ကိုယ်ပိုင်ငွေတော့ ကပ်စေးနဲပေမယ့် စနစ်ရန်ပုံငွေကို ကမ်းကုန်သုံးမယ်
Vol. 19 Ch. 273
အမာခံဝေဖန်ချက်များ အကောင့်ကိုသုံးပြီး ရှောက်ဟူ Review ကို မက်ဆေ့ပို့လိုက်သည်။ ၂ မိနစ်လောက်ကြာသောအခါ ဟူရှောင်း စာပြန်လာ၏။
"ဘရားသား ဘာအလိုရှိလို့လဲ ပြောပါ"
ဖေးချမ့် အနည်းငယ် အံ့သြသွား၏။ ဒီလူက တကယ်ပဲ အိုင်လီကျွန်းကို တစ်ရက် ၂၄ နာရီလုံးလုံး ဝင်ကြည့်သူဖြစ်သည်။ ဖေးချမ့်က ဟူရှောင်းကို တခြား ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ မဟုတ်ဘဲ အိုင်လီကျွန်းမှာပဲ သီးသန့်မန့်ဆေ့ ပို့လိုက်ခြင်း ဖြစ်၏။
ဒါတောင် ရှောက်ဟူ Review ၏ UP မာစတာက အလွန် လျင်မြန်စွာ စာပြန်ခဲ့သည်။ အိုင်လီကျွန်းပေါ်မှာ ရရှိသည့် သီးသန့်မက်ဆေ့များကို အမြဲတမ်း စောင့်ကြည့်နေမှန်း သိသာပါသည်။
အမှန်ပင်။ အိုင်လီကျွန်းအပြင် Weibo နဲ့ တခြား Forum တွေကို သုံးနေနိုင်ပါသည်။
သူ့မှာ ပရော်ဖက်ရှင်နယ် UP မာစတာ တစ်ယောက်၏ အပြုအမူမျိုး ရှိနေသည်ဟု ဖေးချမ့် ပြောနိုင်သည်။ ဖေးချမ့် သူပြောရမည့် စကားလုံးများကို သေသေချာချာ စဥ်းစားလိုက်ပါသည်။
စနစ်က သူ့ကို Review သမားအတုများ ဝယ်ခွင့် မပေးပေ။ ဧကန္တ Review သမားအတုများကို ကောမန့် အကောင်းအဆိုးများရေးဖို့ ဝယ်ခြင်းက ညစ်ပတ်ခြင်းဖြစ်သည်ဟု စနစ်က မြင်နေသောကြောင့် ဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ထုတ်ကုန်အပေါ် သုံးစွဲသူ၏ အထင်အမြင်အပေါ် သက်ရောက်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။
စနစ်က ဒီလိုအပြုအမူမျိုးကို လှည့်ကွက်ဟု မြင်သဖြင့် ဖေးချမ့် စနစ်ရန်ပုံငွေကို သုံးစွဲခွင့်မရှိပါ။
သို့သော်လည်း....
လှည့်ကွက်အဖြစ် အသုံးပြုဖို့ အစီအစဥ် မရှိပါက ဖေးချမ့် စနစ်ရန်ပုံငွေကို သုံးနိုင်လောက်ပါသည်။
ဂိမ်းအတွက် ရိုးရိုးသားသား ကောမန့်ရေးဖို့ ငွေပေးရတဲ့ Review သမားတွေလိုပဲ လူတစ်စု ငှားလိုက်မယ်။ အဲ့တာကိုတော့ စနစ်က တားလို့မရဘူး မဟုတ်လား။
ဘော့စ်ဖေးက စည်းမျဥ်းတွေထဲက ဟာကွက်ကို ရှာသည့်နေရာတွင် အလွန်တော်ပါသည်။
"တခြား သီးသန့် တာဝန်တွေကိုကော လက်ခံပေးလား" ဖေးချမ့်က မေးလိုက်၏။
ဟူရှောင်းက ဖေးချမ့်အတွက် အလုပ်လုပ်ပေးဖို့ စိတ်အားထက်သန်နေသည့်ပုံပင်။ သူ အမြန် စာပြန်လာပါသည်။ "ဒါပေါ့ ကျွန်တော်တို့ ညီအစ်ကိုတွေက တာဝန်ကို ကျေပွန်အောင် လုပ်တဲ့နေရာမှာ အရမ်းတော်တာ။ အတွေ့အကြုံတွေ အများကြီးရှိရုံတင်မကဘူး လိုက်လျောညီထွေဖြစ်အောင်လည်း အရမ်းလုပ်တတ်တယ်။ ခင်ဗျား တောင်းဆိုချင်တာသာ တောင်းဆိုလိုက်။ ကျွန်တော်တို့ သေချာပေါက် ဖြည့်ဆည်းပေးမယ်"
"စျေးနှုန်းကတော့ နည်းနည်းလေး အပြောင်းအလဲရှိနိုင်တာပေါ့။ သီးသန့်တာဝန်ဆိုတော့လေ။ ကျွမ်းကျွမ်းကျင်ကျင်ရှိရမယ့် လုပ်ငန်းအဖြစ် သတ်မှတ်ထားရတယ်ဆိုတော့..."
