ပို၍ ပြင်းထန်လာသော အခြေအနေ (ဃ)
Vol. 40 Ch. 599
သစ်ရွက်လှုပ်သံများ အဆက်မပြတ် ဖြစ်ပေါ်လာပြီးနောက် ရွှီချင်းသည် ညအမှောင်ထဲသို့ ကြည့်နေသော သူ့အကြည့်အား ပြန်ရုပ်သိမ်းကာ ဘေးမှ ခေါင်းဆောင်ကို အသံပို့လွှတ်လျှက် ပြောသည်။
“စီနီယာအစ်ကိုကြီး… ကျုပ်တို့ အချိန်ကြာကြာ နေလို့ မရဘူး။ တာအိုသစ်သီးတွေ အားလုံး မခူးရသေးဘူးဆိုရင်တောင် နောက်နှစ်ရက်နေရင် ထွက်သွားဖို့ လိုတယ်။”
သည်မတိုင်ခင်က သူသည် တစ်ဘက်လူ၏ စစ်ဆေးစမ်းသပ်မှုအား ကြိုတင်အာရုံခံမိ၍ ပြန်လည်တုန့်ပြန်ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း အခြေအနေက သူထင်ထားသည်ထက် ပို၍ အထိန်းအချုပ် မဲ့လာ၏။
“ငါတို့ သိပ်စိုးရိမ်စရာမရှိဘူးထင်တယ်။”
ခေါင်းဆောင်ငြိမ်ကျသွားကာ ရွှီချင်းအား ကြည့်သည်။
သူက မည်သည့်ပုံစံနှင့် ကြည့်ပါစေ၊ ရွှီချင်းသည် ကောင်းကင်နက်အစစ်အမှန် ဖြစ်သည်။
ကောင်းကင်နက်ရုပ်တုသည် သူ့ရှေ့တွင် ဒူးထောက်သလို သန့်စင်ရေလှိုင်းမျိုးနွယ်ကိုလည်း ကောင်းချီးပေးနိုင်သည်။ ယခု ကောင်းကင်နက်ဝိညာဉ်တော်သည်ပင် ဒူးထောက်ခစားရ၏။
ထိုဖြစ်ရပ်များက ခေါင်းဆောင်၏အတွေးများကို ပိုမို လှုပ်ရှားစေသည်။
“ချင်းလေး… မင်း တကယ်ပဲ ဘယ်လိုလုပ်လိုက်တာလဲ။ ဒါက အနီရောင်လရဲ့ အငွေ့အသက်ကြောင့်တော့ မဟုတ်တော့ဘူး။”
ခေါင်းဆောင်၏စိတ်ဝင်စားမှုက ပိုမိုမြင့်တက်လာသည်။
ရွှီချင်း တွေးလိုက်သည်။ သည်တစ်ကြိမ်တွင်ကား သူသည် မဖုံးကွယ်ထားတော့ဘဲ အသံပို့လွှတ်လိုက်သည်။
“အရင်တုန်းက ကျွန်တော် လီယုံကျောက်တိုင်မှာတုန်းက ကောင်းကင်နက်မျိုးနွယ်တွေ ယုံကြည်သက်ဝင်တဲ့ နတ်ဘုရားစွမ်းအားတစကို ခိုးယူနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့ကို အနီရောင်လနဲ့ သူတို့ မှားယွင်းခဲ့ကြတာ။”
သူက ထိုသို့ ပြောလိုက်သည်နှင့် ခေါင်းဆောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ယခင်က ခန့်မှန်းယူဆချက်တစ်ချို့ ရှိခဲ့သော်လည်း ရွှီချင်း၏စကားကို ကြားလိုက်သောအခါ အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။
အတန်ကြာလျှင် ခေါင်းဆောင်သည် ရုတ်တရက် ထရပ်ကာ ရွှီချင်းအား ကြည့်လျှက် ဂနာမငြိမ်စွာ လမ်းလျှောက်သည်။
