← Chapters

ပိုက်ဆံရှာရန် စိတ်အားထက်သန်လာခြင်း

Vol. 37 Ch. 550

ပိုက်ဆံရှာရန် စိတ်အားထက်သန်လာခြင်း

Vol. 37 Ch. 550

အားလုံးကို အဆုံးသတ် လုပ်ဆောင်ပြီးနောက် ရဲ့လင်းချန်သည် စစ်သည်တော်ဌာနမှ ချက်ချင်း ထွက်လာခဲ့သည်။

ယခုအခါတွင် သူ့အား ပြောဆိုဆက်ဆံပုံက သူ ရောက်လာခါစနှင့် မတူတော့ချေ။ လူတိုင်းက သူ့အား မတူတော့သည့် အမြင်ဖြင့် ကြည့်လာကြပြီး သူတို့၏ စိတ်ထဲ၌ အံ့ဩစိတ်တို့ ဖြစ်ပေါ်လာကာ ရဲ့လင်းချန်အား လှိုက်လှိုက်လှဲလှဲ လိုက်ပို့ကြသည်။

ရဲ့လင်းချန်သည် သူတို့၏ အသက်ကို ကယ်ခဲ့ရုံသာမက နောင်တွင်လည်း သူတို့ကို လေ့ကျင့်ပေးမည် ဖြစ်ကာ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက်လည်း သူတို့ကို ပိုက်ဆံပေးသေးသည်။ သူတို့ထဲက ဘယ်သူက ထိုသို့သော လူမျိုးကို မအံ့ဩဘဲ နေမည်နည်း။

သူ အိမ်ပြန်ရောက်ချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ သို့သော် အိုးရန်ချင်း၊ ရှောင်ဖေးဖေးနှင့် ရှုနန်တို့ အားလုံးပါ ရောက်နေသဖြင့် သူ အံ့အားသင့်သွားရသည်။

လူများစွာက ရဲ့လင်းချန်၏အိမ်သို့ ရောက်နေပြီး ကျန်းယွင်ရှီက ဧည့်ခံထားသည်။ သို့သော် အခြေအနေက အနည်းငယ် တင်းမာနေသည်။

ရဲ့လင်းချန် ပြန်လာသည်ကို မြင်ပြီးနောက် ရှောင်ဖေးဖေးက သူ့အား ခါးသီးသော အကြည့်ဖြင့် ကြည့်လာသည်။

*ကျန်းယွင်ရှီက သူ့မိန်းကလေး ဟုတ်တယ်မလား၊ ဒါဆို တခြား မိန်းမတွေက ဘာတွေလဲ၊ ဒီလူက မိန်းမ ပွေရှုပ်တဲ့ နေရာမှာ အရမ်း တော်နေတာပဲ*

ရှုနန်က ခပ်သွက်သွက် လျှောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဆရာ၊ ရှင် ကျွန်းတစ်ကျွန်း ဝယ်လိုက်ပြီလို့ ကျွန်မ ကြားခဲ့တယ်၊ အဲ့ဒါ တကယ်ပဲလား”

ရဲ့လင်းချန်က ပြုံးပြီး‌ ခေါင်းညိတ်ပြသည်။

“အားးးးးးး … ကျွန်မတို့ကို ပြပါဦး၊ မြေပုံ ဘယ်မှာလဲ၊ အဲ့ဒါက ဘယ်ကျွန်းလဲ”

ရှုနန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ လှမ်းကြည့်နေသည့် အမျိုးသမီးအားလုံး၏ မျက်လုံးတွင်လည်း စိတ်လှုပ်ရှားဟန်များ ဖုံးလွှမ်းနေသည်။

တုန်းမြောင်မြောင် တစ်ဦးတည်းသာ နားဝေတိမ်တောင် ဖြစ်နေသည်။ ၎င်းက သူမစိတ်ထဲ၌ ဗလာဖြစ်သွားစေပြီး သူမ စကားတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ ပြောနေမိသည်။

“ကျွန်းတစ်ကျွန်း ဝယ်လိုက်တာလား”