အရင်တစ်ခေါက် အဖြစ်အပျက်များ ဖြစ်ပြီးနောက်တွင် ဟူရှောင်းက အမာခံဝေဖန်ချက်များ၏ UP မာစတာကို အများကြီး အာရုံစိုက်ထားပါသည်။
ဒီ UP မာစတာက ချမ်းသာမှန်း သိသာပြီး မားကတ်တင်းအရလည်း စကေးကြမ်းမှန်း သိသာပါသည်။ ထို့အပြင် ဖေးဟွမ်လုပ်ငန်းနဲ့လည်း ရှုပ်ထွေးသည့် ဆက်ဆံရေးရှိထားပုံရသည်။
ဒီ UP မာစတာနဲ့ လုပ်ငန်းဆက်ဆံရေးကောင်းတစ်ခု ပျော်ပျော်ကြီး တည်ဆောက်လိုပါသည်။ သူသိသလောက်ဆို နောက်ပိုင်း ဒီ UP မာစတာ၏ အကူအညီကို လိုလာလောက်သည်။
အမှန်ပင်။ ဟူရှောင်းက ငွေနည်းနည်းလောက် ပိုရလည်း မငြင်းပါ။
ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး စာရိုက်လိုက်ပါသည်။
"ခင်ဗျားနဲ့ ခင်ဗျားတို့ညီအစ်ကိုတွေကို ဂိမ်းလေးတစ်ခု ကစားခိုင်းမယ်။ ပြီးရင် အဲ့ဒီဂိမ်းအပေါ် ခင်ဗျားတို့ရဲ့ ပထမဆုံး အထင်အမြင်အကြောင်း ကောမန့်ရေးပေးရမယ်"
ဟူရှောင်း ရပ်တန့်သွားသည်။ "အဲ့တာပဲလား"
ဖေးချမ့်က စာပြန်လိုက်သည်။ "ဟုတ်တယ် စျေးပြောပါ"
ဟူရှောင်း ဇဝေဇဝါဖြစ်သွားသည်။ သူ အမြန် ပြန်မေးလိုက်ပါသည်။
"ညီအစ်ကို တစ်ခုလောက် အတည်ပြုပါရစေ။ ကျွန်တော်တို့ကို ဂိမ်းအပေါ် ပထမဆုံး အထင်အမြင်အကြောင်း ရေးခိုင်းနေတာလား။ ဘာကို ဆိုလိုတာလဲ ရှင်းရှင်းလင်းလင်း ပြောပေးပါလား။ ကောမန့် အကောင်းတွေ ရေးစေချင်တာလား အဆိုးတွေ ရေးစေချင်တာလား။ ခင်ဗျားပြောတာကို နားလည်မှုလွဲသွားမှာ ဆိုးလို့ပါ"
ဟူရှောင်း စတင်ပြီး ခေါင်းကိုက်လာလေပြီ။ ဒီလိုရည်ရွယ်ချက်နဲ့ Review သမားအတုတွေကို လာဝယ်ဖူးတာ ဒါ ပထမဆုံး ဖြစ်ပါသည်။
Review သမားအတုတွေကို ငှားပြီးရင် ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောရမယ် မဟုတ်လား။
သူတို့ ဘာမှမစဥ်းစားဘဲ ချီးကျူးပေးရမှာလား။ ဒါမှမဟုတ် ရန်သူတွေလိုမျိုး ဘာမှမစဥ်းစားဘဲ ဆဲဆိုနေရမှာလား။ ဒါမှမဟုတ် နှစ်ဖက် မျှမျှတတ အငြင်းပွားမှုတွေလိုလုပ်ပြီး ယုတ္တိရှိအောင် ဟန်ဆောင်ရမှာလား။ ဒါမှမဟုတ် ချီးကျူးမှုနဲ့ ဝေဖန်မှုကို တစ်လှည့်စီ ပေးရမှာလား။ ဒါမှမဟုတ် အာရုံလွဲအောင် လုပ်ပေးရမှာလား...။
