မင်း သောက်ကျိုးနည်း ဘယ်ပျောက်သွားတာလဲ
Vol. 37 Ch. 545
ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်၌ လူတိုင်း မမျှော်လင့်ထားသည့် ပုံရိပ်တစ်ခုက ပေါ်လာသည်။
ထိုသတ္တဝါက နေရာ၌ ရပ်နေဆဲပင်။ ၎င်းသည် လဲကျမသွားသလို မီးခိုးကဲ့သို့ ပျောက်ကွယ်သွားခြင်းလည်း မရှိပေ။
“ဒါ … ဒါ …”
စစ်သည်တော်များအပြင် နည်းပြချုပ် ငါးယောက်သည်လည်း မှင်တက်နေ၏။
သူတို့၏ တိုက်ခိုက်မှုသည် ငါးယောက်လုံး၏ အင်အား ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ယောက်ချင်းစီက စစ်သည်တော် တစ်ယောက်၏ သိုင်းပညာ အထွတ်အထိပ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။ သူတို့ ငါးယောက် ပူးပေါင်းချိန်တွင်သာမက သူတို့တစ်ယောက်ချင်းစီအား ယှဉ်နိုင်သူသည် လူအနည်းငယ်သာ ရှိသည်။
သို့သော် အမှန်တရားက သူတို့အရှေ့၌ ရှိနေပြီး ယင်းအား သူတို့ မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
သို့သော်ငြားလည်း သူတို့၏ တိုက်ခိုက်မှုများက အချည်းနှီး မဖြစ်ပါ။ ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်၌ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရှိနေသည်ကို မြင်လိုက်ရသည်။ သွေးများ စိမ့်ထွက်နေပြီး ကျန်နေရာများ၌ အရေပြားများ စုတ်နေသည်က ထိတ်လန့်စရာ ကောင်းလှသည်။
“အဲ့ဒါတွေက … ကြေးခွံတွေလား”
လင်းထျန်းရှုံးသည် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ပြီးနောက် တအံ့တဩ ရေရွတ်လိုက်သည်။
“ဒါ တိရစ္ဆာန်ပေါင်းစုံက မျိုးရိုးဗီဇတွေ ပေါင်းစပ်ထားတာပဲ၊ တကယ်ကို လူပုံစံနဲ့ မကောင်းဆိုးဝါးပါလား”
ချင်ပိုင်ချွမ်းက ဒေါသတကြီး ပြောလာသည်။
“တိုက်ခိုက်တာကို မရပ်လိုက်နဲ့၊ ဒီကောင် ငါတို့ လက်သီးချက်ကို ခံနိုင်မလား ကြည့်ကြတာပေါ့”
သို့သော် လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် မကောင်းဆိုးဝါး၏ အသွင်အပြင်က ရုတ်တရက် ခက်ထန်လာ၏။
၎င်းသည် ယခုမှ ဒဏ်ရာ ရထားသည်ကို သတိထားမိသွားဟန်ဖြင့် ကြမ်းကြုတ်စွာ မာန်ဖီလေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ၎င်း၏ မျက်လုံးများက နီရဲလာပြီး အရိုင်းဆန်မှုနှင့် မုန်းတီးခြင်းတို့ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြေးလာလေသည်။
“အားလုံး သတိထားကြ”
ချင်ပိုင်ချွမ်းက အော်ဟစ်လိုက်သော်လည်း မကောင်းဆိုးဝါး၏ အရှိန်က လူတိုင်း ထင်ထားသည်ထက် သာလွန် နေသည်။ အကြိမ် အနည်းငယ်မျှ ခုန်လွှားပြီးနောက် ၎င်းသည် အပြာရောင် ဝံပုလွေ၏ နည်းပြချုပ်ရှေ့သို့ ရောက်လာပြီး ထိုးနှက်လေသည်။
