သူက အဲ့လောက် တော်လို့လား
Vol. 37 Ch. 546
လင်းအောင် အံ့ဩသွားပြီး စစ်သည်တော်များအားလုံးသည်လည်း ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။
“မင်းပါလား”
“မင်း ထွက်မပြေးဘူးလား”
“မင်းကိုယ်မင်း လူလုံးထွက်ပြရဲတဲ့အထိ သတ္တိကောင်းသေးတယ်ပေါ့လေ”
လင်းအောင်သည် ခေါင်းကိုမော့၍ ရဲ့လင်းချန်အနောက်မှ ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။ ထိုဆိုင်းဘုတ်သည် ရေကူးကန် သင်္ကေတ ဆိုင်းဘုတ်ဖြစ်ပြီး စစ်သည်တော်များ ရေအောက် စွမ်းရည်များ လေ့ကျင့်ရန် အသုံးပြုသော ရေကူးကန် ဖြစ်လေသည်။
“မင်း ခုနက ရေကူးနေတာလား”
လင်းအောင်၏ အသံက အနည်းငယ် မောဟိုက်နေလေသည်။
“ပြဿနာ ရှိလို့လား”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
*ပြဿနာ ရှိလို့လားတဲ့လား၊ ဟားဟား … အဲ့မေးခွန်းက တော်တော် ကောင်းတာပဲ*
“ဒုန်း ဒုန်း ဒုန်း”
ထိုသို့သောအချိန်၌ မကောင်းဆိုးဝါးသည် သူတို့ထံသို့ လျင်မြန်စွာ ပြေးလာနေဆဲပင်။ အချို့သော စစ်သည်တော် များသည် တားဆီးရန် ကြိုးစားသော်လည်း ရက်စက်စွာ လွင့်ထွက်သွားလေသည်။
“ညီလေးရဲ့၊ သတိထား၊ ဒီမကောင်းဆိုးဝါးက အရမ်း သန်မာတယ်၊ အရမ်း သန်မာတာ”
လင်းအောင်က သတိပေးသည်။
“မိတ်ဆွေလေး၊ ငါတို့ အဖြေရှာနေတုန်း အဲ့ဒါကို အဝေးကို မြှားခေါ်သွားပေးပါ”
လင်းထျန်းရှုံးက ပြာအက်နေသော အသံဖြင့် ပြောလိုက်သည်။
မကောင်းဆိုးဝါး၏ အသိသာဆုံး အားနည်းချက်မှာ အသိဉာဏ်မရှိခြင်း ဖြစ်သည်။ သို့သော် လင်းထျန်းရှုံးသည် ရဲ့လင်းချန်က ထိုမကောင်းဆိုးဝါးကို အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ နည်းပြချုပ် ငါးယောက်တောင်မှ မယှဉ်နိုင်သလို ရဲ့လင်းချန်သည်လည်း မည်မျှ သန်မာပါစေ လူသားတစ်ယောက်သာ ဖြစ်ပေသည်။
လူတိုင်း ဒဏ်ရာရကာ သတိလက်လွတ် ဖြစ်နေပြီး ရဲ့လင်းချန်တစ်ဦးတည်းသာလျင် တိုက်ခိုက်နိုင်သည့် ခွန်အား ရှိပေသည်။ ရဲ့လင်းချန်က မကောင်းဆိုးဝါးကို မြှားခေါ်သွားသရွေ့ သူတို့ ပို၍ ပြင်ဆင်နိုင်လောက်သည်။
သူတို့ သိုင်းပညာကို သုံး၍ အနိုင်မယူနိုင်လျင်တောင်မှ သူတို့၌ အဆင့်မြင့် နည်းပညာ ရှိနေဆဲပင်။
“ရပါတယ်၊ ကျွန်တော် ဒီမကောင်းဆိုးဝါးရဲ့ ခွန်အားကို အရင် စမ်းကြည့်လိုက်ဦးမယ်”