Review သမား အတုအယောင်များက အထက်က လုပ်ငန်းအားလုံးကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။
သို့သော်လည်း အလုပ်ရှင်က ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးဖို့တော့ လိုတယ် မဟုတ်လား။
ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ နည်းလမ်း အများကြီးရှိတယ်။ ငါတို့အသုံးပြုရမယ့် နည်းလမ်းကို ရှင်းရှင်းလင်းလင်းမပြောရင် ဆန့်ကျင်ဘက် အာနိသင်ရသွားရင် ဘယ်လိုလုပ်မလဲ။
ဖေးချမ့်က ပြောလိုက်သည်။ "ခင်ဗျားတို့ ညီအစ်ကိုတွေကို ဂိမ်းစမ်းကစားကြည့်ခိုင်းပြီး သူတို့ရဲ့ ပထမဆုံးအထင်အမြင်အပေါ် မူတည်ပြီး ကောမန့် ရေးပေးစေချင်ရုံပါပဲ။ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီလေ။ ဆိုးဆိုးကောင်းကောင်း ခင်ဗျားတို့ရဲ့ ပထမဆုံး အထင်အမြင်ပေါ် မူတည်ပြီးတော့ပဲ ကောမန့်ရေးပါ"
"ပြီးတော့ ကျွန်တော်က အခု Review အတုတွေ ဝယ်နေတာ မဟုတ်ဘူးလို့ ပြောချင်တယ်။ ကျွန်တော်က ခင်ဗျားတို့ ညီအစ်ကိုတွေကို ဂိမ်းစမ်းကစားကြည့်ဖို့ ငွေပေးတဲ့သဘောနော်။ သူတို့ရဲ့ အထင်အမြင်ကိုပဲ ကြားချင်တယ်"
ဟူရှောင်း ဆွံ့အသွားသည်။
Review သမားအတုတွေရဲ့ ခေါင်းဆောင်ကို ဒီလောက် တောင်းဆိုချက်တွေ အများကြီး တောင်းဆိုပြီး 'Review အတုတွေ ဝယ်တာ မဟုတ်ဘူး' လို့အဆုံးသတ်လိုက်တယ်ပေါ့။
ညီအစ်ကို၊ ငါတို့ သီးသန့်စာပို့နေကြတာပါ။ ဒီစကားဝိုင်းကို မပေါက်ကြားစေရပါဘူး။ မင်း ဒီလောက် စိတ်ပူနေဖို့ မလိုပါဘူးကွာ။
ဟူရှောင်း သိပ်ပြီး မသေချာပါ။ သို့သော်လည်း သူ့ခံယူချက်က အမြဲတမ်း 'ကတ်တစမ်မာက ဘုရင်ပဲ' ဟူ၍သာ ဖြစ်ခဲ့သည်။ တစ်ဖက်လူ၏ စကားများကို အစမှ အဆုံးအထိ သေချာနားထောင်ပြီး နားလည်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ပါသည်။
"ဒါဆို ခင်ဗျားက အားလုံးကို ဂိမ်းကစားခိုင်းပြီး ကောမန့်တချို့ ရေးခိုင်းဖို့ ငွေသုံးတာပေါ့"
"ကောမန့်တွေက ကောင်းကောင်းဆိုးဆိုး တိတိကျကျ တောင်းဆိုချက် မရှိဘူး။ ကျွန်တော်တို့ရဲ့ ဂိမ်းအပေါ် ပထမဆုံး အထင်အမြင်ကိုပဲ ရေးပေးဖို့ လိုတာ ဟုတ်တယ်မလား"
ဖေးချမ့်က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်"
