အကြောင်းပြချက်ကောင်းကောင်းပေးရင် စနစ်က ငွေပေးသုံးလိမ့်မယ်
Vol. 19 Ch. 272
ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှ ထွက်လာပြီးနောက် ဖေးချမ့် ထန်းတာ့ရုံးခန်းသို့ ပြန်လာခဲ့သည်။ ဂိမ်းကို ထုတ်ခါနီးနေပြီဖြစ်ကာ အားလုံးလည်း စိတ်လှုပ်ရှား မျှော်လင့်စောင့်စားနေကြမှန်း သိသာပါသည်။
လီယာ့တာ အပါအဝင် အားလုံး ဂိမ်းကို စမ်းကစားကြည့်ဖို့ အာရုံစိုက်နေကြသည်။ ဂိမ်းက စမ်းသပ်ပြီးသား ဖြစ်ပါသည်။ Bug များ အနည်းငယ်ရှိနေသေးသော်လည်း ကစားသမားတွေ ထို Bug များကို ကြုံတွေ့နိုင်ခြေက အလွန်နည်းပါးသည်။ သို့သော်လည်း စိတ်အေးအေးထားလို့ မရသေးပါ။ အခုချိန်အထိ စာမေးပွဲနောက်ဆုံးအချိန် အဖြေလွှာကို ပြန်စစ်နေသကဲ့သို့ ဂိမ်းကို ဆက်လက် စစ်ဆေးနေကြဆဲဖြစ်သည်။ အများစုက ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ ကြိုးစားနေကြပါသည်။
ပေါင်ရှုကတော့....
တခြားသူတွေလို အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအား စမ်းသပ်ဖို့ အစီအစဥ်မရှိသလိုမျိုး တခြား ဂိမ်းတွေကိုသာ ကစားနေပါသည်။
ဖေးချမ့် ခေါင်းကို မသိမသာငြိမ့်လိုက်မိ၏။
ကောင်းတယ်ကွာ ငါမြင်ချင်တာလည်း ဒါမျိုးပဲ။
ပေါင်ရှုကိုကြည့်ရတာ အားလုံး နားလည်သွားသည့်ပုံစံပင်။ လစာမပျက် ခွင့်ရက် ၂ ခါလောက် ရရှိပြီးနောက် တစ်ခုခုကို သဘောပေါက်သွားသည် ထင်ပါသည်။ ယခုတော့ ရေသာခိုဖို့ ဆုံးဖြတ်လိုက်သည့်ပုံပင်။
ဖေးချမ့် ဘေးနားက ဖြတ်သွားတိုင်း ပေါင်ရှုက ဂိမ်းတစ်ခုခု ကစားနေခြင်း သို့မဟုတ် အင်တာနက်သာ သုံးနေသည်။ သူ အလုပ်လုပ်နေတာကို ဖေးချမ့် တစ်ခေါက်တစ်လေတောင် မမြင်ရပါ။
ထို့ကြောင့် ပေါင်ရှုကို ဖေးချမ့် ပို၍ပင် ယုံကြည်သွားပါသည်။
ပေါင်ရှုကို ဖေးချမ့် အလုပ်ခန့်ခဲ့ရခြင်း၏ မူလ ရည်ရွယ်ချက်ကလည်း ရုံးမှာ ဂိမ်းကစားရင်း ရေသာခိုနေတာကို မြင်ချင်လို့ ဖြစ်သည်။
လမ်းတစ်လျှောက် အတားအဆီးများစွာနဲ့ ကြုံတွေခဲ့ရသော်လည်း ပေါင်ရှု၏ လက်ရှိ အပြုအမူများက ဖေးချမ့် မျှော်လင့်ထားတာတွေနဲ့ ထပ်တူညီနေပါသည်။
ပေါင်ရှုသာ ဒီတိုင်းဆက်သွားနေလျှင် ဖေးချမ့် သူ့ကို တာဝန်တွေ ပိုပေးရမည်ဖြစ်သည်။ သို့သော် ဖေးချမ့် လေးလေးနက်နက် စဥ်းစားရပါမည်။
ထိုအတွေးဖြင့် ပေါင်ရှုဆီကို လျှောက်သွားလိုက်သည်။
ပေါင်ရှုက အမြန် လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘော့စ်ဖေး တစ်ခုခု လိုလို့လား"
"ဘာမှ အရေးမကြီးပါဘူး။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းရဲ့ လက်တိကျမှု အခြေအနေ ဘယ်လိုရှိလဲ မေးချင်လို့။ ချိန်ညှိတာတွေ လုပ်ပြီးပြီလား" ဖေးချမ့်က နွေးနွေးထွေးထွေးအပြုံးဖြင့် မေးလိုက်ပါသည်။
"ထင်တာပဲ..."
