မာယိချွမ်ရဲ့ အကြံ
Vol. 19 Ch. 271
ဆရာချောင်းကို လိုက်ပို့ပြီးနောက် ဖေးချမ့် ရှန်းဟွာဗျူးကို ပြန်သွားခဲ့သည်။ ပထမဆုံး ထန်းတာ့အပေါ်ထပ်ရှိ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို လမ်းလျှောက်ကြည့်ဖို့ သွားခဲ့၏။
ယခုအချိန်တွင် ကျုံးထျန်တရုတ်နက်ဝေါ့ခ်က အတော်လေး တည်ငြိမ်နေပါသည်။ အများစုက ကိုယ့်ကိုယ်ကို ဖျော်ဖြေဖို့သက်သက်သာ အချိန်ဖြုန်းနေကြသည်။
ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်သည့် လူအရေအတွက်က ဖြည်းဖြည်းချင်း တိုးလာနေပါပြီ။ သို့သော် အားလုံးခြုံကြည့်ရင်တော့ ဝက်ဘ်ဆိုက်အခြေအနေက အတော်လေး ဆိုးရွားနေဆဲ ဖြစ်သည်။ ထို့အပြင် အချိန်တိုအတွင်း တိုးတက်နိုင်သည့် လက္ခဏာလည်း မပြသပေ။
ကျုံးထျန်တရုတ်နက်ဝေါ့ခ်က အွန်လိုင်းစာပေ Forum များစွာတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေဆဲ ဖြစ်သည်။ စာရေးဆရာအများစုက ဝက်ဘ်ဆိုက်ကို အလိမ်အညာဟု ထင်ကြကာ စာရေးဆရာအသစ်များကို ဝက်ဘ်ဆိုက်မှာ အချိန်ပြည့် အလုပ်မလုပ်ဖို့ တားမြစ်ကြသည်။
ရည်မှန်းချက် သုည ရှိသည့် စာရေးဆရာတွေကသာ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုအဖြစ် ရွေချယ်ပြီး လစာအနည်းငယ်အတွက် အချိန်ပြည့် အလုပ်လုပ်ဖို့ စဥ်းစားကြလိမ့်မည်။
ထို့ကြောင့် အယ်ဒီတာများက လုပ်စရာ ၂ ခုသာ ရှိပါသည်။
စာမူများကို စိစစ်ခြင်း သို့မဟုတ် စာရေးလိုက်၊ ဂိမ်းကစားလိုက်နဲ့ ကိုယ့်ကိုယ်ကို ဖျော်ဖြေနေဖို့သာ ဖြစ်သည်။
အမှန်ပင်။ ကျူးရှင်းအန်ကဲ့သို့ လူတချို့ကတော့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအတွက် တရားဝင် ဇာတ်လမ်းအား ရေးသားရခြင်းကို ဖျော်ဖြေမှုပုံစံတစ်ခုအဖြစ် မြင်ပါသည်။
သို့သော်လည်း အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တရားဝင် ဝတ္ထုကို ဝက်ဆိုက်၏ ပင်မစာမျက်နှာတွင် တင်ထားသည်။ ထို့ကြောင့် အသုံးပြုသူများက မရပ်မနား ကျိန်ဆဲနေကြပါသည်။ ကျူးရှင်းအန်သာ ဖိအား ဒီလောက် ခံနိုင်ရည်ရှိပြီး စိတ်ဓာတ်မမာကြောပါက သူ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာ ကြာပါပြီ။