ရဲ့လင်းချန်က ရှေ့သို့ ဆက်လျှောက်သွားသည်။ လင်းအောင်သည် ချက်ချင်း အံ့ဩသွားပြီး ရဲ့လင်းချန်အား အသည်းအသန် ပြန်ဆွဲလေသည်။
“ညီလေးရဲ့၊ ဒါ ဟာသ လုပ်နေရမယ့်အချိန် မဟုတ်ဘူး၊ ဒီမကောင်းဆိုးဝါးက တော်တော်ကို မူမမှန်တာ၊ မဆင်မခြင် မလုပ်နဲ့”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော်က စမ်းကြည့်ရုံလေးပါပဲ”
“ချီးကို စမ်းကြည့်ပါလား”
လင်းအောင်က အလျင်စလို ပြောသည်။
“နည်းပြချုပ် လေးယောက်နဲ့ ငါ့အဘိုးကိုပဲ ကြည့်၊ သူတို့အားလုံး စမ်းပြီး တိုက်ခိုက်ချင်ခဲ့ကြတာလေ၊ အခု သူတို့ ဘာဖြစ်သွားလိုက် ကြည့်လိုက်ဦး”
လင်းအောင် စိုးရိမ်နေမှန်း ရဲ့လင်းချန် သိပါသည်။ သို့သော် သူသည် အရေးမစိုက်ဘဲ ရှေ့သို့ အေးအေးလူလူ ဆက်လျှောက်သွားလိုက်သည်။
ဘေးနှစ်ဖက်လုံးတွင် စစ်သည်တော်များစွာသည် မြေကြီးပေါ် လဲနေပြီး ကိုယ်စီ ဒဏ်ရာ အသေးစား သို့မဟုတ် အပြင်းစား ဒဏ်ရာများ ရရှိထားကြသည်။ လက်ရှိအချိန်၌ သူတို့အားလုံးက ရဲ့လင်းချန်အား ရူးနေသလားဟူသော အကြည့်ဖြင့် ကြည့်နေသည်။
“ညီလေးရဲ့”
လင်းအောင်က စိုးရိမ်တကြီး အော်ခေါ်သည်။
“ရဲ့လင်းချန်”
ကျန့်ယွီသည် မြေကြီးပေါ် လဲနေပြီး ရင်ဘတ်အား ဖိထားသည်။ သူ့မျက်နှာသည် စက္ကူတမျှ ဖြူရော်နေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူက ခက်ခက်ခဲခဲနှင့် စကားပြောလာသည်။
“မင်းမှာ တကယ်ပဲ အစွမ်းရှိတယ်ဆိုရင် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်၊ ဟန်လုပ်မနေနဲ့၊ မင်း ဟန်ဆောင်နေတာဆိုရင် မင်း သေလိမ့်မယ်”
ရဲ့လင်းချန်က ရယ်လိုက်သည်။
“ဟန်ဆောင်တယ် ဟုတ်လား၊ ငါ ဘယ်တုန်းက ဟန်ဆောင်လို့လဲ၊ သန်မာတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်း တကယ် မသိဘူးနဲ့တူတယ်၊ မင်းတို့ တစ်ယောက်ချင်းစီတိုင်း ထပ်နားလည်သွားအောင် ငါ ကူညီပေးရတာပေါ့”
ကျန့်ယွီနှင့် ရဲ့လင်းချန်ကို ရွံရှာသော စစ်သည်တော်များအားလုံး မှင်တက်မိသွားလေသည်။ ဤသို့သော အချိန်မျိုး၌ ဤကောင်လေး၌ ထိုသို့သော အတ္တဆန်သည့် စကားမျိုး ထွက်လာလိမ့်ဦးမည်ဟု ထင်မထားမိပေ။ သူက တကယ်ကို ဟန်များတဲ့လူပဲ။
“မိတ်ဆွေလေးရဲ့ သတိထားပါ”
လင်းထျန်းရှုံး မနေနိုင်ဘဲ ပြောလိုက်သည်။ ရဲ့လင်းချန်က ပြုံးသည်။