အပြာရောင် ဝံပုလွေ၏ နည်းပြချုပ်သည် အန္တရာယ်နှင့် ကြုံရသော်လည်း တည်ငြိမ်နေပြီး ကိုယ်ကို ကြုံကာ ပြန်၍ လက်သီးဖြင့် ထိုးလိုက်သည်။
“ဝုန်း”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ အပြာရောင် ဝံပုလွေ၏ နည်းပြချုပ်သည် အမြောက်ဆံကဲ့သို့ အနောက်သို့ လွင့်ထွက်သွားလေသည်။
မကောင်းဆိုးဝါး၏ မျက်လုံးက အပ်ကဲ့သို့ ပါးလျကျဉ်းမြောင်းသွားပြီး လျင်မြန်စွာ ဘေးသို့ လူးလိမ့်နေ၏။ သူသည် အမဲလိုက် သိမ်းငှက်၏ နည်းပြချုပ်ကို သေချာ စိုက်ကြည့်၍ ခုန်လွှားပြန်သည်။
“ဒီအရာက ကြောင်လား၊ ကျားသစ်လား”
အမဲလိုက် သိမ်းငှက်၏ နည်းပြချုပ် အော်ဟစ်လာသည်။ ကြောက်စရာကောင်းသော အခြေအနေနှင့် ကြုံရသောအခါ အပြာရောင် သိမ်းငှက်၏ နည်းပြချုပ်သည် ထိပ်တိုက် မတိုက်ခိုက်ရဲဘဲ လျင်မြန်စွာ ရှောင်တိမ်း လေသည်။
သို့သော် ကြီးမားသော မကောင်းဆိုးဝါးသည် သူ့ထက် ပို၍ လျင်မြန်လေသည်။ အသက် ငါးကြိမ် ရှူစာ အတွင်း သူသည် မကောင်းဆိုးဝါး၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ဘောလုံးကဲ့သို့ ပစ်ထုတ်ခံလိုက်ရသည်။
“သေပေတော့”
လင်းထျန်းရှုံးက အခွင့်ကောင်းကို အရယူ၍ မကောင်းဆိုးဝါးထံသို့ အတွင်းအား ပစ်လွှတ်လိုက်သည်။
“ဂါး”
မကောင်းဆိုးဝါးသည် ကြမ်းကြုတ်စွာ အော်ဟစ်၍ လက်သီးဖြင့် ထိုးနှက်လာသည်။
လက်သီးဖြင့် ထိုးလိုက်သည့်အချိန်မှာပင် ၎င်း၏ လက်မောင်းက လျင်မြန်စွာ ကြီးထွားလာပြီး အတွင်းထဲ၌ ချီစွမ်းအင် ပါဝင်နေသည်ဟု ထင်မှတ်ရကာ လက်သီးချက်က လျင်မြန်စွာ ကျရောက်လာ၏။
“အဲ့ဒါ အတွင်းအားလား”
လင်းထျန်းရှုံး၏ မျက်နှာ ပျက်ယွင်းသွားပြီး အခြား စစ်သည်တော်များလည်း အော်ဟစ်လာသည်။ သူတို့သည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ စိန်းစိန်းဝါးဝါး ကြည့်နေကြသည်။
မကောင်းဆိုးဝါး၌ အတွင်းအား ရှိနေပြီး အပြင်သို့ ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
“ဝုန်း”
ပေါက်ကွဲသံနှင့်အတူ မကောင်းဆိုးဝါး၏ အတွင်းအားက လင်းထျန်းရှုံး၏ အတွင်းအားနှင့် ထိမှန်ကာ ပေါက်ကွဲ သွားပြီး လင်းထျန်းရှုံးအား နံရံနှင့် ဝင်ဆောင့်သွားစေသည်။
“အဘိုး”
လင်းအောင် စိုးရိမ်သွားပြီး အသည်းအသန် ပြေးသွားသည်။
“အခုချက်ချင်း ထွက်ပြေးတော့၊ ဒီမှာ မနေနဲ့”
ချင်ပိုင်ချွမ်း၏ မျက်နှာအမူအရာက သုန်မှုန်နေပြီး စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုမကောင်းဆိုးဝါးအား ဘယ်လို ရင်ဆိုင်ရမလဲဟု သူ စဉ်းစားနေ၏။
“ငါတို့နှစ်ယောက် ဒါကို ထိန်းထားမယ်၊ သူ့ကို ထိပ်တိုက် မတိုက်နဲ့”