ဟူရှောင်း မေးလိုက်၏။ "ဘယ်ပလက်ဖောင်းပေါ်မှာလဲ"
"နေရာတိုင်းပဲ။ တရားဝင်ပလက်ဖောင်း၊ အိုင်လီကျွန်း၊ Weibo၊ Forum စတာတွေ အပါအဝင်ပဲ။ ခင်ဗျားလက်ထဲပဲ အပ်ထားလိုက်မယ်နော်" ဖေးချမ့်က ပြောလိုက်သည်။
"စျေးပြောပါ"
စနစ်ရန်ပုံငွေကို သုံးလို့ရတော့မည်ဖြစ်သဖြင့် ဖေးချမ့် ချက်ချင်းပဲ ပိုရက်ရောသွားပါသည်။
ငါ့ပိုက်ဆံနဲ့ ငါဆိုရင် ကပ်စေးနဲပေမယ့် စနစ်ရန်ပုံငွေကိုတော့ ကမ်းကုန်အောင် သုံးပစ်မှာ။
၂ မိနစ်လောက် ကြာသောအခါ စာပြန်လာသည်။
"ကျွန်တော်တို့ရဲ့ ပရီမီယံ Review စံနှုန်းအတိုင်းပဲ စျေးသတ်မှတ်လိုက်မယ်နော်။ ကောမန့် ၁၀၀ အတွက် ယွမ် ၂၀။ ကျွန်တော်တို့ ကောမန့်တွေကိုမရေးခင် Weibo ရဲ့ ရေပန်းစားပို့စ်တွေရဲ့ အကြောင်းအရာကို သေချာထည့်တွက်ပေးပါ့မယ်။ အဲ့တာဆို ကျွန်တော်တို့ ကောမန့်တွေ ပိုပြီး ယုတ္တိရှိတဲ့ပုံ ပေါက်သွားမယ်"
"အိုင်လီကျွန်းပေါ်က ဂိမ်းချန်နယ်တွေလို တခြား ပလက်ဖောင်းတွေမှာလည်း ရေပန်းစားတဲ့ ကောမန့်တွေကို ရေးပေးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
"ဒီမှာ အဖိုးအခနဲ့ ပတ်သက်တဲ့ ပိုရှုပ်ထွေးတဲ့ ပြဿနာတွေရှိတယ်။ ကျွန်တော်တို့ Weibo ပေါ်မှာ ရတဲ့ Like, Share နဲ့ ကောမန့်တိုင်းရဲ့ ကုန်ကျစရိတ်တွေကိုလည်း တွက်ချက်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့က အရမ်း ပဖော်ဖက်ရှင်နယ်ကျတယ်ဆိုတာတော့ ယုံထားပေးပါ။ ကျွန်တော်တို့ အားလုံးကို နိုင်နင်းအောင် ဆောင်ရွက်ပြီး ခင်ဗျားကို သင့်တော်တဲ့ စျေးနှုန်းပဲ တောင်းမှာပါ"
"ဒါက စျေးနှုန်းစာရင်းပါ"
ဟူရှောင်းက စျေးနှုန်းစာရင်းကို ပို့လိုက်ရုံရှိသေး ပြန်စာတစ်ခုက ချက်ချင်းဆိုသလို ရောက်လာပါသည်။
"အရမ်းကြီးတွေ ရှုပ်ထွေးအောင် မလုပ်နဲ့။ ကျွန်တော်တွက်ရမှာ ပျင်းလို့"
"ကျွန်တော့်အတွက် အလုပ်လုပ်ပေးတဲ့ လူအရေအတွက်အလိုက် ငွေချေပေးမယ်။ တစ်ယောက်ကို ယွမ် ၃၀၀ စီ ပေးမယ်။ ကျွန်တော့်ကို လူ ၃၀၀ - ၄၀၀ လောက်ရှိတဲ့ အုပ်စုတစ်စု ဖွဲ့စည်းပေးပါ။ သူတို့ကို စျေးနှုန်းပေါင်းစည်းချက်အတိုင်း အလုပ်တာဝန်တွေကို ခွဲဝေပေးလိုက်ပါ"