မကြာသေးခင်က သူမ၏ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန်အတွက် ရဲ့လင်းချန်က သူမအား ကူညီ၍ နေရာ ရွေးပေးခဲ့ပြီး ပြန်လည် ဦးမော့ရန်အတွက် ပြင်ဆင်ထားရန် ပြောခဲ့သည်ကို သူမ ပြန်အမှတ်ရသွားသည်။ ထို့နောက် သူက ကျွန်းကို ဝယ်ခဲ့လေသည်။ ဧကန္တ …

သူမသည် ရဲ့လင်းချန်အား လှမ်းကြည့်လိုက်ပြီး သူမအသက်ရှူသံက ထိန်းချုပ်မရစွာ မြန်ဆန်လာသည်။

“သက်သေ တစ်ခုခု ရှိလား”

အိုးရန်ချင်း၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

ရဲ့လင်းချန် အလိမ်မိမည်ကို သူမ တကယ် ကြောက်ရွံ့နေ၏။

ရဲ့လင်းချန်က နှာခေါင်းပွတ်၍ စစ်သည်တော်ဌာနက ထုတ်ပေးလိုက်သည့် တရားဝင် အထောက်အထား စာရွက်ကို ထုတ်ပြလိုက်သည်။ ၎င်း၌ မြေပုံပါ တွဲ၍ ပါရှိလေသည်။

“ရှောင်ဝမ်၊ ဒီအထောက်အထား စာရွက်က အမှန် ဟုတ်၊ မဟုတ် စစ်ဆေးလိုက်”

အိုးရန်ချင်းက ချက်ချင်း ယူ၍ စိုးရိမ်တကြီး ဖွင့်ကြည့်ပြီးနောက် သူမအနောက်မှ အတွင်းရေးမှူးကို ပြောလိုက်သည်။

သူမ တစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ပါ။ သူမသည် အတွင်းရေးမှူး တစ်ယောက်တည်းကိုသာ ခေါ်လာခဲ့ခြင်း မဟုတ်ဘဲ လက်ထောက်များစွာကိုပါ ခေါ်လာခဲ့သည်။ သူတို့ တစ်ယောက်ချင်းစီက ရုံးသုံး လက်ပ်တော့များကို သယ်လာပြီး ဤကိစ္စအား အလွန် အာရုံစူးစိုက်နေကြသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့ အလုပ်များလာပြီး တရားဝင် အထောက်အထား စာရွက်၏ စစ်မှန်မှုကို အသည်းအသန် ကြိုးစား ရှာဖွေကြသည်။

ရှုနန်နှင့် အခြား မိန်းကလေးများမှာမူ ကျွန်းကို တိတိကျကျ မှတ်သားထားသည့် မြေပုံကို အာရုံစိုက်နေ၏။

“ဝိုး … ငါ အဲ့ဒါကို မြေပုံမှာ တကယ် ကြည့်လို့ရတာပဲ”

ရှုနန်က အော်ဟစ်လေသည်။ အခြားမိန်းကလေးများက မအော်ဟစ်သော်လည်း သူမတို့၏ တုံ့ပြန်မှုက အတူတူပင်။

မြေပုံ၌ အမှတ်အသား ပြုလုပ်ထားသော ကျွန်းတစ်ကျွန်းသည် မသေးငယ်ကြောင်း သက်သေခံနေ၏။ မြေပုံ၌ သေးငယ်သည်ဟု ထင်ရသော်လည်း အကျယ်အဝန်းက ကြီးမားပေသည်။

“ဒါရိုက်တာ အိုးရန်၊ ဒါ အစစ်ပါ”

အတွင်းရေးမှူးနှင့် လက်ထောက်များက အချက်အလက်များကို အိုးရန်ချင်းအား တစ်ပြိုင်တည်း ပြသလာသည်။ စာရွက်ပေါ်မှ နံပါတ်နှင့် စည်းတံဆိပ်က အစစ်ပင်။ ထို့အပြင် ပြည်တွင်း ကျွန်းဆွယ် မှတ်ပုံတင်ဌာန၏ တရားဝင် website ၌ ထိုကျွန်းနှင့် ပတ်သက်သော အချက်အလက်အား ပုဂ္ဂလိကဟု မှတ်ပုံတင်ထားသည်။