စာဖတ်သူများက ထိုဝတ္ထုကို ကျိန်ဆဲနေရခြင်း အကြောင်းအရင်းများမှာ ရိုးရှင်းပါသည်။ ဇာတ်လမ်းက ရှုပ်ထွေးပြီး စုတ်ပြတ်လွန်းသည်။ ဘာမှ စိတ်ကျေနပ်ဖွယ်လည်း မကောင်းပါ။ တင်ထာားသည့် အပိုင်းများကို ဖတ်ပြီးနောက် အကုန်လုံး လမ်းပျောက်ကုန်ကြ၏။ ဒီဝတ္ထုကို ဝတ္ထုတစ်ပုဒ်လုပ်မည့်အစား ဂိမ်းတစ်ခု၏ ဇာတ်လမ်း ဒီဇိုင်းအဖြစ် ပြောင်းလိုက်တာမှ ပိုကောင်းဦးမည်။ အင်တာနက်ပေါ်က စာဖတ်သူအများစု၏ မျှော်မှန်းချက်ကို မပြည့်ဝစေပါ။
အားလုံးကလည်း အသားကျနေပြီးသားဖြစ်သည်။ အများစုက 'ဆဲချင်သလောက်ဆဲ' ဟူ၍ စိတ်ဆုံးဖြတ်ထားကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းက ဂိမ်းအတွက် ရေးသားထားတာပဲ မဟုတ်လား။
ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ ပြဿနာများအပြင် မာယိချွမ်က TPDb ဝက်ဘ်ဆိုက်ကိုလည်း စီမံနေရသေးသည်။ လောလောဆယ် ရလဒ်များကို စမြင်လာရပါပြီ။
ဘော့စ်ဖေးကို မြင်တောာ့ မာယိချွမ်က တစ်ယောက်ယောက်ကို သောက်စရာများ သွားယူခိုင်းလိုက်ပြီး သူကိုယ်တိုင် လတ်တလော တိုးတက်မှုများကို ဘော့စ်ဖေးအား တင်ပြလိုက်သည်။
ငါးမိနစ်ခန့် ကြာပြီးနောက်....
မာယိချွမ်က ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို လေးစားသောအားဖြင့် သူ့အောင်မြင်မှုများကို အလှဆင်ကာ ကြိုးစားပြောဆိုနေသော်လည်း ဝက်ဘ်ဆိုက်က ကျရှုံးမှုတစ်ခု ဖြစ်နေဆဲဖြစ်မှန်း ဖေးချမ့် တိတိကျကျ ပြောနိုင်ပါသည်။
"ကောင်းတာပေါ့။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်က တိုးတက်မှုအရိပ်အယောင်တွေပြနေပြီ။ TPDb ဝက်ဘ်ဆိုက်ကိုလည်း မင်း ကောင်းကောင်း ကိုင်တွယ်ထားတာပဲ။”
"ရလဒ်တွေကို အရမ်းကြီး စိုးရိမ်မနေနဲ့။ ဒီတိုင်းပဲ ဆက်ထိန်းထားပါ"
ဖေးချမ့်က မာယိချွမ်ကို ဝန်ထမ်းတစ်ယောက် အနေနဲ့ အလွန်အားရမိပါသည်။
မာယိချွမ်မှာ အလွန်အားကောင်းသည့် လုပ်ငန်းကိုယ်ကျင့်တရားများ ရှိနေသော်လည်း ဖေးချမ့်က သူ့ကို နေရာမှန်တွင် ထားပေးခြင်းဖြင့် သူ့အလားအလာတွေ အမြင့်ဆုံး မရောက်အောင် သေချာ တားထားပါသည်။ ဖေးချမ့်က သူ့ကိုယ်သူ ချီးကျူးရမည်။ အဘယ့်ကြောင့်ဆိုသော် မာယိချွမ်က သူ့အကောင်းဆုံး အောင်မြင်မှုထဲက တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
သူ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ဦးဆောင်လိုက်ကတည်းက ဝက်ဘ်ဆိုက်မှာ ဆက်တိုက် အရှုံးများပေါ်နေခဲ့သည်။ စာဖတ်သူက အလွန်နည်းပြီး အားကိုးရသည့် စာရေးဆရာများက ပိုတောင်နည်းပါသေးသည်။ ဒါတွေအားလုံးက မာယိချွမ်၏ ထူးချွန်သည့် အစွမ်းအစများကို ထုတ်ပြနေပါသည်။