"ကောမန့်တွေက ကောင်းကောင်းဆိုးဆိုး အရေးမကြီးဘူးနော်။ သူတို့ရဲ့ ပထမဆုံး အထင်အမြင်ပေါ်မှာပဲ မူတည်ရင် ရပြီ"
"ဘာပြဿနာရှိလဲ"
ဟူရှောင်း ခေါင်းနောက်သွားပါသည်။ ဘာပြဿနာမှ မရှိဘူးလေ။ ဘာပြဿနာရှိရမှာလဲ။
မင်းဒီလောက် ငွေတွေ သုံးချင်နေတာာ ငါတို့ ဝမ်းသာရမှာပေါ့။ ဒါပေမယ့် ဘာလို့လဲ။ ဘာအတွက် ငွေကို ဒီလောက် သုံးနေရတာလဲ။
လူတစ်ယောက်စီထက် ကောမန့်အလိုက် ပေးရင် ပိုမတန်ဘူးလား။
ဟူရှောင်း တွက်ချက်ကြည့်သောအခါ ဖေးချမ့်က လူအယောက် ၃၀၀ - ၄၀၀ တွင် တစ်ယောက်ကို ယွမ် ၃၀၀ စီပေးပါက ယွမ် ၁၀,၀၀၀ ကျော်လောက် သုံးရမည်ဖြစ်မှန်း သိလိုက်ရသည်။ သို့သော် ပြဿနာက ယွမ် ၁၀,၀၀၀ စလုံးကို ဒီလိုလွယ်လွယ်ဖြုန်းတီးလိုက်ခြင်းပင်။
သို့သော်လည်း မားကတ်တင်းတော်သည့် အမာခံဝေဖန်ချက်များ၏ Up မာစတာကြီးက ဘာမှ မစဥ်းစားဘဲ တခြားသူတွေကို ဂိမ်းကစားဖို့သက်သက် ငွေတွေ ပေးပါ့မလားဟု ဟူရှောင်း သံသယဖြစ်မိပါသည်။
သူ့ရည်ရွယ်ချက်နဲ့ သူတော့ ရှိလိမ့်မည်။
ထို့ကြောင့် ဟူရှောင်းလည်း သူ့ကိုမေးခွန်း ထပ်မထုတ်တော့ဘဲ သဘောတူလိုက်ပါသည်။ "ပြဿနာ မရှိပါဘူး။ စိတ်မပူနဲ့နော်။ ကျွန်တော်တို့ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ပါ့မယ်။ ကျွန်တော့် ညီအစ်ကိုတွေကို ဆက်သွယ်ပြီး မကြာခင် အကြောင်းပြန်ပေးမယ်နော်"
Review သမားများ ကိစ္စကို ရှင်းလင်းပြီးနောက် ဖေးချမ့် အများကြီး ပိုအခြေငြိမ်သွားသလို ခံစားလိုက်ရသည်။ ယွမ် ၁၀,၀၀၀ က နည်းနည်းလေး ဖြစ်သည်။ စနစ်ရန်ပုံငွေကိုသုံးပြီး ဒီပမာဏလောက်ကို ပေးရတာ ဘာမှ အရှုံးမရှိပါ။
လေဦးတည်ချက်လားရာကို ပြောင်းလဲဖို့အထိ Review သမားတွေကို လုံလုံလောက်လောက် ဝယ်လို့မရမှန်းတော့ ဖေးချမ့် ကောင်းကောင်းသိပါသည်။
ကောမန့်များ၏ ယေဘုယျ ဦးတည်ချက်ကို ပြောင်းလဲဖို့ Review သမား ရာချီပြီး ကြိုးစားကြရင်တောင် ကစားသမား သောင်းဏန်း သို့မဟုတ် သိန်းဂဏန်းများအကြားတွင် အသေးအဖွဲလေးများသာ ဖြစ်နေကြလိမ့်မည်။