“ဟူး …”

အိုးရန်ချင်းသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူမ ရင်ထဲမှ စိုးရိမ်မှုအားလုံး လျော့ကျသွားလေသည်။ သို့သော် သူမရင်ထဲ၌ အိပ်မက်ဆန်သော ခံစားချက်က ရှိနေဆဲပင်။

*သူ … တကယ်ပဲ ကျွန်းတစ်ကျွန်းကို အဲ့လို ပိုင်သွားတာလား*

*ဥက္ကဋ္ဌရဲ့က အမြဲ အံ့ဩဖို့ ကောင်းပြီးတော့ ခန့်မှန်းလို့ မရပါလား*

“ခရီးထွက်မယ်၊ ဆရာ ရှင် ကျွန်မကို ဘယ်တော့ ခရီးထွက်ဖို့ ခေါ်သွားမလဲ၊ ကျွန်မ လိုက်ကြည့်ချင်တယ်၊ ကျွန်မ ကျွန်းကို သွားကြည့်ချင်တယ်”

ရှုနန်က ချက်ချင်း ပြောလာပြီး အခုချက်ချင်း ထသွားချင်စိတ် ပေါက်နေသည်။

“ကျွန်မလဲ သွားချင်တယ်”

ကျန်းယွင်ရှီကလဲ ပြောလာသည်။ သူမ ထိုအတွက် မျှော်လင့်တကြီး ဖြစ်နေလေသည်။

“လင်းချန်၊ နောက်ပိုင်း ရိုက်ကူးမယ့် ဘယ်ဇာတ်လမ်းမဆို ကျွန်းပေါ်မှာ ရိုက်လို့ရပြီ”

ရှောင်ဖေးဖေးက အကြံပြုလာ၏။

အိုးရန်ချင်သည်လည်း စိတ်မရှည် ဖြစ်နေသည်။

“ဒီကျွန်းကို မြန်နိုင်သမျှ မြန်မြန် စစ်ဆေးရမယ်၊ အဲ့ဒါကို ကောင်းကောင်း တိုးတက်အောင် လုပ်ရမယ်”

“ငါ အချိန်ရလို့ရှိရင် မင်းတို့ကို ခေါ်သွားမယ်”

ရဲ့လင်းချန်က ပြုံးနေသည်။

“ငါ အရင်က အဲ့ကျွန်းကို ရောက်ဖူးတယ်၊ အဲ့ဒါက လူသူမဲ့ပင်မယ့် အခြေအနေ‌ရော နေရာပါ ကောင်းတယ်လို့ ငါ အာမခံတယ်၊ ပြီးတော့ ဆောက်လုပ်ရေး အစီအစဉ်ကို ငါ အကြမ်းဖျင်း စဉ်းစားပြီးပြီ၊ ဆောက်လုပ်ရေး လုပ်ဖို့ပဲ ကျန်တော့တယ်”

ဆရာဟောင်ကို ဖိတ်ကြားပြီးသည်နှင့် ကျွန်းပေါ်မှ ဆောက်လုပ်ရေးကို စတင်နိုင်လေပြီ။

“ရှင့်မှာ ဆောက်လုပ်ရေး အစီအစဉ် ရှိတာလား”

အိုးရန်ချင်းက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“အစပိုင်း အတွေးလေးလောက်ပါပဲ”

