← Chapters

ပို၍ ပြင်းထန်လာသော အခြေအနေ (ဂ)

Vol. 40 Ch. 598

ပို၍ ပြင်းထန်လာသော အခြေအနေ (ဂ)

Vol. 40 Ch. 598

“ကောင်းကင်နက်ရုပ်တုဟာ အသက်မဲ့နေတဲ့အရာဝတ္ထုပဲ။ မင်းတို့က ကောင်းကင်နက်မျိုးနွယ်သို့ မရောက်ဖူးသေးတော့ အဲဒါနဲ့ မရင်းနှီးဘူးဖြစ်မယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ကောင်းကင်နက်ရုပ်တုဟာ အရင်တုန်းကလည်း ဒီလိုလုပ်ရပ်မျိုး လုပ်ဖူးတယ်။ ဒီဖြစ်ရပ်ဟာ သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအား လှည့်ပတ်တာ တစ်ခုခုလွဲသွားလို့ပဲ။”

“ဒီလူလိမ်နှစ်ယောက်ဟာ ကောင်းကင်နက်မျိုးနွယ်နဲ့ပတ်သက်ပြီးတော့ အထူးတလေ လေ့လာထားတာ ဖြစ်ရမယ်။ သူတို့ရဲ့ အချိန်ကိုက်လှုပ်ရှားနိုင်စွမ်းကလည်း အရမ်းကောင်းနေတယ်။”

အဖိုးအို၏မျက်လုံးများထဲ၌ အေးစက်သောအလင်းများ ထွက်ပေါ်လာသည်။

“ဒါပေမဲ့ သူတို့ အစီအစဉ်က တစ်ခုလွဲသွားတယ်။ ငါ အရင်တုန်းက ကောင်းကင်နက်မျိုးနွယ်မှ ကျင့်ကြံတုန်းက ဘုံကျောင်းက ချီးမြှင့်ပေးတဲ့ ကောင်းကင်နက်ဝိညာဉ်တစ်ခုရှိတယ်။”

“ကောင်းကင်နက်ဘုံကျောင်းဝိညာဉ်ဟာ ကိုယ်ပိုင်မှတ်ဉာဏ်ရှိတယ်။ သူက တစ်ခါလောက် အာရုံခံမိတာနဲ့ အကုန်လုံးကို ထုတ်ဖော်နိုင်တယ်။”

ပြောရင်းဖြင့် အဖိုးအိုက သူ၏ညာလက်ကို သူ့နဖူးထံသို့ မြှောက်လျှက် ညွှန်ပြလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သွေးတစ်ပွက်ကိုလည်း အန်ထုတ်လိုက်၏။ သူ၏နဖူးသည် ပွင့်အာသွားကာ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာ၏။

၎င်းထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သောလှိုင်းများ ဖြစ်ပေါ်လာခဲ့ကာ သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များအား တုန်လှုပ်စေသည်။ သူတို့၏ခန္ဓာကိုယ်က ကောင်းကင်နက်မျိုးနွယ်သွေးများသည်လည်း တုန်ခါသွားကာ သူတို့၏နဖူးမှ အနက်ရောင်မျဉ်းကြောင်းများမှာလည်း ပို၍ ထင်ရှားပြတ်သားလာ၏။

“ဝိညာဉ်တော်… ကျေးဇူးပြုပြီး စစ်ဆေးပေးပါ။”

အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်ကာ လေးစားစွာ ပြောသည်။ ဝိညာဉ်တော်သည် စဉ်းလဲသောရယ်သံတစ်ချက် ပြုလုပ်လိုက်ကာ သူ့ပုံရိပ်သည် လေထဲသို့ မြောက်တက်သွား၏။ ၎င်းက နန်းတော်ကို ကြည့်လိုက်သည်တွင် အဖိုးအို၏အမူအရာက သုန်မှုန်သွားကာ အနီးမှ လူများအား ပြောလိုက်၏။

“ဝိညာဉ်တော်က စစ်ဆေးပြီးတာနဲ့… ထွဋ်ခေါင်ဘုရင်… ခင်ဗျားကိုယ်တိုင် ဒီလူလိမ်နှစ်ယောက်ကို အသက်ရှင်ရက်ဖမ်းလာခဲ့ပါ။”

အဖိုးအို၏စကား မဆုံးမီ ကောင်းကင်ထက်က ဝိညာဉ်ပုံရိပ်သည် ရုတ်တရက် တုန်ခါသွား၏။ သူ့ခန္ဓာကိုယ်သည် အနက်ရောင်အငွေ့များ အဆက်မပြတ် ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ထံသို့ ပြန့်လွင့်သွား၏။ သူ့မျက်လုံးမှလည်း ပြင်းထန်သော အလင်းများ ထွက်ပေါ်လာပြီး သူ့ပုံရိပ်သည် ယခင်ထက် တုန်ခါလာတော့သည်။