ထို့အပြင် ဖေးချမ့်ကိုလည်း စနစ်က ကန့်သတ်ထားသည်။ Review သမားများကို အကောင်းဘက်က မန့်ဖို့ ဖြစ်ဖြစ် အဆိုးဘက်က မန့်ဖို့ဖြစ်ဖြစ် မတောင်းဆိုနိုင်ပါ။ ဒီနည်းလမ်းကို အသုံးပြုပြီး သူတို့ကို ဂိမ်းအပေါ် ပထမဆုံး အထင်အမြင်ပေါ်မှာသာ အခြေခံပြီး ကောမန့်ရေးခိုင်းလို့ရပါသည်။
ဖေးချမ့် ဒီလောက် ယုံကြည်ချက်ပြည့်ဝနေခြင်းမှာ Review သမားအတုများ၏ အရှုံးပေးပြီးကယ်တင်ခြင်းခံစေအပေါ် ပထမဆုံး အထင်အမြင်က အလွန်ဆိုးရွားလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားသောကြောင့် ဖြစ်ပါသည်။
Review သမားတွေက စကေးရှိသည့် ကစားသမားများ မဟုတ်ကြတာကို သိပ်ပြီး စဥ်းစားဖို့ မလိုပါ။ သူတို့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို နားတောင်လည်ပါ့မလား ဖေးချမ့် မသေချာပေ။
ဒီအုပ်စုက ဂိမ်းအပိုင်းတွင် အတွေ့အကြုံ တော်တော် နည်းလောက်သည်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းအပေါ် အထင်အမြင်ကောင်းတွေ ထွက်လာနိုင်ပါ့မလာား။
ထို့ကြောင့် ဖေးချမ့်က စနစ်၏ စည်းမျဥ်းများထဲတွင် ပြီးပြည့်စုံသည့် အားနည်းချက်တစ်ခခုကို ရှာတွေ့ခဲ့ပါသည်။ Review သမား အတုများကို အွန်လိုင်းပေါ်က စကားဝိုင်းများ၏ ဦးတည်ချက် ပြောင်းလဲစေဖို့ ဝယ်ယူနိုင်ခဲ့ရုံတင်မကဘဲ ထိုအကြောင်းအရင်းကြောင့် ကိုယ့်ပိုက်ဆံကိုယ် မသုံးရဖို့လည်း ရှောင်လွှဲနိုင်ခဲ့သည်။
ပြီးပြည့်စုံလွန်းပါသည်။
ယွမ် ၁၀,၀၀၀ က အများကြီး မဟုတ်သော်လည်း သူ ဘယ်လို ရလဒ်မျိုးရလာမလဲဆိုတာကို ဖေးချမ့် မြင်ရဖို့ စိတ်ဝင်စားပါသည်။
အသုံးဝင်မလား သုံးစားမရဘူးလား ဆိုသည့်အပေါ်မူတည်ပြီး ဒီအပိုင်းမှာ ငွေဆက်သုံးလို့ရနိုင်သည်။
သို့သော်လည်း တန်ပြန်သက်ရောက်မှုများ ဖြစ်ပေါ်လာပါက... သူ ထိန်းသိမ်းကာ အရှုံးကို အနည်းဆုံးဖြစ်အောင် လုပ်နိုင်ပါသည်။
ဖေးချမ့် ငွေတွေ အများကြီး မသုံးရဲသေးပါ။ အရင်တစ်ခေါက်ကလိုမျိုး ထပ်ဖြစ်ပါက သူ ပြဿနာ အကြီးကြီးတတ်ပါလိမ့်မည်။
သူ Chat ဝင်းဒိုးကို ပိတ်ဖို့ ပြင်လိုက်စဥ်မှာပင် ဟူရှောင်းထံမှ နောက်ထပ် မက်ဆေ့တစ်စောင် ထပ်ဝင်လာပါသည်။
"ညီအစ်ကို၊ ကျွန်တော်တို့ ဂိမ်းကို ဝယ်ရမယ်ထင်တယ်။ ဘယ်လို ငွေချေရမှာလဲ..."