ပေါင်ရှုက "အားလုံးပြီးသွားပြီထင်တာပဲ" ဟု ပြောချင်သော်လည်း တစ်ခုခု လွဲနေမှန်း ခပ်မြန်မြန်ပဲ သတိထားမိသွားသည်။
သူ ဒီလိုသာ ပြောလိုက်ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်။
လတ်တလော သူအရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ခိုးပြီး ကစားနေခဲ့ကာ သူရှာတွေ့သည့် ပြဿနာ အသေးစားတိုင်းကို လီယာ့တာထံသို့ တင်ပြခဲ့သည်။ သူတို့နှစ်ယောက်ကလွဲပြီး ဒီကိစ္စကို ဘယ်သူမှ မသိကြပါ။
ပေါင်ရှုသာ အကုန်လုံးချိန်ညှိပြီးသွားပြီဟု ပြန်ပြောလိုက်ပါက ဘာဖြစ်သွားမလဲ။ ဂိမ်းအခြေအနေကို သူ ကောင်းကောင်း နားလည်ထားသည်ဟု ထုတ်ပြလိုက်သလို ဖြစ်သွားပါမည်။
ဒါကိုသာ ထုတ်ပြလိုက်လျှင် ဒီကာလအတွင်း ပေါင်ရှု ရေသာခိုချင်ယောင်ဆောင်ခဲ့တာတွေ သဲထဲရေသွန် ဖြစ်မသွားနိုင်ဘူးလား။ နောက်တစ်ခေါက် ထူးချွန်ဝန်ထမ်းအဖြစ် မဲပေးမခံရအောင် ဒါတွေအကုန်လုံးကို လုပ်နေခြင်းသာ ဖြစ်သည်။
ပေါင်ရှု ချောက်ချားလွန်းသွားသဖြင့် ချွေးစေးများ ကျောပြင်ပေါ်က စီးကျလာသည်။
ကပ်သီးလေးကွာ။
ခပ်မြန်မြန်ပဲ စကားကို ပြန်ပြင်ပြောလိုက်သည်။ "လီယာ့တာကို... မေးကြည့်သင့်တယ်လို့ ထင်တယ်။ ကျွန်တော် သိပ်ပြီး သေချာမသိလို့ပါ"
"သြော် ဟုတ်တာပေါ့" ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လှည့်ထွက်သွားပြီး လီယာ့တာထံသို့ လျှောက်သွားပါသည်။
အမှန်ပင်။ ပေါင်ရှု ဥရောပက ပြန်လာကတည်းက ဒီတာဝန်ကို ယူမထားပါ။
ယခင်တုန်းက ဂိမ်းတွေကို အကြိမ်ပေါင်းများစွာ ကစားပြီး သူ့အလုပ် မဟုတ်ရင်တောင် လက်တိကျမှု ပြဿနာနဲ့ တခြားအသေးစိတ်များကို ရှာဖွေ တင်ပြတတ်သည်။
သို့သော်လည်း အခုတော့ ထိုအကျင့်ဆိုးကို ပေါင်ရှု ဖျောက်ပစ်လိုက်ပြီ ထင်ပါသည်။
အောင်ပွဲခံစရာပင်။
ဖေးချမ့် စိတ်အေးသွားရ၏။ တစ်ဖက်မှာလည်း ပေါင်ရှုက စိတ်အေးလက်အေး သက်ပြင်းအရှည်ကြီး ချလိုက်မိပါသည်။
ကပ်သီးလေးကွာ။
သူစကားပြောသာ မှားသွားပါက သူခံစားရမည့် ဆိုးဆိုးရွားရွား အကျိုးဆက်များကို မြင်ယောင်လာပါသည်။
နှစ်ဝက်လောက် ကြာသည့်အခါ သူ့ကို ဆဟာရကန္တာရကြီး၊ နိုင်းလ်မြစ်ကြီးနဲ့ ဂီဇာ မဟာပိရမစ်ကြီးတို့က သူ့ကို နွေးနွေးထွေးထွေး စောင့်မျှော်နေလောက်သည်။