ချင်ပိုင်ချွမ်းက ကြမ်းကြုတ်သော ကျား၏ နည်းပြချုပ်ကို ပြောလိုက်သည်။
သို့သော် မကောင်းဆိုးဝါးသည် ကျွမ်းကျင်မှု၊ ပေါက်ကွဲအားနှင့် ခွန်အားတို့၌ သာလွန်နေသည်။ သူတို့သည် ၎င်းကို လုံးဝ မယှဉ်နိုင်ဘဲ ထိရောက်မှုမရှိ ဖြစ်နေသည်။ သူတို့သာ အဆက်မပြတ် အန္တရာယ် ကြုံနေရသည်။
“မြတ်စွာဘုရား၊ ဒါကြီးက ဘာကြီးလဲ”
“ဒါကို လူလို့ ပြောလို့ရပါ့မလား၊ အမာတဲရာစု မျိုးရိုးဗီဇပညာရဲ့ ဖန်တီးမှုက အဲ့လောက် အန္တရာယ်များတာလား”
“မကောင်းဆိုးဝါးတွေက အတွင်းအားရော ရှိနိုင်လို့လား၊ သောက်ကျိုးနည်းကွာ”
“နည်းပြချုပ် ငါးယောက်လုံးက မယှဉ်နိုင်ရင် ဒီကောင်ကို ရှင်းနိုင်မယ့် နည်းလမ်း မရှိတော့ဘူး”
“အမာတဲရာစု မျိုးရိုးဗီဇပညာက အရမ်း ကြောက်စရာ ကောင်းတာပဲ၊ ဒီလိုအကောင်မျိုးသာ အများကြီး ဖန်တီးထားရင် အိပ်မက်ဆိုးပဲ”
…
တစ်ဒင်္ဂမျှ မှင်တက်နေပြီးနောက် စစ်သည်တော်များအားလုံး ကြောက်လန့်ကာ စိတ်အခြေအနေ ပြိုလဲကုန်သည်။
ဖန်ပြောင်းချောင်ထဲမှ အရာက ဆိုးရွားပြီး အန္တရာယ်ရှိမှန်း သူတို့ သိသော်လည်း ထိုမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပါ။
ထိုသို့သော် အန္တရာယ်မျိုးသည် သာမန်လူ၏ အမြင်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စစ်သည်တော်များ ဖြစ်သောကြောင့် ထိုသို့ မတွေးမိချေ။
သို့သော် ယခုအခါ၌ သူတို့ မှားခဲ့ကြောင်း သိလိုက်လေပြီ။ သူတို့ အလွန် မှားခဲ့သည်။
အထူးသဖြင့် နည်းပြချုပ် ငါးယောက်လုံး ပူးပေါင်းသော်လည်း ရှုံးနိမ့်နေသည်ကို မြင်လိုက်ရချိန်တွင်ပင်။ ဤသို့သော ထိတ်လန့်မှုက သူတို့၏ ဦးနှောက်အား ဗလာဖြစ်သွားစေသည်။
သူတို့သည် နည်းပြချုပ်များ ဖြစ်ပြီး စစ်သည်တော်တိုင်းက နတ်ဘုရားများအဖြစ် သတ်မှတ်ထားခြင်း ခံရသူများ ဖြစ်ကာ စစ်သည်တော်ဌာန၏ ထောက်တိုင်များ ဖြစ်သည်။ သို့သော် ငါးယောက်လုံး ပူးပေါင်းသော်လည်း မကောင်းဆိုးဝါးအား မယှဉ်နိုင် ဖြစ်နေသည်။ ထို့အပြင် တစ်ဖက်သတ် ဖိနှိပ်ခံနေရလေသည်။
တကယ်တမ်းတွင် နည်းပြချုပ် ငါးယောက်လုံးက အားမနည်းပါ။ မကောင်းဆိုးဝါးက အံ့ဩစရာကောင်းသော မူမမှန်ဘဲ ကြောက်စရာကောင်းနေ၍သာ ဖြစ်သည်။
ဤသို့သော မကောင်းဆိုးဝါးတစ်ကောင်အား သူတို့ ထိန်းမထားနိုင်ပါ။
“ချီးပဲ၊ ရဲ့လင်းချန် တာဝန်ကို ဘယ်လို ပြီးအောင် လုပ်နိုင်တာလဲ၊ ဒီလို ကြောက်စရာကောင်းတဲ့ အရာကို သူ ဘယ်လို ပြန်သယ်လာနိုင်တာလဲ”
စစ်သည်တော်တစ်ယောက်က မနေနိုင်ဘဲ အော်ဟစ်လေသည်။ သူ့အသံ၌ မယုံကြည်ခြင်းနှင့် စိတ်ရှုပ်ခြင်းတို့ ပြည့်နှက်နေ၏။
