ၍ မကောင်းဆိုးဝါး၏ တံတောင်ဆစ်ကို ကန်ကျောက်လိုက်သည်။ ထို့နောက် သူသည် မကောင်းဆိုးဝါး၏ လက်ထဲမှ စစ်သည်တော်ကို ဆွဲထုတ်၍ ချက်ချင်း ဆုတ်ခွာလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် လင်းထျန်းရှုံးနှင့် ကျန်နည်းပြချုပ် သုံးယောက်က မကောင်းဆိုးဝါးကို ဝိုင်းထားကြသည်။
အခြေအနေက တစ်ခဏအတွင်း လေးနက်လာသည်။
ကျန်ရှိနေသော စစ်သည်တော်များသည် ပင့်သက်ရှိုက်၍ တိုက်ပွဲအား မလျော့တမ်း ကြည့်နေကြသည်။ ထိုအခိုက်၌ သူတို့သည် အသက်ရှူရန်ပင် မေ့လျော့နေ၏။
သူတို့သည် ထိုသို့သော ခွန်အားအဆင့်ရှိသည့် တိုက်ပွဲအား ဝင်ပါရန် အားနည်းလွန်းကြောင်း သူတို့ကိုယ်သူတို့ သိနေကြသည်။
သို့သော် သူတို့၏ မျက်လုံးတွင်း၌ စိတ်လှုပ်ရှားသော အမူအရာ ပေါ်လွင်နေသည်။
နည်းပြချုပ်များ လှုပ်ရှားပေတော့မည်။
“မလွတ်စေနဲ့”
ချင်ပိုင်ချွမ်းက ခပ်အက်အက်အသံဖြင့် အေးစက်စွာ ပြောလာသည်။
ထိုသို့ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ မြူခိုးတစ်ခု ထွက်ပေါ်လာပြီး အတွင်းအား သိပ်သည်းမှုက လီချုံးထက် ပို၍ မြင့်မားလေသည်။
လင်းထျန်းရှုံးတို့ လေးယောက်သည်လည်း ထိုနည်းတူပင်။
လူငါးယောက်က နေရာငါးခုမှ အရှိန်ဖြင့် တက်လာသည်။ သူတို့၏ ပြင်းထန်သော အတွင်းအားက မူလက တည်ငြိမ်နေသော စစ်သည်တော်ဌာန၌ လေပြင်းတိုက်ခတ် လာစေသည်။
“သန် … သန်မာလွန်းတယ်”
“ဒါ နည်းပြချုပ်တစ်ယောက်ရဲ့ ခွန်အားလား၊ အံ့ဩဖို့ ကောင်းလိုက်တာ”
“သန်မာလိုက်တဲ့ အတွင်းအား၊ ဒါ နှစ်နှစ်ဆယ်ကျော် လေ့ကျင့်ထားတာပဲ”
“ချီးပဲ၊ ဒီလို အရှိန်အဝါမျိုးကို ငါ တောင့်မခံနိုင်ဘူး၊ သူတို့က နည်းပြချုပ် ဖြစ်ဖို့ ထိုက်တန်တာပဲ၊ ဒီမကောင်းဆိုးဝါးက စစ်သည်တော်ဌာနထဲမှာ ရှိနေတာ၊ ပြီးတော့ ဘယ်လောက်ပဲ သန်မာနေပါစေ၊ ငါတို့ အနိုင်ယူမှ ဖြစ်မယ်”
“ငါတို့ နည်းပြချုပ်တွေ တိုက်ခိုက်တာကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ၊ မိုက်လိုက်တာ”
…
“အဘိုး …”
လင်းအောင်၏ မျက်လုံးများ တောက်ပသွားပြီး ခံစားချက်က အခြားသူများထက် လေးနက်လာသည်။ သူ၏ အဘိုးသည် ယခင်က အပြင်းအထန် ထိခိုက်ထားခဲ့သော်လည်း ယခု လုံးဝ ပျောက်ကင်းနေပြီ ဖြစ်သည်။ သူ၏ အဘိုးက ဤမျှ သန်မာသည်ကို ပထမဆုံးကြိမ် သူ သတိထားမိသွားလေသည်။
“အတွင်းအား၊ အတွင်းအား”
လင်းအောင်သည် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တစ်ကိုယ်တည်း ရေရွတ်နေ၏။
*ဒါ သန်မာတဲ့လူတွေရဲ့ လောကလား*
ထိုစဉ် လူငါးယောက်က ပြိုင်တူ တိုက်ခိုက်ကြလေသည်။
သန်မာသော အတွင်းအား ထွက်ပေါ်လာသောအခါ လူတိုင်းသည် လေထုသည် အလွန် လေးလံလာသည်ဟု ခံစားမိသည်။ မကောင်းဆိုးဝါး ပတ်လည်မှ လေဟာနယ်သည်လည်း ပျက်ယွင်းကာ လေးလံလာသည့်ပုံပင်။
အတွင်းအား ထုတ်ဖော်ခြင်း။
ထိုငါးယောက်၏ အတွင်းအားကိုယ်စီက ကျည်ဆံများထက် ပိုသာလွန်ပြီး လေအမြောက်ဟုပင် ဆိုနိုင်ပေသည်။ ပူးပေါင်းပြီးနောက် သူတို့၏ ခွန်အားက ဆယ်ပေါင် အလေးချိန်ရှိသော ဗုံးတစ်လုံး ပေါက်ကွဲခြင်းနှင့် ညီမျှသွားကာ အလွန်အမင်း ကြောက်စရာ ကောင်းလာသည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံက စစ်သည်တော်တိုင်း၏ နှလုံးသားအား ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး အလယ်မှ မကောင်းဆိုးဝါးအား စိုက်ကြည့်နေကြသည်။
ဖုန်မှုန့်များက နေရာတိုင်းသို့ လွင့်စဉ်လာလေသည်။
ထိတ်လန့်စရာကောင်းသော ဖိအားကြောင့် မကောင်းဆိုးဝါး ရပ်နေသည့် နေရာ၌ မရေတွက်နိုင်သော အက်ရာများ ဖြစ်လာသည်။ ထို့အပြင် မြေကြီးသည် ပြိုကျကာ ချိုင့်နက်တစ်ခု ဖြစ်ပေါ်လာ၏။
နည်းပြချုပ် ငါးယောက်သည် ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး တစ်ယောက်ချင်းစီက ကျော်ကြားက ဝတ္ထုများထဲတွင်သာ တွေ့နိုင်သော အတွင်းအားသုံးသည့် သိုင်းပညာရှင်နှင့် ယှဉ်နိုင်ပေသည်။ သူတို့၏ ခွန်အားက အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။
ဤသို့သော ခွန်အားအား မည်သည့် သေမျိုးခန္ဓာကိုယ်မှ တောင့်ခံနိုင်မည် မဟုတ်ပါ။ ပွဲချင်းပြီး သေဆုံးနိုင်သည်မှာ အသေအချာပင်။
သို့သော် ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်၌ အားလုံး မျက်လုံးပြူးသွားပြီး အလွန်အမင်း ကြောက်ရွံ့သွားကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*