ကံကောင်းစွာဖြင့် ထိုကပ်ဘေးကို သူအောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါသည်။
"ငါစိတ်အေးအေးထားလို့မဖြစ်ဘူး။ ခဏလေးတောင် မရဘူး"
ပေါင်ရှု သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ဂိမ်းထဲ ပြန်ဝင်လိုက်ပါသည်။ သူ့ကွန်ပျူတာထဲမှာတောင် လုံခြုံရေးအချက်ပြစက်များ တပ်ဆင်ထားရမလားဟု စဥ်းစားမိလိုက်သည်။
နောက်တစ်ခေါက် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲ မရောက်ခင်အထိ ဒီလိုဆက်ပြီး သရုပ်ဆောင်နေရမည်ဟု တွေးမိရုံနဲ့ ပေါင်ရှု ဝမ်းနည်းသွားရသည်။
ရုံးခန်းကို ပြန်ရောက်တော့ ဖေးချမ့် ကွန်ပျူတာကို ဖွင့်လိုက်သည်။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ကြော်ငြာသင့် မကြော်ငြာသင့် ဝေခွဲရခက်နေဆဲ ဖြစ်ပါသည်။
သူ ကြော်ငြာလိုက်ပါက...
ကစားသမားတိုင်းက အမြတ်ရနိုင်သည့် အန္တရာယ်ကို တိုးမြင့်စေလိမ့်မည်။
သို့သော် မကြော်ငြာရင်လည်း...
လက်ရှိ ထန်းတာ့၏ နာမည်ကြီးပုံမျိုးနဲ့ဆို မကြော်ငြာရင်တောင် ဂိမ်းက လူသိများလာပါလိမ့်မည်။
ထို့အပြင် ခမ်းခမ်းနားနား ကြော်ငြာဖို့ ပြုလုပ်ပါက သူငွေတွေ ပိုဖြုန်းနိုင်မည်။
အကြာကြီး စဥ်းစားချင့်ချိန်ပြီးနောက် ဖေးချမ့် ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ကျားကျုထျစ်နဲ့ Bloody Battle Song တို့၏ အတွေ့အကြုံကို ရပြီးနောက် ဂိမ်းကိုမကြော်ငြာတာ ပိုဘေးကင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ငွေများများ ပိုသုံးဖို့အတွက်နဲ့ ဒီလိုစွန့်စားမှုမျိုးလုပ်တာ မသင့်တော်ဘူးဟု ထင်ရသည်။
"ဂိမ်းကို အာရုံစိုက်ခံရတာ နည်းဖို့ ဇာတ်နိမ့်ပဲ နေသင့်တယ်။ ထန်းတာ့မှာ အခုအမာခံပရိတ်သတ်တွေ အများကြီးရှိနေပြီးသား။ ဒါပေမယ့် လူတွေသိပ်မသိအောင် မကြော်ငြာတာ ပိုကောင်းပါတယ်"
"ရည်ရွယ်ချက်ရှိရှိ မကြော်ငြာဖို့ ရွေးချယ်လိုက်ရင် ပထမ ဂိမ်မာအုပ်စု ကြားထဲမှာ ရေပန်းစားအကြောင်းအရာဖြစ်လာဖို့ အနည်းဆုံး ၂ ရက် ၃ ရက်လောက် ကြာနိုင်တယ် မဟုတ်လား"
"နှောင့်နှေးနိုင်သမျှ နှောင့်နှေးအောင် လုပ်ရမယ်"