“ညီလေး… ငါတို့ ကြီးတာတစ်ခုခုလုပ်ရအောင်…”
ခေါင်းဆောင်၏မျက်လုံးများထဲတွင် ရူးသွပ်မှုများ ရှိနေသည်။
ရွှီချင်း သက်ပြင်းချသည်။ ခေါင်းဆောင်လုပ်လိုသည်ကို သူသိသည်။ ထို့ကြောင့်ပင် သူက အဖြစ်မှန်အား ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။
“မင်းက တကယ့်အစစ်အတိုင်း လုပ်နိုင်တယ်ဆိုမှတော့… ငါတို့ ကောင်းကင်နက်ဘုံကျောင်းကို သွားပြီးတော့ ကောင်းကင်နက်မျိုးနွယ်သို့ ပို့ခိုင်းရအောင်…”
ရွှီချင်း ခေါင်းယမ်းသည်။
“ကျွန်တော့ကိုယ်ပေါ်က ရုပ်ဖျက်အဆောင်ဟာ နောက်တစ်လနဲ့အခွဲမှာ ပျက်သွားတော့မယ်။ အဲဒါ ပျက်သွားရင် ကျွန်တော့ရဲ့ အရှိန်အဝါကို ပြောင်းလဲလို့ ရတော့မှာ မဟုတ်ဘူး။ ပြီးတော့ အနီရောင်လပေါ်က နတ်ဘုရား… သူ ကျွန်တော့ကို ကြည့်မိတာနဲ့ သွားပြီပဲ။”
ခေါင်းဆောင် စိတ်ပျက်သွားသည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းကလည်း အသေခံခြင်းနှင့် ထူးမခြားနားကြောင်း သူ နားလည်သည်။ ထို့ကြောင့် သူက ခဏတာ တွေးတောလိုက်ပြီး အံကြိတ်လိုက်သည်။
“ငါတို့ လူတွေ ခေါ်ပြီးတော့ မနက်ဖြန် တာအိုသစ်သီးတွေ ဆက်ခူးမယ်။ အများစုဟာ မရင့်သေးဘူးဆိုပေမဲ့ ဘာမှ ဂရုမစိုက်နိုင်တော့ဘူး။ ငါတို့ တခြားနေရာတွေကို သွားပြီးတော့ ခူးမယ်။”
“ပြီးတော့ ငါတို့ ရက်နည်းနည်း ထပ်စောင့်မယ်။ ချင်းလေး… တာအိုသစ်သီးတွေဟာ ငါတို့ ရောက်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲရှိတယ်။ တကယ်ကောင်းတဲ့ဟာက အင်မော်တယ်အူခွေသစ်ပင်တွေပဲ။ ဒါက ငါတို့အတွက် ရှားပါးတဲ့အခွင့်အလမ်းပဲ။”
ရွှီချင်း တွန့်ဆုတ်နေပြီးမှ အံကြိတ်လိုက်သည်။
“သုံးရက် အများဆုံး…”
ခေါင်းဆောင်ကြားလျှင် သူ့မျက်လုံးများထဲ၌ ရူးသွပ်မှုများ ဖြစ်ပေါ်လာကာ ခေါင်းညိတ်သည်။
“ကောင်းပြီ… ငါးရက် အများဆုံးပဲ။”
“ပြီးတော့ ငါ မနက်ဖြန် သတင်းထုတ်ပြန်လိုက်မယ်။ ဒီလိုဖြစ်လာမှတော့ သူတို့ ငါတို့ကို သံသယဝင်တာ ပြဿနာမရှိဘူး။ ဘယ်လိုပြောပြော မင်းက အစစ်အမှန်ပဲ။ ငါ သူတို့မြို့တွေကို သတင်းထုတ်လိုက်မယ်။ တကယ်လို့ သူတို့ဘက်က ရှားပါးရတနာတွေနဲ့ တောင်းဆိုလာရင် ငါတို့ ကောင်းချီးပေးမယ်။”
ခေါင်းဆောင်၏မျက်လုံးများက အနည်းငယ် နီရဲနေသည်။