ရဲ့လင်းချန်က များများစားစား မပြောချေ။

သူ၏ အစီအစဉ်အား သူ ပိုင်ဆိုင်ထားသော ဗဟုသုတအလိုက် ခွဲခြမ်းထားသည်။ ပထမဆုံးအနေဖြင့် ၎င်းအား စိုက်ပျိုးရေး နေရာများအဖြစ်သုံးရန် အကြမ်းဖျင်း ခွဲခြားထားသည်။ ထိုနေရာ၌ မတူညီသော ဆေးပင်များ၊ ကောက်ပဲသီးနှံများနှင့် သစ်သီးများ စိုက်ပျိုးပြီး မွေးမြူရေးခြံများလည်း ထားရှိပေမည်။ သူ့၌ တိရစ္ဆာန်များကို ယဉ်ပါးအောင် လုပ်နိုင်သည့် စွမ်းရည်နှင့် သားရဲ ဘာသာစကား ရှိသည် မဟုတ်ပါလော။ သူ၏ အတွေးမှာ ပန်ဒါများ၊ ကျားများနှင့် အခြားသော တိရစ္ဆာန်များ နေနိုင်မည့် သဘာဝ ဘေးမဲ့တောတစ်ခု ဖန်တီးရန် ဖြစ်သည်။ အကယ်၍ သူသာ ကံကောင်းလျင် လိပ်အိုကြီးကဲ့သို့သော နတ်သားရဲအချို့ကိုလည်း ထပ်ရနိုင်လောက်သည်။

ဒုတိယအနေဖြင့် ၎င်း၌ သူ၏ အနုပညာ ကုမ္ပဏီနှင့် အဆင့်မြင့် နည်းပညာ သုတေသန လုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ အစရှိသဖြင့် ကုမ္ပဏီများစွာ၏ ဌာနချုပ်များ ထားရှိပေမည်။

အကျဉ်းချုပ်ရလျင် သူ၏ စိတ်ထဲတွင် အနာဂတ်၌ ကျွန်းသည် အလွန်အမင်း ဖွံ့ဖြိုးတိုးတက်လာပြီး တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးတွင်ပါ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာအောင် ဖန်တီးရန် ဖြစ်သည်။

“ရေလွှာလျှောစီးတာနဲ့ ဇိမ်ခံ အပျော်စီးသင်္ဘော စီးလို့ရတဲ့ အပန်းဖြေစခန်းတစ်ခု ဆောက်ပါလား”

ရှုနန်သည် ရဲ့လင်းချန်အား ကြယ်များကဲ့သို့ တောက်ပသည့် မျက်ဝန်းများဖြင့် ကြည့်ကာ အကြံပေးလေသည်။

“ပင်လယ်နားမှာ အပန်းဖြေစခန်းတစ်ခု ရှိရင် သိပ်ကောင်းမှာ၊ အဲ့ဒါက သိပ်ကို ကြည်နူးဖို့ ကောင်းမှာပဲနော်”

ကျန်းယွင်ရှီကလည်း မနေနိုင်ဘဲ ပြောလာသည်။ ရဲ့လင်းချန်၏ အမျိုးသမီးအနေဖြင့် သူမနှလုံးသားထဲ၌ ချိုမြိန် ကြည်နူးမှုတို့ကို ခံစားနေရသည်။

“မပူနဲ့၊ ကမ္ဘာလှည့် ခရီးသွားတွေ နှစ်သက်မှုနှုန်းက အခြား ကမ္ဘာလှည့် ခရီးသွားကျွန်းတွေထက် သာစေရမယ်”

ရဲ့လင်းချန်က ခေါင်းညိတ်သည်။ သူသည်လည်း ကိုယ်ကိုယ်တိုင် ဘယ်လို ပျော်ပါးရမလဲ သိသည့် လူတစ်ယောက် ဖြစ်သည်။

“ဆောက်လုပ်ရေးက … နောက်ထပ် ကုန်ကျစရိတ် အများကြီး လိုနေတာလေး တစ်ခုပါပဲ”

ကျွန်းကို ဝယ်ပြီးသော်လည်း ဤသို့ ကြီးမားကျယ်ပြန့်သော ဧရိယာကြောင့် စိတ်ကူးထားသော နိုင်ငံလိုမျိုး တည်ဆောက်နိုင်ရန် လိုအပ်သော ငွေကြေးက ကျွန်းကို ဝယ်ယူစဉ်က သုံးရသည့် စရိတ်ထက် မနည်းနိုင်ပေ။

“ကျွန်မ အလုပ်ကြိုးစားပြီး ပိုက်ဆံ ပိုရှာပါ့မယ်”