ဖေးချမ့် သဘောကျသွား၏။ မာယိချွမ်က သူတကယ် စိတ်ပူစရာမလိုသော ရှားပါး ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်ပါသည်။
ဘော့စ်ဖေး စိတ်ကောင်းဝင်နေတာကို မြင်ပြီး မာယိချွမ် တွန့်ဆုတ်သွား၏။ သူ့စိတ်ထဲမှာ အချိန်အကြာကြီး တွေးထားသည့် ကိစ္စကို ထုတ်ပြောသင့် မပြောသင့် စဥ်းစားနေ၏။
စဥ်းစားချင့်ချိန်ပြီးနောက် ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။
"ဘော့စ်ဖေး ကျွန်တော့်မှာ ကျုံးထျန်တရုတ်နက်ဝေါ့ခ်အတွက် အထင်အမြင်- အဲ- အကြံပေးချက်တစ်ခုရှိတယ်ဆို ပိုမှန်မယ်"
"သြော် ဟုတ်လား။ ပြောကြည့်လေ" ဖေးချမ့် အနည်းငယ် အံ့သြသွားသည်။ သို့သော်လည်း အလွန်အကြူးတော့ မတုန့်ပြန်ခဲ့ပေ။
မာယိချွမ်က အွန်လိုင်းဝတ္ထုများကို ဆိုးဆိုးရွားရွား အထင်လွဲထားသူ ဖြစ်သည်။ သို့သော်လည်း သူက အတော်လေး ဉာဏ်ကောင်းသူ ဖြစ်သည်။ သူ ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ စီအီးအိုဖြစ်နေတာလည်း အချိန်အတော်ကြာခဲ့ပါပြီ။ ဝက်ဘ်ဆိုက်၏ အနာဂတ်အတွက် သူ့ကိုယ်ပိုင် အိုင်ဒီယာများ ထွက်လာလိမ့်မည်ဟု ဖေးချမ့် မျှော်လင့်ထားပြီးသား ဖြစ်သည်။
မာယိချွမ်က ပြောလိုက်၏။
"ဘော့စ်ဖေး ကျွန်တော် စဥ်းစားထားတယ်။ လောလောဆယ် ကျုံးထျန်တရုတ်နက်ဝေါ့ခ် စာပေရဲ့ အကြီးမားဆုံး ပြဿနာက ကျွန်တော်တို့ရဲ့ အလယ်တန်းအဆင့် စာရေးဆရာတွေရဲ့ ဝင်ငွေကို မတိုးနိုင်တာပဲမလား"
"အဆင့်နိမ့် စာရေးဆရာတွေကတော့ အခြေခံလစာပမာဏ ကျေးဇူးကြောင့် ဘေးကင်းကင်း ရှိကြတယ်"
"ဒါပေမယ့် အဲ့ဒီအဆင့်နိမ့် စာရေးဆရာတွေ အဆင့်တက်ဖို့ ကြိုးစားပြီး အလယ်တန်းအဆင့် စာရေးဆရာတွေ ဖြစ်လာကြပြီးတော့ Subscription ကို အားကိုးရုံနဲ့ သူတို့မိသားစုကို ထောက်ပံ့ဖို့ ဒါမှမဟုတ် နေစရိတ်စားစရိတ်တွေ ရဖို့က မဖြစ်နိုင်သလောက် ရှိနေတယ်"
"ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ စာဖတ်သူတွေက နည်းလွန်းပါတယ်။ ကျွန်တော်တို့ Subscription လုံလုံလောက်လောက် မထုတ်နိုင်ဘူး။ စာရေးဆရာတစ်ယောက်က စာအုပ်ကောင်းတစ်အုပ်ကို ထုတ်နိုင်ရင်တောင် ဝက်ဘ်ဆိုက်ရဲ့ နည်းပါးတဲ့ ဝင်ရောက်သူ အရေအတွက်ကြောင့် အကန့်အသတ် ရှိလာမှာပဲ။ သူ့စာအုပ် ရေပန်းစားလာနိုင်ခြေက အရမ်းနိမ့်တယ်"
ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။
ဟုတ်တယ်။ ငါလည်း အစောကတည်းက အဲ့ပြဿနာကို စဥ်းစားထားပြီးသားလေ။ ဝက်ဘ်ဆိုက် ဆက်ပြီး အရှုံးပေါ်နေနိုင်အောင်လို့ မသိချင်ယောင် ဆောင်နေခဲ့တာ။