ဖေးချမ့် ဆွံ့အသွားသည်။ မင်းတို့ကိုယ်မင်းတို့ ပရော်ဖက်ရှယ်နယ် Review သမားတွေလို့ ခုလေးတင် ပြောသွားတာ မဟုတ်ဘူးလား။ ဂိမ်းကိုဝယ်ပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း ငွေပြန်အမ်းခိုင်းဖို့ပါ သင်ပေးရဦးမှာလား။
သို့သော်လည်း သေချာ ထပ်စဥ်းစားကြည့်မှ သူတို့ ဒီလို သီးသန့် တောင်းဆိုချက်များကို လက်မခံဖူးသလောက် ရှားပါးမှန်း ဖေးချမ့် နားလည်သွားပါသည်။
တချို့လူတွေက Review သမားအတုများကို ငှားသည့်အခါ ရှင်းရှင်းလင်းလင်း ဦးတည်ချက်များ ပေးလောက်သည်။ သူတို့လုပ်ဖို့လိုတာဆိုလို့ မက်ဆေ့ကို ကော်ပီပေ့စ်လုပ်ဖို့ သို့မဟုတ် အသေးစားပြင်ဆင်ချက်များ ပြုလုပ်ပြီး အလုပ်စတင်ဖို့သာ ဖြစ်သည်။
သို့သော် ဖေးချမ့်ကတော့ Review သမားအတုများကို ၎င်းတို့ကိုယ်တိုင် ဂိမ်းကစားခိုင်းဖို့ ငှားနေခြင်း ဖြစ်ပါသည်။
သူတို့ကို အကျပ်ရိုက်အောင် လုပ်လိုက်မိသည်။
ဖေးချမ့် စာပြန်လောက်သည်။ "စိတ်မပူနဲ့။ စမ်းကစားကြည့်ပြီးရင် ငွေပြန်အမ်းခိုင်းလို့ရတယ်။ အရမ်းဒုက္ခများတယ်ထင်ရင် ခင်ဗျားတို့ရဲ့ ကြိုးစားမှုအတွက် ယွမ် ၂၀,၀၀၀ လောက် ထပ်ပေးပါ့မယ်"
ဟူရှောင်းက စာပြန်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး ဒါနဲ့ ခင်ဗျားရဲ့ ဂိမ်းက ဟာ့ဒ်ဝဲအကောင်းစားတွေ လိုလား။ ကျွန်တော့်ညီအစ်ကိုတွေရဲ့ ကွန်ပျူတာတွေက အဲ့လောက်ကောင်းပါ့မလားမသိဘူး"
ဖေးချမ့် ဆွံ့အသွားသည်။ "..."
မင်းတော်တော် စောက်ပြဿနာများတဲ့ကောင်ပါလား။
ကောင်ကောင်း မကောင်းကောင်း ဘာအရေးလဲ။ ဒီတိုင်း ဒေါင်းလုတ်ဆွဲပြီး ကစားကြည့်လိုက်လေ ဖန်သားပြင် ရပ်သွားပြီး ဘာမှမလာတော့ရင် မကောင်းတဲ့ ကောမန့်သာ ရေးခဲ့လိုက်။
ဒေါင်းလုတ်တောင် ဆွဲလို့မရရင်လည်း ကောမန့်ရေးခဲ့။ ဂိမ်းကို ကြိုက်သလောက် ဆဲပစ်ခဲ့။ မင်းတို့နောက်ကို ငါလိုက်မလာဘူး။
ဒီမေးခွန်းကို ဘယ်လိုဖြေပေးစေချင်လို့လဲ ငါအသေးစိတ်တွေ အကုန်လုံးကို လိုက်ပြောနေလို့ မရဘူး။
ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး စာပြန်လိုက်ပါသည်။
"အဲ့ပြဿနာကို ခင်ဗျားတို့ဖာသာရှင်းဖို့လည်း ယွမ် ၂၀,၀၀၀ ထပ်ပေးမယ်။ မတတ်နိုင်တော့ဘူးဆိုရင် အနီးအနားက အင်တာနက်ကဖေး ကောင်းကောင်း တစ်ဆိုင်သာ ရှာလိုက်"
ဟူရှောင်းက စာပြန်လိုက်၏။ "ဟုတ်ကဲ့ ကောင်းပါပြီ ခင်ဗျားက အရမ်း သဘောကောင်းတာပဲ"
အမှန်ပင်။ ငွေရှိလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပါသည်။ အထူးသဖြင့် စနစ်ရန်ပုံငွေနဲ့ သုံးရသည့်အခါတွင် ဖြစ်သည်။
အားလုံးပြေလည်သွားသောအခါ ဖေးချမ့် ပျော်ပျော်ကြီး အလုပ်ဆက်လုပ်နေလိုက်ပါသည်။
ဂိမ်းက နောက်တစ်နေ့ဆို ထွက်ပါပြီ။
... ... ...
အောက်တိုဘာလ ၁ ရက်နေ့....