ဖေးချမ့် ထိုကိစ္စတွေအားလုံးကို တိတ်တဆိတ် စဥ်းစားလိုက်ပြီး Bloody Battle Song ၏ အခြေအနေကို စစ်ဆေးဖို့ တရားဝင် ပလက်ဖောင်းထဲ ဝင်လိုက်ပါသည်။ ဖေးချမ့်ကို အံ့သြသွားစေသည်က Bloody Battle Song မှာ တရားဝင်ပလက်ဖောင်း၏ ပင်မစာမျက်နှာပေါ်က အကြီးမားဆုံးထောက်ခံချက် နေရာတွင် မရှိတော့ပေ။
ဖေးချမ့် ရပ်တန့်သွား၏။ ဘယ်လိုတုန့်ပြန်ရမှန်းတောင် မသိတော့ပေ။
တရားဝင်ပလက်ဖောင်းက သိပ်မကြာသေးခင်ကမှ Bloody Battle Song ကို ထောက်ခံပေးခဲ့သေးသည်။ ထိုကတည်းက ထောက်ခံချက်ကို ပြန်မဖျက်ခဲ့ပေ။ သို့သော် ၁ ပတ်တောင် မကြာသေးဘဲ ဘာလို့ ထောက်ခံချက် ပျောက်သွားတာလဲ။
လက်ရှိ ထောက်ခံချက်၏ ခေါင်းစဥ်ကို ဖေးချမ့် သေသေချာချာ ဖတ်ကြည့်လိုက်ပါသည်။
'ပြည်တွင်းထုတ်ဂိမ်းများ၏ ဂုဏ်ကျက်သရေ : ထန်းတာ့ရဲ့ နောက်ဆုံးထွက်ဂိမ်း မကြာခင် ရောက်ရှိလာတော့မည်'
ဖေးချမ့် “...”
တရားဝင်ပလက်ဖောင်း ဘာတွေလုပ်နေတာလဲ။ သူတို့ကို ထောက်ခံချက်နေရာပေးဖို့ တောင်းဆိုမိလို့လား။ ဘာလို့ ငါ့ကို အတင်းအကြပ် လက်ခံခိုင်းနေတာလဲ။
ဖေးချမ့် ဘာပြောရမှန်းမသိတော့ပါ။ သူ ဂိမ်းကို ကြော်ငြာသင့် မကြော်ငြာသင့်တောင် စဥ်းစားဖို့ မလိုတော့ပေ။ တရားဝင် ပလက်ဖောင်းက သူ့အတွက် ကြော်ငြာပေးလိုက်ပါပြီ။
ဂိမ်းအတွက် ရေပန်းစားဆွေးနွေးမှုတွေ ပေါ်လာဖို့ ၂ ရက် ၃ ရက်တောင် စဖို့မလိုတော့ပါ။ အခုတောင် စပေါ်လာပါပြီ။ အားလုံးက ဂိမ်းမထုတ်ခင် တရားဝင် ပလက်ဖောင်းက ထောက်ခံချက်နေရာ ပေးလိုက်ခြင်းကြောင့် ဖြစ်ပါသည်။
ဖေးချမ့် ဆွံ့အသွားရ၏။ ဒါဘာသဘောလဲ။ တရားဝင်ပလက်ဖောင်းရဲ့ ထောက်ခံချက်နေရာတွေက အရမ်းအရေးကြီးတာလေ။ ထုတ်တောင် မထုတ်ရသေးတဲ့ ဂိမ်းကို အကောင်းဆုံးနေရာပေးလိုက်တာ မရူးလွန်းဘူးလား
သို့သော်လည်း ထပ်စဥ်းစားကြည့်မှ ဖေးချမ့် နားလည်သွားပါသည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေကို မထုတ်လုပ်ခင် စိစစ်ခံရဖို့အတွက် ပို့ပေးရသည်။ စိစစ်မှု လုပ်ငန်းစဥ်ကို အောင်မြင်မှ ဂိမ်းကို ထုတ်လုပ်နိုင်ပါသည်။
တရားဝင်ပလက်ဖောင်း၏ ဝန်ထမ်းက စိစစ်ပြီးနောက် ဂိမ်းရဲ့ အကြောင်းအရာကို နားလည်သွားတာ ဖြစ်နိုင်သည်။