သို့သော် ယခု မာယိချွမ်က ထုတ်ပြောလာသဖြင့် ဖေးချမ့်လည်း မသိချင်ယောင် ဆောင်နေလို့ မဖြစ်တော့ပေ။ ခေါင်းလိုက်ငြိမ့်ပြီး သဘောတူသည့် ပုံစံမျိုး လုပ်ပြမှ ဖြစ်ပါတော့မည်။
ဘာပဲဖြစ်ဖြစ် ဉာဏ်ကောင်းသည့် ဘော့စ်ဖေးက ဒီလိုပြဿနာမျိုးကို နားမလည်နိုင်ဘူးဆိုတာ ယုံနိုင်ဖွယ်မရှိပါ။
မာယိချွမ်က ဆက်ပြော၏။
"အဲ့တော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းတစ်ခု စဥ်းစားထားတယ်"
"ကျွန်တော်တို့ အလယ်တန်းအဆင့် စာရေးဆရာတွေကို အထက်တန်းအဆင့် စာရေးဆရာတွေရဲ့ ဝင်ငွေနီးပါး ရနိုင်တဲ့အချိန်အထိ Boost လုပ်ပေးရမယ်။ Subscription လုံလုံလောက်လောက်မရှိရင် ကျန်တဲ့ငွေတွေနဲ့ သူတို့ရဲ့ ဝင်ငွေကို ထောက်ပံ့ပေးဖို့ သုံးမယ်"
"ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ စာအုပ်ကောင်းတစ်အုပ် ပေါ်လာတယ်လို့ တွေးကြည့်စမ်းပါ။ အရည်အသွေးက အဆုံးမဲ့ တရုတ်နက်ခ်ဝေါ့ ပေါ်က အပျံစားစာအုပ်တွေနီးပါး ကောင်းနေရင် ကျွန်တော်တို့ ငွေသုံးပြီး စာရေးဆရာက Subscription ဝင်ငွေကို ထောက်ပံ့ပေးလို့ရတယ်"
"အဲ့လိုဆိုရင် အဆင့်နိမ့်စာရေးဆရာတွေလည်း ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ တိမ်ကော ပျောက်ကွယ်သွားမှာ မစိုးရိမ်ရတော့ဘူး"
ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားသည်။
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ငါတို့ စာအုပ်တစ်အုပ်က ထိပ်တန်းအဆင့် စံနှုန်း မှီမမှီကို ဘယ်လို ဝေခွဲကြမလဲ"
မာယိချွမ်က ပြန်ပြောလိုက်သည်။ "တစ်ဖက်မှာ ဝက်ဘ်ဆိုက်ပေါ်က ကိန်းဂဏန်းတွေကို အားကိုးလို့ရတယ်။ ဥပမာ Subscription အရေအတွက် နဲ့ ငွေပေးဖတ်တဲ့ စာဖတ်သူတွေရဲ့ အချိုး၊ Vote ပေးတာတွေ၊ ကလစ်အရေအတွက်တွေ၊ စသဖြင့်ပေါ့။ နောက်တစ်ဖက်မှာတော့ အရည်အသွေးကို ကျွန်တော်တို့ဖာသာ အကဲဖြတ်လို့လည်း ရတာပဲ"
"ကျွန်တော်တစ်ယောက်တည်းပဲ ဒါကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
မာယိချွမ်က ဒီနေ့ ပြဿနာကို ရှာတွေ့ခဲ့ရုံတင်မကဘဲ ဒီဖြေရှင်းချက်ကိုပါ စဥ်းစားခဲ့ရပြီး သတ္တိမွေးကာ ထုတ်ပြောခဲ့ရသည်။ သူ့အတွက် မလွယ်ကူခဲ့ပါ။
ယခုချိန်မတိုင်ခင်တုန်းက ဘော့စ်ဖေး စိတ်ဆိုးသွားမှာကို မာယိချွမ် စိုးရိမ်ထိတ်လန့်နေခဲ့၏။