“ဟုတ်တယ်၊ ရဲ့လင်းချန် ဘယ်လိုလုပ်ခဲ့တာလဲ”
“ဘယ်သူ သိမှာလဲ၊ တစ်ခုခု မှားနေတာကို သတိထားမိလို့ အဲ့ကောင်က ထွက်ပြေးသွားတာပဲ ဖြစ်မယ်”
“ယီးပဲ၊ အဲ့မျိုးမစစ်ကောင် … သူ တိတ်တိတ်လေး ခိုးထွက်သွားတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”
“ချီးပဲဟေ့ မကောင်းဆိုးဝါးက မီလာပြီဟ”
စစ်သည်တော်များ သွေးပျက်ကာ စစ်သည်တော်ဌာနထဲ၌ ကတိုက်ကရိုက် ထွက်ပြေးနေကြသည်။ ချင်ပိုင်ချွမ်းသည် မကောင်းဆိုးဝါးအား လုံးဝ ထိန်းမထားနိုင်ချေ။
လင်းထျန်းရှုံးသည် မြေကြီးပေါ် လဲကျသွားပြီး အဆက်မပြတ် ချောင်းဆိုးလာသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး လင်းအောင်အား စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“မိတ်ဆွေလေးရဲ့ကို သွားရှာလာခဲ့”
“ဒါပေမဲ့ အဘိုး …”
“သွား”
လင်းထျန်းရှုံး၏ အသံက အက်ကွဲလာသည်။
“သူတစ်ယောက်တည်းကပဲ ဒီမကောင်းဆိုးဝါးကို တားနိုင်မှာ”
ရုတ်ချည်းဆိုသလိုပင် မကောင်းဆိုးဝါးက လင်းထျန်းရှုံးသည် ခုန်ပျံလာသည်။
“ယုတ်ညံ့တဲ့ တိရစ္ဆာန်ကောင်၊ မင်းကများ”
ချင်ပိုင်ချွမ်းသည် ကြမ်းကြုတ်သော ကျား၏ နည်းပြချုပ်နှင့် ပြိုင်တူနီးပါး အော်ဟစ်ကာ အသည်းအသန် ပြေးလာပြီး လင်းထျန်းရှုံးအား ကာပေးလေသည်။
နှစ်ယောက်လုံး ပြိုင်တူ ထိုးနှက်လိုက်သည်။
မကောင်းဆိုးဝါးသည် လုံးဝ အားမနည်းဘဲ ၎င်း၏ မျက်လုံးများက သွေးဆာကာ ရဲရဲနီနေ၏။ ၎င်းသည် လက်ကိုမြှောက်၍ ချက်ချင်း ပြန်ထိုးနှက်သည်။
လက်သီးချင်း ထိုးမိသွားပြီးနောက် ချင်ပိုင်ချွမ်းနှင့် ကြမ်းကြုတ်သော ကျား၏ နည်းပြချုပ်တို့သည် နှစ်ယောက်၊ တစ်ယောက် တိုက်ခိုက်သော်လည်း နှစ်ယောက်လုံး တုန်ယင်သွားပြီး အနောက်သို့ ပြိုင်တူ လွင့်သွားကာ လင်းထျန်းရှုံး၏ ဘေးနားသို့ ပြန်ပြုတ်ကျလာ၏။
မကောင်းဆိုးဝါးသည် တစ်ခဏမျှသာ ရပ်သွားပြီး ဆက်လက်၍ ကြမ်းကြုတ်စွာ ပြေးတက်လာသည်။
၎င်း၏ ခန္ဓာကိုယ်က ကြီးမားပြီး ၎င်းရှေ့မှ လူတိုင်းကို နင်းချေရန် ဆုံးဖြတ်ထားလေသည်။
“သွားပြီ၊ နည်းပြချုပ်ချင်းတော့ အန္တရာယ် ရှိနေပြီ”
“ချီးပဲ၊ အားလုံးပဲ သူတို့ကို မြန်မြန် ကယ်ရအောင်”
“အား … ငါတို့ ဒီမကောင်းဆိုးဝါးကို ရင်ဆိုင်နိုင်မယ့် နည်းရော ရှိသေးရဲ့လားကွာ”
လင်းအောင်၏ မျက်နှာက ဖြူရော်နေပြီး ခေါင်းမွေးထောင်ကုန်သည်။ သူသည် အံကိုကြိတ်ထားပြီး သည်းမခံနိုင် တော့သဖြင့် အော်ဟစ်လိုက်သည်။
“ညီလေးရဲ့ … ငါ မင်းကို နောက်ဘဝမှပဲ ပြန်တွေ့တော့မယ်၊ ပြီးတော့ … မင်း သောက်ကျိုးနည်း ဘယ်ပျောက် သွားတာလဲ”
“ဟမ် … ကျွန်တော့်ကို ခေါ်လိုက်တာလား”