ကျန်းယွင်ရှီက မဆိုင်းမတွ ပြောလာပြီး သူမ၏ အမူအရာက လေးနက်တည်ကြည်လာသည်။

ယင်းက ကြင်စဦး ဇနီးမောင်နှံက အိမ်တစ်လုံး အတူတူဝယ်နိုင်ရန် ပိုက်ဆံစုသည့် အခြေအနေနှင့်ပင် တူနေလေသည်။ ဤသည်က သူတို့အတွက် ကိုယ်ပိုင် ကမ္ဘာလေး ဖန်တီးမည့် အချိန်မျိုး ဖြစ်နေပြီး သူမသည် အတော်လေး ကျေနပ်ကာ စိတ်လှုပ်ရှားနေ၏။

“လင်းချန်၊ ကျွန်မလဲ ပိုက်ဆံ များများ ရှာနိုင်ပါတယ်”

ရှောင်ဖေးဖေးက ဝင်ပြောသည်။ တစ်ချိန်တည်းမှာပင် သူမ ရင်ထဲ၌ အနုပညာ ကုမ္ပဏီအတွက် ပိုက်ဆံ ကောင်းကောင်း ရှာရန် ကျိတ်၍ ဆုံးဖြတ်ချလိုက်သည်။

“အချိန်တိုအတွင်း ဆောက်လုပ်ရေး ပြီးအောင် လုပ်ဖို့ မဖြစ်နိုင်သလို လိုလည်း မလိုသေးပါဘူး၊ ဒါပေမဲ့ အခြေခံ လောက်ပဲ ဆောက်မယ်ဆိုရင် အဲ့လောက် ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

အိုးရန်ချင်းက တစ်ခဏမျှ ငြိမ်နေပြီးမှ ပြောလိုက်သည်။

ဝမ်ရုံ နည်းပညာသည် နေ့စဉ် အမြတ်ကို သန်းချီရအောင် လုပ်နိုင်သည်။ ပမာဏ အနည်းငယ်မျှ ဆောက်လုပ်ရေး လုပ်သည်က လုံးဝ မခက်ခဲပါ။

ထို့အပြင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၌ ဝမ်ရုံနည်းပညာ၏ ရေသန့်စက် ကြော်ငြာကြောင့် ပစ္စည်းက အလွန် ရောင်းကောင်းနေသည်။ ၎င်းသည်လည်း ရှောင်ယွင်နှင့် ချိတ်ဆက်ထားသည့် စမတ်ပစ္စည်း ဖြစ်သည်။ သန့်ရှင်း လတ်ဆတ်သည့်အပြင် ၎င်းက လူတစ်ယောက် အလိုရှိသော ရေအပူချိန်ကို ရေသန့်စက်မှ အပူချိန်ကို ချိန်ညှိနိုင်ပြီး ရိုးရှင်း၍ အသုံးကျလေသည်။

ဤသို့သော အဆင့်မြင့် နည်းပညာ ထုတ်ကုန်များက လူငယ်များအတွက် ဦးစားပေး ရွေးချယ်မှု ဖြစ်လာသည်။

၎င်းကို ဝယ်ယူသည့် ဘယ်သူမဆို ရေသန့်စက်မှ ရေ၏ သန့်ရှင်းလတ်ဆတ်မှုကို ခံစားမိပြီး အရသာက ပိုသိသာမှန်း ခံစားမိမှာပင်။ ၎င်းကို ချီးကျူးသည့် စကားသံများက အတောမသတ်နိုင်ဘဲ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း တွင်း၌ ၎င်း၏ အသုံးပြုပုံကို ဖော်ပြထားသောကြောင့် ဝယ်သူ အရေအတွက်က တိုးလာသည်။

ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။

“ငါတို့ အလျင်လိုစရာ မလိုပါဘူး၊ နောက်ကျနေပြီ၊ အားလုံး အိမ်ပြန်ပြီး အနားယူသင့်ပြီ”

အားလုံး ခေါင်းညိတ်လိုက်သည်။ သို့သော် သူတို့၏ နက်ရှိုင်းသော စိတ်တစ်နေရာ၌ ပိုက်ဆံ ရှာရန် စိတ်အား ထက်သန်နေကြသည်။

All Chapters