သူ့အကြံက အလွန်ရဲတင်းလွန်းမှန်း သူသိသောကြောင့်ဖြစ်သည်။ သူက လိုတရ အာဏာများစွာကို တောင်းဆိုနေတာမျိုး ဖြစ်နေသည်။
လက်ရွေးစင် စာရေးဆရာတစ်ယောက်က မူပိုင်ခအရ ယွမ် ၁၀,၀၀၀ ရသင့်သော်လည်း ကျုံးထျန်တရုတ်နက်ဝေါ့ခ်စာပေက အခြေခံ လစာအဖြစ် ယွမ်ရာဂဏန်းသာ ပေးလျှင် ဆိုလိုရင်းက ကျန်ငွေကို ဝက်ဘ်ဆိုက်က ထုတ်ပေးရမည့်သဘောဖြစ်သည်။
ထိပ်တန်းအဆင့် အရေးအသားမျိုး ရေးသားနိုင်သည့် စာရေးဆရာ ၁၀ ယောက် သို့မဟုတ် အယောက် ၂၀ လောက် ရှိပါက ဝက်ဘ်ဆိုက်က တစ်လကို အနည်းဆုံး ယွမ် ၁၀၀,၀၀၀ - ၂၀၀,၀၀၀ လောက် ထုတ်ပေးနေရမည်။
ထို့အပြင် ဘယ်သူက ငွေတွေကိုရမလဲဆိုတာ မာယိချွမ်မှာ ဆုံးဖြတ်ခွင့်ရှိသည်။ ဝက်ဘ်ဆိုက်ပေါ်က ကိန်းဂဏန်းများကို ထည့်ပြောခဲ့သော်လည်း ဝက်ဘ်ဆိုက်က အစကတည်းက ဖတ်ရှုသူ နည်းပါးနေသည်။ မာယိချွမ်တစ်ယောက် ကိန်းဂဏန်းတွေကို ကလိဖို့ ဘယ်လောက်ခက်နိုင်မှာလဲဲ။
ထို့ကြောင့် ပိုက်ဆံကို ဘယ်သူရသင့်မှန်း မာယိချွမ်ပဲ ဆုံးဖြတ်ရမည်ဖြစ်သည်။
သူသာ မကောင်းသည့်လူဖြစ်ပါက သူ့မိသားစုနဲ့ သူငယ်ချင်းများကို အကောင့်သစ်များဖွင့်ခိုင်းပြီး ရေပန်းမစားသည့် စာအုပ်များကို အသေးစား ပြုပြင်မှုများ လုပ်ခိုင်းလိုက်မည်။ ထို့နောက် ထိုငွေတွေ သူ့အိတ်ထဲပဲ ရောက်လာအောင် လျှို့ဝှက်နည်းလမ်းများ သုံးနိုင်ပါသည်။
ထို့ကြောင့် မာယိချွမ်က ယုတ္တိရှိသည့် ပြဿနာတစ်ခုကို ဖော်ပြနေသော်လည်း သူ့အကြံပေးချက်က သင့်တော်သည့်ပုံမပေါ်ပါ။
စိတ်ကူးယဥ်ဆန်သည့် အစီအစဥ်တစ်ခုသာ ဖြစ်နေသည်။ သူ့မှာ တစ်ကိုယ်ကောင်းဆန်စိတ်လေး နည်းနည်းရှိလိုက်တာနဲ့ အစီအစဥ်တစ်ခုလုံးက လွဲချော်သွားပြီး တန်ပြန်သက်ရောက်မှုများ ရှိလာနိုင်သည်။ အကျင့်ပျက် ခြစားသည့် သတင်းတစ်ခုသာထွက်သွားပြီး စာရေးဆရာများ ကြားသွားပါက ဝက်ဘ်ဆိုက်၏ ဂုဏ်သတင်းလည်း ပြန်ဆည်မရအောင် မြောင်းထဲ ရောက်သွားလိမ့်မည်။ စွန့်စားရမှာ အန္တရာယ်အရမ်းများပါသည်။
သို့သော်လည်း မာယိချွမ်က ပိုကောင်းသည့် ဖြေရှင်းချက်ကို စဥ်းစားမရတော့ပေ။
စာဖတ်သူက အလွန်နည်းပါးလွန်း၏။ အဆင့်နိမ့်စာရေးဆရာများ ဘယ်လောက် အရေးအသား ကောင်းပါစ မူပိုင်ခများများစားစား ရနိုင်မှာ မဟုတ်ပါ။ ဒါက ၎င်းတို့၏ စိတ်အားထက်သန်မှုများကို ပြင်းပြင်းထန်ထန် အဟန့်အတားဖြစ်စေသည်။ မာယိချွမ် တစ်ခုခုအမြန် စဥ်းစားလိုက်ရပါသည်။
ထို့ကြောင့် သူ သတ္တိမွေးကာ ဒီကိစ္စကို ဘော့စ်ဖေး သဘောတူမလား မတူမလား ထုတ်ပြောလိုက်ရခြင်းဖြစ်ပါသည်။