“အဘိုးလင်း၊ အဲ့စကားကို ဟိုမကောင်းဆိုးဝါးကို ပြောသင့်တာ”
လူတိုင်း အချင်းချင်း ပြန်ကြည့်မိကြသည်။
*သူ့ယုံကြည်ချက်က မိုးလောက်ထိ ဖြစ်နေပြီပဲ*
“ဒီကောင်က အားလုံးကို လိုက်ပြောနေတာပဲ၊ သူက သနားကြင်နာစိတ် မရှိဘဲ မွေးလာတာပဲ”
“ဒီလိုအချိန်မှာ သူ့ကိုယ်သူ ဟန်ထုတ်ရဲတယ်ဆိုတော့ သူ သေချာပေါက် အရည်အချင်း ရှိလို့ပေါ့၊ ဟုတ်တယ်မလား”
“ကောင်းတယ်၊ သူ့တာဝန်တွေကို သူ ဘယ်လို ပြီးအောင် လုပ်ခဲ့လဲဆိုတာကို ငါတို့ ကြည့်ရတော့မယ်”
“သူ့ခွန်အား မပြောနဲ့၊ သူ့အကျင့်စရိုက်နဲ့တင် ငါ သူ့ကို ဦးညွှတ်ချင်စိတ် ပေါက်နေပြီ၊ သူက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ထင်နေတာပဲ”
“သူ ငါတို့ကို အထင်သေးတာ မဆန်းတော့ဘူး၊ ဒီကောင်က အဲ့ဒီ မကောင်းဆိုးဝါးကိုတောင် အထင်သေးရဲတာပဲ၊ သူက ဘာကိုမှ မကြောက်ဘူးပဲ”
“သူ့အရည်အချင်းက သူလျှာစောင်းထက်တာနဲ့ ထပ်တူဖြစ်နေပါစေလို့ ငါ မျှော်လင့်တယ်”
…
“ဂါး”
မကောင်းဆိုးဝါးသည် ရှေ့သို့ ပြေးလာနေပြီး ရဲ့လင်းချန်အား သူ့လမ်း၌ ပိတ်ရပ်ထားသည်ကို မြင်သောအခါ ဒေါသတကြီး မာန်ဖီလေသည်။
သူ့၌ အသိဉာဏ် မရှိသော်လည်း ရဲ့လင်းချန်ထံမှ ပြင်းပြသော ဟန်များသည့် အရှိန်အဝါကို ခံစားမိနေသည်။ ထိုသို့သော ရန်စခြင်းမျိုးက သူ့အား ပို၍ ဒေါသထွက်လာစေသည်။
“ဒုနန်း ဒုန်း ဒုန်း”
ခြေသုံးလှမ်း လှမ်းပြီးနောက် မကောင်းဆိုးဝါးသည် သူ၏ အားကောင်းသော အရှိန်အဝါကို ထုတ်ဖော်၍ ရဲ့လင်းချန်ထံ ဦးတည် ဝင်ရောက်လာသည်။
၎င်း၏ အရွယ်အစားက ကြိးမားပြီး အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏ ခွန်အားက အမြင့်ဆုံးသို့ ရောက်သွားလေသည်။ ထို့အပြင် ရဲ့လင်းချန်၏ အရပ်က မပုသော်လည်း မကောင်းဆိုးဝါးနှင့် ယှဉ်လိုက်လျင် အတော်လေး သေးငယ်သလို ဖြစ်နေ၏။
လင်းအောင် မနေနိုင်ဘဲ လှမ်းအော်မိသည်။
“ညီလေးရဲ့၊ ဒုက္ခရှာနေတာကို ရပ်လိုက်တော့”
“ဝှီး”
မကောင်းဆိုးဝါး၏ သဲအိတ်အရွယ်အစားမျှရှိသော လက်သီးက ရဲ့လင်းချန်၏ မျက်နှာနားသို့ နီးသထက် နီးလာသည်။
ရဲ့လင်းချန်က မတ်မတ်ရပ်မြဲ ရပ်နေသည်။ လေပြင်းက သူ့ပါးနားသို့ ကပ်၍ တိုက်ခတ်သွားသဖြင့် သူ၏ ဆံပင်များ လေထဲ လွင့်နေလေသည်။
*ချီးပဲ၊ ချီးပဲ၊ အဲ့ကောင် ကြောက်လွန်းလို့ ကြက်သေ သေနေပြီ*