အမှန်ပင်။ ဂိမ်းကို စိစစ်ဖို့ တာဝန်ယူထားသူများက ကိုယ်တိုင် ပြီးအောင် ကစားဖို့ မလိုပေ၊။ ထန်းတာ့က သူတို့ စိစစ်နိုင်ဖို့အတွက် တရားဝင် Hack နဲ့ အသေးစိတ် ရှင်းလင်းချက်များကို ပို့ပေးရသည်။ စိစစ်မှု တာဝန်ရှိသည့် ဝန်ထမ်းတိုင်း ဂိမ်း၏ အဆင့်တိုင်းကို ကစားနိုင်မှာ သေချာပါသည်။
စိစစ်မှုဝန်ထမ်းက ဂိမ်း၏ တရုတ်ရိုးရာ စတိုင်နဲ့ အကြောင်းအရာများကို အထင်ကြီးသွားတာ ဖြစ်နိုင်သည်။
တရားဝင်ပလက်ဖောင်းက သမုဒ္ဒရာရဲတိုက်နဲ့ Game Designer တို့၏ ဖန်တီးရှင်ဖြစ်သောာ ထန်းတာ့ဂိမ်းကို စောင့်ကြည့်နေခဲ့သည်။ ထန်းတာ့ဂိမ်းကို ထောက်ခံချက်နေရာများလည်း အလွယ်တကူ ပေးလိုကြသည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက အလွန်ကောင်းမွန်သည့် ဂိမ်းပေါင်းများစွာကို ကျောထောက်နောက်ခံယူထာားပြီး အရည်အသွေးလည်းမြင့်၊ တရုတ်စတိုင် Content များလည်းပါဝင်သဖြင့် တရားဝင် ပလက်ဖောင်းက အကောင်းဆုံး ထောက်ခံချက်နေရာကို ပေးလိုက်ခြင်းဖြစ်ပါသည်။
ဖေးချမ့် တကယ်ပဲ စွန့်အသွားပါသည်။
တရားဝင် ပလက်ဖောင်းရေ မင်းကတော့ တကယ့်ကို တစ်ခုခုပဲ။
ငါဒီလိုအခြေအနေမျိုး ရောက်နေတာတောင် ဘာလို့ အထူးခံစားခွင့်တွေ ပေးနေသေးတာလဲ။ ငါဒီတိုင်း လူမသိသူမသိ အသေးစား ဂိမ်းဒီဇိုင်နာလေးတစ်ယောက် ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူးလား။
ဖေးချမ့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လျက် ထောက်ခံချက်ကို နှိပ်ကြည့်လိုက်ပါသည်။
နှိပ်ကြည့်လိုက်တာနဲ့ ဂိမ်းကိုထုတ်လုပ်ပြီးနောက် အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ အသေးစိတ်စာမျက်နှာနေရာဖြစ်လာမည့် နေရာကို ရောက်သွားပါသည်။ သို့သော်လည်း ဂိမ်၏ အကြောင်းအရာအတွက် အသေးစိတ်ရေးထားတာ နည်းလွန်းပါသည်။ ဂိမ်း၏ ခေါင်းစဥ်၊ ရိုးရိုးရှင်းရှင်း မိတ်ဆက်စာနဲ့ ပုံတချို့သာရှိသည်။
ဂိမ်း၏ တရားဝင် ထုတ်လုပ်ရက်ကို အောက်တိုဘာလ ၁ ရက်နေ့ သတ်မှတ်ထားသော်လည်း ဂိမ်မာများစွာက ကောမန့်တွေတောင် မန့်နေကြပါပြီ။
"မိုက်လိုက်တာ ဂိမ်းက ထွက်တောင် မထွက်သေးဘူး တရားဝင်ပလက်ဖောင်းရဲ့ ပင်မစာမျက်နှာပေါ်မှာ ထောက်ခံချက်နေရာတောင် ရသွားပြီ။ ထန်းတာ့ဂိမ်းက တကယ်တော်ချက်ပဲကွာ"
"တရားဝင်ပလက်ဖောင်းက သူတို့ကို သားအရင်းလို ဆက်ဆံနေတာပဲ"