ဖေးချမ့်က ချက်ချင်း ဘာမှ ပြန်မပြောရသေးပါ။ ဖြေရှင်းချက်ကို တိုးတိတ်စွာ ချင့်ချိန်နေသေးသည်။ မာယိချွမ်ကို ဒီငွေတွေ ကိုင်ခိုင်းထားရမှာလား။ ဒီလိုလုပ်ဖို့ တွေးနိုင်ပါသည်။
ဖေးချမ့်က မာယိချွမ်နဲ့ အွန်လိုင်းစာပေအပေါ် သူ့အမြင်တို့ကို ယုံကြည်သည်။
မာယိချွမ်ရေးသားလိုက်သည့် ဝတ္ထုတိုင်းက မအောင်မြင်ပေ။ သူအွန်လိုင်းစာပေကို အဓိပ္ပာယ်ကောက်သည့် နည်းလမ်းမှာ ကြီးကြီးမားမား ပြဿနာရှိနေမှန်း ဖော်ပြနေပါသည်။ ဒီလိုဆိုမှတော့ မာယိချွမ် ကောင်းသည်ဟု ထင်သည့် စာအုပ်တွေလည်း တကယ်ကောင်းမှာ မဟုတ်မှန်း ဖေးချမ့် ယုံကြည်ထားပါသည်။
တစ်နည်းအားဖြင့် ထောက်ခံချက်နေရာများကို ဖြည့်ဖို့အတွက် စာအုပ်တွေရွေးလိက်ပြီး လက်ရွေးစင် စာရေးဆရာများ ရရှိသည့် နှုန်းအတိုင်း မူပိုင်ခများကို ခွဲဝေပေးရင်တောင် ကျုံးထျန်တရုတ်နက်ဝေါ့ခ် စာပေ၏ စီးပွားရေးက အဆင်ပြေမှာ မဟုတ်ပါ။
တစ်ချိန်တည်းမှာပဲ ဝက်ဘ်ဆိုက်၏ ကုန်ကျစရိတ်တွေကလည်း ပိုပြီး များပြားသွားမည်ဖြစ်သည်။
ငွေကို တတ်နိုင်သမျှ များအောင် ဖြုန်းဖို့ အားသန်နေသည့် ဖေးချမ့်အတွက်တော့ အလွန်ကောင်းသည့် အကူအညီဖြစ်လာနိုင်ပါသည်။
သူ့အကြံပေးချက်၏ အန္တရာယ်များနဲ့ အကျိုးကျေးဇူးများကို သေသေချာချာ ချင့်ချိန်ပြီးနောက် ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ ကိစ္စမရှိဘူး။ ငါတို့ စာချုပ်ချုပ်ထားတဲ့ စာရေးဆရာတွေအတွက် အခြေခံလစာအပြင် မင်းဆီကို နောက်ထပ် ယွမ် ၂ သန်း လွှဲပေးလိုက်မယ်။ အဲ့တာကို အရင်သုံးကြည့်လိုက်ပါ"
မာယိချွမ် ရပ်တန့်သွားပြီး အမြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ၂ သန်းက များလွန်းပါတယ် ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ အခု အစွမ်းအစရှိတဲ့ စာရေးဆရာ များများစားစား မရှိဘူး။ တစ်လကို ယွမ် ၂၀၀,၀၀၀ လောက်ပဲ လိုမယ် ထင်တယ်"
ဖေးချမ့်က လက်ရမ်းပြလိုက်သည်။ "စိတ်မပူစမ်းပါနဲ့"
"ထိပ်တန်းအဆင့် စာရေးဆရာတွေကို ငွေပိုပေးလည်း ဘာမှ မထိခိုက်ပါဘူး။ ငါတို့ဝက်ဘ်ဆိုက်က ပါရီမီရှင်တွေကိုလည်း ထပ်ဝယ်နိုင်တာပဲ။ စာရေးဆရာတွေကို ငွေပိုပေးလိုက်တာ အကြံဆိုး မဟုတ်လောက်ပါဘူးကွာ"
"ကပ်စေးလည်း နဲမနေနဲ့။ မင်းက ကုမ္ပဏီရဲ့ငွေနဲ့ စာရေးဆရာတွေကို မူပိုင်ခပေးဖို့ ဆုံးဖြတ်ထားတာဆိုတော့ ပေးမှာသာ ပေးလိုက်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ လာလုပ်ရတဲ့ ကျေးဇူးကို ခံစားသွားကြပါစေ"