လူတိုင်း၏ အကြည့်အောက်၌ လက်သီးက နီးသထက် နီးလာပြီး ရဲ့လင်းချန် ထွက်ပြေးရန် မဖြစ်နိုင်တော့ဟု အားလုံး ထင်နေကြသည်။
ထိုလက်သီးသည် ရဲ့လင်းချန်၏ မျက်နှာထက်ပင် ပိုကြီးပြီး ထိုလက်သီးနှင့်ပါ ထိုးမိပါက မတွေးရဲစရာပင်။
သို့သော် အရေးအကြီးဆုံးသော အခြေအနေ၌ ရဲ့လင်းချန်၏ ဦးခေါင်းက တစ်ဖက်သို့ စောင်းငဲ့သွားသည်။ သူသည် လက်သီးချက်အား အသာလေး ရှောင်နိုင်ပြီး လျင်မြန်မှုက အားလုံးကို ဦးနှောက်ခြောက်သွားစေသည်။
ထို့နောက် ရဲ့လင်းချန်က ပင့်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သူ၏ လက်သီးသည် အမြောက်ဆံကဲ့သို့ အောက်မှ ပင့်၍ မြှောက်တက်လာကာ မကောင်းဆိုးဝါး၏ မေးရိုးအား ပြင်းထန်စွာ ထိုးနှက်မိသွားသည်။
“ဝုန်း”
မကောင်းဆိုးဝါး၏ ကြီးမားသော ခန္ဓာကိုယ်က လေပေါ် မြောက်တက်သွားပြီး တစ်ဖက်သို့ လွင့်ထွက် သွားလေသည်။
၎င်း၏ ကြောက်စရာကောင်းသော မျက်နှာက လေထဲ မြောက်တက်လာချိန်၌ ပို၍ ကြောက်စရာ ကောင်းလာသည်။ သွေးများက စမ်းချောင်းသဖွယ် စီးကျလာပြီး ၎င်း၏ ရှည်လျားသော အစွယ်နှစ်ချောင်းက ပါးစပ်မှ ကျွတ်ထွက်ကာ မျက်လုံးအိမ်များပင် ကျွတ်ကျလာသည်။
ဘေးလူများအားလုံး တိတ်ဆိတ်သွားလေသည်။
ပြောင်းလဲမှုက မြန်ဆန်လှပြီး ဘယ်သူမှ စိတ်ကို ပြင်ဆင်ချိန် မရလိုက်ချေ။ သူတို့၏ ဦးနှောက်သည် လုံးဝ တုံ့ပြန်နိုင်စွမ်း မဲ့နေ၏။
“မ…မိုက်လိုက်တာ”
“ကောင်းလိုက်တဲ့ လက်သီး”
“လခွမ်း၊ အဲ့လက်သီးက ဘယ်လောက် ပြင်းလိုက်မလဲ၊ ကြမ်းလွန်းတယ်”
“အစပိုင်း ရှောင်လိုက်တဲ့ပုံကလဲ မိုက်တယ်၊ သူ မရှောင်နိုင်လောက်ဘူးလို့ ငါ ထင်နေတာ”
“ချီးပဲကွာ … ရဲ့လင်းချန်က အဲ့လောက် တော်တာလား”
“အမေရေ၊ အရင်တုန်းက သူ့ခွန်အားကို ငါ မေးခွန်းထုတ်မိခဲ့ရတယ်လို့၊ ငါ့အတွက် တော်တော် ရယ်ချင်စရာ ကောင်းနေပြီ”
…
စစ်သည်တော်များအားလုံးသည် ဆက်တိုက် အော်ဟစ်၍ ဩဘာပေးကာ လက်ခုပ်တီးကြသည်။ ချင်ပိုင်ချွမ်းနှင့် အခြား နည်းပြများတောင်မှ ဟစ်ကြွေးနေလေသည်။
မကောင်းဆိုးဝါးသည် မြေကြီးပေါ်၌ တစ်ခဏမျှ လူးလိမ့်နေပြီးနောက် ခက်ခက်ခဲခဲ ထရပ်လာသည်။ ၎င်း၏ ပုံပျက်နေသော ပါးစပ်က မာန်မဖီနိုင်တော့ဘဲ ရဲ့လင်းချန်အား ပြင်းပြသော မုန်းတီးရန်လိုစိတ်နှင့် စိုက်ကြည့်နေ၏။