အဆုံးသတ်၌ ၎င်းသည် သွေးပျက်မတတ် အော်ဟစ်ကာ သူ့တစေမျက်လုံးများမှာလည်း ပေါက်ကွဲထွက်သွားတော့သည်။

၎င်း၏ခန္ဓာကိုယ်သည် နောက်သို့ လိမ့်သွားကာ နတ်စင်ပေါ်သို့ ကျ၏။ ၎င်းသည် ချက်ချင်းပင် နန်းတော်ရှိရာသို့ အဆက်မပြတ် ကန်တော့ဦးချနေတော့သည်။

“သခင်…”

“ဒါဟာ သခင်ရဲ့အငွေ့အသက်ပဲ…”

“ကျုပ်တို့ သေမျိုးတွေ သူ့ကို တိုက်ရိုက်ကြည့်မရဘူး။”

ဝိညာဉ်ပုံရိပ်ကား မျက်လုံးကန်းသွားကာ တကိုယ်လုံး အဆက်မပြတ် တုန်ယင်နေသည်။ သို့သော်လည်း သူ့အသံတွင် အဆုံးမရှိသော ကိုးကွယ်ယုံကြည်မှုများ ရောစွေက်နေ၏။ ထိုမြင်ကွင်းသည် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များအား အကြီးအကျယ် ထိတ်လန့်စေသည်။

ထွဋ်ခေါင်နိုင်ငံဘုရင်၏အသက်ရှုနှုန်း မြန်ဆန်လာသည်။ သူကဲ့သို့သော သံသယစိတ်လွန်ကဲသူသည်ပင် ထိုအခိုက်တွင် လုံးဝယုံကြည်သွားပြီ ဖြစ်သည်။

တခြားသော ဘုရင်များသည်လည်း ထိတ်လန့်သွားကာ စိတ်ထဲတွင် အပြင်းအထန် လှုပ်ရှားလာကြ၏။ သူတို့တွင်လည်း သံသယဝင်ရန် အကြောင်းပြချက်မရှိတော့ဘဲ ယုံကြည်သက်ဝင်သော ဟန်မူရာများ ဖြစ်ပေါ်လာကြသည်။

“ဘာ… ဘာ…”

သူတို့ တုန်လှုပ်သွားကြစဉ်၌ပင် နန်းတော်အပေါ်က ကောင်းကင်နက်ရုပ်တုသည် မျက်လုံးကို ရုတ်တရက်ဖွင့်ကာ ဝေဟံအမြင့်ပေ ၁၀,၀၀၀ သို့ ပျံတက်လာ၏။

သူ၏ခေါင်းထက်တွင်ကား ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ပုံရိပ်ကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။

ရွှီချင်းသည်ကား တင်းမာကာ မနှစ်မျို့သော အမူအရာဖြင့် မြေပြင်မှ လူများအား ကြည့်နေသည်။

သူ့ဘေးမှ ခေါင်းဆောင်သည်လည်း ဒေါသထွက်နေသည်။ သူ၏နတ်သားတော် အပြစ်လုပ်ခံရခြင်းအတွက် ထွက်ပေါ်လာသော ဒေါသသည် အလွန်ပြင်းထန်၏။ သူက တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

“မင်းတို့ရဲ့ သံသယစိတ်က အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ စည်းကျော်လာရင်တော့ ဒါဟာ ကြီးမားတဲ့ မလေးမစားပြုမှုပဲ။”

ခေါင်းဆောင်က ပြောလိုက်သည်တွင် ကောင်းကင်တခွင်လုံး မိုးခြိမ်းလာကာ ကောင်းကင်သည်လည်း အရောင်ပြောင်း၏။

ထိုအခိုက်တွင် ရွှီချင်း၏နဖူး၌ လသဏ္ဍာန်ပုံရိပ်တစ်ခု စူးရှလင်းလက်နေ၏။ သူ့ခန္ဓာကိုယ်သည်လည်း လူသားတို့နှင့် လားလားမျှ မသက်ဆိုင်သော နတ်ဘုရားအရောင်အဝါများ ထုတ်လွှတ်နေသည်။

ချက်ချင်းပင် သန့်စင်ရေလှိုင်းမျိုးနွယ်ဝင်များသည် သူတို့၏ခန္ဓာကိုယ်က ကောင်းကင်နက်မျိုးနွယ်ဝင် သွေးများ ဆူပွက်လာသည်ဟု ခံစားကြရသည်။

ဘုရင် ၃၆ ပါး၏ခန္ဓာကိုယ်များလည်း တုန်ယင်လာကာ သူတို့သည် ကောင်းကင်မှ ရုပ်တုထံသို့ ခေါင်းငုံ့လိုက်ကြရသည်။