"ထန်းတာ့ရဲ့ အော်ပရေးရှင်းဝန်ထမ်းတွေကလည်း တော်တော် တော်တဲ့ပုံပဲ။ တရားဝင် ပလက်ဖောင်းနဲ့ ဆက်ဆံရေးကောင်းအောင် ဘယ်လို ဖန်တီးရမလဲ သိကြတယ်"
"တရားဝင်ပလက်ဖောင်းနဲ့ ဆက်ဆံရေး ကောင်းစရာတောင် လိုလို့လား။ ကုမ္ပဏီက တော်ကိုတော်တာပါကွာ နားလည်လား။ Game Designer ကလည်း ဒီလောက်မြန်မြန် ထိပ်ဆုံးကို ရောက်လာတာ။ ထန်းတာ့ဂိမ်းက ဒီလို အကျိုးခံစားခွင့်မျိုးနဲ့ ထိုက်တန်တာပေါ့။ တခြားဂိမ်းကုမ္ပဏီတွေက မကျေနပ်ကြဘူူးလား။ သူတို့နဲ့ တန်တယ်ထင်ရင်အဲ့လို ဂိမ်းမျိုးတွေ ထုတ်ကြည့်လိုက်ကြပေါ့"
"အေး လေးစားလိုက်တာ"
ဖေးချမ့် ထိုကောမန့်များကို ဖတ်ရင်း မျက်ခုံးများလှုပ်လာပြီး ခေါင်းလည်း ကိုက်လာပါသည်။
ယီးကို မိုက်တာလား။ ယီးကို လေးစားတာလား။
တခြား ကောမန့်များကိုလည်း ဖတ်ကြည့်လိုက်သေးသည်။
"ဘယ်လိုဂိမ်းမျိုးလဲ"
"ပုံတွေကြည့်ရသလောက်တော့ တရုတ်စတိုင်နဲ့ RPG ဂိမ်းမျိုးဖြစ်မယ်ထင်တယ်"
"ထန်းတာ့က နောက်ဆုံးတော့ AAA ပရောဂျက်တွေဆီကို ဦးတည်နေပြီလား။ ပျော်လိုက်တာ"
"ဟုတ်တယ်။ တရားဝင်ပလက်ဖောင်းက ဂိမ်းရဲ့ Content တွေကို စိစစ်ပြီးသွားပြီး အခု ထောက်ခံချက်တောင် ပေးထားပြီဆိုတော့ ဂိမ်းက တော်တော်ကောင်းမယ့်ပုံပဲ။ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"
ပထမ ကောမန့်တချို့ကို ဖတ်လိုက်ရုံနဲ့ ဖေးခချမ့် ရင်ထဲ လေးလံလာသည်။ သို့သော်လည်း သူပြုံးလိုက်ပါသေးသည်။
အားလုံးက ဒီလောက်တောင် အကောင်းမြင်နေကြတယ်ပေါ့။ ဟင်းဟင်း။ တရားဝင်ပလက်ဖောင်းကို ရှင်းဖို့ မဖြစ်နိုင်ပေမယ့် မင်းတို့ကောင်တွေကို ရှင်းဖို့တော့ နည်းလမ်းရှိပြီးသားကွ။
ထိုအချိန်တွင် ဖေးချမ့်က ဓားမကိုင်ထားသည့် သားသတ်သမားတစ်ယောက်လို ခံစားလိုက်ရပြီး ဂိမ်မာတွေကတော့ သူတို့ ဘယ်လိုအန္တရာယ်ကျရောက်နေမှန်း မသိကြသည့် ဝါးကြွက်တွေလိုဖြစ်နေပါသည်။ ပျော်ပျော်ကြီး ဝါးတွေကို စားနေကြသော်လည်း အဆုံးသတ်ခါနီးနေမှန်း မသိကြပါ။
"ပြောချင်တာသာ ပြောကြ။ အခုတော့ ပျော်ခွင့်ပေးထားလိုက်ဦးမယ်။ မျှော်လင့်ချက် ကြီးကြီး ထားလေလေ ပိုပြီး စိတ်ပျက်ရလေလေပဲ"
"ဒီကောင်တွေ ဂိမ်းကစားတဲ့အခါကျရင် ပထမ ချစ်ထားခဲ့သမျှ အမုန်းတွေအဖြစ် ပြောင်းလဲသွားပြီး ဆဲဆိုကြရလိမ့်မယ်"