လက်ရှိတွင် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်က ယခင်ကထက် ၃၀ ရာခိုင်နှုန်းကျော် ကြီးထွားလာပြီးနောက် လျင်မြန်စွာ ပြန်ကျုံ့သွားသည်။ တောင်တစ်လုံးကဲ့သို့ ပြင်းထန်သော စွမ်းအင်က ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရဲ့လင်းချန်အား ပြင်းထန်စွာ ဖိနှိပ်လာသည်။
ပတ်ဝန်းကျင် တစ်ခုလုံး လေးလံလာပြီး မသိလျင် လေထုက တိုက်ခတ်ခြင်း မရှိတော့သလိုပင်။ လူတိုင်း မသိမသာ မျက်နှာ အမူအရာ ပြောင်းလဲသွားကြသည်။
“သတိထား၊ ဒီမကောင်းဆိုးဝါးက အတွင်းအားကို ဘယ်လို သုံးရမလဲဆိုတာကိုလဲ သိတယ်”
“သူ့ခွန်အားကို မတိုးစေနဲ့၊ သူ့ကို တား”
ချင်ပိုင်ချွမ်းနှင့် ကြမ်းကြုတ်သော ကျား၏ နည်းပြချုပ်တို့က သတိပေးလာသည်။
သို့သော် ရဲ့လင်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ လေထဲ လွှားခနဲ ခုန်လိုက်သည်။ သူသည်လည်း အတွင်းအားကို ထုတ်ဖော်လာသဖြင့် လူတိုင်း အံ့ဩသွားလေသည်။
သူ့အပြုအမူက လူတိုင်းကို ဒေါသထွက်သွားစေပြီး ရင်တုန်လာစေသည်။
*ယီးပဲ၊ မင်း ဘာလုပ်နေတာလဲ၊ မင်း အတွင်းအားချင်း ယှဉ်မလို့လား*
*သွေးကြီးမနေနဲ့၊ အဲ့ဒါ မကောင်းဆိုးဝါးလေ၊ သူ့အတွင်းအားက လူတစ်ယောက်ထက် အဆပေါင်းများစွာ ပိုသာတယ်*
*ငါတို့တော့ သွားပြီ၊ ငါတို့တော့ သွားပြီ၊ ငါတို့ ဖြည်းဖြည်းချင်း နိုင်တော့မယ်လို့ ထင်နေတာ၊ ဒီလူက ခပ်ကြမ်းကြမ်း တိုက်ဖို့ ရွေးလိမ့်မယ်လို့ ထင်မထားမိဘူး*
*သူ ရူးနေတာလား၊ အဲ့မကောင်းဆိုးဝါး ကျွမ်းကျင်ပြီး သူ မကျွမ်းကျင်တဲ့ ပညာကိုသုံးပြီး တိုက်မလို့လား*
လူတိုင်း ရင်ထဲ၌ ကျိတ်၍ ပြောဆိုနေပြီး ခေါင်းခါယမ်းသွားသည်။
အတွင်းအား ကျင့်ကြံခြင်းသည် လူတစ်ယောက်၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် ဆက်စပ်နေ၏။ ကိုယ်ခန္ဓာက သန်မာလေလေ ကျင့်ကြံနိုင်သော အတွင်းအား ပမာက ပိုကောင်းလေပင်။ သို့သော် ဘယ်လိုလုပ် လူသား တစ်ယောက်၏ ကိုယ်ခန္ဓာက မကောင်းဆိုးဝါးကို ယှဉ်နိုင်မည်နည်း။
လင်းထျန်းရှုံးက ဥပမာပင်။ မကောင်းဆိုးဝါးက သူ့အား ရိုက်ထုတ်၍ လွှင့်ပစ်ခဲ့သည်။ ရဲ့လင်းချန်သည် မကောင်းဆိုးဝါးကို ယှဉ်ချနိုင်စွမ်း ရှိသော်လည်း သူက အတွင်းအားကို သုံး၍ တိုက်ခိုက်ရန် ရွေးချယ်သဖြင့် လူတိုင်း ထိတ်လန့်နေကြလေသည်။