နတ်ဆရာသည်လည်း တုန်လှုပ်နေပြီ ဖြစ်သည်။ သူသည် ဘေးနားတွင် ကန်တော့ဦးညွှတ်နေဆဲဖြစ်သော ကောင်းကင်နက်ဝိညာဉ်တော်အား တစ်ချက်ကြည့်လိုက်ပြီး သူသည်လည်း ခေါင်းငုံ့ကာ ကောင်းကင်ထက်သို့ ဦးညွှတ်လိုက်ရတော့သည်။

သူတို့တစ်ဦးတစ်ယောက်စီတိုင်း၏ကျင့်ကြံဆင့်သည် ရွှီချင်းထက် မြင့်မားပေသည်။ သာမန်ကောင်းကင်နက်မျိုးနွယ်ဝင်များနှင့် တွေ့ပါက သူတို့သည် အဆင့်အတန်းကွာဟချက်ကို ကျင့်ကြံဆင့်ဖြင့် တောင့်ခံနိုင်သော်လည်း ယခုကား နတ်သားတော်ထံမှ ထုတ်လွှတ်သော အရောင်အဝါနှင့် ဖိအားတို့ကို ခံစားရသောအခါ သူတို့သည် တည်ငြိမ်မနေနိုင်တော့ပါ။

သို့သော်လည်း သူတို့သည် အရှက်ရသည်ဟု ခံစားကြရပေ။ အကြောင်းကား အစကနေ အဆုံးအထိ သည်ကောင်းကင်နက်မျိုးနွယ်ဝင်နှစ်ဦးသည် သူတို့၏သရုပ်မှန်နှင့်ပတ်သက်၍ ဟိတ်ဟန်များ ထုတ်ကာ အာဏာပြနေခြင်း မရှိကြပေ။

“မင်းတို့ကို ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်။”

ရွှီချင်း ပထမဆုံးအကြိမ် စကားပြောသည်။

သူက ထိုသို့ပြောပြီးနောက် အားလုံးကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ ကွယ်ပျောက်သွားတော့သည်။

ရုပ်တုသည်လည်း ပုံမှန်အမြင့်သို့ ပြန်ရောက်သွားကာ မျက်လုံးမှိတ်သွားသည်။

တစ်မြို့လုံး ငြိမ်ကျသွား၏။

နတ်စင်ထက်တွင် ထွဋ်ခေါင်နိုင်ငံမှ နတ်ဆရာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်ထဲမှ တုန်လှုပ်မှုအား ချိုးနှိမ်လိုက်သည်။ သူက ထွဋ်ခေါင်နိုင်ငံဘုရင်အား ချက်ချင်း အသံပို့ကာ အမိန့်ပေးလိုက်သည်။

“ဒီကိစ္စကို ပြည်ထောင်သို့ လျှို့ဝှက်သတင်းပို့ပါ။ ကောင်းကင်နက်မျိုးနွယ်ဝင်တစ်ယောက် အင်မော်တယ်အူခွေနယ်မြေကို ရောက်နေတယ်။ ပြီးတော့ သူ့သွေးမျိုးဆက်က အမြင့်ဆုံးပဲ။ ကျုပ်တို့က သူ့ကို လက်ခံဖို့ အဆင့်မရှိဘူး။ ပြီးတော့ ကောင်းချီးပေးခံရတဲ့ ခင်ဗျားရဲ့သားကို ပြည်ထောင်သို့ စေလွှတ်လိုက်ပါ။”

“ဒီကိစ္စဟာ မှားမှားမှန်မှန် ကြီးမားတဲ့ကိစ္စပဲ။”

“ဒါက အမှန်တကယ်ဆိုရင်…”

အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

“သန့်စင်ရေလှိုင်းမျိုးနွယ်က ပြည်ထောင်လေးခုလုံးရဲ့ ကောင်းကင်နက်ဘုံကျောင်းတွေ အကုန်လုံး လှုပ်ခတ်သွားနိုင်တယ်။ ပြီးတော့ ခင်ဗျားသားရဲ့ အဆင့်အတန်းဟာလည်း အနာဂတ်မှာ အရမ်းမြင့်မားနေမှာပဲ။”

နတ်ဆရာက ထိုသို့ပြောလျှင် လေပြင်းတစ်ချက် ရိုက်ခတ်လာ၏။ အင်မော်တယ်အူခွေသစ်ပင်များသည်လည်း လှုပ်ယမ်းသွားကာ သစ်ရွက်ခတ်သံများထွက်ပေါ်လာသည်။

လေသည် ပြင်းထန်လာ၏။

ယနေ့ည လေသည် အတော်လေး အားကောင်းသည်။

အင်မော်တယ်အူခွေသစ်ပင်များမှ သစ်ရွက်သံများသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွား၏။ အိမ်များတွင် တွဲလောင်းကျနေသော ခေါင်းလောင်းသံများသည်လည်း စူးရှသော အသံများကို ပေးကာ အထူးသဖြင့် နန်းတော်မှ အသံသည် အကျယ်လောင်ဆုံး ဖြစ်သည်။

All Chapters