နောက်နှစ်ရက်ကြာပြီးနောက် ခေါင်းဆောင်နှင့် ရွှီချင်းတို့ လူခွဲလိုက်သည်။ ရွှီချင်းသည် တာအိုသစ်သီးများအား အတတ်နိုင်ဆုံး ခူးဆွတ်နေခဲ့ကာ ခေါင်းဆောင်သည်ကား ကောင်းချီးပေးခြင်းနှင့်ပတ်သက်၍ တခြားမြို့များသို့ သတင်းထုတ်ပြန်သည်။ သူတို့ ထိုသို့လုပ်နေစဉ် ထွဋ်ခေါင်နိုင်ငံမှ လူတစ်စုသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ ကောင်းကင်လေပြည်ထောင်သို့ တည်နေရာပြောင်းရောက်ရှိသွားကြသည်။
ထိုအုပ်စုအား ဦးဆောင်သူမှာ ထွဋ်ခေါင်နိုင်ငံ၏ နတ်ဆရာဖြစ်သည်။ မူယဲ့သည်လည်း ထိုအုပ်စုထဲတွင် ပါဝင်သည်။ သူတို့ ကောင်းကင်လေပြည်ထောင်သို့ ရောက်သည်နှင့် သူတို့က ကောင်းကင်နက်မျိုးနွယ်ကိစ္စအား သတင်းပို့ကြသည်။
ထိုကိစ္စသည် မူလက ကောင်းကင်လေပြည်ထောင်၏အာရုံစိုက်မှုကို မရခဲ့ပေ။ မည်သို့ဆိုစေ သန့်စင်ရေလှိုင်းမျိုးနွယ်၏အထက်တန်းအနွယ်ဝင်များမှာ ကောင်းကင်နက်မျိုးနွယ်၏သာမန်မျိုးနွယ်များကို ဂရုမစိုက်ကြပေ။ သို့သော်လည်း သက်ဆိုင်ရာဌာနအဖွဲ့များက မူယဲ့အား စစ်ဆေးကြည့်သောအခါ ထိတ်လန့်ဖွယ်ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ ထိုကိစ္စသည် ပြည်ထောင်၌ပင် တဖြည်းဖြည်း လှုပ်ခတ်လာခဲ့၏။
“ကောင်းကင်နက်အငွေ့အသက်ဟာ ပြင်းထန်လွန်းတော့ ဒါဟာ ပထမတန်းစား ဒါမှမဟုတ် ပထမတန်းစားကိုတောင် ကျော်လွန်နေတယ်။”
“သွေးမျိုးဆက် စစ်ဆေးမှုအားလုံးက အစစ်အမှန်ပဲ။ သူဟာ တကယ်ပဲ ကောင်းချီးပေးခံရတာ။”
“ကောင်းကင်နက်ဘုံကျောင်းတောင်မှ တစ်စုံတစ်ယောက်ကို ပထမတန်းစားသို့ တိုက်ရိုက်မမြှင့်ပေးနိုင်ဘူး။”
“ဒါက ရိုးရိုးကောင်းချီးပေးတာ မဟုတ်ဘူး။ နတ်ဘုရားကောင်းချီးပဲ။”
စုံစမ်းစစ်ဆေးမှုများ ထွက်ပေါ်လာသောအခါ ကောင်းကင်လေပြည်ထောင်မှ အထက်တန်းအနွယ်ဝင်များသည် အမိန့်တော်နှစ်ခုအား အစောတလျင် ထုတ်ပြန်ကြရ၏။
ပထမအမိန့်တော်သည်ကား မူယဲ့ကို ကောင်းကင်နက်ဘုံကျောင်းသို့ စေလွှတ်ကာ ခွင့်ပြုချက်တောင်းခံခြင်း ဖြစ်သည်။
ဒုတိယအမိန့်တော်သည်ကား ဝတ်ရုံနက်အစောင့်အရှောက်များကို ထွဋ်ခေါင်နိုင်ငံသို့ စေလွှတ်ကာ ရွှီချင်းတို့အား ကာကွယ်ရန်ဖြစ်ပြီး တစ်ဘက်တွင်လည်း လျှို့ဝှက်စနည်းနာစောင့်ကြည့်ရန် ဖြစ်သည်။