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း တရားဝင် ထွက်လာလေပြီ။
'ဝယ်ယူမည်' ဟူသည့် ခလုတ်လေး ပေါ်လာတာနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်နေသည့် ဂိမ်မာပေါင်းများစွာက တွန့်ဆုတ်မှုမရှိဘဲ နှိပ်လိုက်ကြသည်။
သို့သော်လည်း ဂိမ်မာအနည်းစုက ဂိမ်း၏ မိတ်ဆက်စာတွင် စာသားတစ်ကြောင်းကို သတိထားမိကြပါသည်။
'ဂိမ်းကိုဝယ်ယူပြီး ၅ နာရီအတွင်း ကန့်သတ်ချက်မရှိ ငွေပြန်အမ်းခွင့်တောင်းဆိုနိုင်ပါသည်'
တရားဝင် ပလက်ဖောင်း၏ တခြားဂိမ်းတွေမှာတော့ 'ဂိမ်းကိုဝယ်ယူပြီး ၃ နာရီအတွင်း ကန့်သတ်ချက်မရှိ ငွေပြန်အမ်းခွင့် တောင်းဆိုနိုင်ပါသည်' ဟူ၍သာ ရေးထားသည်။
အမှန်ပင်။ ဒီစာကို ဖတ်လိုက်သည့် ဂိမ်မာက အနည်းငယ်ပဲရှိရင်တောင် ထန်းတာ့က နောက်တစ်ခေါက် စေတနာကောင်းပြန်ပြီဟူ၍ ထင်သွားကြပါသည်။ ဒီမက်ဆေ့ထဲက ပုန်းကွယ်နေသည့် လျှို့ဝှက် အန္တရာယ်ကိုတော့ မမြင်ခဲ့ကြပေ။
...
ရှန်ကျန်းတွင်...
ဟူရှောင်းတစ်ယောက် သူ့အိမ်တွင် ညီအစ်ကိုများကို အလုပ်အသစ်အကြောင်း အသေးစိတ် ရှင်းပြပြီးသွားပါပြီ။
ဟူရှောင်းက သူ့အလုပ်သမားများကို ရွေးချယ်ပြီးသွားလေပြီ။ အားလုံးက အလုပ်စလုပ်ဖို့ ဂိမ်းထွက်လာမည့်အချိန်ကိုပဲ စောင့်နေကြ၏။
"ငါလည်း စမ်းကစားကြည့်လိုက်ရမလား"
ဟူရှောင်းမှာ တခြားလုပ်စရာလည်း ဘာမှ သိပ်မရှိပါ။
သူက စပွန်ဆာ ပါတနာ ကမ်းလှမ်းချက်များလည်း ဘာမှရမထားသလို ဗီဒီယိုတွေလည်း ကြည့်ချင်စိတ် မရှိပါ။
အမှန်ပင်။ ဟူရှောင်းက သူကိုယ်တိုင် Review အတုများ ရေးသားဖို့ မလိုအပ်ပေ။ ဒီလောက်ငွေလေးရဖို့အတွက် စိတ်ရှုပ်မခံနိုင်ပါ။
သိုသော်လည်း ဒီဂိမ်းက တရားဝင် ပလက်ဖောင်းပေါ်မှာ အတော်လေးရေပန်းစားနေပုံရသည်။ ကြုံလက်စနဲ့ ဂိမ်းကို စမ်းကစားကြည့်ပြီး အပန်းဖြေတာ ကောင်းမည်ဟု တွေးလိုက်မိပါသည်။
ထိုအတွေးဖြင့် ဟူရှောင်း ဂိမ်းကို ဒေါင်းလုတ်ဆွဲပြီး စတင်ကစားကြည့်လိုက်သည်။
"ဂိမ်းက 8.0 GB လား"
"ရပါတယ်။ ဒေါင်းလုတ်ဆွဲလိုက်မယ်"
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းက ဟာ့ဒ်ဝဲအမြင့်စားများ လိုအပ်ပြီး ပန်းချီရင်းမြစ်များကလည်း အရည်အသွေး မြင့်မားသည်။ သို့သော်လည်း ဂိမ်က အရှည်ကြီး မဟုတ်ဘဲ အတော်လေး အဆင့်မြှင့်တင်ထားသဖြင့် ဂိမ်းတစ်ခုလုံးကို 8.0 GB အောက်တွင် ထိန်းထားနိုင်ပါသည်။
သည်းမခံနိုင်စရာ ဖိုင်ဆိုဒ်တော့ မဟုတ်ပါ။
အလုပ်ရှင်က သူတို့ကို ဂိမ်းအပေါ် ပထမဆုံးအထင်အမြင်အကြောင်းကိုသာ ဘာကြောင့် ကောမန့်ရေးခိုင်းတာလဲဆိုတာကို စိတ်ဝင်စားနေပါသည်။
အားလုံးရဲ့ ပထမဆုံး အထင်အမြင်က ဘယ်လိုဖြစ်နေမလဲ။