ဖေးချမ့်က သိပ်ပြီး စိတ်မပူပါ။
ဘာပဲဖြစ်ဖြစ် မာယိချွမ်က အမှိုက်သာသာ စာအုပ်တွေကိုသာ ရွေးနိုင်ပါသည်။ ထို့ကြောင့် စာရေးဆရာတွေကို ငွေပိုပေးလည်း ဘာထူးမှာလဲ။
စာအုပ်များက စုတ်ပြတ်နေပါက စာဖတ်သူတွေလည်း သူတို့ဝက်ဘ်ဆိုက်ကို လာကြမှာ မဟုတ်ပါ။ ဒီငွေပမာဏကို သဲထဲရေသွန်လုပ်လိုက်သလိုပဲ ဖြစ်လိမ့်မည်။ ဖေးချမ့် ဒီအစီအစဥ်ကို အလွန် ကျေနပ်သဘောကျပါသည်။
ထိုအပြင် သူတို့ ငွေစာရင်းရှင်းချိန်ကိုလည်း ရောက်ဖို့ နီးကပ်လာပြီ။ ဖေးချမ့် သူ့ငွေတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖြုန်းတီးရပါမည်။
မာယိချွမ်ကတော့ ယွမ် ၂ သန်းကို များလွန်းသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် ဖေးချမ့်က သူ့ကို ဒီ့ထက်တောင် ပိုပေးနိုင်ဖို့ မျှော်လင့်မိသည်။
မာယိချွမ်က အလွန်ကြည်နူးသွား၏။ ဘော့စ်ဖေးက သူ့ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေသည်။ အလွန် ရက်ရောလွန်းလှသည်။
သူတို့ ပါရမီရှင်တွေကို ပိုဝယ်နိုင်သည်ဟု ပြောလိုက်တာ အလွန်ကောင်းသည်။
သူတို့ ပိုတော်သည့် စာရေးဆရာများကို မူပိုင်ခများ ပိုပေးပါက ကျုံးထျန်တရုတ်နက်ဝေါ့ခ်က တခြားဝတ္ထုဝက်ဘ်ဆိုက်ငယ်များထက် နှာတဖျားသာနိုင်သည်။ အချိန်တွေ ကြာလာတာနဲ့အမျှ သံသရာစက်ဝန်းတစ်ခု ဖြစ်လာနိုင်ပါသည်။
မာယိချွမ် ပိုပြီး သဘောကျသွားရသည်က ဘော့စ်ဖေး သူ့အပေါ်ထားသည့် ယုံကြည်မှုပင်ဖြစ်သည်။
မာယိချွမ်ကို ဒီယွမ် ၂ သန်းအား စိတ်ကြိုက် စီမံခွင့် ပေးလိုက်သည်။
သူ့ကို ဘယ်လောက်တောင် ယုံကြည်ထားတာလဲ။ သာမန် ခေါင်းဆောင်တွေဆို ဒီလောက် သတ္တိရှိနိုင်ပါ့မလား။ ဘော့စ်ဖေးအတွက် အကောင်းဆုံး မကြိုးစားဘူးဆိုရင် သူ့ကိုယ်သူ လူလို့ခေါ်နိုင်ပါဦးမလား။
မာယိချွမ်က သူ့ရင်ဘတ်သူ ပုတ်လိုက်ပြီး ကြေညာလိုက်ပါသည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေး ကျွန်တော် ကြိုးစားပြီး အစွမ်းအစ အရှိဆုံး စာရေးဆရာတွေကိုပဲ ရွေးချယ်လိုက်ပါ့မယ်။ ဘော့စ်ဖေးရဲ့ ငွေတွေကို အလကားဖြစ်မသွားစေရဘူး"
ဖေးချမ့် ရင်ထဲတွင် လှောင်ရယ်ရယ်လိုက်သည်။
မင်းကြိုးစားမှ ငါ့ငွေတွေ အကုန်အလကားဖြစ်သွားမှာ။ မဟုတ်ရင် မင်းကို ငါ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘာလို့ ဒီလောက် အလေးထားရမှာလဲ။