ထိုသို့ စဥ်းစားကြည့်ရုံနဲ့ ဖေးချမ့် တော်တော်လေး အားတက်သွားခဲ့ပါသည်။
"ဂိမ်းကို တရားဝင်ထုတ်တဲ့အချိန်ထိ စောင့်လိုက်ရမလား ဟမ်း... ဘေးကင်းတယ်လို့ မခံစားဘူး။ အခုချိန် လှံချွန်ထားတာ အဓိပ္ပာယ်မရှိပေမယ့် စမ်းတော့ စမ်းကြည့်ရသေးတာပေါ့"
"ကြုံကြိုက်တုန်း ငါငွေပိုဖြုန်းရမယ်"
တရားဝင် ပလက်ဖောင်းက ဂိမ်းကို ဖေးချမ့်ကိုယ်စား ကြော်ငြာပေးလိုက်သဖြင့် ဂိမ်းကို ဖုံးကွယ်ထားစရာ အကြောင်းလည်း မရှိတော့ပေ။
ဖေးချမ့် ငွေဖြုန်းဖို့ တခြားနည်းလမ်းများကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါသည်။
အိုင်လီကျွန်းထဲကို ဝင်လိုက်ပြီး ရှောက်ဟူ Review ကိုရှာလိုက်၏။ ဖေးချမ့် Review သမား အတုများကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်သည်။
အရင်တစ်ခေါက်က ရှောက်ဟူ Review မှ ငှားရမ်းထားသည့် Review သမားအတုများက သူ့ကို စိတ်ပျက်စေခဲ့သော်လည်း သူတို့ကိုပဲ အလုံးစုံ အပြစ်တင်လို့မရပါ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အလုပ်လုပ်ပေးဖို့ ငွေပေးခဲ့တာပဲ မဟုတ်လား။
ဘာတွေမှားသွားသလဲ အနီးကပ် လေ့လာကြည့်ပါက ဖေးချမ့်ကို ပိုပြီး အပြစ်တင်သင့်ပါသည်။
ထို့အပြင် ရှောက်ဟူ Review က ဖေးချမ့်ကို ယွမ် ၁,၀၀၀ လည်း ပြန်ပေးခဲ့သည်။ ဖေးချမ့်က သူတို့၏ အပြုအမူကို အလွန်သဘောကျပါသည်။
သူတို့က ဖြောင့်မတ်လွန်းသဖြင့် ဒုတိယ အခွင့်အရေးနဲ့ ထိုက်တန်သည်ဟု ဖေးချမ့် တွေးလိုက်သည်။
အရင်တစ်ခေါက် Review သမားအတုများ ဝယ်ယူခဲ့တုန်းက သူ့အစီအစဥ် မအောင်မြင်ခဲ့ပေ။ ဒီတစ်ခေါက်တော့ ထို Review သမား အတုများကို အသုံးပြုသည့်နည်းလမ်းအား ပြောင်းလဲရပါမည်။
ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မပြောင်းလဲနိုင်ခြင်းက တခြားကိစ္စဖြစ်သည်။ သူ့အဓိက ဦးစားပေးက ဒီတစ်ခေါက် သူ့ကိုယ်ပိုင်ငွေကို အသုံးမပြုဖို့ပဲ ဖြစ်ပါသည်။ တကယ်တော့ တိတိကျကျပြောရလျှင် သူ့အစီအစဥ်က ဒီတစ်ခေါက် Review သမား အတုများကို ဝယ်ယူဖို့နဲ့ မသက်ဆိုင်ပါ။
သူ့မှာ အကြောင်းပြချက် ကောင်းကောင်းရှိပါက စနစ်က ငွေချေပေးပါလိမ့်မည်။